ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုဝင်ဘာ ၂၃ နိုင်ငံတဝန်းသတင်းများအနှစ်ချုပ် - ရန်ကုန်မြို့မှာ Food ဘလော်ဂါ အမျိုးသားတစ်ဦး ပစ်ခတ်ခံရလို့ သေဆုံး
ရန်ကုန်မြို့မှာ Food ဘလော်ဂါ လို့ခေါ်တဲ့ အစားအသောက်တွေအကြောင်း ဗီဒီယို ရိုက်ကူးတင်ဆက်သူဖြစ်သလို တက်စီမောင်းတဲ့ ကိုကျော်ဝဏ္ဏ ဆိုသူဟာ မနေ့ နိုဝင်ဘာ ၂၂ ရက်ညပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ကယ်ဆယ်ရေးအခြေအနေကိုသိတဲ့ ပရဟိတ အဖွဲ့တစ်ခုက ဘီဘီစီကို ပြောပါတယ်။
ကိုကျော်ဝဏ္ဏဟာ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲအနီးက အမှတ် ၃ လမ်းဆုံနားမှာ ကားမောင်းနေတဲ့အချိန် ပစ်ခတ်ခံခဲ့ရတာဖြစ်နိုင်တယ်လို့ အခင်းဖြစ်ရာနေရာကို သွားခဲ့တဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
"သေနတ်နဲ့ ပစ်ခတ်ခံရပြီး ကားလမ်းဘေးက ကျောက်ပုံကို ဝင်တိုက်ပြီး ကားက ရပ်သွားပုံရတယ်၊ သူ့ နောက်ကျောမှာ ကျည်ဖောက်ဝင်ထားတဲ့ ဒဏ်ရာတွေ့တယ်။ သူထိုင်တဲ့ ကားထိုင်ခုံမှာလည်း ကျည်ပေါက်ရာတွေ့တယ်" လို့ ကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
ကိုကျော်ဝဏ္ဏဟာ အငှားယာဉ်မောင်း အလုပ်ကိုလည်း လုပ်ကိုင်ပြီး ပစ်ခတ်တဲ့အဖွဲ့က အငှားယာဉ်စီးသူအဖြစ် ဟန်ဆောင်ခဲ့တာဖြစ်နိုင်တယ်လို့ သူ့ရဲ့ အသိမိတ်ဆွေတစ်ဦးက ပြောပါတယ်။
ပစ်ခတ်ခံရတဲ့ အခြေအနေတွေနဲ့ ပစ်ခတ်မှုကို ဘယ်သူလုပ်ဆောင်ခဲ့လဲဆိုတာကိုတော့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့တွေက ထုတ်ပြန်တာမရှိသေးပါဘူး။
လက်ရှိမှာ ကိုကျော်ဝဏ္ဏရဲ့ မိသားစုဝင်တွေဟာ သက်ဆိုင်ရာ ရဲစခန်းမှာ "အမှုဖွင့်ထားပြီး ရှင်းနေတုန်း"လို့ သူ့ရဲ့ မိတ်ဆွေက ပြောပါတယ်။
ကိုကျော်ဝဏ္ဏရဲ့ အသိမိတ်ဆွေတချို့ကလည်း ကိုကျော်ဝဏ္ဏ အခုလိုပစ်ခတ်ခံခဲ့ရတာအတွက် စိတ်မကောင်းတဲ့အကြောင်း ရေးသားမျှဝေထားတာတွေ့ရပါတယ်။
မိုးကုတ်နဲ့ မိုးမိတ် ဘာဆက်ဖြစ်နေလဲ
ရှမ်းပြည်နယ်(မြောက်ပိုင်း)က တအာင်းတပ်(TNLA) ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ထဲမှာ တပ်ဆင်ထားတဲ့ စတားလင့်အင်တာနက်တွေကို TNLA က ပိတ်သိမ်းခိုင်းနေတယ်လို့ ဘီဘီစီရဲ့ မြေပြင်သတင်းရင်းမြစ်နဲ့ ဒေသခံတချို့က ပြောပါတယ်။
"မြို့ အရှေ့ဘက်ပိုင်းက စတားလင့်တွေ ပိတ်သိမ်းခိုင်းနေတာ" လို့ မြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
မြေပြင်သတင်းရင်းမြစ်ကတော့ စစ်ရေးနဲ့ မြို့တွင်းလှုပ်ရှားမှုတွေကို အချိန်နဲ့ အညီသတင်းပေးမရအောင် ပိတ်ခိုင်းတာမျိုးဖြစ်နိုင်တယ်လို့ သူ့အမြင်ကိုပြောပါတယ်။
