ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကောကပ်စ်စနစ် မဲရွေးပွဲဆိုတာ ဘာလဲ။ အမေရိကန်မှာ အိုင်အိုဝါရွေးကောက်ပွဲက ဘာကြောင့် အရေးပါတာလဲ။
- ရေးသားသူ, မက် မာဖီ
- ရာထူးတာဝန်, ဘီဘီစီသတင်း၊ ဝါရှင်တန်
အမေရိကန်မှာ လေးနှစ်တစ်ခါ အိမ်ဖြူတော်အတွက် ရွေးကောက်ပွဲနှစ် စတင်ချိန်မှာ အိုင်အိုဝါပြည်နယ်ဟာ နိုင်ငံရေးလောကရဲ့ အချက်အချာကျရာ နေရာအဖြစ် လူတွေရဲ့ အာရုံကို အခိုက်အတန့် ဖမ်းစားလေ့ရှိပါတယ်။
နိုဝင်ဘာလမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ယှဉ်ပြိုင်မယ့် သူတို့ရဲ့ သမ္မတလောင်းကို ရီပတ်ဘလစ်ကန်ပါတီဝင်တွေက စတင် ရွေးချယ်နေကြပါတယ်။
ရီပတ်ဘလစ်ကန်တွေ ပါတီတွင်း သမ္မတလောင်း ပထမဆုံးရွေးချယ်တဲ့နေရာက အိုင်အိုဝါပြည်နယ်ဖြစ်ပြီး တခြားပြည်နယ်တွေနဲ့မတူအောင် ထူးထူးခြားခြား ကျင်းပပါတယ်။
အိုင်အိုဝါပြည်နယ်မှာ လုပ်တဲ့ ပါတီကိုယ်စားပြု သမ္မတလောင်းရွေးချယ်မှုစနစ်ကို ကောကပ်စ် (caucus) လို့ ခေါ်ပါတယ်။
ကောကာပ်စ်ဆိုတာ ဘာလဲ
သမ္မတလောင်း အဆိုပြုဖို့ ပြည်နယ်အများစုမှာ ပရိုင်မာရီ (primary) လို့ခေါ်တဲ့ ပဏာမမဲပေးရွေးချယ်မှုတွေ လုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ ကောကပ်စ်စနစ်မှာတော့ လုပ်ငန်းစဉ်က တမူကွဲပြားပြီး ပိုရှုပ်ထွေးပါတယ်။
ပရိုင်မာရီစနစ် ပဏာမသမ္မတလောင်းရွေးပွဲတွေဟာ ရွေးကောက်ပွဲအငယ်စားမျိုး တစ်ခုလိုပါပဲ။ မဲပေးသူတွေက ရွေးကောက်ပွဲနေ့တစ်နေ့လုံး လူကိုယ်တိုင်ဖြစ်ဖြစ် ဒါမှမဟုတ် စာတိုက်ကနေ ဖြစ်ဖြစ် မဲပေးရွေးချယ်ကြပါတယ်။
ဒါပေမဲ့ ကောကပ်စ် မဲရွေးပွဲတွေကတော့ ပါတီဝင်တွေအနေနဲ့ မဲပေးရမယ့် နေရာကို သတ်မှတ်ထားတဲ့ အချိန်အတိအကျမှာ လူကိုယ်တိုင် သွားရောက် မဲပေးဖို့ လိုအပ်ပါတယ်။
အိုင်အိုဝါပြည်နယ်က စာသင်ကျောင်းတွေ၊ လူမှုရေးအဆောက်အအုံတွေ၊ ဘုရားကျောင်းတွေမှာ မဲဆန္ဒရှင်တွေက ကိုယ်မဲပေးလိုသူရဲ့ အမည်ကို မဲပြားပေါ်မှာ ရေးပြီး မဲမထည့်ခင် သူတို့ရှေ့မှာ အဆိုပြုသမ္မတလောင်းက မိန့်ခွန်းပြောလေ့ ရှိပါတယ်။
ပြည်နယ်အများစုမှာ သမ္မတလောင်း ပဏာမရွေးချယ်ပွဲတွေကို ကောကပ်စ်စနစ် မသုံးကြတော့ပါဘူး။ ဒါပေမဲ့ နီဗားဒါး၊ အိုင်ဒါဟို၊ မစ်ဆူရီ၊ မြောက်ဒါကိုတာ၊ ဟာဝိုင်အီ၊ ဝိုင်အိုမင်းနဲ့ ကန်တပ်ကီ ပြည်နယ်တွေနဲ့ အတူ အိုင်အိုဝါပြည်နယ်က ရီပတ်ဘလီကန် ပါတီဝင်တွေကတော့ ကောကပ်စ်စနစ်ကိုပဲ ဆက်ကျင့်သုံးခဲ့ကြပါတယ်။
