ထောင် ၁၂ နှစ် ချခံထားရသူ မလေးရှားဝန်ကြီးချုပ်ဟောင်းကို ထောင်ဒဏ် တစ်ဝက် လျှော့- ဖေဖော်ဝါရီ ၂ ရက် နိုင်ငံတကာသတင်းများ

ကမ္ဘာ့အကြီးဆုံး ငွေကြေးအရှုပ်တော်ပုံကြီး တစ်ခုမှာ ပါဝင်ပတ်သက်ခဲ့မှုနဲ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံခဲ့ရသူ မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ် ရာဇက်ခ်ကို ထောင်ဒဏ် တစ်ဝက် လျှော့ပေါ့လိုက်ပါတယ်။

ငွေကြေး ခဝါချမှု၊ အာဏာအလွဲသုံးစားမှုတွေအတွက် မစ္စတာ နာဂျစ်ဘ်ဟာ အခုအခါ ထောင်ဒဏ် ၁၂ နှစ်အစား ၆ နှစ်သာ ကျခံရတော့မှာ ဖြစ်ပါတယ်။

သူ့ကို ထောင်ဒဏ်သက်တမ်း လျှော့ပေါ့ပေးဖို့ မလေးရှားနိုင်ငံရဲ့ ပြစ်ဒဏ်လျှော့ပေါ့ရေး ဘုတ်အဖွဲ့ကနေ ဆုံးဖြတ်ခဲ့တာပါ။

ဘာ့ကြောင့်အခုလို ဆုံးဖြတ်ခဲ့သလဲဆိုတာကိုတော့ ရှင်းလင်းပြောပြတာမျိုး မရှိခဲ့ပါဘူး။

မစ္စတာ နာဂျစ်ဘ် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ချိန်မှာ တည်ထောင်ခဲ့တဲ့ 1MDB လို့ခေါ်တဲ့ အစိုးရ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တစ်ခုကနေ ဒေါ်လာ ၄ ဘီလျံကျော်ဖိုး အခိုးခံခဲ့ရမှုနဲ့ ဆက်နွှယ်ပြီး သူ့ကို ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ နာဂျစ်ဘ် ဟာ ဒီငွေကြေးအရှုပ်တော်ပုံကြီးနဲ့ ဆက်နွှယ်နေတဲ့ တခြား စွဲချက်တွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

နိုင်ရိုဘီ ဂက်စ်ပေါက်ကွဲမှု အနည်းဆုံး ၃ ဦးသေ၊ ရာနဲ့ချီ ဒဏ်ရာရ

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်မှာ ဂက်စ်ဓာတ်ငွေ့ ပေါက်ကွဲမှုကြီးတစ်ခုအတွင်း အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပြီး လူ ၂ ၀၀ ကျော်ကို မီးလောင်ဒဏ်ရာတွေအတွက် ဆေးရုံတင်ပို့ထားရပါတယ်။

အသက်ရှင်လွတ်မြောက်လာသူတွေက မီးစွဲလောင်နေတဲ့ တိုက်ခန်းတွဲတွေကနေ မီးအလုံးကြီးတွေအကြား အသက်လု ထွက်ပြေးခဲ့ကြရပုံကို ပြန်ပြောပြခဲ့ကြပါတယ်။

လူနေထူထပ်တဲ့ အဲမ်ဘာကာဆီ ရပ်ကွက်မှာ မနေ့ည သန်းခေါင် မတိုင်ခင်ကလေးမှာပဲ ဂက်စ်ဓာတ်ငွေ့တွေ အပြည့်တင်ဆောင်လာတဲ့ ထရပ်ကားတစ်စီး ပေါက်ကွဲခဲ့တာလို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

တရားမဝင်ဖွင့်ထားတဲ့ ဂက်စ်ဖြည့်တဲ့ ဆိုင်တစ်ခုမှာ အခုလို ဖြစ်ခဲ့တာလို့ ကင်ညာအစိုးရရဲ့ စွမ်းအင်ဆိုင်ရာ စည်းမျဉ်း ချမှတ်ရေးအဖွဲ့က ပြောပါတယ်။

ထရပ်ကား ၁၀ စီး လောက်ကတော့ လုံးဝ မီးလောင်ကျွမ်းသွားပြီး တစ်စင်းက ပေါက်ကွဲတဲ့ အရှိန်နဲ့ အနားက တိုက်ခန်းတွဲတစ်ခုရဲ့ အမိုးပေါ်ကို လွင့်စင် တင်နေတာ တွေ့ရပါတယ်။