TNLA က စစ်တပ်နဲ့ အောက်တိုဘာလကုန်ပိုင်းမှာ အပစ်ရပ်သဘောတူ လက်မှတ်ရေးထိုးပြီး မိုးကုတ်နဲ့ မိုးမိတ်မြို့တို့ကို စစ်တပ်လက်ထဲ ပြန်လွှဲပေးမယ်လို့ ကြေညာခဲ့ပါတယ်။
လက်ရှိမှာ TNLA တပ်တွေကတော့ မိုးကုတ်မြို့တကြောမှာ ဆက်ရှိနေပြီး ဌာနဆိုင်ရာ ဝန်ထမ်းတချို့ကတော့ မြို့ကနေ စွန့်ခွာနေပြီလို့ မြေပြင်အခြေအနေ သိသူတချို့က ပြောပါတယ်။
အလားတူ မိုးကုတ်အခြေပြုတပ်တချို့ လည်း မြို့ကနေ စတင်ဆုတ်ခွာနေပြီလို့ မြေပြင်အခြေအနေသိသူတစ်ဦးက နိုဝင်ဘာ ၂၃ ရက်မှာ ပြောပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ တော်လှန်ရေးတပ်ဖွဲ့ တချို့ကတော့ ဖြေဆိုဖို့ ငြင်းဆန်ပါတယ်။
မိုးကုတ်ဒေသခံ အများစုကတော့ စစ်တပ်ကို မိုးကုတ်မြို့ ပြန်ပေးမယ်ဆိုတဲ့နောက် စစ်တပ်နဲ့ မိုးကုတ်အခြေစိုက် တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်မယ့်အရိပ်အယောင်တွေကို စိုးရိမ်ပြီး မန္တလေးနဲ့ လားရှိုးစတဲ့နေရာဒေသတွေကို နိုဝင်ဘာ ဒုတိယအပတ်ကစပြီး ပြောင်းရွှေ့နေကြတာဖြစ်ပါတယ်။
မိုးမိတ်မြို့ထဲမှာတော့ TNLA တပ်မဟာတွေအပြင် NUG လက်အောက်ခံတပ်ရင်းတချို့၊ MDYပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) အပါအဝင် ပူးပေါင်းတပ်တွေ အသီးသီး တပ်စွဲနေရာယူထားတုန်းပဲလို့ မြေပြင်အခြေအနေသိသူတချို့က ပြောပါတယ်။
ပဲခူး၊ ဇီးကုန်းက ကာရာအိုကေဆိုင် ပစ်ခတ်ခံရမှုမှာ ပြည်သူ့စစ် ၅ ဦးနဲ့ အမျိုးသမီး ၂ ဦး အပါ ၇ ဦး သေဆုံး
ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်ထဲက ကာရာအိုကေဆိုင်(KTV) ဆိုင်တစ်ဆိုင် မနေ့ နိုဝင်ဘာ ၂၂ ရက်ညပိုင်းက ပစ်ခတ်ခံရမှုမှာ ဒေသအခြေစိုက် ပြည်သူ့စစ် ၅ ဦးနဲ့ ဆိုင်ဝန်ထမ်းအမျိုးသမီး ၂ ဦး အပါ ၇ ဦးသေဆုံးခဲ့တယ်လို့ ဒေသအခြေအနေသိရှိသူ ၂ ဦး က ဘီဘီစီကို ပြောပါတယ်။
ဇီးကုန်းတောင်ဘက်အစပ် ဝက်ကော်ရွာမှာရှိတဲ့ KTV ဆိုင်ထဲမှာ မနေ့ည ၁၁ နာရီခွဲဝန်းကျင်မှာ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာလို့ ဒေသခံတချို့က ဆိုပြီး KTV ဆိုင်ထဲမှာရှိနေတဲ့ စစ်တပ်ရဲ့ ပြည်သူ့စစ်(အရပ်အခေါ် ပျူစောထီး) အဖွဲ့ဝင် ၅ ဦးနဲ့ KTV ဝန်ထမ်း အမျိုးသမီး ၂ ဦး သေဆုံးသွားတယ်လို့ ဇီးကုန်းအခြေစိုက် မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
