ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကျည်ဆန်ထက် သတ်အားပြင်းတဲ့ အိမ်သာမလုံလောက်မှု
- ရေးသားသူ, ဂျိုဗာနာ ဂျော့ဂျီစကီ
- ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှား
လုံခြုံတဲ့သန့်စင်ခန်း အိမ်သာတွေမရှိတာကြောင့် ကမ္ဘာ့လူဦးရေရဲ့တစ်ဝက်နီးပါးဟာ ရောဂါဘယတွေကနေ သေဆုံးနိုင်တဲ့အန္တရာယ်ဖြစ်နိုင်ခြေကြုံရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ မိလ္လာနဲ့ရေဆိုးစနစ်မကောင်းတာကြောင့် စွန့်ပစ်ရည်တွေဟာ သောက်ရေသုံးရေအတွက်သုံးတဲ့ရေနဲ့ ရောနှောမှုဖြစ်တဲ့အခါ ဝမ်းရောဂါနဲ့ တခြားအသက်ဆုံးပါးနိုင်တဲ့ နာမကျန်းမှုတွေကို ဖြစ်စေနိုင်ပါတယ်။
အိန္ဒိယလိုနိုင်ငံအချို့မှာတော့ မိလ္လာနဲ့ရေဆိုးစနစ်တိုးတက်အောင် စီမံနိုင်ပြီဖြစ်နေပေမဲ့ ရာသီဥတုပြောင်းလဲမှုဟာ လုံခြုံတဲ့သန့်စင်ခန်းတွေပေါ်လာဖို့ နောက်ထပ်စိန်ခေါ်မှုတွေကို ဖြစ်ပေါ်စေတဲ့အရိပ်အယောင်တွေ တွေ့နေရပါတယ်။
နိုဝင်ဘာလ ၁၉ ရက်နေ့ဟာ ကမ္ဘာတဝန်းလုံးဆိုင်ရာ မိလ္လာနဲ့ရေဆိုးစနစ်အကျပ်အတည်းကို မီးမောင်းထိုးပြဖို့ ကုလသမဂ္ဂက ၂၀၁၃ ခုနှစ်မှာ သတ်မှတ်ထားတဲ့ ကမ္ဘာ့သန့်စင်ခန်းနေ့ဖြစ်ပါတယ်။
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ရဲ့ ၂၀၂၃ ခုနှစ် ခန့်မှန်းချက်အရ အသက် ၅ နှစ်အောက် ကလေး ၄ သိန်းနီးပါးဟာ မသန့်ရှင်းတဲ့သောက်သုံးရေ၊ မိလ္လာနဲ့ရေဆိုးစနစ်နဲ့ သန့်ရှင်းမှု မရှိရာကနေဖြစ်တဲ့ ရောဂါဘယတွေကြောင့် နှစ်စဥ်သေဆုံးမှု ဆက်ရှိနေလိမ့်မယ်လို့ ဆိုပါတယ်။ ဒါဟာ တနေ့မှာ ကလေးငယ်အယောက် ၁ ထောင်နီးပါးသေဆုံးနေတာဖြစ်ပါတယ်။
ကောင်းကောင်းမွန်မွန်မဟုတ်ဘဲ အဖြစ်သာဆောက်ထားတဲ့သန့်စင်ခန်းတွေတောင် မရှိဘူးဆိုရင် အဲဒီလိုမရှိတာကြောင့် လိင်ပိုင်းဆိုင်ရာထိပါးစော်ကားမှုနဲ့ အမျိုးသမီးတွေရာသီလာမှုကို ရှက်ရွံ့စရာအဖြစ်ခွဲခြားဆက်ဆံမှုကိုလည်း ဖြစ်ပေါ်နိုင်ခြေမြင့်ပါတယ်။
ဒါဟာ အာဖရိကတိုက်တစ်ဝန်းက အမျိုးသမီးငယ်တစ်ဝက်နီးပါးဟာ ပညာဆုံးခန်းမတိုင်ခင် ကျောင်းထွက် နေကြတယ်လို့ ဆိုလိုရာလည်းရောက်နေပါတယ်။
