ရီပတ်ဘလီကန်တွေကြားမှာ ထရမ့် ဘာကြောင့် ရေပန်းစားနေသလဲ

ချစ်မလား၊ မုန်းမလား။ သူကတော့ ပြန်လာပါပြီ။

နယူးဟမ့်ရှိုင်းယား ပြည်နယ်က ပရိုင်မာရီ ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် သမ္မတဟောင်း ဒေါ်နယ် ထရမ့်ဟာ ရီပတ်ဘလီကန် ပါတီရဲ့ သမ္မတလောင်း အဖြစ် အရွေးခံရဖို့ ရေပန်းစားနေပါတယ်။

အဓိကပြိုင်ဘက်ဖြစ်သူ တောင် ကယ်ရိုလိုင်းနား အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်၊ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းလည်း ဖြစ်ခဲ့ဖူးသူ နစ်ကီ ဟေလီကို အနိုင်ရရှိခဲ့တာပါ။

ရွေးကောက်ပွဲ ကြိုတင်ခန့်မှန်းထားတဲ့ စစ်တမ်းတွေ အတိုင်း မစ္စတာထရမ့် အနိုင်ရရှိခဲ့ခြင်း မရှိပေမဲ့လည်း အိုင်အိုဝါ ပြည်နယ်က ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရထားတာကို ထည့်သွင်းစဉ်းစားမယ် ဆိုရင် သမ္မတလောင်းရွေးချယ်ပွဲမှာ အနိင်ရဖို့ လုံလောက်နေပါတယ်။

အိုင်အိုဝါ ပြည်နယ်မှာ သူဟာ ပြိုင်ဘက်တွေ အားလုံးထက် မဲ အပြတ်အသတ် အနိုင်ရခဲ့ပြီး သမ္မတလောင်း ရွေးချယ်ပွဲကနေ ပြိုင်ဘက် တစ်ဦးလည်း နုတ်ထွက်သွားခဲ့ပါတယ်။

ရွန် ဒီဆန်းတစ်၊ ဗီဗက် ရာစမာဝါနီ၊ အေဆာ ဟဒ်ချင်ဆန် နဲ့ ခရစ် ခရစ္စတီတို့ဟာ နယူး ဟမ့်ရှိုင်းယား ပရိုင်မာရီ ရွေးကောက်ပွဲ မတိုင်ခင်မှာ နုတ်ထွက်သွားခဲ့တဲ့ အတွက် ဒေါ်နယ် ထရမ့် နဲ့ နစ်ကီ ဟေလီတို့နှစ်ဦးသာ ကျန်ခဲ့တာလည်း ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ၆၀ ကြိမ်မြောက် သမ္မတ ဖြစ်လာနိုင်တယ်လို့ ပြောဖို့ စောနေသေးပေမဲ့ သမ္မတ ဟောင်း ထရမ့်ရဲ့ ပရိုင်မာရီ ရွေးကောက်ပွဲတွေမှာ အနိုင် ရရှိခဲ့မှုဟာ ရီပတ်ဘလီကန်တွေ ကြားမှာ ရေပန်းစားမှု ဆက်ရှိနေတာကို တွေ့ရပါတယ်။

ဘာကြောင့်လဲ ဆိုတဲ့ အကြောင်းရင်း တချို့ကို ကြည့်ရအောင်ပါ။

စီးပွားရေး

ဒေါ်နယ် ထရမ့်က စီးပွားရေး ကောင်းမွန်အောင် လုပ်ပေးနိုင်မှာ ဖြစ်ပြီး၊ လောင်စာဆီ စျေးနှုန်း ကျဆင်းအောင် လုပ်ပေးနိုင်မယ်လို့ ယူဆတဲ့ အကြောင်း အိုင်အိုဝါ ပြည်နယ်က သူ့ကို ထောက်ခံသူ အမျိုးသမီး တစ်ယောက်က ပြောပါတယ်။ ဘာကြောင့် သမ္မတဟောင်းကို အိမ်ဖြူတော်ကို ပြန်လာ စေချင်တာလဲလို့ မေးမြန်းတဲ့ အခါ သူက အထက်ပါ အတိုင်း ပြောဆို ခဲ့တာပါ။

