ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပြည်ပရောက် မြန်မာတွေရဲ့ လစာကို စစ်ကောင်စီ အခွန်ကောက်မယ်
ပြည်ပရောက်နိုင်ငံသားတွေရဲ့ ပြည်ပမှာရနေတဲ့ လစာကို ဝင်ငွေခွန် ကောက်မယ်လို့ စစ်ကောင်စီ က ထုတ်ပြန်ကြေညာပါတယ်။
၂၀၂၃ ခုနှစ် ပြည်ထောင်စုရဲ့အခွန်အကောက်ဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ပြင်ဆင်လိုက်တာဖြစ်ပြီး လာမယ့် အောက်တိုဘာ ၁ ရက်က စပြီး ဒီပြဋ္ဌာန်းချက် အသက်ဝင်မှာ ဖြစ်ပါတယ်။
စစ်ကောင်စီက ဒီဥပဒေကိုမပြင်ခင်က ပြည်ပရောက်နိုင်ငံသားတွေရဲ့လစာက ဝင်ငွေခွန်ကင်းလွတ်ခွင့်ရပြီး ကျန်တဲ့ဝင်ငွေအမျိုးအစားတွေ အတွက် ၁၀ ရာခိုင်နှုန်း အထိ အခွန်ကောက်ခံနေတာပါ။
ဝင်ငွေအမျိုးအစားတွေကို လစာ၊ အသက်မွေးဝမ်းကျောင်းပညာ နဲ့ စီးပွားရေးလုပ်ငန်းတွေ စသဖြင့် ခွဲခြားထားပါတယ်။
အခုတော့ လွန်ခဲ့တဲ့ ၁၁ နှစ် အကြာ ၂၀၁၂ ခုနှစ်ကတည်းက ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုထားတဲ့ ပြည်ပရောက်နိုင်ငံသားတွေရဲ့လစာကိုပါ စစ်ကောင်စီက အခွန်ပြန်ကောက်ဖို့ ကြိုးစားလာတာပဲ ဖြစ်ပါတယ်။
သက်ဆိုင်ရာ နိုင်ငံအလိုက် နိုင်ငံခြားငွေကြေး နဲ့ ကောက်ခံမယ့် ဒီဝင်ငွေခွန် ကောက်ခံမှုက စစ်ကောင်စီရဲ့ နိုင်ငံခြားငွေ အပူတပြင်းလိုအပ်မှုကို ပြသနေတယ် လို့ အကဲခတ်တွေကပြောပါတယ်။
ပြည်ပရောက်နိုင်ငံသားတွေဟာ သူတို့ရောက်ရှိနေတဲ့ သက်ဆိုင်ရာနိုင်ငံကိုလည်း အခွန်ဆောင်နေရလို့ အခုလိုသာ ထပ်ဆောင်ရရင် နှစ်ထပ်ကွမ်း အခွန်ဆောင်ရမှာ ဖြစ်ပါတယ်။
ဒီပြင်ဆင်ချက်အသစ်အရ တစ်နှစ်ကို လစာ ကျပ် သိန်း နှစ်ဆယ်ကနေ ကျပ် သိန်း တစ်ရာကြား ဝင်ငွေရှိသူတွေကို ၅ ရာခိုင်နှုန်း၊ ကျပ် သိန်း တစ်ရာကျော်ကနေ ကျပ်သိန်းသုံးရာကြား ဝင်ငွေရှိသူတွေကို ၁၀ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ဆိုပါတယ်။
ဥပမာ ပေးရရင် တစ်နှစ် ကျပ် သိန်းတစ်ရာ လစာဝင်တဲ့လူက စစ်ကောင်စီကို ကျပ် ၅ သိန်း အခွန်ဆောင်ရမှာ ဖြစ်ပါတယ်။
ကျပ် သိန်း နှစ်ရာ ဝင်ငွေရှိရင် ၁၀ ရာခိုင်နှုန်း ဖြစ်တဲ့ ကျပ် သိန်း ၂၀ အခွန်ဆောင်ရမယ့် အဓိပ္ပာယ် ဖြစ်ပါတယ်။
ကျပ် သိန်း သုံးရာကျော်ကနေ ကျပ်သိန်းငါးရာကြား ကို ၁၅ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်ပြီး ကျပ် သိန်း ငါးရာကျော်ကနေ ကျပ်သိန်းခုနှစ်ရာကြား ကို ၂၀ ရာခိုင်နှုန်း ကောက်ခံမယ်လို့ သတ်မှတ်ထားပါတယ်။
ကျပ်သိန်းခုနှစ်ရာအထက် ကို ၂၅ ရာခိုင်နှုန်း အထိ ကောက်ခံမယ် လို့ သတ်မှတ်ထားတာပါ။
ကျပ်သိန်း ၁၀၀ အထိ အခြေခံသက်သာခွင့် နဲ့ မိသားစုဝင်တွေအတွက် ပေးထားတဲ့ အခြေခံသက်သာခွင့်တွေ ရှိနေပေမဲ့ စစ်ကောင်စီရဲ့ တကျော့ပြန် အခွန်စည်းကြပ်မှုအသစ်ကို ပြည်ပရောက်နိုင်ငံသားအများစုက စိတ်ပျက်နေကြပါတယ်။
