ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရန်ကုန်က မာရှယ်လော ရက်ပေါင်း ၆၀ အကြာ
လှိုင်သာယာစက်မှုဇုန် ၁ က ကုမ္ပဏီ ဝန်ထမ်း မပပ အသက် ၃၀ နှစ်ဟာ စစ်အုပ်ချုပ်ရေး မာရှယ်လော လှိုင်သာယာမှာ စတင်ပြီး ရက် ပေါင်း၆၀ အကြာမှာတော့ အလုပ်လက်မဲ့တစ်ဦး ဖြစ်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က လှိုင်သာယာမှာ စစ်အုပ်ချုပ်ရေးစတင်ချိန်မှာ တော့သူဟာ အလုပ်မသွားရတော့ပေမဲ့ လစာ ရနေပါသေးတယ် ။
ပြည်ပက သွင်းကုန်တွေကို ပြန်လည်ဖြန့်ဖြူးတဲ့ သူတို့ ကုမ္ပဏီဟာ ဧပြီလ မှာတော့ အလုပ်တွေ မရှိသလောက် ဖြစ်သွားပြီး မေလ မှာတော့ အလုပ်က ရပ်နားလိုက်ပြီလို့ သူ့ကို အကြောင်းကြားခဲ့တယ်လို့ ပြောပါတယ်။
"မတ်လ ကုန်တော့ လစာမပေးနိုင်တော့ဘူး၊ နောက်တော့ မတ်လနဲ့ ဧပြီလကို တစ်လစာ ပေးတယ်၊မေလမှာတော့ အလုပ်က နားလိုက်ပြီလို့ပြောတယ်"လို့ မပပက ပြောပါတယ်။
သူဟာ လှိုင်သာယာ ၇ ရပ်ကွက် မှာ မိသားစုနဲ့နေထိုင်သူတစ်ဦး ဖြစ်ပါတယ်။ မိသားစုဝင်တွေထဲမှာ ကျောင်းတက်နေသူတွေ အများစုဖြစ်ပြီး သူ့ဝင်ငွေလစာ ၂ သိန်းကျော်ဟာ မိသားစုအတွက် အထူးအရေးပါတယ်လို့ ဆိုပါတယ်။
တခြားဆက်လက်လည်ပတ်နေတဲ့ လှိုင်သာယာ စက်မှုဇုန်က စက်ရုံတွေမှာ အလုပ်ရဖို့ဟာလည်း စက်ရုံအများစုက အရင်လို အိုဗာတိုင်ဆင်းရတာတွေ မရှိတော့ဘဲ အထည်ချုပ်တွေဆိုရင် အော်ဒါတွေ ဆက်ရဖို့ မရေမရာ ဖြစ်နေတယ်လို့လည်း မပပက ပြောပါတယ်။
အလုပ်အကိုင်တွေလည်း အရင်ထက်ပိုရှားလာသလို ရှိတဲ့ စက်ရုံတွေကလည်း နောက်ပိုင်း အလုပ်ရှိ၊ မရှိ ဆိုတာ မရေမရာဖြစ်နေတယ်လို့လည်း စက်မှုဇုန်မှာ အလုပ်လုပ်နေသူတစ်ဦးက ပြောပါတယ်။
မေလဆန်းက မပပ အလုပ်ပြုတ်ခဲ့ပေမဲ့ ကုမ္ပဏီတစ်ခုမှာ ကားမောင်းတဲ့ သူ့ရဲအဖေကတော့ အလုပ်ရှိနေသေးအတွက် စားရေသောက်ရေးကတော့ အဆင်ပြေနေပါသေးတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ လကုန်ကစပြီး သူ့အဖေရဲ့ လစာကို လုံးလုံးမှီခိုရတဲ့ အချိန်မှာတော့ အေတီအမ်တွေကနေ လစာ ငွေထုတ်ရတာခက်ခဲတာကြောင့် စားဝတ်နေရေး ပိုခက်ခဲလာပြီး အကြွေးတွေ တင်လာနေတယ်လို့ သူကပြောပါတယ်။
"အဖေရဲ့ လစာကို အေတီအမ် လစာသွားထုတ်တော့ တစ်ရက်ကို နှစ်သိန်းပဲရတယ်၊ နောက်ရက်တွေက တန်းစီပြီး မရတာများတော့ စားရေးသောက်ရေး ငွေချေးပြီး သုံးရလို့ အကြွေးတင်နေတယ်လို့လည်း"သူက ပြောပါတယ်။
