မြန်မာနိုင်ငံက ကုန်စျေးနှုန်းကြီးမြင့်မှု လူတွေကို ဘယ်လောက်ခက်ခဲလာစေသလဲ

ဒေါ်ရင်ရင်အေး ဇာတိက ဧရာဝတီတိုင်းကပါ။ နယ်မှာ အလုပ်အကိုင်ကလည်းမကောင်း စားဝတ်နေရေးကလည်း ခက်ခဲလို့ ရန်ကုန် ရွှေပြည်သာက ကျူးကျော်ရပ်ကွက်လေးမှာပြောင်းပြီး နေထိုင်ရင်း ရွှေပြည်သာက စက်ရုံတစ်ရုံမှာ သန့်ရှင်းဝန်ထမ်းလုပ်ပါတယ်။

အသက် ၁၇ နှစ်ပဲ ရှိသေးတဲ့ သူ့ သမီးလေးကလည်း စက်ရုံမှာ အလုပ်ရလို့ သူတို့သားအမိ ၂ ဦး ဝင်‌ငွေနဲ့ သူတို့မိသားစု ၆ ယောက် နေထိုင်စားသောက်ကြပါတယ်။

ဒါပေမဲ့ ရန်ကုန်မှာ အခုနောက်ပိုင်း သူတို့စားဝတ်နေရေး ပိုကျပ်တည်းလာတယ်လို့ သူကပြောပြပါတယ်။

မြန်မာမိသားစုတွေအများစု အရန်ဟင်းအဖြစ် စားလေ့ရှိတဲ့ ငါးပိရည်ကို သူတို့မိသားစု အဓိက ပင်တိုင်ဟင်းအဖြစ် စားရကြောင်း ဒေါ်ရင်ရင်အေးက ပြောပြပါတယ်။

သူတို့စားနေတဲ့ ထမင်းဝိုင်း အလယ်မှာ ငါးပိရည်ဟင်းနဲ့ တို့စရာ တချို့ကိုတွေ့ရပြီး ကလေးတွေက ငါးပိရည်ကိုဆမ်းလိုက် တို့စရာကို စားလိုက်နဲ့ စားနေကြတာ တွေ့ရပါတယ်။

“ကျွန်မတို့ အိမ်က ဝင်ငွေနဲ့ ထွက်ငွေ မလောက်တော့ အကြွေးယူပြီး စားရတယ်၊ အသားဟင်းက တစ်လမှ တစ်ခါပဲ စားနိုင်တယ်”လို့ ဒေါ်ရင်ရင်အေးကပြောပြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ် အစီရင်ခံစာထဲမှာ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ဆိုးဆိုးရွားရွား ဆုတ်ယုတ်နေတာကို သတိပေးထားပါတယ်။

မြန်မာ့လက်ရှိ နိုင်ငံရေး အကျပ်အတည်းတွေရဲ့ စီးပွားရေးအပေါ် ရိုက်ခတ်မှုဟာ ထိခိုက်မှု ကြီးမားလွန်းတယ်လို့ ကမ္ဘာ့ဘဏ်က အဲဒီ အစီရင်ခံစာမှာ သတိပေးထားပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံအတွင်း ဆိုးရွားလာတဲ့ အကျပ်အတည်းတွေနဲ့ စစ်ကောင်စီရဲ့ လက်တွေ့မကျတဲ့ မူဝါဒတွေကြောင့် တိုင်းပြည်စီးပွားရေးဟာ တစ်လျှောက်လုံး ထိခိုက်သွားနိုင်တဲ့ အခြေအနေ ကြုံနေရတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာက ထောက်ပြထားပါတယ်။

ဒီနှစ် ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းက ကျပ်နှစ်သောင်းတန်တွေ ထုတ်မယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပြီးနောက်ပိုင်း ကုန်ဈေးနှုန်းတွေ တဟုန်ထိုးကြီးမြင့်လာပြီးနောက် အခြေခံ လူတန်းစားအများစု စားဝတ်နေရေးအတွက် ပိုပြီး ရုန်းကန်လာရပါတယ်။