အများစုကတော့ ပြည်တွင်းစစ်ဖြစ်နေတဲ့အခြေအနေမှာ နိုင်ငံရေးခံယူချက်အရ အခွန်မဆောင်ချင်ကြတာ ဖြစ်ပါတယ်။
‘’ဒီတော်လှန်ရေးကို အဓိက စီးဝင်နေတဲ့ ငွေတွေက ပြည်ပရောက်မြန်မာတွေဆီကလာတာ အများကြီးပဲ။ ဒီလူတွေက စစ်တပ်ကို အခွန်ဆောင်ချင်မလား’’ လို့ ထိုင်းနိုင်ငံမှာနေထိုင်တဲ့ မြန်မာတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုမတိုင်မီ စစ်အစိုးရလက်ထက်တုန်းကလည်း အခုလို နှစ်ထပ်ကွမ်း အခွန်ဆောင်ခဲ့ရတယ် လို့ ပြည်ပရောက် မြန်မာအလုပ်သမားတချို့က ပြောပါတယ်။
‘’မြန်မာစစ်တပ်ဟာ သူတို့ရဲ့ နည်းဟောင်းတွေကို ပြန်သုံးနေပြီ’’ လို့ စင်္ကာပူမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ သွားရောက် အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
‘’အဲဒီတုန်းက စစ်အစိုးရကိုဆောင်ရတဲ့အခွန်က စင်္ကာပူအစိုးရကို ဆောင်ရတဲ့အခွန်ထက်တောင် ပိုများနေသေးတယ်’’ လို့ သူက ပြောပါတယ်။
သံရုံးကတဆင့် အခွန်ဆောင်ရတာဖြစ်ပြီး မဆောင်တဲ့သူတွေကို နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့လုပ်ငန်းစဉ်တွေမှာ ပြဿနာရှာခဲ့တယ် လို့ သူက ပြန်ပြောပြပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်က အဲဒီ နှစ်ထပ်ကွမ်း ဖြစ်နေမှုကို ဖြေလျှော့ပေးခဲ့ပြီး ကင်းလွတ်ခွင့်ပြုခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံအလိုက် နှစ်နိုင်ငံ နှစ်ခါနှစ်ထပ် အခွန်မကောက်ရေး သဘောတူညီချက်တွေ ရှိထားတဲ့အတွက် အဲဒီနိုင်ငံတွေ နဲ့ စစ်ကောင်စီ ဘယ်လိုညှိနှိုင်းထားလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
မြန်မာနိုင်ငံနဲ့ အခွန်နှစ်ထပ် မကျသင့်စေရေးစာချုပ် (Tax Treaties) ချုပ်ဆိုထားတဲ့ နိုင်ငံ ၈ နိုင်ငံ ရှိပြီး ဗြိတိန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ စင်္ကာပူနဲ့ မလေးရှား နိုင်ငံတွေ ဖြစ်ပါတယ်။
စစ်ကောင်စီ ဥက္ကဋ္ဌဟာ သူ့ကို ဘဏ္ဍာရေးကတဆင့် နိုင်ငံရေးအရ တိုက်ခိုက်မှုတွေလုပ်နေတယ်လို့ မကြာခဏ ထုတ်ပြောလေ့ရှိပြီး "တချို့နိုင်ငံတွေက ဒေါ်လာငွေကြေးကို လက်နက်သဖွယ် အသုံးချနေတယ်" လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားမှာကျင်းပတဲ့ နိုင်ငံတကာလုံခြုံရေးညီလာခံ မှာ ပြောခဲ့တာက စစ်ကောင်စီရဲ့ ဒေါ်လာအကျပ်အတည်းကို ထင်ဟပ်စေပါတယ်။
ပြည်တွင်းမှာလည်း ဘဏ်တွေ၊ လုပ်ငန်းရှင်တွေ နဲ့ တစ်ဦးချင်းစီအလိုက် ပိုင်ဆိုင်တဲ့ နိုင်ငံခြားငွေတွေကို စစ်ကောင်စီက နည်းလမ်းပေါင်းစုံနဲ့ ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။
အခုတော့ ပြည်ပရောက်မြန်မာတွေရဲ့ နိုင်ငံခြားငွေကိုပါ နှစ်ထပ်ကွမ်း အခွန်စည်းကြပ်မှုက တဆင့် ရယူဖို့ ကြိုးစားလာနေတာပါ။