"သေနတ်ဒဏ်ရာတွေနဲ့ ၇ ဦးလုံး နေရာမှာတင်ဆုံးသွားတာပါ။ အမျိုးသမီး ၂ ဦး ကိုတော့ ဒီနေ့ သင်္ဂြိုလ်ပါတယ်။ ပြည်သူ့စစ် အမျိုးသား ၅ ဦးကိုတော့ မနက်ဖြန်မှ သင်္ဂြိုလ်မှာ" လို့ ရုပ်အလောင်းတွေကို စျာပန ဆောင်ရွက်ပေးသူ တစ်ဦးက ဒီကနေ့ နိုဝင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းကဖြေဆိုပါတယ်။
ဇီးကုန်းအခြေစိုက် နတ်စစ်သည်အဖွဲ့ကတော့ နိုဝင်ဘာ ၂၂ ရက်ညပိုင်းက ဇီးကုန်းမြို့နယ်ထဲက ကာရာအိုကေဆိုင်(KTV) ဆိုင်တစ်ဆိုင်ကို ပစ်ခတ်မှုလုပ်ခဲ့ပြီး အဲဒီ တိုက်ခိုက်မှုကနေ လက်နက်နဲ့ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့သလို စစ်သားနဲ့ ရဲ ၇ ဦး သေဆုံးတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ပြည်သူ့စစ် ၅ ဦးနဲ့ ဆိုင်ဝန်ထမ်းအမျိုးသမီး ၂ ဦး အပါ ၇ ဦးသေဆုံးခဲ့တယ်ဆိုတဲ့ မြေပြင်အချက်အလက်တွေနဲ့ ပတ်သက်ပြီး နတ်စစ်သည်အဖွဲ့ကို သီးခြားအတည်ပြုနိုင်ဖို့ ဆက်သွယ်မေးမြန်းတဲ့အခါ ထုတ်ပြန်ချက်အတိုင်းဖြစ်ပြီး စိစစ်ထားပြီးဖြစ်တယ်လို့ ပြန်လည်ဖြေကြားပါတယ်။
ဝက်ကော်ရွာက ပြည်သူ့စစ်အဖွဲ့ဝင်တွေ ပစ်ခတ်ခံရတာနဲ့ ပတ်သက်လို့ ဘီဘီစီက စစ်ကော်မရှင်ရဲ့ ပဲခူးတိုင်းအစိုးရအဖွဲ့ကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
မင်းကင်းက ရွှေမျောလုပ်ကွက်ဗုံးကြဲခံရလို့ ၂ ဦးသေဆုံးပြီး ဒါဇင်ကျော် ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ဘေးက လောင်းပြည့်ကျွန်း ရွှေမျောကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၂ ဦးသေဆုံးပြီး ၁၂ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ မြေပြင်အခြေအနေသိသူတချို့က ဘီဘီစီကိုပြောပါတယ်။
စစ်တပ်ရဲ့ တံတားဦးဘက်ကနေ တက်လာတဲ့ တိုက်လေယာဉ်နဲ့ ၃ ကြိမ်တိုက်ခိုက်တာအပြင် မုံရွာအခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ တက်လာတဲ့ ဂျိုုင်ရိုကော်ပတာနဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
"၂ ဦးကတော့ နေရာမှာတင်ဆုံးတယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာ စိုးရိမ်ရတဲ့သူတွေလည်းရှိတယ်" လို့ ပြောတာကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
စစ်တပ်က မနေ့ နိုဝင်ဘာ ၂၂ ရက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရွှေမျောလုပ်ကိုင်ကြတဲ့ ဒေသခံအများစု ထိခိုက်ဒဏ်ရာရခဲ့ကြတာလို့ သိရပါတယ်။
တစ်ဖက်မှာလည်း လက်ရှိ လေကြောင်းတိုက်ခံရတဲ့ လောင်းပြည့်ကျွန်းရွှေမျောစီမံကိန်းဟာ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား အငြင်းပွားမှုတွေဖြစ်နေတဲ့ နေရာလို့ ဒေသခံတချို့ကပြောပါတယ်။