ဂျာမနီ မြို့ကြီး ၈ဝ မှာ ပို့ဆောင်ရေးဝန်ထမ်းတွေ သပိတ်မှောက်

ဂျာမနီနိုင်ငံက မြို့ပေါင်း ၈၀ မှာ အစိုးရ သယ်ယူပို့ဆောင်ရေး ဝန်ထမ်းတွေ သပိတ်မှောက်နေကြတဲ့အတွက် နေရာအနှံ့အပြားမှာ ခရီးသွားလာမှုတွေ နှောင့်နှေးသွားခဲ့ပါတယ်။

ဘတ်စ်ကားတွေ၊ ဓာတ်ရထားတွေ၊ မြေအောက်ရထားတွေ အားလုံးလည်း ရပ်ဆိုင်းသွားခဲ့ပါတယ်။

ဘာလင်မြို့မှာတော့ ရုံးတက်ရုံးဆင်း လူစည်ကားချိန်မှာသာ သယ်ယူပို့ဆောင်ရေး ဝန်ထမ်းတွေ အလုပ်မဆင်းဘဲ သပိတ်မှောက်မှာ ဖြစ်ပေမဲ့ ဟမ်ဘာ့ဂ်နဲ့ ကိုလုန်းလို မြို့ကြီးတွေမှာတော့ တစ်နေ့လုံး အလုပ်မဆင်းဘဲ သပိတ်မှောက်ကြမှာ ဖြစ်ပါတယ်။

ဆန္ဒပြဝန်ထမ်းတွေက အလုပ်ခွင်အခြေအနေ ပိုကောင်းမွန်လာအောင် လုပ်ပေးဖို့နဲ့ အဆိုင်းလိုက် အလုပ်ဆင်းသူတွေ၊ ညဘက် အလုပ်ဆင်းသူတွေအတွက် လစာပိုပေးဖို့ တောင်းဆိုနေကြပါတယ်။

ဒါဟာ ဂျာမနီနိုင်ငံမှာ သီတင်းနှစ်ပတ်အတွင်း တတိယအကြိမ်အဖြစ် သယ်ယူပို့ဆောင်ရေးဝန်ထမ်းတွေ သပိတ်မှောက်ခဲ့ကြတာ ဖြစ်ပါတယ်။

China Renaissance ဘဏ်တည်ထောင်သူ ရာထူးကနုတ်ထွက်

လူမြင်ကွင်းကနေ တစ်နှစ်နီးပါး ပျောက်နေတဲ့ တရုတ် ဘီလျံနာ ဘဏ်လုပ်ငန်းရှင်ကြီးတစ်ဦးက သူတည်ထောင်ခဲ့တဲ့ ကုမ္ပဏီရဲ့ ထိပ်တန်းအဆင့် ရာထူးတွေကနေ နုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။

ဘောင်ဖန် ဆိုသူ အဲဒီဘဏ်လုပ်ငန်းရှင်ကြီးဟာ ကျန်းမာရေးအကြောင်းရင်းခံတွေကြောင့်ရော၊ မိသားစုကို ပိုအချိန်ပေးချင်တာကြောင့်ပါ ရာထူးကနေ နုတ်ထွက်လိုက်တာ ဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဒါပေမဲ့ မစ္စတာ ဘောင်ဖန် ဘယ်မှာ ရှိနေသလဲဆိုတာကိုတော့ ခုချိန်ထိ အသေအချာ မသိရပါဘူး။

မစ္စတာ ဘောင်ဖန် ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ လူမြင်ကွင်းကနေ ရုတ်တရက် ပျောက်သွားခဲ့တာပါ။ မစ္စတာ ဘောင်ဖန် ပျောက်သွားပြီးပြီးချင်းမှာပဲ သူ့ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ သူ့ရဲ့ China Renaissance ဘဏ်ကြီးက ထုတ်ဖော်ကြေညာခဲ့ပါတယ်။

အဲဒီအမှုဟာ ရာဇဝတ်မှု သံသယတရားခံတွေကို တခြားသူတွေနဲ့ အဆက်အသွယ်မလုပ်နိုင်အောင် ထိန်းချုပ်ထားနိုင်တဲ့ တရုတ်အာဏာပိုင်တွေရဲ့ သြဇာအာဏာကို မီးမောင်းထိုး ပြနေပါတယ်။