“ကျွန်မတို့ နေ့တိုင်း ဟင်းက ငါးပိချက်က များတယ်၊ ဘာလို့လဲ ဆိုတော့ လစာဝင်ငွေနဲ့ လူ ၆ ယောက် အိမ်စားရိတ် မလောက်လို့ ပါ”လို့ ဒေါ်ရင်ရင်အေးက ပြောပြပါတယ်။

လစာထုတ်တဲ့ ရက်ဆိုရင်တော့ ဟင်းကောင်းလေးတစ်ခွက်ကို ဘာပဲဖြစ်ဖြစ်ဆိုပြီး ချက်စားဖြစ်တယ်လို့ ဆိုပါတယ်။

“ကြွေးက လတိုင်းတင်နေတာပဲ။ လစာထုတ်တဲ့နေ့ဆိုရင် တစ်ခါတစ်လေ တင်ချင်လည်း တင်ပလေ့စေ ဆိုပြီး ဝက်သား ငါးဆယ်သား ၈၀၀၀ ဖိုး ဝယ်စားလိုက်တယ်”လို့ သူက ပြောတယ်။

ကျန်တဲ့ ရက်တွေ အများစုက ကြက်ဥ၊ ပဲသီးကြေ၊ာ် ငါးပိရည် စားတာများတယ်လို့ သူက ပြောပြပါတယ်။

ငါးပိရည်တစ်ခွက်ကလည်း ပုစွန် ၁၅၀၀ ဖိုး ၊ ငရုတ်သီးစိမ်း ၃၀၀ ဖိုး၊ ဆီ ၅၀၀ ဖိုး ၊ငါးပိရည် ၇၅၀ ဖိုးခန့်ကုန်ပြီး ငါးပိချက် ဟင်းတစ်ခွက်ကို ကျပ် ၂၅၀၀ အနည်းဆုံး ကုန်တယ်လို့ သူက ပြောပြပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ ကတော့ စစ်ကောင်စီက အာဏာသိမ်းပြီးကတည်းက ၂၀၂၃ ခုနှစ် သြဂုတ်လအထိ စီးပွားရေးဆိုင်ရာသုံးသပ်မှုတစ်ခုကို နေပြည်တော်မှာ ပြုလုပ်ခဲ့ပြီး အဲဒီ အစည်းအဝေးမှာ နိုင်ငံခြားငွေ မရရှိအောင်တားဆီးထားပြီး စီးပွားရေးအကျပ်အတည်းဖြစ်အောင် ပြုလုပ်မှုတွေရှိတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ကတော့ မသမာသူတွေဟာ သတင်းမှားတွေဖန်တီးပြီး ကုန်ဈေးနှုန်းတွေ ဆွဲတင်တာ၊ ဈေးကစားတာတွေ ရှိနေတဲ့အတွက် အရေးယူဖို့လိုတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းမှာတော့ ကုန်သွယ်မှု ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်စေရေးဗဟိုကော်မတီ အတွင်းရေးမှူး ဗိုလ်ချုပ် ရန်နောင်စိုးနဲ့ စီးပွား/ကူးသန်းက အရာရှိတွေအပါအဝင် စီးပွားရေးလောကက လူရာဂဏန်းဝန်းကျင် ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ဆေးခံနေရတယ်လို့ သတင်းထွက်လာ ခဲ့ပါတယ်၊

အဖမ်းအဆီးတွေကြောင့် ရွှေစျေး၊ ဒေါ်လာစျေးတွေ အလှုပ်အခတ်ဖြစ်ပြီး ကျလာပေမယ့် ရန်ကုန်မှာ အခြေခံလူတန်းစားတွေ အစားများတဲ့ ဧည့်မထဆန်ကြမ်းစျေးက စျေးမကျဘဲ လက်လီစျေးမှာ တစ်ပြည် ကျပ် ၃၃၀၀ ထိ စျေးတက်သွားပါတယ်။