အိုင်အိုဝါမှာ ပြိုင်ခဲ့ကြတဲ့ သမ္မတလောင်းတွေ
ရီပတ်ဘလီကန်ပါတီက သူတို့ရဲ့ အဓိက သမ္မတလောင်းအရေအတွက်ကို ၄ ယောက်အထိ လျှော့ချခဲ့ပါတယ်။ အဲဒီလူတွေကတော့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်၊ ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး ရွန် ဒီဆန်းတစ်၊ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်ကိုယ်စားလှယ်ဟောင်း နစ်ကီ ဟေလီ နဲ့ ဇီဝနည်းပညာ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင် ဗီဗက် ရာမာဆွာမိ တို့ ဖြစ်ပါတယ်။
အိုင်အိုဝါမှာ မစ္စတာ ထရမ့်က သူအပြတ်အသတ် အနိုင်ရဖို့ ရည်ရွယ်ထားတယ်လို့ ပြောခဲ့သလို တကယ်ပဲ မဲအများဆုံးရပြီး အနိုင်ရခဲ့ပါတယ်။
ထရမ့်က မဲပေါင်း ၅၆၀၀၀ ကျော်၊ ရွန်ဒီဆန်းတစ်က ၂၃၀၀၀ ကျော်နဲ့ နစ်ကီ ဟေလီက ၂၁၀၀၀ ကျော် ရခဲ့ကြပါတယ်။
မစ္စတာ ဆန်းတစ်က ယဉ်ကျေးမှုစစ်ပွဲကိစ္စရပ်တွေအကြောင်း မဲဆွယ်စည်းရုံးရင်း မစ္စတာ ထရမ့်ရဲ့ ရွေးကောက်ပွဲဝင်ပြိုင်ခွင့်အပေါ် ဆန့်ကျင်တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ မစ်စ် ဟေလီကတော့ ကိုယ်ဝန်ဖျက်ချမှုနဲ့ နိုင်ငံခြားရေးမူဝါဒ ကိစ္စရပ်တွေအကြောင်း အဓိကထားပြီး အရမ်းမပြင်းထန်တဲ့ မဲဆွယ်မှုမျိုးနဲ့ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
မစ္စတာ ထရမ့်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ သူအနိုင်ရခဲ့တယ်ဆိုတဲ့ မဟုတ်မမှန် အပြောမျိုးတွေကို ထပ်ခါထပ်ခါ ပြောခဲ့ပြီး သူ့ကို ထောက်ခံအားပေးသူတွေ စိတ်ကြွလာအောင် ဘိုင်ဒန်အစိုးရက သူ့အပေါ် နိုင်ငံရေးအရ အပြစ်ရှာမှုတွေ တိုးလုပ်နေတယ်လို့ စွပ်စွဲပြောဆို မဲဆွယ်ခဲ့ပါတယ်။
အိုင်အိုဝါပြည်နယ် သမ္မတလောင်းရွေးပွဲက ဘာကြောင့် ဒီလောက် အရေးပါတာလဲ
အိုင်အိုဝါပြည်နယ်မှာ ရီပတ်ဘလစ်ကန်တွေ တကယ်တန်း ရလာမယ့် ဆုလဒ်က အရမ်းကို သေးပါတယ်။ သမ္မတလောင်းတွေအနေနဲ့ ကိုယ်စားလှယ် ၄၁ ဦးကိုသာ ခွဲဝေယူကြရမှာဖြစ်ပြီး ဒါဟာ ဇူလိုင်လ နိုင်ငံလုံးဆိုင်ရာ ရီပတ်ဘလစ်ကန်ညီလာခံမှာ ပါဝင်မယ့် စုစုပေါင်း ကိုယ်စားလှယ်အရေအတွက်ရဲ့ ၁ ရာခိုင်နှုန်းကျော်လောက်ပဲ ရှိပါတယ်။
