ဟာဂျ် အတွက် ၅ နှစ်ကြာ ငွေစုခဲ့ပေမဲ့ “ကုန်ကျ စားရိတ်ကြည့်လိုက်တော့ အံ့သြတုန်လှုပ်သွားတယ်”
ဆယ်လီ နက်ဘဲလ်
ဘီဘီစီ အာရပ်ဌာန၊ ကိုင်ရို

ဓာတ်ပုံ ရင်းမြစ်, EPA
ဆော်ဒီအာရေးဗီးယားကို ကမ္ဘာတဝန်းကလာခဲ့တဲ့ မွတ်ဆလင် ၁.၈ သန်းဟာ ဟာဂျ် ဝတ်ပြုခရီးစဉ် မှာအရေး အကြီးဆုံးနေ့ဖြစ်တဲ့ အာရာဖတ် တောင်တက်တာကို အင်္ဂါနေ့က ပြုလုပ်ခဲ့ကြပါတယ်။
ဒါပေမဲ့ တကမ္ဘာလုံးမှာ စျေးနှုန်းတွေ တက်နေတဲ့ အတွက် ဘုရားဖူး ဝတ်ပြု ခရီးစဉ်သွားဖို့ မတတ်နိုင်လောက်အောင် ပိုပိုပြီး ကုန်ကျ စားရိတ် ကြီးလာပါတယ်။
“ဒီနှစ်မှာ သွားဖို့ စာရင်းသွင်းကြတဲ့အရေအတွက်က သိပ်ကို ကျသွားတယ်။ အတော် များများလူတွေ အတွက် ကုန်ကျစားရိတ်က သိပ်ကြီးသွားပြီလေ” လို့ ဟာဂျ် ခရီးစဉ်အတွက် စီစဉ်ပေးတဲ့ အီဂျစ် ပုဂ္ဂလိက ခရီးသွားလုပ်ငန်းတခုက ဝန်ထမ်းတယောက်က ပြောပါတယ်။
အဲဒီဝန်ထမ်းက သူ့ အမည်ကို လျှို့ဝှက်ထားပေးဖို့ ပြောပါတယ်၊ ဘာလို့လဲဆိုတော့ သူ့နိုင်ငံရဲ့ စီးပွားရေး အခြေအနေကို ဝေဖန်တယ်လို့ သတ်မှတ်ပြီး သူ့ဆီ အပြစ်ပေး လာတာမျိုး ခံရမှာကို စိုးရိမ်တဲ့အတွက်ပါ။
အာရပ်နိုင်ငံတွေထဲ လူဦးရေအများဆုံးဖြစ်တဲ့ အီဂျစ်မှာ အစိုးရက စီစဉ်ပေးတဲ့ စျေးအသက်သာဆုံး ဟာဂျ် ခရီးစဉ်က ဒေါ်လ ၆,၀၀၀ တဝိုက်လောက် ကျနေပြီး ဒီစျေးက မနှစ်ကထက် ၂ ဆ တက်လာတာပါ။
အီဂျစ်ငွေကြေး ပေါင်က ၂၀၂၂ မတ်လ ကတည်းက ဒေါ်လာနဲ့ လဲတဲ့နှုန်းမှာ ၅၀% ကျော် ကျဆင်းခဲ့တာနဲ့အတူ အီဂျစ်ငွေကြေး တန်ဖိုးကျဆင်းတာက ကုန်စျေးနှုန်း ကြီးမြင့်ဖို့ ပိုတွန်းအားပေးခဲ့ပါတယ်။ ဒါကြောင့် လူနေမှုစားရိတ်က အီဂျစ်မှာ မိုးထိုး တက်ခဲ့ပြီး အဓိက ကုန်စည်စျေးနှုန်းက မေလမှာ အရင်နှစ် မေလနဲ့ နှိုင်းကြည့်ရင် ၄၀% အထိ ရောက်သွားပါတယ်။
ကိုဗစ် ကပ်ဘေးမတိုင်မီက အီဂျစ် လူဦးရေ ၃၀% က ဆင်းရဲမှုမျဉ်းအောက်မှာ ရှိနေ ပြီး အခုတော့ အဲဒီ အရေအတွက်က ပိုများလာပုံရတယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါ တယ်။
“ကျွန်မ အိပ်မက်”
ပင်စင်စား အစိုးရဝန်ထမ်းဟောင်း အီဂျစ် အမျိုးသမီးတယောက်ဖြစ်တဲ့ ဖရီဒါဟာ ဟာဂျ် ခရီးစဉ်သွားဖို့ အတွက် ၅ နှစ်ကြာ ငွေစုဆောင်းခဲ့ပါတယ်။
“ကျွန်မ စုဆောင်းထားတဲ့ ငွေအားလုံးက ဒီခရီးတခု သွားနိုင်အောင် မလုံလောက် ပါဘူး။ ကုန်ကျမယ့်စာရင်းတွေကိုတွေ့လိုက် ရတဲ့အခါ ကျွန်မ အံ့သြ တုန်လှုပ် သွားတယ်” လို့ သူက ပြောပါတယ်။
