ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
‘‘လည်ချောင်း နာလွန်းလို့ အိပ်လို့တောင်မရဘူး’’ - အမ်ပေါက်စ် ဖြစ်နေသူ
- ရေးသားသူ, မာစီ ဂျူးမား
- ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန၊ ဘူရွမ်ဘူရာမြို့
တခြားလူနာနှစ်ယောက်နဲ့ အတူနေရတဲ့ ဆေးရုံခန်းထဲက ပြတင်းပေါက်ဘေးက ကုတင်ပေါ်မှာ အသက် ၄၀ အရွယ် အက်ဂီဒီ အီရမ်ဘိုနာက အပေါ်ပိုင်း အဝတ်ဗလာနဲ့ ထိုင်နေပါတယ်။
ဘူရွန်ဒီနိုင်ငံရဲ့ ဘူဂျွမ်ဘူရာမြို့ပေါ်ကို ဖြာကျနေတဲ့ ညနေစောင်း နေရောင်အောက်မှာ အရည်ကြည်ဖုတွေပြည့်နေတဲ့ သူ့မျက်နှာကို တွေ့ရပါတယ်။ သူ့ရင်ဘတ်မှာရော၊ လက်မောင်းတွေပေါ်မှာပါ အရည်ကြည်ဖုတွေ ပြည့်နေပါတယ်။
“ကျွန်တော့်လည်ချောင်းထဲက အကြိတ်တွေ ရောင်လာတယ်။ အိပ်မရအောင်ကို နာတာ။ အဲဒီနောက် အဲဒီမှာ နာတာ လျော့သွားပြီး ခြေထောက်တွေဆီ ပြောင်းပြီး နာလာတယ်။”လို့ သူက ဘီဘီစီကို ပြောပြပါတယ်။
မစ္စတာ အီရမ်ဘိုနာမှာ အမ်ပေါက်စ် (Mpox) ကျောက်ရောဂါ ကူးစက်ခံထားရတာပါ။
သူဟာ ဘူရွန်ဒီနိုင်ငံမှာ ပြီးခဲ့တဲ့လက စလို့ အမ်ပေါက်စ်ရောဂါ ဖြစ်နေသူလို့ အတည်ပြုခံထားသူ ၁၇၀ ကျော်ထဲက တစ်ဦးဖြစ်ပါတယ်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ ဘူရွန်ဒီနိုင်ငံဟာ လတ်တလော အမ်ပေါက်စ်ရောဂါဖြစ်ပွားမှု အတော်များများရဲ့ အချက်အချာနေရာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ နယ်စပ်ချင်း ကပ်နေတာပါ။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ အမ်ပေါက်စ်ရောဂါ ကူးစက်ထားသူလို့ ယူဆရသူပေါင်း ၁၄,၀၀၀ လောက်ရှိနေပြီး အနည်းဆုံး လူ ၄၅၀ သေဆုံးခဲ့ပြီးဖြစ်ပါတယ်။
ဘူရွန်ဒီနိုင်ငံမှာ အမ်ပေါက်စ် ကျောက်ရောဂါကြောင့် သေဆုံးသူရှိတယ်ဆိုတဲ့ မှတ်တမ်းမျိုးတော့ မတွေ့ရသေးပါဘူး။ အမ်ပေါက်စ် ကျောက်ရောဂါ မျိုးခွဲသစ် Clade 1b ကနေ ပျံ့ပွားလာတဲ့ လက်ရှိ ရောဂါဖြစ်ပွားမှုတွေအတွင်း လူအသေအပျောက် ဘယ်လောက်ရှိသလဲဆိုတာ အတိအကျ မသိရပါဘူး။ ဒါဟာ ရောဂါဖြစ်ပွားနဲ့ နေရာတွေမှာ စမ်းသပ်စစ်ဆေးမှုတွေ အပြည့်အဝ လုပ်နိုင်စွမ်း မရှိလို့ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း အမ်ပေါက်စ် ကျောက်ရောဂါက အရင်က မဖြစ်ပွားခဲ့တဲ့ နိုင်ငံတွေ၊ ဒေသတွေဆီ အလျင်အမြန် ကူးစက်လာနိုင်ဖွယ် ရှိတာကြောင့် ဒီရောဂါကို ကမ္ဘာတဝန်း အရေးပေါ် ကုသရမယ့် ရောဂါအဖြစ် ထုတ်ပြန်ကြေညာထားပါတယ်။