အခုလို ရွှေစျေး၊ဒေါ်လာစျေးက တိုင်းပြည်ရဲ့ ကုန်စျေးနှုန်းတွေကို ရိုက်ခတ်ပြီး တရိပ်ရိပ်တက်လာချိန်မှာ သူတို့ရဲ့ ဝင်ငွေတွေက တက်လာခြင်းမရှိတာကြောင့် ဒေါ်ရင်ရင်အေးတို့လို စက်ရုံလုပ်သားတွေက ဆင်းရဲတွင်း နက်သထက်နက်လာနေ ပြီး မငတ်ရုံတစ်မယ် နေထိုင်စားသောက်နေရပါတယ်။

မြန်မာနိုင်ငံသားတွေ အများစု စားတဲ့ဆန်စျေးက မနှစ်ကထက် နှစ်ဆနီးပါးတက်လာတယ်လို့ ဆန်လက်လီလက်ကားရောင်းဝယ်သူတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းထားတဲ့ ၂ နှစ်အတွင်း စစ်ကောင်စီဟာ တိုင်းပြည်ကို တည်ငြိမ်အောင်နဲ့ စီးပွားရေး နာလန်ထူအောင် မလုပ်နိုင်တာကို ကမ္ဘာ့ဘဏ်က သတိပေးထားပါတယ်။

အိမ်ထောင်စုတွေရဲ့ ဝင်ငွေ တိုးမလာဘဲ ကုန်ဈေးနှုန်း ကြီးမြင့်လာတာနဲ့ ကုန်ပစ္စည်း ပြတ်လပ်တာတွေ ပိုဆိုးလာပြီး လျှပ်စစ်မီး လုံလုံလောက်လောက် မရတာ၊ စီးပွားရေး လုပ်ငန်းတွေ လည်ပတ်ဖို့ ခက်ခဲလာတာ၊ ရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းလာတာ၊ အလုပ်အကိုင်တွေ ရှားပါးလာပြီး လုပ်အားခ နည်းပါးလာတာလို အခြေအနေတွေက စီးပွားရေး ပြန်လည် နာလန်ထူဖို့ နှောင့်နှေးစေတဲ့ အကြောင်းအချက်တွေ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ထောက်ပြခဲ့ပါတယ်။

ရွှေပြည်သာစက်မှုဇုန်က အထည်ချုပ်လုပ်သား ကိုဝင်းမိုးကျော်ကလည်း သူတို့လင်မယားနှစ်ယောက်လစာဝင်ငွေနဲ့ မလောက်လို့ နေ့ပြန်တိုး အကြွေးသံသရာထဲမှာ တဝဲလည်လည်ဖြစ်နေတယ်လို့ ပြောပြပါတယ်။

“လစာထုတ် အားလုံးဝယ်ခြမ်းပြီး ကျန်းမာရေးကိစ္စရှိလာရင်တော့ မလောက်တော့ ငွေတိုး ယူရတယ်" လို့ သူ ကပြောပါတယ်။

“ကျွန်တော်တို့ စက်ရုံမှာတော့ ငွေတိုးချေးတဲ့သူရှိတယ် တစ်သိန်းကို နှစ်သောင်း အတိုး၊ တစ်သိန်းချေးပြီး ရင် တစ်သိန်း နှစ်သောင်းဆပ်ပေါ့"လို့ သူက ပြောပြပါတယ်။

အခုတော့ ကုန်စျေးနှုန်းက အလွန်အကျွံတက်နေတဲ့အတွက် အပြင်မှာ အတိုးနဲ့ ယူရတာ တစ်လထက် တစ်လ ပိုများလာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရင်ကလို တစ်ပတ် ၂ ရက်လောက် အသားဟင်းနဲ့ စားနိုင်ပေမယ့် အခုအခါမှာတော့ တစ်ပတ်ကို တစ်ရက် အသား ဟင်းတောင် အနိုင်နိုင်လို့ သူက ဆိုပါတယ်။

"ကျွန်တော်တို့ လင်မယားနှစ်ယောက် ရသမျှက စားဖို့နဲ့ပဲ ကုန်နေတာပါ"လို့ သူက ပြောပြပါတယ်။