ဖရီဒါက အမည်လွှဲတခုပါ၊ သူက သားသမီး ၅ ယောက်ရှိတဲ့ မုဆိုးမ တယောက်ပါ။ လူနေမှု စားရိတ်တွေ တက်နေတဲ့အပေါ် အီဂျစ် အာဏာပိုင်တွေကို အများရှေ့မှာ ထုတ်ပြီး မဝေဖန်လိုတဲ့အတွက် သူ့အမည်ကို ဖုန်းကွယ်ပေးထားဖို့ သူ ပန်ကြားခဲ့ပါ တယ်။
ဟာဂျ်ဝတ်ပြုခရီးစဉ်က “ကျွန်မ အိပ်မက်” လို့ ဖရီဒါက ပြောပြီး “ဟာဂျ်ဟာ စိတ် နှလုံးဝိဉာဉ်ကို သန့်ရှင်းစင်ကြယ်စေတယ်” လို့ ဆိုပါတယ်။
သူ့ သားသမီးတွေလည်း အိမ်ထောင်ရက်သားကျသွားကြပြီဆိုတော့ “ပခုံးပေါ်က လူမှုရေး၊ ငွေရေး ကြေးရေးဆိုင်ရာ တာဝန်ယူရမှုတွေက ဘာမှ မရှိတော့ဘူး”၊ ဒီတော့ “ဒီအချိန်က ဟာဂျ် ခရီးစဉ်သွားရမယ့် အချိန်ရောက်ပြီ” လို့ သူ တွေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
အမ်ရာ ဝတ်ပြုခရီးစဉ်နဲ့ မက္ကာကို ဖရီဒါ ၄ ကြိမ်ရောက်ဖူးပါတယ်။ အမ်ရာက ဟာဂျ် ခရီးစဉ်မှာ ဝတ်ပြုဆုတောင်းရတဲ့ အခမ်းအနား တချို့ပါဝင်ပြီး နှစ်တနှစ်ရဲ့ ဘယ် အချိန်မှာ မဆို သွားလို့ရပါတယ်။
ဒီတခါမှာတော့ သူက ဟာဂျ် ခရီးစဉ်သွားလို့ရအောင် ဖြစ်နိုင်တဲ့ လမ်းလေးတွေကို လိုက်ရှာ ကြည့်ပါတယ်။
“ဟာဂျ် ခရီးစဉ်အတွက် ဗီဇာ ယူမယ့်အစား ဟာဂျ်ရာသီ မစမီ တလလောက် ကြိုပြီး မက္ကာကိုရောက်အောင် ၃ လ ခရီးသွား ဗီဇာ ယူလိုက်တယ်” လို့ သူက ကျွန်မကို ပြောပြီး ဆော်ဒီအာရေးဗီးယားမှာ ဟာဂျ် ဝတ်ပြုခရီးစဉ် အချိန်ကို စောင့်ပါတယ်။
“ဒါက ကျွန်မအတွက် တခုတည်းသော ရွေးချယ်စရာပါ။”
ဖရီဒါရဲ့ မက္ကာ ခရီးစဉ်အားလုံးအတွက် ကုန်ကျစားရိတ်က အစိုးရက ဟာဂျ်ခရီးစဉ် အတွက် စီစဉ်ပေးတဲ့ စျေးထက် ၈၀% သက်သာပါတယ်။
ထောက်ပံ့ကြေး ဖြတ်တောက်မှု
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဟာဂျ်ဟာ အစ္စလာမ်ရဲ့ ထောက်တိုင်ကြီး ၅ တိုင်ထဲက တတိုင်ပါ။ မွတ်ဆလင် တယောက် အနေနဲ့ ကျန်းမာရေးပိုင်း၊ ဘဏ္ဍာရေးပိုင်းအရ တတ်နိုင်တယ် ဆိုရင် သူ့ဘဝ သက်တမ်းမှာ မက္ကာကို အနည်းဆုံး တခေါက်လောက် ရောက်အောင်သွားဖို့ လိုအပ်ပါတယ်။
အစ္စလာမ်မစ် ပြက္ခဒိန် ဟဲလ် ဟစ်ဂျာ လရဲ့ ၈ ရက်မြောက်နေ့မှာ အလ္လာဟ်အရှင်မြတ်ကို ဝတ်ပြုတဲ့ ခရီးစဉ်စတင်ပြီး ဒီနှစ်က ဇွန်လ ၂၆ ရက်နေ့နဲ့ ကိုက်ပါတယ်။ ဟာဂျ် ဝတ်ပြုခရီးစဉ်က ၅ ရက် သို့မဟုတ် ၆ ရက် ကြာမြင့်ပါတယ်။
ဟာဂျ်ကို ဘုရားဖူး ခရီးသည် ၁.၅ သန်းကနေ ၂ သန်းအထိ လာတတ်ပြီး ဒီနှစ်က ကိုဗစ် ကပ်နောက်ပိုင်း ဆော်ဒီ အာဏာပိုင်တွေက အရင်တုန်းက လာလည်တတ်တဲ့ ပမာဏအထိ ပထမဆုံးအကြိမ် လာခွင့်ပြုထားပါတယ်။