အဲဒီလို တွေးတောစဉ်းစားတာ ဒီအမျိုးသမီး တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ဒေါ်နယ် ထရမ့်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ဟာ မဲဆွယ်စည်းရုံးရေးမှာ စီးပွားရေး ဦးမော့လာစေဖို့ အတွက်ကို အဓိက အချက်အနေနဲ့ ထည့်သွင်းထားပါတယ်။ သားဖြစ်သူ အဲရစ် ကိုယ်တိုင် ဘီဘီစီရဲ့ အမေရီကတ်စ် ပေါ့ကဒ် အစီအစဉ်မှာ ဒီနိုင်ငံက လူတွေဟာ ချမ်းသာဝပြောပြီး၊ အားကောင်းတဲ့ နိုင်ငံ ဖြစ်စေချင်ကြတယ်လို့ ပြောဆိုပါတယ်။

သူ့အဖေဟာ နိုင်ငံသမိုင်းမှာ စီးပွားရေး အားကောင်းအောင် လုပ်ခဲ့တဲ့ သမ္မတ၊ အလုပ်အကိုင် အခွင့်အလမ်း အများဆုံး ဖန်တီးပေးနိုင်မှုနဲ့ လောင်စာဆီ စျေးနှုန်း အနိမ့်ဆုံး ဖြစ်အောင် လုပ်ပေး နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကပ်ရောဂါကြီး မဖြစ်ပွားခင် အထိ ဒေါ်နယ် ထရမ့် လက်ထက်မှာ အမေရိကန်ရဲ့ စီးပွားရေး ကောင်းမွန်ခဲ့တယ် ဆိုတာ မှန်ကန်ပါတယ်။

ဒါပေမဲ့ ဒီမိုကရက်ပါတီက သမ္မတ အိုဘာမား လက်ထက်မှာ အမေရိကန်ရဲ့ စီးပွားရေးဟာ ပိုမို အားကောင်းခဲ့ပြီး အစဉ်တိုးတက်တဲ့ အခြေအနေ ဖြစ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ ကိုဗစ် ၁၉ ကပ်ရောဂါကြီးကြောင့် အမေရိကန် စီးပွားရေး ဟာ စံချိန်တင် အကြီးမားဆုံး ကျဆင်းမှုဒဏ်ကို ခံခဲ့ရပါတယ်။

လက်ရှိ သမ္မတ ဘိုင်ဒန် လက်ထက်မှာတော့ ယူကရိန်း စစ်ပွဲကြောင့် လောင်စာဆီစျေးနှုန်းတွေ ခုန်တက် သွားခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်းဟာ နှစ် ၄၀ အတွင်း အမြင့်မားဆုံး ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာ ငွေကြေးဖောင်းပွမှု ကျဆင်းခဲ့ပြီး ခိုင်မာတဲ့ စီးပွားရေး အခြေအနေ ပြန်ဖြစ်ခဲ့ပါတယ်။

တက်ကြွသော “ထရမ့်” နဲ့ အိပ်ငိုက်နေသော “ဂျိုး”

သမ္မတလောင်း ၂ဦးရဲ့ မှတ်တမ်းတွေကို နှိုင်းယှဉ်ကြည့်မယ် ဆိုရင် မစ္စတာ ထရမ့်က အနည်းငယ် အားသာချက် ရှိတယ်လို့ ထရမ့်ရဲ့ ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ ဆက်သွယ်ရေး ဒါရိုက်တာဟောင်း မာ့ခ် လိုတာက ငြင်းချက်ထုတ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ရေး လုပ်ငန်းစဉ်အတွင်း ဒေါ်နယ် ထရမ့်ဟာ ကောင်းမွန်တဲ့ မှတ်တမ်း ရှိခဲ့ပြီး၊ မစ္စတာ ဘိုင်ဒန်က အခုချိန်မှာတော့ လူမကြိုက်တဲ့ မှတ်တမ်းပဲ ရှိနေတယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။