ခါလစ်ဘုရင်တက္ကသိုလ် ဆေးရုံမှာ မစ္စတာ အီရမ်ဘိုနာ ဆေးကုသခံနေတာ အခုဆို ၉ ရက် ရှိသွားပြီ ဖြစ်ပါတယ်။ ရောဂါကူးစက်ခံထားရသူတစ်ဦးဦးနဲ့ အနီးကပ် ထိတွေ့ရာကနေ သူရောဂါ ရခဲ့တာလို့ ယူဆရပါတယ်။
အခုဆိုရင် သူ့ရဲ့ ဇနီးသည်လည်း ရောဂါကူးစက်ခံထားရပုံ ရှိပြီး သူ့နဲ့ဆေးရုံတစ်ရုံတည်းမှာပဲ ဆေးကုသခံနေရပါတယ်။
“ကျွန်တော့်သူငယ်ချင်းလည်း အရည်ကြည်ဖုတွေ ပေါက်နေတယ်။ ကျွန်တော် သူ့ဆီကနေ ကူးတာလို့ ထင်တာပဲ။ အမ်ပေါက်စ် ကျောက်ရောဂါလို့ မသိခဲ့ပါဘူး။ ကံကောင်းလို့ ကျွန်တော်တို့ရဲ့ ကလေး ၇ ယောက်စလုံးမှာတော့ ရောဂါဖြစ်တဲ့ လက္ခဏာ မတွေ့ခဲ့ရပါဘူး။” လို့ မစ္စတာ အီရမ်ဘိုနာက ပြောပြရင်း သူ့အသံက တိမ်ဝင်သွားခဲ့ပါတယ်။
ဒီဆေးရုံဟာ ဘူဂျွမ်ဘူရာမြို့မှာ အမ်ပေါက်စ် ကျောက်ရောဂါ ကုသတဲ့ နေရာ ၃ ခုထဲက တစ်ခု ဖြစ်ပါတယ်။
ဆေးရုံကုတင် ၆၁ လုံးထဲက ၅၉ လုံးက အမ်ပေါက်စ် ကျောက်ရောဂါ ကူးစက်ခံထား ရသူတွေ အသုံးပြုနေပြီး အဲဒီထဲက ၃ ပုံ ၁ ပုံဟာ အသက် ၁၅ နှစ်အောက်အရွယ်တွေ ဖြစ်ပါတယ်။ WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ အဲဒီမှာ ရောဂါဒဏ် အဆိုးဝါးဆုံး ခံရသူတွေဟာ ကလေးငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။
အမ်ပေါက်စ် ကျောက်ရောဂါကူးစက်ခံထားရတဲ့ လူနာအရေအတွက် တစ်နေ့တခြား တိုးလာနေတယ်လို့ ဆေးရုံအကြီးအကဲ ဒေါက်တာ အိုဒက် အဲန်ဆက်ယီမနာ က ပြောပါတယ်။
"အခုဆိုရင် ဆေးရုံအပြင်ဘက်မှာ ယာယီတဲတွေ ထိုးထားနေရတယ်။ လောလောဆယ် ယာယီတဲ ၃ တဲရှိသွားပါပြီ။ တစ်တဲက ပဏာမ စစ်ဆေးကြည့်ရှုဖို့အတွက်ဖြစ်ပြီး နောက်တစ်တဲကတော့ ရောဂါကူးစက်ခံထားရသူတွေလို့ သံသယရှိသူတွေကို ထားဖို့ပါ။ နောက်တစ်တဲကတော့ ဆေးရုံဆောင်တွေထဲ မလွှဲပေးခင် အတည်ပြုလူနာတွေကို ထားဖို့ ဖြစ်ပါတယ်။"
လသားကလေး လူနာတွေ ရောက်လာရင်တော့ အခက်အခဲ တွေ့ရပါတယ်။ သူတို့တွေချည်းပဲ ထားလို့ မရတော့ အမေတွေကိုပါ ခေါ်ထားရပါတယ်။ အမေတွေမှာ ရောဂါလက္ခဏာ မရှိရင်တောင် ဒီမှာ ခေါ်ထားရတော့ အတော်လေးကို အခက်အခဲရှိပါတယ်။ လို့ နှာခေါင်းစည်းအောက်ကနေ ဒေါက်တာ အဲန်ဆက်ယီမနာ က ပြောပြပါတယ်။
အခုဆိုရင် ဘူရွန်ဒီနိုင်ငံမှာ အမ်ပေါက်စ် ကျောက်ရောဂါကူးစက်ခံထားရသူတွေ ရုတ်တရက် တိုးလာနေတာ တွေ့ရပါတယ်။
"အရေအတွက် တိုးလာနေတာနဲ့ ပတ်သက်လို့ ကျွန်မ အတော်လေး စိုးရိမ်မိပါတယ်။ တကယ်လို့များ ဒီလို ဆက်တိုးလာနေမယ်ဆိုရင်တော့ ကျွန်မတို့မှာ ထိန်းနိုင်မယ့် အခြေအနေရှိမှာ မဟုတ်တော့ပါဘူး။"
