ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆရာတော် ရွှေကိုင်းသား၊ မန္တလေးနဲ့ ဆင်ယင်ထုံးဖွဲ့မှုသမိုင်းတင်သူ
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
၁၉၅၁ က မြန်မာရဟန်းတော်တပါးကို ဝန်ကြီးချုပ်ဦးနုက စာပေဗိမာန်ဆုချီးမြှင့်ပါတယ်။ ဆရာတော် ရွှေကိုင်းသား၊ ရတနာပုံဖိုးမှတ်စု အမည်တွေနဲ့ သိကြတဲ့ ဦးသောဘိတဟာ ဆင်ယင်ထုံးဖွဲ့မှုနဲ့ စာပဒေသာဆု ရခဲ့ပြီး မြန်မာလူမှုသမိုင်း၊ အမျိုးသမီးသမိုင်းအတွက် ခုထိ စံပြုရတဲ့ ကျမ်းတစောင် ဖြစ်ပါတယ်။
ရွှေကိုင်းသားဟာ ဆင်ယင်ထုံးဖွဲ့မှုအပြင် နှစ် ၁ဝဝ ပြည့် မန္တလေး၊ ပုဂံသွားမှတ်တမ်း၊ နှစ် ၆ဝဝ ပြည့် အင်းဝ၊ သမိုင်းထဲက စစ်ကိုင်း၊ ဓလေ့သမိုင်းများ စတဲ့ နာမည်ကျော် စာအုပ်တွေကို ရေးသားပြုစုခဲ့ပါတယ်။ ဒီစာအုပ်အများစုဟာ ရွှေကိုင်းသား ပျံတော်မူပြီး နှစ် ၂ဝ ကျော်ကြာမှ စုစည်းထုတ်ဝေရတဲ့ စာအုပ်တွေ ဖြစ်ပြီး စာနယ်ဇင်းတွေထဲမှာ တိမ်မြုပ်နေခဲ့တဲ့ စာမွန်တွေ ဖြစ်ပါတယ်။
၁၉၁၂ မှာ မောင်ထွန်းလှိုင်အဖြစ် မွေးဖွားခဲ့တဲ့ ရွှေကိုင်းသားဟာ စစ်ကိုင်း အနုရုဒ္ဓါချောင် ဆရာတော်အဖြစ် ၁၉၈၇ မှာ ပျံလွန်ခဲ့ပါတယ်။ ၁၉၃ဝ ကျော်ကစပြီး စာပေရေးသားပြုစုခဲ့တဲ့ သူ့ဘဝကို ကြိုးစား၍အောင်မြင်ခဲ့သူ ဆိုပြီး လူထုဒေါ်အမာက ရေးဖွဲ့ခဲ့ပါတယ်။
ရတနာပုံ လှိုင်ခင်အေး
ဒုတိယကမ္ဘာစစ် မတိုင်မီက ကြီးပွားရေးမဂ္ဂဇင်းမှာ ရတနာပုံလှိုင်ခင်အေးဆိုတဲ့ ကလောင်နဲ့ ကိုထွန်းလှိုင် ပြုစုခဲ့တဲ့ ဆောင်းပါးတွေဟာ မန္တလေး ကမ္ပည်းကျောက်စာဝန်ရုံးမှာ ထမ်းဆောင်ခဲ့တဲ့ သူ့ဘဝကို ထင်ဟပ်နေပါတယ်။ ကျောက်စာဝန်ဦးမြအောက်မှာ အမှုထမ်းရင်း မြေ ဆေးတံအကျိုးအပဲ့၊ ချိတ်ထဘီ၊ ကွမ်း၊ လက်ဖက် စတဲ့ အဲဒီခေတ်က မြန်မာလူငယ်လူရွယ် အများစု စိတ်မဝင်စားကြတဲ့ အကြောင်းအရာတွေကို ရေးသားခဲ့ပါတယ်။
လွတ်လပ်ရေး ကြိုးပမ်းတဲ့ခေတ် ၁၉၃ဝ ကျော်နှစ်တွေမှာ လူငယ်တွေက နိုင်ငံရေးနဲ့ ခေတ်မီရေးအကြောင်းတွေ အပြောများနေချိန်မှာ မြန်မာလူကြီးတွေ စိတ်ဝင်စားကြတဲ့ ဘာသာရေးနဲ့ ရာဇဝင်သမိုင်းကိစ္စတွေက ရှေးဟောင်းကျမ်းဂန်တွေထဲက မထွက်တဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ဒီထဲမှာ ကိုထွန်းလှိုင်က တဘာသာကွဲထွက်ပြီး စာမှတ်တမ်းအတင်နည်းတဲ့ အကြောင်းအရာတွေကို ဖော်ထုတ် သုတေသနလုပ်ခဲ့ပါတယ်။