နိုင်ငံအလိုက် မွတ်ဆလင်လူဦးရေ အရေအတွက်ကို ကြည့်ပြီး ဆော်ဒီအာရေး ဗီးယားက ကိုတာနဲ့ ပြည်ဝင်ခွင့် ဗီဇာ ချပေးပါတယ်။
ဟာဂျ်ဗီဇာပေးတာ အများစုက ကမ္ဘာမှာ မွတ်ဆလင် သန်းပေါင်း ၂၇၀ ရှိတဲ့ အင်ဒို နီးရှား ကို ပေးပါတယ်။ ဒီနှစ်အတွက် အင်ဒိုနီးရှား ၂၂၁,၀၀၀ ယောက်အတွက် ဗီဇာ ပေးပါတယ်။
အင်ဒိုနီးရှား အာဏာပိုင်တွေက ဟာဂျ် ခရီးစဉ်အတွက် ထောက်ပံ့ငွေ ပေးတဲ့ပမာဏ ကို ၅၀% ကနေ ၆၀% ထိ ဖြတ်ချဖို့ ဒီနှစ်မှာ ဆုံးဖြတ်ခဲ့တဲ့အတွက် ဘုရားဖူး တယောက် အနေနဲ့ ဟာဂျ် ခရီးစဉ်အတွက် ဒေါ်လာ ၃,၃၂၀ ပေးဖို့ ဖြစ်လာပါတယ်။ ၂၀၂၂ မှာ ဒီကုန်ကျစားရိတ်က ဒေါ်လာ ၂,၆၆၀ ပါ။
နိုင်ငံရေးအတားအဆီးများ

ဓာတ်ပုံ ရင်းမြစ်, EPA
ကမ္ဘာအနှံ့က မွတ်ဆလင်တွေက ငွေကုန်ကြေးကျ ပိုများလာလို့ ဟာဂျ် ခရီးစဉ်ထွက်ဖို့ ပိုခက်ခဲလာတဲ့ အချိန်မှာ ယီမင်နဲ့ ဆော်ဒီအာရေးဗီးယား စစ်ပွဲဒဏ်ခံနေရပြီး ဆင်းရဲ တဲ့နိုင်ငံ ယီမင်က လူတွေအဖို့ ပိုပြီး ခက်ခဲပါတယ်။
အီရန်က ထောက်ခံပေးထားပြီး ယီမင် နိုင်ငံရဲ့ဒေသ အများအပြားကို သိမ်းထားတဲ့ ဟူသီ သူပုန်တွေကို ဆော်ဒီ ဦးဆောင်တဲ့ စစ်ရေးညွန့်ပေါင်းတပ်က ၂၀၁၅ ခုနှစ် ကတည်းက အရှိန်မြင့်တိုက်ခိုက်လာခဲ့ပြီး အဲဒီ လက်နက်ကိုင်ပဋိပက္ခကြောင့် ယီမင်က ဖွတ်ဖွတ်ညက်ညက် ကြေနေတာပါ။
စစ်ပွဲကြောင့် ယီမင်မှာ လူပေါင်း ၁၅၀,၀၀၀ ကျော် သေဆုံးခဲ့ပြီလို့ ဆိုကြပြီး ကမ္ဘာမှာ အကြီးဆုံးသော လူသားချင်း စာနာမှု ဆိုင်ရာ အကျပ်အတည်းဆိုက်နေတာပါ။
ဒီလမှာ ယီမင်က ဘုရားဖူးတွေက သူပုန်တွေ သိမ်းထားတဲ့ မြို့တော် ဆန်နားကနေ ဟာဂျ် ခရီးစဉ်အတွက် ဆော်ဒီအာရေးဗီးယားကို တိုက်ရိုက် လေကြောင်းကနေ သွားကြပြီး ဒါဟာ ၇ နှစ်အတွင်း ဒီလို လေယာဉ်နဲ့ သွားနိုင်တာ ပထမဆုံးပါ။
လူဦးရေ သန်း ၃၀ အနက် ၂၁ သန်းက လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ လိုအပ်နေတဲ့ ဒီနိုင်ငံ၊ အဲဒီထဲက ၁၇ သန်းက နောက် အစားအစာ တနပ်စာ အတွက် ဘယ်ကလာမလဲ ဆိုတာ မသိနိုင်သေးတဲ့ ဒီနိုင်ငံ၊ အဲဒီလို နိုင်ငံကနေ ဟာဂျ် ခရီးစဉ်အတွက် ကုန်ကျစားရိတ်က ဒေါ်လာ ၃,၀၀၀ ပါ။
“၂၀၁၆ တုန်းက ကျွန်တော် ဟာဂျ် ဝတ်ပြု ခရီးစဉ်သွားတာ ဒီကုန်ကျစားရိတ်ရဲ့ တဝက် တောင် မကုန်ပါဘူး။ အခုတော့ ဒီစျေးက ကျွန်တော့်အတွက် သိပ်ကို စျေးကြီးနေလို့ မတတ်နိုင်တောပါဘူး” လို့ ယီမင် သတင်းထောက် တယောက်က ပြောပါတယ်။