မပပ တို့လို့ အခြေခံလူတန်းစားတွေဟာ အခုစစ်အုပ်ချုပ်ရေးကာလမှာ အလုပ်အကိုင်ရှားပါးတာအပြင် စားဝတ်နေရေးနဲ့ ပတ်သက်လို့ ပိုပြီးခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။
အဖေက အလုပ်သွားရင် ကားနှစ်ဆင့်စီး အသွားအပြန် ၁၆၀၀ တစ်လ ၄၈၀၀၀ ၊ လစာက ၃ သိန်းခွဲ မှာ ၃သိန်း ပဲကျန်မယ်လို့ သူကပြောပါတယ်။
အရင်က YBS က တစ်မှတ်တိုင်၊ နှစ်မှတ်တိုင် အနီးအနား ခရီးတို ၂၀၀ ကနေ အခု ၃၀၀ ဖြစ်သွားတယ်၊ ရန်ကုန်မြို့ထဲကို အရင် ၃၀၀ ကနေ အခု ၅၀၀ ဖြစ်သွားတယ်လို့လည်း ပြောပါတယ်။
လစာထုတ်မှ ဝမ်းရေးကို ရှင်သန်နိုင်တဲ့ အခြားဝန်ထမ်းလုပ်သားတွေကလည်း အေတီအမ် အခက်အခဲကို ဖြေရှင်းနေရပါတယ်။
အလုပ်နားတဲ့ရက်တွေမှာ မနားရတော့ဘူး အေတီအမ် သွားတန်းစီနေရတယ်လို့လည်း လှိုင်သာယာစက်ရုံ အချို့ကဝန်ထမ်းတွေက ပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်လ၊ မတ်လ ၁၄ ရက်နေ့မှာ လှိုင်သာယာမြို့နယ်က တရုတ်ပိုင်စက်ရုံ တချို့ မီးလောင်ကျွမ်းတာကြောင့် တရုတ်သံရုံးကနေ လုံခြုံရေးလုပ်ဆောင်ဖို့ ထုတ်ပြန်ချက်ထုတ်ပြီး နာရီပိုင်းအတွင်း လှိုင်သာယာနဲ့ ရွှေပြည်သာကို စစ်အုပ်ချုပ်ရေး စကြေညာခဲ့ပါတယ်။
အဲ့ဒီနောက် တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တို့ကို ထပ်တိုးကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တာတွေရှိပြီး ကာလအပိုင်းအခြားကတော့ ၃ လကနေ ၆ လအထိ ကြာမြင့်လေ့ရှိတယ်လို့ ဥပဒေပညာရှင်တွေကနေ တစ်ဆင့် သိရပါတယ်။
အခု မေလဆန်းပိုင်းမှာ အဲ့ဒီဒေသတွေမှာ လုံခြုံရေးအရဆိုတဲ့ အကြောင်းပြချက်နဲ့ ရှိနေတဲ့ တပ်ဖွဲ့ဝင်တွေထဲက စစ်သားအင်အားတွေ လျော့သွားပေမယ့် တချို့ကျန်ရှိနေသေးပြီး သူတို့ချမှတ်ထားတဲ့ စည်းကမ်းတွေကတော့ တင်းတင်းကြပ်ကြပ်ရှိနေဆဲလို့ ပြောပါတယ်။
အရေးယူခံရမယ်၊ ဒဏ်ကြေးဆောင်ရမယ် ဆိုတဲ့ ထုတ်ပြန်ချက်တွေကြောင့် ဧည့်စာရင်းတိုင်တာ၊ မီတာဆောင်တာတွေ လုပ်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့လည်း အာဏာဖီဆန်ရေး လုပ်ဆောင်မှုအနေနဲ့ ဒီလိုဧည့်စာရင်းမတိုင်၊ မီတာမဆောင်သူအချို့လည်း ရှိနေတယ်လို့လည်း သိရပါတယ်။
လက်လုပ်လက်စားတွေဟာ စားရေးသောက်ရေး ကျပ်တည်းရတဲ့ ကြားထဲ စစ်ကောင်စီတပ်တွေ ဖိနှိပ်တာများလာလို့ မျက်လုံးနဲ့မော့တောင် မကြည့်ရဲတဲ့ အခြေအနေ ဖြစ်နေရတယ်လို့လည်း ရွှေပြည်သာမြို့ခံတစ်ဦးက ပြောပါတယ်။
လှိုင်သာယာမှာ ညပိုင်း ဝင်ရောက်ဖမ်းဆီးတာတွေလည်း ရှိနေတယ်လို့ လည်းလှိုင်သာယာမြို့ခံတစ်ဦးက ပြောပါတယ်။
