ဓားစာခံတွေသေဆုံးခဲ့ရတဲ့ မှားယွင်းတိုက်ခိုက်မှု အစ္စရေးစစ်တပ် စစုံစမ်းစစ်ဆေး - ဒီဇင်ဘာလ ၁၆ ရက် ညပိုင်းသတင်းများ

ဂါဇာမှာ အစ္စရေးတပ်ဖွဲ့ စစ်ဆင်တိုက်ခိုက်နေစဉ်အတွင်း မှားယွင်းတိုက်ခိုက်မိခဲ့တဲ့အတွက် ဓားစာခံ ၃ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတစ်ခု စလုပ်နေပြီလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

အဲဒီလူတွေကို ခြိမ်းခြောက်မှုအန္တရာယ်တစ်ခုအဖြစ် မှားယွင်း သတ်မှတ်မိခဲ့တာလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

အဲဒီ ဓားစာခံ ၃ ဦးရဲ့ အလောင်းတွေကို အစ္စရေး ပိုင်နက်နယ်မြေထံ ပြန်ပို့ခဲ့ပြီး ဖြစ်ပြီး သူတို့ဘယ်သူဘယ်ဝါတွေလဲဆိုတာကို စစ်ဆေး အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။

ဝမ်းနည်းတဲ့ အထိမ်းအမှတ်အဖြစ် သောကြာနေ့ညက တဲလဗိဗ်မြို့မှာ ပြုလုပ်တဲ့ ဖယောင်းတိုင်ထွန်း ဝတ်ပြုဆုတောင်းပွဲမှာ လူရာပေါင်းများစွာက ဟားမတ်စ်တို့ ခုချိန်ထိ ထိန်းသိမ်းထားဆဲဖြစ်တဲ့ ဓားစာခံ တစ်ရာကျော် ပြန်လွတ်လာရေးကို အမြန်ဆုံးဆောင်ရွက်ပေးဖို့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နက်တာညာဟု ကို တိုက်တွန်းတောင်းဆိုခဲ့ကြပါတယ်။

စေ့စပ်ညှိနှိုင်းမှုသစ်တွေ ထပ်လုပ်ဖို့ ဓားစာခံတချို့ရဲ့ မိသားစုဆွေမျိုးတွေက တောင်းဆိုခဲ့ကြပြီး ဓားစာခံတွေရဲ့ အသက်ကိုကယ်ဆယ်နိုင်ရေးမှာ စစ်ရေးတိုက်ခိုက်မှုက အကောင်းဆုံးနည်းလမ်းလို့ ပြောနေတဲ့ အစ္စရေးအစိုးရရဲ့ ရပ်တည်ချက်ကို သူတို့လက်မခံဘူးလို့ ပြောနေကြပါတယ်။

ကူဝိတ်ဘုရင် ရှိတ်ခ် နဝက်ဖ် ကွယ်လွန်

ကူဝိတ်နိုင်ငံအကြီးအကဲ ရှိတ်ခ် နဝက်ဖ် အယ်လ် အာမက် အယ် ဂျဘာ အယ်လ် ဆဘား ဟာ အသက် ၈၆ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

ကူဝိတ်အစိုးရ ရုပ်မြင်သံကြားမှာ ပြနေကျ အစီအစဉ်တွေနေရာမှာ ကြားဖြတ်ပြီး တော်ဝင်ဘုရင်မိသားစု ကွယ်လွန်ချိန်မှာ လွှင့်လေ့ရှိတဲ့ ကိုရန်ကျမ်းစာပိုဒ်ကို လွှင့်ရင်း ကူဝိတ်ဘုရင် ကွယ်လွန်တဲ့ သတင်းကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

ကူဝိတ်ဘုရင် ရှိတ်ခ် နဝက်ဖ် ဟာ ကျန်းမာရေးချို့တဲ့နေတာ ကြာပြီဖြစ်ပြီး ပြီးခဲ့တဲ့လက ဆေးရုံတင်လိုက်ရတာပါ။

ကူဝိတ်ဘုရင် ရှိတ်ခ် နဝက်ဖ် ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် စက်တင်ဘာလကစလို့ သူ့ရဲ့ အဖေတူ အမေကွဲအစ်ကို ရှိတ်ခ် ဆဘား အယ်လ် အာမက် အယ်လ် ဂျဘား အယ်လ် ဆဘား ရဲ့ နေရာကို လွှဲပြောင်းဆက်ခံပြီး ကူဝိတ်နိုင်ငံကို အုပ်ချုပ်လာခဲ့တာ ဖြစ်ပါတယ်။