‘‘သိပ်ပြောလို့ကောင်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။ အခြေအနေတိုးတက်လာဖို့ဆိုရင်တော့ မိလ္လာနဲ့ရေဆိုးစနစ်နဲ့ ပတ်သက်ပြီးလူတွေမြင်နေတဲ့အမြင်ကို ချိုးဖျက်ရမယ်။ နေ့စဥ်ကျန်းမာရေးအတွက်လိုအပ်တဲ့အခြေခံကျန်းမာရေးလိုအပ်ချက်ကို အသိအမှတ်ပြုလာရမယ်’’ လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က မိလ္လာနဲ့ရေဆိုးစနစ်နဲ့ စွန့်ပစ်ပစ္စည်းဆိုင်ရာကျွမ်းကျင်ပညာရှင် ကိတ်မက်ဒီကော့က ဘီဘီစီကို ပြောပြပါတယ်။
အာဖရိက ဆာရာဟဒေသ၊ တောင်အာရှနဲ့ ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံတွေဟာ မိလ္လာနဲ့ရေဆိုးစနစ်ဆိုင်ရာ ကြီးမားတဲ့စိန်ခေါ်မှုတွေ ကြုံနေရတဲ့ဒေသတွေဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ဟင်းလင်းပြင်မှာ ကျင်ကြီးစွန့်မှု
ကမ္ဘာတဝန်းမှာ ဟင်းလင်းပြင်မှာကျင်ကြီးစွန့်တဲ့အလေ့ရှိတဲ့အရပ်တွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်းမှာ သုံးပုံ နှစ်ပုံအထိ သိသိသာသာလျော့ကျလာပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်က လူပေါင်း သန်း ၄၂၀၀ နီးပါးဟာ မဖြစ်နိုင်တဲ့အဆုံးမှာ အခုလို ကျင်ကြီးစွန့်နေကြရတုန်းပဲလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နဲ့ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့(UNICEF) တို့ရဲ့အစီရင်ခံစာအရ သိရပါတယ်။
အာဖရိကတိုက်မှာ လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ နိုင်ဂျီးရီးယားနိုင်ငံမှာဆိုရင် လူဦးရေ ၂၃ ရာခိုင်နှုန်းဖြစ်တဲ့ လူပေါင်း ၄၆ သန်းဟာ ဟင်းလင်းပြင်မှာ ကျင်ကြီးစွန့်တဲ့အလေ့ဆက်ရှိနေတုန်းဖြစ်ပြီး ဒါဟာ ကမ္ဘာမှာ အမြင့်ဆုံးနှုန်း ဖြစ်ပါတယ်။
‘‘ကိန်းဂဏန်းတွေက သိပ်ကိုများလွန်းနေသေးတော့ ဟင်းလင်းပြင်မှာ ကျင်ကြီးစွန့်တာရပ်တန့်အောင်လုပ်ရေးက နိုင်ငံ့သိက္ခာနဲ့ဆိုင်တဲ့ကိစ္စမျိုးဖြစ်လာတယ်’’ လို့ နိုင်ငံကာအကူအညီပေးရေးအဖွဲ့ WaterAid Nigeria ရဲ့ အကူအညီပေးရေးအစီအစဥ်ဆိုင်ရာအကြီးအကဲ Kolawole Banwo က ဘီဘီစီကို ပြောပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံသား ၉၅ သန်းနီးပါးဟာ အခြေခံ မိလ္လာနဲ့ရေဆိုးစနစ်ဝန်ဆောင်မှုမရတဲ့အတွက်ကြောင့် နိုင်ငံဟာ လည်း ဝမ်းရောဂါဖြစ်ပွားမှုနွံထဲကနေ ရုန်းထွက်ဖို့ ကြိုးစားရေဆဲဖြစ်ပါတယ်။ တခြားနိုင်ငံအများစုမှာတော့ ရေနဲ့ရေဆိုးသန့်စင်တဲ့စနစ်တွေရှိလာပြီဖြစ်တဲ့အတွက် ရေကြောင့်ဆက်စပ်ပြီး ပြန့်ပွားတဲ့ရောဂါဖြစ်ပွားမှုတွေကို တိုက်ဖျက်နိုင်ပြီဖြစ်ပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်း ဘိုနိုပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှာ နောက်ဆုံးဖြစ်ထားတဲ့ ဝမ်းရောဂါကြောင့် လူပေါင်း ၄၀၀ နီးပါး သေဆုံးခဲ့ပါတယ်။
နိုင်ဂျီးရီးယားဟာ ဟင်းလင်းပြင်ကျင်ကြီးစွန့်မှုကို ၂၀၂၅ ခုနှစ်မှာ အဆုံးသတ်ဖို့ ရည်မှန်းချက်ချ လုပ်ဆောင်နေပါတယ်။ ယူနီဆက်ဖ်ကတော့ အဲဒီရည်မှန်းချက်အချိန်မီပြည့်မီဖို့ဆိုရင် အိမ်သာ ၄ သန်းနီးပါး လိုအပ်လိမ့်မယ်လို့ဆိုပါတယ်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှာတော့ နိုင်ငံမြောက်ပိုင်းက ဂျီဂျာဝါပြည်နယ်ဟာ နိုင်ဂျီးရီးယားနိုင်ငံမှာ ဟင်းလင်းပြင်ကျင်ကြီးစွန့်မှုမရှိတော့တဲ့ပထမဆုံးပြည်နယ် ဖြစ်လာပါတယ်။
ပိုကောင်းဖို့ အပြောင်းအလဲ
မိလ္လာနဲ့ရေဆိုးစနစ်အကျပ်အတည်းအရေးကို နိုင်ငံတကာအဖွဲ့အစည်းတွေက ပြောဆိုနေကြချိန်မှာပဲ သန့်စင်ခန်းရရှိအသုံးပြုနိုင်ခွင့်ဟာ ၂၀၀၀ ပြည့်နှစ်ကတည်းက ဆိုရင် ကမ္ဘာမှာ သိသိသာသာတိုးတက်လာနေတယ်လို့ လည်း အစီရင်ခံစာတွေ ထုတ်ပြန်နေကြပါတယ်။ အခုဆို လူပေါင်းနှစ်ထောင့်ငါးရာဟာ ဘေးကင်းစွာစီမံထားတဲ့မိလ္လာနဲ့ရေဆိုးစနစ်ကို အသုံးပြုခွင့်ရကြပြီလို့ဆိုပါတယ်။
ဒီနေ့ခတ် နိုင်ဂျီးရီးယားနိုင်ငံဟာ လေဟာပြင်မှာ ကျင်ကြီးစွန့်တဲ့လူအများဆုံးရှိတဲ့နိုင်ငံဖြစ်ပါတယ်။ ဒီ့မတိုင်ခင် ဆယ်စုနှစ်မပြည့်တပြည့်တုန်းကတော့ အိန္ဒိယနိုင်ငံက အများဆုံးဖြစ်ခဲ့ပေမဲ့ အိန္ဒိယအစိုးရဟာ အဲဒီလားရာကို ပြောင်းလဲအောင် စီမံနိုင်ခဲ့ပါတယ်။
၂၀၁၄ ခုနှစ်မှာ အိန္ဒိယ တစ်နိုင်ငံတည်းမှာတင် ဟင်းလင်းပြင်မှာကျင်ကြီးစွန့်တဲ့လူပမာဏဟာ ကမ္ဘာတဝန်းအလားတူ အလေ့သုံးတဲ့ လူသန်းပေါင်း တစ်ထောင့်နှစ်ရာရဲ့တစ်ဝက်အထိရှိပြီး တောင်အာရှအနေနဲ့ဆိုရင် ၉၀ ရာခိုင်နှုန်းထိရှိပါတယ်။
အဲဒီအချိန်တုန်းက အိန္ဒိယနိုင်ငံတဝန်းက ကျောင်းတွေအားလုံးရဲ့ ငါးပုံ တစ်ပုံမှာ မိန်းကလေး အိမ်သာဆိုတာ မရှိခဲ့ပါဘူး။