စစ်အရာရှိတစ်ဦးကို ရိုက်နှက်ပြီး သူ့နဲ့အတူပါလာသူကို သတ်ဖြတ်ကာ သေနတ်လုတယ်လို့ စွပ်စွဲပြီး စစ်အုပ်ချုပ်ရေး ထုတ်ထားတဲ့ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က ပြည်သူတချို့ကို စစ်ခုံရုံးက သေဒဏ်အမိန့်ချမှတ်ကြောင်း ဧပြီ ၉ ရက် ညပိုင်းတွင် စစ်ကောင်စီထိန်းချုပ်တဲ့ ရုပ်သံလိုင်းတွေက ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေကို အကြောက်တရားနဲ့ ဖိနှိပ်ပြီး နည်းအမျိုးမျိုးနဲ့ သူတို့ အုပ်ချုပ်ရေးယန္တရား အသက်ဝင်အောင် ဥပဒေတွေကို လိုသလို ပြဋ္ဌာန်းနေတာလို့ ရှေ့နေတစ်ဦးကပြောပါတယ်။
မေလ ၁၃ ရက် မှာတော့ စစ်ကောင်စီတပ်တွေကို ပြန်လည်တိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့ ချင်းပြည်နယ်မင်းတပ်မြို့ကိုလည်း စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့ပါတယ်။
ဘဏ်တွေက ငွေထုတ်မှုတွေ ကန့်သတ်တာကြောင့် မြန်မာနိုင်ငံရဲ့ ငွေကြေးစီးဆင်းမှုက ပုံမှန်မဟုတ်ဘဲဖြစ်နေပြီး ရွှေစျေး ဒေါ်လာစျေးတွေ တက်လာသလို ကုန်စျေးနှုန်းတွေလည်း ပြောင်းလဲနေတယ်လို့လည်း ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။
"ကန်စွန်းရွက်တစ်စည်း ၃၀၀ ဖြစ်လာပြီ၊ အရင်သခွားသီး သုံးလုံး ၂၀၀ ကနေ သခွားသီးတစ်လုံး ၂၀၀ ဖြစ်လာတယ် "လို့လည်း သူတို့က ပြောပါတယ်။
ဆန်စျေး အရမ်းမတက်ပေမဲ့ နိုင်ငံခြားကနေ သွင်းတဲ့ စာအုန်းဆီလို ဟင်းရွက်ဆီလိုစျေးတွေ အရမ်းတက်လာတယ်လို့လည်း ဒဂုံမြို့သစ်က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။
စစ်အုပ်ချုပ်ရေးကာလ ဘယ်တော့ပြီးမယ်ဆိုတာ မသိရပေမယ့် စားဝတ်နေရေး အခက်အခဲတွေ ပိုပြီးကျပ်တည်းလာမှာကို တော့ စိုးရိမ်နေကြပါတယ်။
အရင်က သူတို့လွတ်လပ်နေထိုင်သွားလာပြီး အကြောက်တရားမရှိနေထိုင်ရတဲ့ ခေတ်ကို ပြန်လိုချင်တယ်လို့လည်း မပပ ကပြောပါတယ်။
လှိုင်သာယာမှာ ဆန္ဒပြမှုတွေရှိနေဆဲဖြစ်သလို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတာ ရပ်ကွက်ရုံးတွေဗုံးပေါက်တာတွေလည်း ရှိနေဆဲလို့ လှိုင်သာယာဒေသခံတွေက ပြောပါတယ်။
"အားလုံးပုံမှန် ပြန်ဖြစ်နေပြီ ဆိုပြီးတော့ စစ်ကောင်စီသတင်းတွေမှာ ပြောကြတယ်၊ ကျွန်မတို့ နေရေး ထိုင်ရေး စားရေး သောက်ရေး အလုပ်အကိုင်က စလို့ ဘာတစ်ခုမှ အရင်ပုံမှန် အခြေ အနေမရောက်သေးပါဘူး"လို့ မပပက ပြောပါတယ်။