ထရမ့်ကို အားပေးထောက်ခံကြတဲ့ ဘေလီ ဘလာသတ်စ် က မစ္စတာ ထရမ့်ဟာ တက်ကြွတဲ့ ခေါင်းဆောင် ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ သမ္မတ သက်တမ်းမှာ ဘာလုပ်နိုင်ခဲ့တယ်ဆိုတာ ကို မြင်တွေ့ခဲ့ရပြီး၊ ဒါကြောင့် သူ့ကို ပြန်အနိုင် ရစေချင်တာလို့ ပြောပါတယ်။ သမ္မတ ဘိုင်ဒန် လက်ထက်မှာ သူတို့ နိုင်ငံက အကျဘက်ကို ရောက်နေတာ မြင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

မစ္စတာ ထရမ့် အိမ်ဖြူတော်မှာ ရှိစဉ် အမေရိကန်ပြည်သူတွေ အတွက် လုပ်ပေးနိုင်ခဲ့တာတွေကို ကြည့်ပြီး တက်ကြွတဲ့ ထောက်ခံသူတွေကို လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။

မစ္စတာ ထရမ့်ရဲ့ စီးပွားရေး နောက်ကြောင်းနဲ့ ကျော်ကြားတဲ့ အခြေအနေဟာ သူ့ရဲ့ နိုင်ငံရေး လုပ်ဆောင်ချက်ထက် ပိုပြီး အဓိကကျတဲ့နေရာမှာ ရှိတယ်လို့လည်း အိုင်အိုဝါက ထရမ့် ထောက်ခံသူ တစ်ယောက်က ပြောပါတယ်။ ဒီနိုင်ငံကို နိုင်ငံရေးသမားတစ်ယောက်က ဦးဆောင်တာထက် စီးပွားရေး လုပ်တတ်တဲ့လူ ဦးဆောင်တာက ပိုပြီးကောင်းတယ်လို့ သူက ထင်မြင်ယူဆပါတယ်။

မစ္စတာ ထရမ့်ရဲ့ ကြီးမားတဲ့ ကိုယ်ရည်ကိုယ်သွေးကြောင့် သမ္မတ ဂျိုးဘိုင်ဒန်ထက်ပိုပြီး ထင်ရှား တယ်လို့ ရီပတ်ဘလီကန်တွေကြားမှာ ယူဆနေကြတာပါ။ သူတို့က အိပ်ငိုက်နေသော ဂျိုး လို့ ခေါ်ဝေါ်ကြပြီး၊ ဒါကလည်း COP 26 သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ညီလာခံမှာ သမ္မတ ဘိုင်ဒန် အိပ်ငိုက်နေတာကို ကင်မရာတွေကနေ တဆင့် တွေ့မြင် ခဲ့ရလို့ပဲ ဖြစ်ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်း အဖြစ် နိုဝင်ဘာရွေးကောက်ပွဲမှာ ယှဥ်ပြိုင်ဖို့ ထပ်မံရွေးချယ်ခံရနိုင်တာကြောင့် ထရမ့် နဲ့ ဘိုင်ဒန်တို့ရဲ့ ရွေးကောက်ပွဲ ယှဉ်ပြိုင်မှု ထပ်မံ ဖြစ်ပေါ်လာဖို့ သေချာသလောက် ရှိနေပါတယ်။

နောက်ဆုံးအကြိမ် သမ္မတ ရွေးကောက်ပွဲ ၂ ယောက်တွေ့ဆုံခဲ့ကြချိန်မှာ မစ္စတာ ဘိုင်ဒန်က အနိုင်ရထားပါတယ်။