ရုရှားရဲ့ ဒရုန်းတွေကို ပစ်ချတားဆီးလိုက်နိုင်တယ်လို့ ယူကရိန်းလေတပ်ပြော

ဒီကနေ့ စနေနေ့ လင်းအားကြီးအချိန်မှာ ယူကရိန်း လေတပ်နဲ့ ဒရုန်းနှိမ်နင်းရေးအဖွဲ့တွေက ယူကရိန်းနိုင်ငံတဝန်းမှာ ရုရှား ပစ်လွှတ်လိုက်တဲ့ ဒရုန်းပေါင်း ၃၁ ခုထဲက တစ်ခုကို ပစ်ချလိုက်နိုင်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ပြောပါတယ်။

ယူကရိန်းမြို့တော် ကိယက်ဗ်ကို ဦးတည်တိုက်ခိုက်လာတဲ့ ဒရုန်းတွေကို ယူကရိန်း လေကြောင်းနှိမ်နင်းရေး တပ်ဖွဲ့က ရင်ဆိုင်တိုက်ခိုက်နေစဉ် လေကြောင်းသတိပေးသံတွေ၊ ပေါက်ကွဲသံတွေ ကြားခဲ့ရပါတယ်။

သမိုင်းဝင် ကိယက်ဗ်မြို့လယ်ပေါ်နဲ့ ဒနီပရိုမြစ်ကမ်း နှစ်ဘက်စလုံးပေါ်မှာ ဒရုန်းအုပ်လိုက်ကြီးကို ယူကရိန်း လေကြောင်းနှိမ်နင်းရေးတပ်ဖွဲ့တွေက ဖြိုခွင်း ပစ်ချလိုက်နိုင်ခဲ့တယ်လို့ ကိယက်ဗ်မြို့တော်ဝန်က ပြောပါတယ်။

သေဆုံးဒဏ်ရာရသူတွေ၊ ကြီးကြီးမားမား ပျက်စီးမှုတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။

လတ်တလော သီတင်းပတ်တွေအတွင်း ရုရှားတပ်ဖွဲ့တွေက ယူကရိန်းမြို့တော် ကိယက်ဗ်ကို တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်လာနေပြီး စွမ်းအင် အခြေခံအဆောက်အအုံတွေကို ဒရုန်းတွေ၊ မစ်ဆိုင်းဒုံးတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်လာနေပါတယ်။

ဒါပေမဲ့လည်း ပြီးခဲ့တဲ့ ဆောင်းရာသီတုန်းကလို အကြီးအကျယ်ထိခိုက်မှုတွေ၊ လျှပ်စစ်မီး ပြတ်တောက်မှုတွေ မဖြစ်အောင် အများအားဖြင့် တားဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းလေကြောင်းကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

တရုတ်တာဝေးအပြေးသမားတွေ သေဆုံးခဲ့မှု ပွဲစီစဉ်သူတွေ ထောင်ချခံရ

တရုတ်နိုင်ငံမှာ ထူးကဲတဲ့ အအေးဒဏ်ကြောင့် အပြေးသမား ၂၁ ဦး သေဆုံးခဲ့ရတဲ့ တာဝေးအပြေးပွဲ စီစဉ်သူ ၇ ဦးကို ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။

သူတို့ကို ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်ခွဲအထိ အသီးသီး ချမှတ်လိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဂန်ဆု ပြည်နယ်မှာ ကီလိုမီတာ ၁၀၀ အပြေးပွဲ ကျင်းပနေစဉ် မုန်တိုင်းကျရောက်ခဲ့ပြီး အဲဒီအပြေးသမားတွေ သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။

ပွဲစီစဉ်သူတွေဟာ အရေးပေါ်ကယ်ဆယ်ရေးအစီအစဉ်တွေကို လုံလုံလောက်လောက် ပြင်ဆင်မထားဘဲ တောင်တန်းထူထပ်တဲ့ ပြေးလမ်းတစ်လျှောက်မှာ ထူးကဲတဲ့ အအေးဒဏ် ကျရောက်မယ်ဆိုတဲ့ မိုးလေဝသ ကြိုတင်ခန့်မှန်းထားချက်တွေကို လျစ်လျူရှုခဲ့ကြတယ် ဆိုတာကို တရားရုံးက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

အပြေးသမားအတော်များများဟာ အကာအကွယ် ဝတ်စုံတွေ မပါဘဲ ပြိုင်ပွဲဝင်ခဲ့ကြတယ်လို့ သိရပါတယ်။