အဲဒီနောက်မှာတော့ ကမ္ဘာမှာအကြီးမားဆုံးလို့ပြောနိုင်တဲ့ သန့်စင်ခန်းတွေအကြီးအကျယ်ဆောက်တဲ့လှုပ်ရှားမှုကြီး စတင်ခဲ့ပါတယ်။ ရလဒ်ကတော့ လပေါင်း ၆၀ အတွင်းမှာတင် လူပေါင်း သန်း ၆၀၀ အတွက် သန့်စင်ခန်းပေါင်း ၁၁၀ နီးပါးကို ဆောက်လုပ်ခဲ့ပါတယ်။
အိန္ဒိယအစိုးရဟာ ‘’ကျေးလက်ဒေသမှာ ဟင်းလင်းပြင်မှာကျင်ကြီးစွန့်မှု အဆုံးသတ်ပြီ’’ လို့ ၂၀၁၉ ခုနှစ်မှာ ကြေညာခဲ့ပေမဲ့ ယူနီဆက်ဖ်ကတော့ ဒီအလေ့ပျောက်အောင် အာရုံထားလုပ်ခဲ့သလို အလုံးစုံပပျောက်အောင် လုပ်ဖို့ လိုနေသေးတယ်လို့ ပြောပါတယ်။
ကျန်းမာရေးအကျပ်အတည်း
ဟင်းလင်းပြင်မှာ ကျင်ကြီးစွန့်တဲ့အလေ့အဆုံးသတ်ရေးဟာ ပထမဆုံးလုပ်ရမယ့်အဆင့်တွေထဲက တစ်ခုဖြစ်ပြီး အဲဒီအလေ့ပျောက်ပြီလို့ ၂၀၁၅ ခုနှစ်မှာ ကြေညာခဲ့တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆိုရင် ဘေးကင်းစွာစီမံထားတဲ့ မိလ္လာနဲ့ရေဆိုးစနစ်ကို အသုံးပြုနိုင်တဲ့သူဦးရေဟာ ၁၆၉ သန်းရှိတဲ့နိုင်ငံ့လူဦးရေရဲ့ တစ်ဝက်တောင် မပြည့်သေးပါဘူး။
‘‘ဒီအလေ့က အနည်းဆုံးပါပဲ။ တစ်ရာခိုင်နှုန်းတောင် မပြည့်တော့ပါဘူး။ ဒါပေမဲ့ ဘေးကင်းစွာစီမံထားတဲ့ မိလ္လာနဲ့ ရေဆိုးစနစ်ကို ကြည့်ရင်တော့ နောက်ကျန်နေခဲ့တုန်းပါပဲ’’ လို့ WaterAid ဘင်္ဂလားဒေ့ရှ်ဌာနေညွှန်ကြားရေးမှူး ဟာဆင်ဂျာဟန်က ဘီဘီစီကိုပြောပြပါတယ်။
ကုလသမဂ္ဂကချမှတ်ထားတဲ့ ရေရှည်တည်တံ့တဲ့တိုးတက်ရေးရည်မှန်းချက်တွေအောက်မှာ ဘင်္ဂလားဒေ့ရှ်ဟာ သန့်ရှင်းမှုနဲ့ လုံလောက်တဲ့မိလ္လာနဲ့ရေဆိုးစနစ်ကောင်းမွန်စွာအသုံးပြုနိုင်မှုကို ၂၀၃၀ ပြည့်နှစ်မှာ အောင်အောင်မြင်မြင်ရရှိဖို့ ကတိပြုထားတာပါ။ ဒါပေမဲ့ ဒီအားထုတ်မှုတွေဟာ ဆင်းရဲမွဲတေမှုအမြစ်ဖြတ်ရေးကိုပါ အတူတကွလုပ်ဆောင်ဖို့လိုမှာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ့မြို့တော် ဒါကာမှာတင် နိုင်ငံ့လူဦးရေရဲ့ ငါးပုံ တစ်ပုံ တနည်းအားဖြင့် လူပေါင်း ၄.၄ သန်းဟာ ပျံကျရပ်ကွက်တွေမှာနေထိုင်နေကြပါတယ်။
‘‘လုံခြုံတယ်လို့ ယူဆလို့မရတဲ့ အိမ်သာတွေကို မျှသုံးကြတဲ့ မိသားစုတွေရှိနေကြသေးတယ်။ နေရာကျဥ်းကျပ်လို့ အိမ်သာသီးခြားလည်း ဆောက်လို့မဖြစ်နိုင်ကြဘူး’’ လို့ ဂဂျာဟန်က ရှင်းပြပါတယ်။
ဖြေရှင်းချက်