လူဝင်မှု ကြီးကြပ်ရေး နဲ့ ထရမ့်ရဲ့ အဆိပ်အတောက် ဖြစ်ဖွယ် မှတ်ချက်

ရွှေ့ပြောင်းဝင်ရောက်လာသူတွေဟာ အမေရိကန်ရဲ့ သွေးကြောကို အဆိပ်အတောက် ဖြစ်စေတယ်လို့ မစ္စတာ ထရမ့်က လက်ယာစွန်း ရုပ်သံလိုင်း တစ်ခုဖြစ်တဲ့ နေရှင်နယ် ပေါ့စ် သတင်းဌာနနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ လုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆို ခဲ့ဖူးပါတယ်။ ဒါဟာ နာဇီဂျာမနီမှာ ကြားနေရတဲ့ စကားရပ်တွေ ဆိုပြီး သမ္မတ ဘိုင်ဒန်က စွပ်စွဲပါတယ်။

တကယ်လို့ ထရမ့်သာ အိမ်ဖြူတော်ကို ပြန်ရောက်လာမယ်ဆိုရင် သူ့ကို ဆန့်ကျင်သူတွေကို အမေရိကန်ရဲ့ ကပ်ပါးပိုးတွေလို့ ခေါ်ဝေါ်ပြီး အဲဒီလူတွေကို ဖျောက်ဖျက်ပြစ်မှာလို့ သမ္မတ ဂျိုး ဘိုင်ဒန်က ပြောပါတယ်။ သူက သီးသန့် စကားရပ်တွေ သုံးနှုန်းပြီး တိကျတဲ့ အဓိပ္ပာယ်ဆောင်တယ်လို့လည်း ဆိုပါတယ်။

အိမ်ဖြူတော်ရဲ့ မှတ်တမ်းတွေ အရ ထရမ့်ဟာ ၁၉၃၀ ခုနှစ်တွေတုန်းက နာဇီ ဂျာမနီမှာ ကြားခဲ့ရတဲ့ စကားရပ်တွေကို ထပ်လောင်း ပြောဆိုနေတာ ဖြစ်တယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ထည့်သွင်း ပြောဆိုပါတယ်။ ဒါဟာ ပထမဆုံး အကြိမ်ပြောဆိုတာမျိုး မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

နာဇီဂျာမနီခေတ်က ဝါဒဖြန့်မှုတွေ အကြောင်းကို လေ့လာနေတဲ့ သမိုင်းပညာရှင်တွေနဲ့ ကျွမ်းကျင်သူ တွေကို ဘီဘီစီ က မေးမြန်းကြည့်ရာမှာ သမ္မတ ဘိုင်ဒန် ရဲ့ နှိုင်းယှဉ်ချက်က မှန်ကန်တယ်လို့ အတည်ပြုကြပါတယ်။ နာဇီဂျာမနီမှာ ဒီလို ဘာသာ စကားမျိုး ကြားရယုံတင်မဟုတ်ဘဲ သူတို့တကယ်လုပ်ခဲ့တာပါ ဆိုပြီး၊ နာဇီတွေ အာဏာရလာချိန်မှာ နိုင်ငံရေး ရန်ဘက်တွေကို တိုက်ခိုက်ခဲ့တာကို ကိုးကားပြီး ပင်ဆယ်ဗေးနီးယား တက္ကသိုလ်က သမိုင်း သုတေသီ အန်းဘဂ်က ထောက်ပြပါတယ်။

ဒါပေမဲ့ စီဘီအက်စ် သတင်းဌာနရဲ့ စစ်တမ်းတွေမှာတော့ ရီပတ်ဘလီကန် အမာခံ ပါတီဝင်တွေဟာ ထရမ့်ရဲ့ မှတ်ချက်ကို ထောက်ခံကြပါတယ်။