ရောဂါကူးစက်ခံထားရသူတွေကို ဆေးရုံက ကျန်တဲ့ လူနာတွေနဲ့ သီးသန့် ထားနိုင်ဖို့ သေသေချာချာ ကြိုးစားလုပ်ဆောင်နေပါတယ်။ နေရာတိုင်းမှာ ကြိုးနီတွေတား၊ သတိပေးထားသလို ဆေးရုံကို လာတဲ့ ဧည့်သည်တွေဆိုရင်လည်း အကာအကွယ် ဝတ်စုံတွေ ဝတ်ဖို့ လိုပြီး ရောဂါရှိနေသူတွေနဲ့ ဝေးဝေးမှာ နေဖို့ ညွှန်ကြားထားပါတယ်။
ရောဂါကာကွယ်ရေး အရင်းအမြစ်တွေက အကန့်အသတ်ရှိနေတာနဲ့ ပတ်သက်လို့ ကျန်းမာရေး တာဝန်ရှိပုဂ္ဂိုလ်တွေက စိုးရိမ်နေပါတယ်။ ဘူရွန်ဒီနိုင်ငံမှာက ဗိုင်းရပ်စ်ပိုး ရှိမရှိ သွေးနမူနာ စစ်ဆေးနိုင်တဲ့ ဓာတ်ခွဲခန်းတစ်ခုသာ ရှိပြီး ဆေးစစ်တဲ့ ကိရိယာတွေကလည်း မပြည့်စုံသလို ကာကွယ်ဆေးလည်း မရှိပါဘူး။
ဘူဂျွမ်ဘူရာမြို့တဝန်းမှာ သောက်သုံးရေလို အခြေခံ အရင်းအမြစ်တွေက အကန့်အသတ်နဲ့သာ ရနိုင်တဲ့အတွက် အဲဒီမှာ တစ်ကိုယ်ရည်သန့်ရှင်ရေး ထိန်းသိမ်းလုပ်ဆောင်ဖို့ကလည်း အတော့်ကို ခက်ခဲလှပါတယ်။
ရေပေးဝေမှု စနစ်က မလုံလောက်တဲ့အတွက် အများသုံးရေဘုံဘိုင်တွေမှာ လူတွေ တန်းစီနေတာကို တွေ့နိုင်ပါတယ်။
လူထုကျန်းမာရေး အရေးပေါ် လုပ်ငန်းအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ လီလီယန်း အဲန်ကဲန်ဂူရွတ်ဆီ က လာမယ့်ရက်ပိုင်းတွေအတွက် သူတကယ့်ကို စိုးရိမ်ပူပန်မိတယ်လို့ ဆိုပါတယ်။
"ဒါက တကယ့်ကို စိန်ခေါ်မှုပါ။ တစ်နေရာတည်းမှာပဲ ရောဂါရှာဖွေ အတည်ပြုနိုင်တဲ့အတွက် ရောဂါကူးစက်မှုအသစ်တွေကို ခြေရာခံရာမှာ နှောင့်နှေးမှုတွေ ဖြစ်စေပါတယ်။"
"ကျန်းမာရေးဌာနတွေက သူတို့မှာ သံသယလူနာတွေ ရှိနေတယ် ဆိုပြီး ဓာတ်ခွဲခန်းကို လှမ်းအကြောင်းကြားပါတယ်။ ဒါပေမဲ့ ဓာတ်ခွဲခန်းကနေ လူလွှတ်ပြီး အဲဒီလူနာတွေဆီက သွေးနမူနာတွေ လာယူဖို့က အချိန်ယူပါတယ်။"
"ပြီးတော့ ရလဒ်အဖြေကို ထုတ်ပြန်ဖို့ကလည်း အများကြီး အချိန်ယူပါတယ်။ ကျွန်မတို့ရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေကို နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့က ဒေါ်လာ ၁၄ သန်းလောက် လိုပါလိမ့်မယ်။" လို့သူကပြောပြပါတယ်။
ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံဆီကို ကာကွယ်ဆေးတွေ လာမယ့် သီတင်းပတ်မတိုင်ခင် အစောဆုံး ရောက်လာဖို့ ပြောဆိုဆွေးနွေးမှုတွေ ရှိနေပေမဲ့လည်း ဘူရွန်ဒီနိုင်ငံမှာတော့ အလားတူ ဖြစ်လာဖို့ မရှိသေးပါဘူး။
အမ်ပေါက်စ် ကျောက်ရောဂါအကြောင်း လူထုအသိပညာပေးမှုကလည်း အကန့်အသတ် ရှိနေပါတယ်။