ဒါပေမဲ့ အိုင်အိုဝါပြည်နယ်မဲရွေးပွဲမှာ အနိုင်ရမှုဟာ အရေးပါတဲ့ ကနဦးအဆင့် မဲဆွယ်စည်းရုံးမှုတွေအတွက်စိတ်အားတက်ကြွလာစေဖို့ အထောက်အကူ ဖြစ်စေပြီး သမ္မတလောင်း ပဏာမ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ တွန်းလှန်နိုင်စွမ်း ရှိလာစေမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒါဟာ တကယ့်ရွေးကောက်ပွဲကြီးမှာ သမ္မတလောင်းတစ်ဦး ဘယ်လိုရှေ့ဆက် ယှဉ်ပြိုင်မလဲ ဆိုတာကို အမေရိကန်ပြည်သူတွေ ပထမဆုံးအကြိမ် တွေ့ကြရတာ ဖြစ်လို့ သတင်းမီဒီယာတွေမှာ လူတွေရဲ့ အာရုံစိုက်မှုကိုလည်း ခံကြရမှာ ဖြစ်ပါတယ်။
သမ္မတဟောင်း ဒေါ်နယ် ထရမ့်ဟာ ရွေးကောက်ပွဲမှာ သူဝင်ပြိုင်မယ်လို့ ထုတ်ဖော်ကြေညာခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကတည်းက စလို့ ရီပတ်ဘလစ်ကန်ပါတီတွင်းမှာ စိတ်ဝင်စားမှုမြင့်တက်လာခဲ့ပါတယ်။ သူ့အပေါ် ပါတီတွင်း ထောက်ခံအားပေးမှု တနေ့တခြားများလာနေတာကို ကျော်လွှားနိုင်ဖို့ သူ့ပြိုင်ဘက်တွေ အခက်တွေ့နေကြရပါတယ်။
ဒီမဲရွေးပွဲမှာ ထရမ့် ဆန့်ကျင်သူ သမ္မတလောင်းတွေအတွက် လက်ရှိအခိုက်အတန့် ရှင်သန်နိုင်ရေးနဲ့ အရှိန်အဟုန်ဖြစ်လာစေရေးက အဓိကအရေးပါလိမ့်မယ်လို့ ရီပတ်ဘလစ်ကန်ပါတီရဲ့ သဘောထားစစ်တမ်းကောက်သူ ဝစ် အေယာစ်က ဘီဘီစီကို ပြောပါတယ်။
“အလှူရှင်တွေက အနိုင်ရသူကို ထောက်ခံအားပေး ငွေလှူချင်ကြပါတယ်။ ထောက်ခံမဲ မရရင် အလှူငွေလည်း ရမှာ မဟုတ်ပါဘူး။”
မဲပေးသူတွေကို အုပ်စု အမျိုးအစား ၃ မျိုးခွဲ သတ်မှတ်နိုင်တယ်လို့ မစ္စတာ အေယာစ်က သုံးသပ်ပါတယ်။ မစ္စတာ ထရမ့်ကို ဘယ်တော့မှ မဲမပေးမယ့်အုပ်စု၊ မစ္စတာထရမ့်ကို အခိုင်အမာ ထောက်ခံအားပေး မယ့် အုပ်စုနဲ့ တတိယအုပ်စုကတော့ မစ္စတာထရမ့်အစား တခြား သမ္မတလောင်းတွေကို ထောက်ခံမဲပေးဖို့ စိတ်ဝင်စားမယ့် အုပ်စု ဖြစ်တယ်လို့ ဆိုပါတယ်။
ပါတီဝင် တစ်ဝက်လောက်ဟာ ထရမ့်ကို မဲပေးရမှာကို ချင့်ချိန်နေသူတွေ ဖြစ်တယ် လို့ သူက ပြောပါတယ်။
“အဲဒီလူတွေဟာ အနည်းဆုံးတော့ တခြားဘယ်သူတွေ ရွေးစရာ ရှိသေးသလဲဆိုတာကို စိတ်ဝင်စားနေသူတွေဖြစ်ပါတယ်။ မစ္စတာထရမ့် သယ်လာမယ့် ပြဿနာတွေ၊ အတိတ်ကိုပဲ သူအာရုံစိုက်နေတာတွေ၊ မူဝါဒတွေဆန့်ကျင်ပြီး မကျေမနပ်ပြောနေတာတွေက လူတွေကို စိုးရိမ်မကင်း ဖြစ်လာစေပါတယ်။ ဒါ့ကြောင့် တခြားသမ္မတလောင်းတွေကို ရွေးဖို့ သူတို့ မျက်စိဖွင့်ထားကြပုံ ရပါတယ်။”