တော်လှန်ရေးတပ်တွေက ဒီရွှေမျောလုပ်ကွက်တွေကို တူးဖော်ဖို့ပြင်ဆင်လုပ်ကိုင်နေတာကို ကျေးရွာဒေသခံတွေက ဆန့်ကျင်တဲ့အနေနဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာ ဒုတိယအပတ်အထိ ဆန္ဒအကြိမ်ကြိမ်ထုတ်ဖော်တာတွေ ရှိခဲ့ပါတယ်။
ဒီလုပ်ကွက်တွေကို တာဝန်ယူလုပ်ကိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဆီကို တင်ပြတောင်းဆိုလုပ်ပိုင်ခွင့်တောင်းထားတဲ့ ပြည်သူ့အုပ်ချုပ်ရေး(ပအဖ)၊ ပြည်သူ့ကာကွယ်ရေး(ပကဖ) အဖွဲ့တို့ရဲ့ တာဝန်ခံတွေကိုလည်း ရာထူးက ရပ်နားပေးဖို့အထိ ဒေသခံတွေက ဆန္ဒဖော်ထုတ်ပွဲတွေမှာ တောင်းဆိုခဲ့ကြပါတယ်။
စစ်ကော်မရှင်ကတော့ မင်းကင်းမြို့နယ်ထဲက ရွှေမျောလုပ်ကွက် ဗုံးကြဲခံရတာနဲ့ ပတ်သက်လို့ ဒီနေ့ နေ့လယ်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။
ထိုင်းတောင်ပိုင်း၊ ဟတ်ယိုင်မှာ ရေကြီးလို့ လူထောင်နဲ့ချီ ရွှေ့ပြောင်းနေရ
ထိုင်းတောင်ပိုင်းအစပ်က ဆုန်ခလပြည်နယ်၊ ဟတ်ယိုင်မြို့မှာ မနေ့ နိုဝင်ဘာ ၂၂ ရက်ကတည်းက မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ဒီနေ့အထိ ရေကြီးရေလျှံမှုတွေ ဖြစ်နေတယ်လို့ ဟတ်ယိုင်မြို့ တောင်ပိုင်းမှာ နေထိုင်အလုပ်လုပ်နေကြတဲ့ မြန်မာတချို့က ပြောပါတယ်။
"ဒီနေ့ (နိုဝင်ဘာ ၂၃ ရက်)မနက်အထိ ရေထပ်တက်လာတယ်။ အိမ်အောက်ထပ်တစ်ထပ်လုံးမြှုပ်သွားပြီ" လို့ ဟတ်ယိုင်မှာနေထိုင်တဲ့ မြန်မာတစ်ဦးက ပြောပါတယ်။
ဟတ်ယိုင်မြို့လယ်ခေါင် အသွားအလာအများဆုံးဖြစ်တဲ့ ပက်ကဆန်းလမ်းကြီးနဲ့ လေဆိပ်လမ်းအပါအဝင် မြို့တွင်းလမ်းမကြီးတွေအားလုံးနီးပါး ရေနစ်မြှုပ်ကုန်ပြီလို့ သူက ဆိုပါတယ်။
ရေကြီးရေလျှံနေတာကြောင့် ဟတ်ယိုင်မြို့ပေါ်ရပ်ကွက်အားလုံးကိုလည်း လျှပ်စစ်မီးဖြတ်တောက်ထားတယ်လို့ ဒေသခံတွေက လူမှုကွန်ရက်မှာ ရေးသားဖော်ပြနေကြပါတယ်။
အလားတူ ဟတ်ယိုင်မှာ မိုးရွာသွန်းတာများပြီး ရုတ်တရုက်ရေကြီးလာတာကြောင့် ဟတ်ယိုင်အနီးက ဆည်ကိုလည်. ဖွင့်ချထားရတာကြောင့် ရေဒီထက်ပိုကြီးလာနိုင်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ ဟတ်ယိုင်မြို့ထဲမှာ ဒေသခံတွေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတချို့ နေအိမ်တွေမှာပဲ ပိတ်မိနေပြီး ကူညီကယ်ဆယ်ရေးတွေ ရောက်မလာသေးဘူးလို့ မြန်မာတချို့က ပြောပါတယ်။
"စားစရာ လာဝေတာတွေ၊ နေရာရွှေ့ပေးဖို့ လာခေါ်တာတွေ မရှိသေးဘူး" လို့ ဟတ်ယိုင်မှာနေတဲ့ မြန်မာတစ်ဦးက ဒီနေ့ နေ့လယ်ပိုင်းမှာ ပြောပါတယ်။