ဒီအရေးအဖြေရှာတွေ့ဖို့ ဘာကြောင့် ရှုပ်ထွေးလာတာပါလဲ။
မိလ္လာနဲ့ရေဆိုးစနစ်အကျပ်အတည်းဟာ ကြီးမားပေမဲ့ အဖြေကတော့ ရိုးရှင်းပုံပေါ်ပါတယ်။ အိမ်သာတွေပိုဆောက်၊ ရေဆိုးစနစ်တွေ ပိုချဲ့ထွင်လိုက်ရင် ဒီပြဿနာကို ဖြတ်တောက်နိုင်ပါပြီ။
‘‘တကယ်တော့ ဒါက အဖြေရဲ့အစိတ်အပိုင်းအသေးလေးတစ်ခုပဲဖြစ်ပါတယ်’’ လို့ ယူနီဆက်ဖ်က အန်း သောမတ်စ်က ဘီဘီစီကို ပြောပါတယ်။
မြို့ပြဧရိယာချဲ့ထွင်တာနဲ့ ရာသီဥတုပြောင်းလဲမှုနောက်ဆက်တွဲသက်ရောက်မှုလို တခြားအကြောင်းအရာတွေလည်း ရှိနေပြန်ပါတယ်။ မိုးခေါင်တာနဲ့ ရေကြီးတာတွေကလည်း ဒီအရေးကို အဖြေရှာဖို့ ပိုရှုပ်ထွေးလာစေပါတယ်။
‘‘ရာသီဥတုပြောင်းလဲမှုကို စိန်ခေါ်မှုတွေနဲ့အပြိုင်လိုက်နိုင်ဖို့ဆိုရင် ကမ္ဘာတဝန်းမှာ အသုံးပြုနေတဲ့ ရေဆိုးမဖြစ်အောင်လုပ်တဲ့ ချဥ်းကပ်မှုကို ပိုတိုးလုပ်မှရမယ်’’
ရေဆိုးမဖြစ်စေတဲ့အိမ်သာတွေ
ရေဆိုးမဖြစ်စေတဲ့စနစ်တွေဟာ စွန့်ပစ်ရေကို ဘေးကင်းအောင် သန့်စင်စေပါတယ်။ တခြားအဖြေရှာတဲ့နည်းလမ်းတွေပြပါဆိုရင် အညစ်အကြေးကို သန့်စင်နိုင်ပြီး ပင်မရေဆိုးစနစ်နဲ့ မချိတ်ဆက်တဲ့နည်းပညာမြင့်အိမ်သာတွေ ဒါမှမဟုတ် နေစွမ်းအင်သုံးတဲ့အိမ်သာတွေ ပါဝင်ပါတယ်။
အစဥ်အလာသုံးစွဲလာတဲ့ မိလ္လာပိုက်၊ရေဆိုးပိုက်စနစ်ထက်စာရင် စွန့်ပစ်ရေဆိုးမဖြစ်ရေးနည်းလမ်းက ပိုက်စနစ်ထက် ရေသုံးတာကိုလည်း လျှော့ချနိုင်ပါတယ်။
ကမ္ဘာတဝန်းက ကလေး သုံးဦးမှာ တစ်ဦးဟာ ရေရှားပါးမှုမြင့်တာနဲ့ အမြင့်ဆုံးဖြစ်တဲ့အရပ်တွေမှာ နေထိုင်နေကြရပြီဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့်လည်း ဒီအခြေအနေကို ပိုဆိုးလာအောင် ခြိမ်းခြောက်နေပါတယ်လို့ ယူနီဆက်ဖ် သုတေသနတစ်ခုမှာ ဖော်ပြပါတယ်။
လက်ရှိကာလအတွက်တော့ ရေမလိုတဲ့သန့်စင်ခန်းတွေဟာ ရေပြတ်လပ်မှုဒဏ်ကို ကြုံနေရတဲ့အရပ်တွေအတွက် ငွေသုံးမှရမယ့်အဖြေဖြစ်နေပါတယ်။ ဒါပေမဲ့ ပညာရှင်တွေကတော့ ရာသီဥတုဆိုင်ရာဖြစ်စဥ်တွေဟာ ပိုပြင်းထန်လာပြီး ဖြစ်တဲ့အကြိမ်ပိုစိပ်လာနေသလို ရာသီဥတုပြောင်းလဲမှုဟာ ဆင်းရဲတဲ့နိုင်ငံတွေရော၊ ချမ်းသာတဲ့နိုင်ငံတွေအပေါ်မှာပါ သက်ရောက်တာကြောင့် နည်းပညာပိုင်းဆိုင်ရာတိုးတက်အောင်လုပ်ဖို့ ပိုအာရုံစိုက်သင့်တယ်လို့ ပြောနေကြပါတယ်။