စီဘီအက်စ် က မှတ်ပုံတင်ထားတဲ့ ရီပတ်ဘလီကန် မဲဆန္ဒရှင်တွေကို မစ္စတာ ထရမ့်ရဲ့ မှတ်ချက်ကို သဘောတူသလား၊ မတူဘူးလား ဆိုပြီး စစ်တမ်းကောက်ယူခဲ့တာပါ။ စစ်တမ်းဖြေဆိုသူ ထက်ဝက်ခန့်ဟာ အမေရိကန်ရဲ့ သွေးကြော အဆိပ်သင့်မှုဆိုတဲ့ စကားရပ်ကို ဘယ်သူဘယ်ဝါ ပြောဆိုတာပါဆိုတဲ့ ရေးသားချက်မပါဘဲ အလုံးစုံ ထောက်ခံ ခဲ့ကြပြီး၊ ကျန် တစ်ဝက်ကတော့ မစ္စတာ ထရမ့် ပြောဆိုတာပါလို့ စစ်တမ်းထဲမှာ ဖြေဆိုထားပါတယ်။

ဘယ်လိုပဲ ဖြစ်ပါစေ ရီပတ်ဘလီကန် မဲဆန္ဒရှင်တွေဟာ ထရမ့်ရဲ့ ပြောဆိုမှုကို သဘောတူခဲ့ကြ ပါတယ်။ ၇၂ ရာခိုင်နှုန်းက ဘယ်သူပြောတာလဲဆိုတာကို ထည့်သွင်းဖော်ပြခြင်း မရှိဘဲ ထောက်ခံခဲ့ကြသလို၊ ၈၂ ရာခိုင်နှုန်းက ထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပတ်သက်တဲ့ သဘောထားရပ်တည်ချက်ကို ထောာက်ခံကြပါတယ်။

အမေရိကန် လူငယ်တွေရဲ့ ထောက်ခံမှု အားကောင်း

မကြာသေးမီက ဖြစ်ခဲ့တဲ့ အံ့အားသင့်စရာတွေထဲမှာ ငယ်ရွယ်သူ မဲဆန္ဒရှင်တွေကြားမှာ မစ္စတာ ထရမ့်ဟာ ဂျိုးဘိုင်ဒန် ထက်ပိုပြီး ရေပန်စားခဲ့ပါတယ်။ ဒီဇင်ဘာ လလယ်တုန်းက နယူးယောက် တိုင်းမ် နဲ့ ဆီနာ ကောလိပ်တို့က ထုတ်ပြန်တဲ့ စစ်တမ်းတွေထဲမှာ ၁၈နှစ်နဲ့ ၂၉ နှစ် ကြား မဲဆန္ဒရှင် တွေကြားမှာ မစ္စတာ ထရမ့်က ၆ ရာခိုင်နှုန်း အသာရနေပါတယ်။

ရွေးကောက်ပွဲ စစ်တမ်းလမ်းကြောင်းနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူတွေက အခြေအတင် ဆွေးနွေး ကြပြီး၊ ၂၀၂၀ တုန်းက သက်တူရွယ်တူ အုပ်စုတွေ အကြားမှာ မစ္စတာ ထရမ့်က မစ္စတာ ဘိုင်ဒန်ကို ၂၄ ရာခိုင်နှုန်း အသာစီးရခဲ့မှုကိုလည်း ထောက်ပြကြပါတယ်။

ဒါဟာ လူငယ် မဲဆန္ဒရှင်တွေနဲ့ ဆက်သွယ်ဖို့ ပျက်ကွက်တဲ့ မစ္စတာ ဘိုင်ဒန်ရဲ့ အားနည်းချက်ကိုလည်း ရှင်းပြပြီးသား ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် အစ္စရေး - ဟားမတ်စ် စစ်ပွဲမှာ သူ့ရဲ့ ကိုင်တွယ်ပုံတွေကို လူငယ်တွေက စိတ်ပျက်နေကြပြီး၊ မစ္စတာ ထရမ့်ကတော့ ဒီစစ်ပွဲကို ကိုင်တွယ်ဖို့ ပြောဆိုမှုတွေ ကြောင့် လူငယ်တွေ ကြားမှာ ရေပန်းစားနေပါတယ်။