ဘူဂျွမ်ဘူရာမြို့ဟာ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံနဲ့ ကပ်လျလျက် နယ်စပ်ကနေ မိနစ် ၂၀ လောက်ပဲ ဝေးပြီး နယ်စပ်ကုန်သွယ်ရေးနဲ့ ခရီးသွားလာမှု ဆုံချက်မြို့တစ်မြို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ရောဂါဖြစ်ပွားလာနိုင်မယ့် အန္တရာယ်ကို ကြိုတွေးထားတာမျိုး မရှိကြပါဘူး။
ဘူဂျွမ်ဘူရာမြို့ဟာ ပျားပန်းခတ် စည်ကားလှပါတယ်။ ခါတိုင်းလိုပဲ လူတွေက ပစ္စည်းတွေ ရောင်းဝယ် ဖောက်ကားနေကြပါတယ်။ လက်ဆွဲနှုတ်ဆက်တာ၊ ပွေ့ဖက်တာ၊ အချင်းချင်း အနီးကပ်ထိတွေ့တာတွေကို ပုံမှန်အတိုင်း လုပ်နေကြပါတယ်။ ဘတ်စ်ကားမှတ်တိုင်တွေမှာ လူတန်းရှည် တန်းစီစောင့်ဆိုင်းနေကြပြီး နဂိုကတည်းက လူအပြည့်အသိပ်နဲ့ ဆိုက်လာတဲ့ ဘတ်စ်ကားတွေပေါ် အလုအယက် တိုးဝှေ့ တက်နေကြပါတယ်။
"ဒီကိစ္စက ဘယ်လောက် ကြီးမားလေးနက်သလဲ ဆိုတာကို လူအတော်များများက နားမလည်ကြပါဘူး။ ရောဂါကူးစက်မှုတွေ ရှိနေတဲ့ နေရာတွေမှာတောင် လူတွေအချင်းချင်း ရောနှောနေကြတုန်းပါပဲ။" လို့ ဒေါက်တာ အဲန်ကန်ဂူရွတ်ဆီ က ပြောပါတယ်။
ဘူဂျွမ်ဘူရာမြို့က လူအတော်များများနဲ့ ဘီဘီစီ စကားပြောဆိုခွင့် ရခဲ့ရာမှာ အများစုက အမ်ပေါက်စ် ကျောက်ရောဂါဆိုတာ ဘာလဲ ဆိုတာကို မသိကြပါဘူး။ သိတဲ့သူတွေကလည်း သူတို့နိုင်ငံထဲမှာ ရောဂါပျံ့နေတယ် ဆိုတာကို သတိမထားမိကြပါဘူး။
"ဒီရောဂါအကြောင်း ကြားခဲ့ပေမဲ့ ရောဂါကူးစက်ခံထားရသူ တစ်ဦးတလေကိုမှ ကိုယ်တိုင်မတွေ့ဖူးသေးပါဘူး။ ဆိုရှယ်မီဒီယာပေါ်မှာပဲ မြင်ဖူးပါတယ်။" လို့ တစ်ယောက်က ပြောပါတယ်။
"ကလေးတွေနဲ့ လူငယ်တွေမှာ ဖြစ်တတ်တယ်လို့ သိရပါတယ်။ ကျွန်မအရမ်း ကြောက်ပါတယ်။ ဒါပေမဲ့ ကြောက်ပြီး အိမ်ထဲမှာပဲတော့ မနေနိုင်ပါဘူး။ မိသားစုအတွက် အပြင်ထွက် အလုပ်လုပ်ရမှာပါပဲ။" လို့ နောက်တစ်ယောက်က ပြောပါတယ်။
စီးပွားရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ရောဂါအပေါ် မယုံမကြည် သံသယရှိနေကြတဲ့ လူထုကို သတိထားနေထိုင်ကြဖို့ ပညာပေး ပြောဆိုရတာက ကျန်းမာရေးဝန်ထမ်းတွေအတွက် အခက်အခဲ ရှိမယ့် ပုံပါပဲ။
ဒါပေမဲ့လည်း ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ လူနာတွေ ပြန်သက်သာလာအောင် ကုသပေးတာတွေ၊ အဲဒီလူတွေနဲ့ ထိတွေ့ခဲ့သူတွေကို ခြေရာခံ ရှာဖွေတာတွေလုပ်ရင်း ဗိုင်းရပ်စ်ပိုး မပျံ့ပွားအောင် ထိန်းသိမ်းဖို့ ဆက်ကြိုးစားလုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။