ထိုင်းအာဏာပိုင်တွေကတော့ ရေကြီးရေလျှံမှုကို ကာကွယ်ဖို့အတွက် ခရိုင် ၆ ခုထဲက ရေကြီးနိုင်ပြီး အန္တရာယ်များတဲ့ ဒေသတွေအတွက် အနီရောင်အဆင့် သတိပေးချက်တိုးမြှင့်ထားတယ်လို့ သိရပါတယ်။
ရေကြီးရေလျှံမှုကြောင့် ရပ်ကွက် ၁၀၀ ကျော်မှာ နေထိုင်တဲ့သူတွေနဲ့ ပစ္စည်းတွေကို ဘေးလွတ်ရာ အမြန်ရွှေ့ပြောင်းကြဖို့ ဟတ်ယိုင်မြို့တော်ဝန်က သတိပေးထားပါတယ်။
တောင်ပိုင်းဒေသ အနှံ့အပြားမှာ ရေကြီးမှုတွေဆက်ဖြစ်နေပြီး အိမ်ထောင်စု ၆,၀၀၀ ကျော် ရေနစ်မြုပ်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောထားပါတယ်။
တရုတ်စွက်ဖက်မှုနဲ့ စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ကန်ရောက်မြန်မာတွေ အိမ်ဖြူတော်ကို တောင်းဆို
မြန်မာ့အရေး တရုတ်ရဲ့ ပါဝင်စွက်ဖက်မှုနဲ့ စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း အမေရိကန်ရောက် မြန်မာ့အရေးလှုပ်ရှားတဲ့ အဖွဲ့ ၁၀ ဖွဲ့ထက်မနည်းပူးပေါင်းပြီး အိမ်ဖြူတော်ရှေ့မှာ ဆန္ဒပြတာနဲ့ တရားဝင်စာပေးပို့တောင်းဆိုတာလုပ်ခဲ့တယ်လို့ New York City Burmese Community (NYCBC) တာဝန်ခံ ဦးနေတင်မြင့်က ဘီဘီစီကိုပြောပါတယ်။
နိုဝင်ဘာ ၂၂ ရက် က အိမ်ဖြူတော်ရှေ့ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး တောင်းဆိုဆန္ဒပြပွဲကို ဝါရှင်တန်အခြေစိုက် Anti Dictatorship in Burma - DC Metro Area အဖွဲ့ အပါအဝင် အမေရိကန် အရှေ့ပိုင်းပြည်နယ်တွေက အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်တာလို့ဆိုပြီး မြန်မာနွယ်ဖွား ၂၅၀ ခန့်တက်ရောက် ကြတယ်လို့ သိရှိရပါတယ်။
ဒါအပြင် အမေရိကန်အစိုးရအနေနဲ့ ကျားဖြန့်လုပ်ငန်းတွေ ရဲ့ ဗဟိုချက်လိုဖြစ်နေတဲ့ မြန်မာကို ဝင်ရောက်ဆောင်ရွက်ပေးဖို့နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့တွေကိုတောင်းဆိုချက်ထဲထည့်သွင်းထားတယ်လို့ ဆိုပါတယ်။
'' တရုတ်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ တောင်းဆိုချက်ထဲမှာ တရုတ်ဟာ မြန်မာကအပြစ်မဲ့ပြည်သူတွေ တရားဖမ်းဆီးထောင်ချခံရတာ၊ သတ်ဖြတ်ခံရတာနဲ့ လေကြောင်းတိုက်ခိုက်လို့ သေကြေရတာတွေကို လျစ်လျူရှုပြီး ရွေးကောက်ပွဲကိုပဲထောက်ခံပြီး သူ့(တရုတ်အစိုးရ) အနေနဲ့ ပတ်သက်ပေးပြီး ကျောထောက်နောက်ခံပြုပေးနေတဲ့ ကိစ္စကို ပြောခဲ့ပါတယ်'' လို့ ဦးနေတင်မြင့်က အမေရိကန်အစိုးရနဲ့ အိမ်ဖြူတော်ကို သတင်းစကားပါးခဲ့တဲ့ အကြောင်း ပြောပါတယ်။