အိုင်အိုဝါ လူငယ် ရီပတ်ဘလီကန် အဖွဲ့ရဲ့ ခေါင်းဆောင် မေရီဝက်ဆန် ကတော့ မစ္စတာ ထရမ့်ရဲ့ စင်မြင့်ထက်က ပြောဆိုမှုတွကြောင့် လူငယ်တွေကြားမှာ ရေပန်းစားတာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပြပါတယ်။

လက်ရှိမှာ အသက် ၂၃ နှစ်ရှိပြီ ဖြစ်တဲ့ မေရီဟာ အထက်တန်းကျောင်းသူ အရွယ်မှာ ဒေါ်နယ် ထရမ့် သမ္မတ အဖြစ် ရွေးချယ်ခံရဖို့ မဲပေးခဲ့တဲ့ အတွက် လူတွေရဲ့ ဝေဖန် လှောင်ပြောင်မှုနဲ့ လည်း ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ မစ္စတာ ထရမ့်ဟာ သူ့ရဲ့ ယုံကြည်မှုကို ရပ်တည် ပြောဆိုရဲသူ၊ ဘာဖြစ်ချင်လဲ ဆိုတဲ့ အပေါ်မှာ ကြောက်ရွံ့စိတ် မရှိသူဖြစ်တာကြောင့် လူငယ်တွေကို စွဲဆောင်နိုင်တယ်လို့ မေရီက ယုံကြည်နေပါတယ်။

မစ္စတာ ထရမ့်ကို တရားစွဲဆိုထားတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ လူအများက သူ့အတွက် တိုက်ပွဲဝင်လိုကြပြီး၊ ဒါတွေဟာ သူ့ကိုထောက်ခံကြောင်း ဒီမိုကရက်တွေကို ပြသဖို့ ဖြစ်တယ်လို့ သူက ထပ်လောင်း ပြောဆိုပါတယ်။

တရားစွဲဆိုမှုတွေကို နှိပ်ကွက်မှုအဖြစ် ရှုမြင်

ဒေါ်နယ် ထရမ့်ဟာ ရာဇ၀တ်မှုတွေနဲ့ လေးကြိမ်တိုင်တိုင် စွဲချက်တင်ခံထားရပြီး၊ အိမ်ဖြူတော်အတွက် ထပ်မံယှဉ်ပြိုင်မယ့် ၂၀၂၄ ခုနှစ်မှာ ရုံးတင်စစ်ဆေးမှုတွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

နယူးယောက်မှာ တရားစွဲခံထားရပြီး၊ ဂျော်ဂျီယာ၊ ဖလော်ရီဒါ၊ မက်ဟမ်တန် နဲ့ ဝါရှင်တန်မှာ စွဲချက် တင်ခံထားရပါတယ်။ ဖက်ဒရယ် နဲ့ ပြည်နယ်တွေက အစိုးရ ရှေ့နေတွေဟာ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ထားကြပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်တုန်းက အမေရိကန် လွှတ်တော်အဆောက်အအုံ စီးနင်းခံရမှုမှာ မစ္စတာ ထရမ့်က လှုံ့ဆောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည်နယ် အတော်များများမှာ ရှေ့နေတွေက အမှုဖွင့်လှစ်ပြီး သမ္မတလောင်း အဖြစ်ကနေ ဖယ်ရှားဖို့ ကြိုးပမ်းနေပါတယ်။

တရားစွဲဆိုမှုတွေကြောင့် သူ့ကို ထောက်ခံမှုတွေ ကျဆင်းသွားမယ်လို့ ထင်ကောင်းထင်ပါလိ့မ်မယ်။ ဒါပေမဲ့ တကယ်တန်းမှာတော့ ဒီအမှုတွေဟာ မစ္စတာ ထရမ့် ရွေးချယ်ခံရဖို့ ကူညီပေးနေတယ်လို့ စစ်တမ်းလေ့လာသူ တစ်ယောက်ဖြစ်တဲ့ ဖရန့် လန့်စ် က ဘီဘီစီကို ပြောပါတယ်။