အိုင်အိုဝါ မဲရွေးပွဲ အနိုင်ရခဲ့သူတွေက သမ္မတရွေးကောက်ပွဲမှာ အနိုင်ရနိုင်သူတွေလား
အိုင်အိုဝါပြည်နယ်ဟာ တကယ့်သမ္မတလောင်း ရွေးချယ်ရာမှာ အတော်လေး လွဲလေ့ ရှိပါတယ်။ အထူးသဖြင့် ရီပတ်ဘလစ်ကန် သမ္မတလောင်းတွေ ရွေးရာမှာ အမြဲမှားလေ့ရှိပါတယ်။ ဒေါ်နယ် ထရမ့်က သာဓက တစ်ခုပါ။
၂၀၁၆ ခုနှစ်တုန်းက မစ္စတာထရမ့် ဧဝံဂေလိခရစ်ယာန်ဘာသာဝင် တက္ကဆက်စ်ပြည်နယ် ဆီးနိတ်အမတ် တက်ဒ် ခရုဇ်ရဲ့ နောက်ကနေ ဒုတိယနေရာ ရခဲ့ပါတယ်။ မစ္စတာ ထရမ့်ရဲ့ အရင် ရီပတ်ဘလစ်ကန် သမ္မတ နှစ်ဦးစလုံးဟာလည်း အိုင်အိုဝါပြည်နယ်မဲရွေးပွဲမှာ အနိုင်မရခဲ့ကြပါဘူး။
တကယ်တန်းမှာ ဂျော့ဂျ် ဒဘလျူ ဘွတ်ရှ် ဟာ ၂၀၀၀ ခုနှစ်တုန်းက အိုင်အိုဝါပြည်နယ်မှာရော သမ္မတလောင်း ရွေးပွဲမှာပါ အနိုင်ရခဲ့တဲ့ နောက်ဆုံး ရီပတ်ဘလစ်ကန် သမ္မတ ဖြစ်ပါတယ်။
အိုင်အိုဝါပြည်နယ်ရဲ့ ပြဿနာက အဲဒီမှာနေသူတွေရဲ့ သမ္မတလောင်း ရွေးချယ်ပုံဟာ အမေရိကန်နိုင်ငံ တခြားပြည်နယ်အတော်များများက လူတွေနဲ့ လုံးဝ ကွဲပြားပါတယ်။
တစ်နိုင်ငံလုံးထက်စာရင် အိုင်အိုဝါပြည်နယ်မှာ ရီပတ်ဘလစ်ကန် ပါတီဝင်တွေဟာ ဧဝံဂေလိခရစ်ယာန်ဘာသာဝင်တွေ အများကြီး ပိုများပါတယ်။ ဒီမိုကရက်တစ်ပါတီဘက်ကိုကြည့်ရင်တော့ အိုင်အိုဝါပြည်နယ်မှာ အာဖရိကန်နွှယ်ဖွား အမေရိကန်တွေ မရှိသလောက် ဖြစ်ပြီး အဲဒီအုပ်စုဟာ ဒီမိုကရက်တစ် ညွန့်ပေါင်း မဲပေးမှုရဲ့ အဓိက သော့တိုင်တစ်ခု ဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။
ဒီမိုကရက်တစ်ပါတီဝင်တွေက ဇန်နဝါရီလမှာ ကောကပ်စ် မဲရွေးပွဲတွေ ဘာ့ကြောင့် မလုပ်တာလဲ
အခုနှစ်မှာ ဒီမိုကရက်တစ်တွေက လူဖြူတွေ အများအပြားနေထိုင်နေတဲ့ အိုင်အိုဝါပြည်နယ်ထက် လူမျိုးပေါင်းစုံ ပိုများတဲ့ ပြည်နယ်တွေကို ပိုအာရုံစိုက် ဦးစားပေး ရွေးထားပါတယ်။
ဒီမိုကရက်တစ်ပါတီက ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ တောင်ကယ်ရိုလိုင်းနားပြည်နယ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ နီဗားဒါးပြည်နယ်တို့မှာ မဲဆွယ်စည်းရုံးမှုတွေ စလုပ်ဖို့ ရှိပါတယ်။
အိုင်အိုဝါပြည်နယ်မှာတော့ စာတိုက်ကနေ မဲပေးရွေးချယ်မှုတွေ လုပ်မှာဖြစ်ပြီး မတ်လ ၅ ရက်နေ့မှာ မဲတွေ ရေတွက်မှာဖြစ်ပါတယ်။