ရန်ကုန်လို မြို့ကြီးမှာနေတဲ့ သူတွေ အပြင် တိုင်းဒေသကြီး ပြည်နယ်တွေမှာလည်း အခုလို ရုန်းကန်နေရပါတယ်။

ရန်ကုန်မှာ အလုပ်အကိုင် အတည်တကျရှိပြီး လစာပုံမှန်ရကြသူတွေတောင် အခုလိုခက်ခဲ ရင် အလုပ်မရှိဘဲ ဝင်ငွေခက်ခဲ သူတွေအတွက်က ပိုပြီး ခက်ခဲလှပါတယ်။

ရန်ကုန်မြို့ လင့်ခ်လမ်းမှာ ပန်းရောင်းတဲ့အလုပ်လုပ်သူ အမျိုးသမီးကြီးကတော့ သူအနှစ် ၂၀ လောက်ပန်းရောင်းခဲ့ပြီးမှ အခုကုန်စျေးနှုန်းကြောင့် ပန်းရောင်းတဲ့ အလုပ် အရင်းပြုတ်သွားပြီး တောင်းစားတဲ့ဘဝကို ရောက်သွားရတယ်လို့ ပြောပါတယ်။

သူဟာ တချို့ရက်တွေမှာ ဆန်ဝယ်မစားနိုင်လို့ ဆန်ထက်စျေး သက်သာတဲ့ဆန်ကွဲကို ဝယ်စားနေရတယ်လို့ ပြောပါတယ်။

ဒေါ်ရင်ရင်အေးနဲ့ သူ့သမီးလေးတို့ဟာ တစ်ရက်ကို အလုပ်ချိန် ၈နာရီကနေ ၉ နာရီကြား စက်ရုံမှ ာလုပ်ကိုင်ကြရပါတယ်

ငွေတိုးနဲ့က တစ်လကို တစ်သိန်းခွဲလောက် ယူရတယ်လို့ ဆိုပါတယ်။။

ဒေါ်ရင်ရင်အေး မိသားစု လုံလောက်အောင်စားဖို့အတွက် နေ့စဥ် ဝင်ငွေ ၁၈၀၀၀ ကျပ် တစ်လ ၇ သိန်းကျော် လိုအပ်တာဖြစ်ပြီး လက်ရှိ သူနဲ့ စက်ရုံမှာလုပ်နေတဲ့ သမီး ဝင်ငွေပေါင်းရင် ၄ သိန်းကျော်သာရှိတဲ့အတွက် လစဥ် အကြွေး ၂ သိန်းခန့် တင်နေတယ်လို့ ပြောပြပါတယ်။

ကျွန်မတို့ ဒီလ စားဖို့ရေး အတိုးနဲ့ ပိုက်ဆံကြိုယူရတယ် ဒီလစားထားတာကို နောက်လစာရမှ အတိုးနဲ့ပေါင်းပြီး ဆပ်ရတယ်လို့ သူကပြောပြပါတယ်။

သူတို့ ယူရတဲ့ အတိုးက တစ်သိန်းကို ကျပ် ၃ သောင်းပေးရတယ်လို့ သူက ပြောပြပါတယ်။

တစ်လကို ၃ သိန်းလောက် အတိုးနဲ့ ယူရပြီး နေမကောင်းရင် ထပ်ပြီးယူရတယ်လို့ သူက ပြောပြပါတယ်။

"အခုတော့ ထမင်းတော့နပ်မှန်အောင်စားရသေးတယ်၊ သူများလိုတော့ ဆန်ပြုတ်တော့ ပြုတ်မသောက်ရသေးဘူး၊ တကယ်လို့ ဆန်ပြုတ် ပြုတ်သောက်ရပြီဆိုတော့လည်း ကိုယ့်ရဲ့ကံပေါ့ ကိုယ်မိသားစုပဲသိတာ သူများက သိတာမှမဟုတ်တာ” လို့ ဒေါ်ရင်ရင်အေးက ပြောပြပါတယ်။