တရားစွဲဆိုမှုတွေမှာ သူဟာ ဓားစာခံ ဖြစ်နေရတယ်ဆိုတဲ့ အကြောင်းပြနိုင်ခဲ့ပြီး၊ သူ့ကို ဖိနှိပ်ဖို့ မတရားတဲ့ ကြိုးပမ်းမှု သပ်သပ်ပဲ ဆိုတာကို ထရမ့်က ပြသနိုင်ခဲ့တယ်လို့ လန့်စ်က ဆိုပါတယ်။

သူ့ကို စွဲချက်တင်တိုင်း ထောက်ခံတဲ့ ကိန်းဂဏန်းတွေက တက်လာတယ်။ မိန်း နဲ့ ကိုလိုရာဒိုမှာ မဲတွေ ဖြုတ်ထားခဲ့ပေမဲ့ သူ့နံပတ်တွေက တက်သွားတယ်။ ဒေါ်နယ် ထရမ့်ကို ဦးတည်တဲ့ တိုက်ခိုက်မှုတွေတိုင်းကို သူက အရင်းတည်ထားတယ်။ အမေရိကမှာ သူ့လိုမျိုး ဖြစ်တာ တခါမှ မတွေ့ဖူးဘူးလို့ လန့်စ်က ပြောဆိုပါတယ်။

ဒါပေမဲ့ အဲဒီအချက်တွေက တန်ဖိုးမရှိပါဘူး။ မစ္စတာ ထရမ့်ဟာ အောင်မြင်မှုတွေ ရနေပေမဲ့လည်း နယူးဟမ့်ရှိုင်းယားမှာ မဲပေးခဲ့သူတွေထဲက ၃၂ ရာခိုင်နှုန်းဟာ နိုဝင်ဘာမှာ ကျင်းပမဲ့ အထွေထွေ ရွေးကောက်ပွဲမှာ သူ့ကို မဲပေးမှာ မဟုတ်ဘူးလို့ ဖောက်စ် သတင်းဌာနရဲ့ စစ်တမ်းမှာ ဖော်ပြပါတယ်။

ရီပတ်ဘလီကန် ပါတီက ပြိုင်ဘက် နစ်ကီဟေလီကလည်း လွယ်လွယ်နဲ့ အရှုံးပေးမှာ မဟုတ်ပါဘူး။ ဖေဖော်ဝါရီ ၂၄ရက်ကျရင် တောင် ကယ်ရိုလိုင်းနားမှာ ကျင်းပမယ့် ပရိုင်မာရီ ရွေးကောက်ပွဲမှာ ထပ်မံ ယှဉ်ပြိုင်ဦးမှာ ဖြစ်ပါတယ်။

သမ္မတလောင်း နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မှု ကနေ နုတ်ထွက်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ နစ်ကီ ဟေလီ ဟာ နယူးဟမ့်ရှိုင်းယား ပရိုင်မာရီ ရွေးကောက်ပွဲအတွက် ဒေါ်လာ သန်းနဲ့ချီ အကုန်အကျခံခဲ့ပြီး အလားတူ ထောက်ပံ့မှုမျိုး ထပ်မံ လိုအပ်ပါတယ်။

ဒီနှစ်ရွေးကောက်ပွဲအတွက် ရီပတ်ဘလီကန် ပါတီရဲ့ သမ္မတလောင်းဟာ ဒေါ်နယ်ထရမ့်ပဲ ဖြစ်လာနိုင်ပါတယ်။ သူ့ရဲ့ အမာခံ သစ္စာရှိရှိ ထောက်ခံသူများကြောင့် ထရမ့်ပဲ ထပ်မံလျာထား ခံရနိုင်ပါတယ်။ ရီပတ်ဘလီကန် ပါတီဟာ ဒေါ်နယ် ထရမ့်ရဲ့ ပါတီ အဖြစ် ရှိနေတုန်းပဲလို့ ဘီဘီစီ မြောက်အမေရိကဆိုင်ရာ သတင်းထောက် အန်သိုနီ ဇာချာက ပြောဆိုပါတယ်။