တောင်းဆိုတဲ့စာထဲမှာ အမေရိကန်အစိုးရအနေနဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုနိုင်ကြောင်း တရားဝင်ထုတ်ဖော်ပြောကြားပေးရေး လည်းပါဝင်တယ်လို့ဆိုပါတယ်။
'' ဒီနေ့ တောင်းဆိုချက်တွေအားလုံးကို ဆီးနိတ်၊ကွန်ဂရက်( အမေရိကန်လွှတ်တော် ၂ ရပ်) နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အားလုံးကို လိပ်မူပေးပို့ပါမှာဖြစ်ပါတယ်။'' လို့ ဦးနေတင်မြင့်ကပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ကွန်ဂရက်က မြန်မာ့အရေးကြားနာပွဲမှာတော့ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရုတ်နဲ့ ရုရှားရဲ့ တဆင့်ခံ ကြိုးကိုင်အုပ်ချုပ်မှု အစိုးရပေါ်ပေါက်ရေး (ပရောက်ဇီ) သာဖြစ်တယ်လို့ အမေရိကန်ရဲ့ ရီပတ်ဘလီကန်အမတ် ယန်းကင်မ်က ပြောထားပါတယ်။
စစ်တပ်ကတော့ ရွေးကောက်ပွဲဟာ တခြားနိုင်ငံတွေရဲ့ စွက်ဖက်မှုမရှိသလို ထောက်ခံတဲ့ နိုင်ငံတွေ အများအပြားရှိနေတယ်လို့ ဆက်တိုက်ထုတ်ပြောနေပါတယ်။
တရုတ်အစိုးရကလည်း မြန်မာရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိုသာရှေးရှူထောက်ခံတယ်လို့ ပြောထားပါတယ်။
မြန်မာဘက်က လက်နက်ကျည် ထိုင်းဘက်ကျလို့ ထိုင်းစစ်တပ်က သတိပေးပစ်ခတ်
ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းက တိုက်ပွဲတွေအတွင်း ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ထိုင်းဘက်ခြမ်းကို ကျရောက်ခဲ့တာကြောင့် သတိပေးတဲ့အနေနဲ့ မြန်မာဘက်ကို သတိပေး ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ထိုင်းစစ်တပ်က နိုဝင်ဘာ ၂၂ ရက် က သတင်းထုတ်ပြန်ပါတယ်။
မြဝတီမြို့နယ်၊ မင်းလက်ပံကျေးရွာမှာ စစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး အဲဒီတိုက်ပွဲအတွင်း မြန်မာစစ်တပ်ဘက်က ပစ်ခတ်တဲ့ကျည်တွေ ထိုင်းဘက်ကို ကျရောက်ခဲ့တာလို့ ထိုင်းသတင်းတချို့မှာ ဖော်ပြပါတယ်။
ထိုင်းသတင်းတချို့ရဲ့ ဖော်ပြချက်အရ မြန်မာဘက်က ၁၂၀ မမ လက်နက်ကြီးကျည်အချို့ ထိုင်းဘက်ခြမ်းက မဲ့ကို့ကင်းရွာ ရပ်ကွက် ၄ ဘက်ကို ကျရောက်ပေါက်ကွဲမှုကြောင့် လူနေအိမ်တချို့နဲ့ မော်တော်ယာဉ်တစ်စီးကိုထိမှန်ခဲ့တာကြောင့် ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးတာတော့ မရှိဘူးလို့ ဆိုပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် မင်းလက်ပံဘက်က တိုက်ပွဲတွေကြောင့် ထိုင်းဘက်ကိုရှောင်လာတဲ့ မြန်မာဒုက္ခသည် ၁၂၂ ဦးရှိပြီး အဲဒီလူတွေကို ထိုင်းဘက်က လူသားစာနာအကူအညီတွေပေးပြီး စောင့်ရှောက်ထားတယ်လို့ ထိုင်းစစ်တပ်က ပြောထားပါတယ်။