ကိုထွန်းလှိုင်ဟာ သီပေါမင်းခေတ်က မိုးတားဝန်ထောက်ရဲ့ မြေးဖြစ်ပြီး အဘိုးရဲ့ ပိဋကတ်စာစု အမွေအနှစ်တွေကို မန္တလေးမှာ နေစဉ်က ဖတ်မှတ်လာခဲ့ပါတယ်။ ဒါကြောင့် မြန်မာလို ၇ တန်းနဲ့ မူလတန်းဆရာဖြစ်သင်သာ တတ်ခဲ့ပေမယ့် သူ့ရဲ့ လုံ့လကြောင့် ပညာဗဟုသုတကြွယ်ဝသူတယောက် ဖြစ်လာပါတယ်။ နောက် သူ့ဝါသနာကို ပျိုးထောင်ပေးမယ့် ဦးမြနဲ့ ရန်ကုန် ကြီးပွားရေး မဂ္ဂဇင်းက ကိုလှလို မိတ်ဆွေတွေ ရခဲ့တဲ့အတွက် ကမ္ဘာစစ်မဖြစ်ခင်ကတည်းက ထင်ရှားတဲ့ ဆောင်းပါးရှင်တယောက် ဖြစ်လာခဲ့ပါတယ်။
အနုပညာအထုံပါတဲ့ ကိုထွန်းလှိုင်ဟာ သူ့ရဲ့ ၇ ကျပ်တန် သေတ္တာကင်မရာအပေါစားလေးနဲ့ လန်ဒန်နဲ့ အိန္ဒိယ ဓာတ်ပုံပြိုင်ပွဲတွေမှာ ဆုရခဲ့ပါတယ်။ ပုံဆွဲ ကျွမ်းကျင်သူဖြစ်လို့ ကမ္ဘာစစ်မဖြစ်ခင်က သူကူးဆွဲတဲ့ အပယ်ရတနာလိုဏ်ဂူဘုရားက ပုံတွေကို ဦးမြရဲ့ စာအုပ်မှာ သုံးခဲ့ကြောင်း ဒေါက်တာသန်းထွန်းက ပုဂံလက်သစ် စာတမ်းမှာ ရေးပါတယ်။
ကမ္ဘာစစ်နဲ့ ထုံးဖွဲ့မှု
စစ်အတွင်း လောကီကို ငြီးငွေ့လာတဲ့ ကိုထွန်းလှိုင် သင်္ကန်းဆည်းပါတယ်။ ဆရာတော် ရွှေကိုင်းသားဟာ လူဘဝထဲက ဘုန်းကြီးလို အနေတည်ကြည်သူဖြစ်လို့ ဘုန်းကြီးဘဝမှာလည်း ဘာမှ ထူးထူးခြားခြားမပြောင်းဘူးလို့ သူနဲ့ ရင်းနှီးတဲ့ လူထုဒေါ်အမာက ကျွန်မတို့ဆရာတော် ရွှေကိုင်းသား စာအုပ်မှာ ရေးပါတယ်။ သူသီတင်းသုံးခဲ့တဲ့ အနုရုဒ္ဓါချောင်ဟာလည်း စစ်ကိုင်းတောင်ရိုးမှာ ရှေးအကျဆုံး အခေါင်ဆုံး ချောင်တွေထဲက တခု ဖြစ်လို့ သွားလာရခက်ပါတယ်။
စစ်အတွင်း ဗုံးသံ သေနတ်သံတွေကြားကပဲ ဆင်ယင်ထုံးဖွဲ့မှုကျမ်းကို သူပြုစုပါတယ်။ ပျူခေတ်၊ ပုဂံခေတ်ကနေ ဗြိတိသျှခေတ်ထိ မြန်မာအမျိုးသမီးတို့ရဲ့ ဆင်ယင်ထုံးဖွဲ့မှုကို စာနဲ့အသေအချာမှတ်တမ်းတင်တာ မရှိခဲ့ဘဲ ဆံထုံးထုံးနည်း ၅၅ မျိုး အန်ချင်းနဲ့ အင်ရုံစာတမ်းစတာတွေမှာသာ ဟိုတကွက်ဒီတကွက် ရေးဖွဲ့တာတွေ ရှိခဲ့ပါတယ်။ မြန်မာပြည် လွတ်လပ်ရေးဆုံးရှုံးပြီးနောက် အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့တဲ့အထဲမှာ လူမှုအပြောင်းအလဲတွေ ပါဝင်ပြီး ဒီထဲက လူမျိုးပုံရိပ်ကို ထိန်းတဲ့ ဝတ်စားဆင်ယင်မှု အပြောင်းအလဲကလည်း အရေးကြီးတဲ့အတွက် ဒီသမိုင်းကြောင်းကို ရွှေကိုင်းသား ဖြစ်လာမယ့် ဦးသောဘိတက မှတ်တမ်းပြုပါတယ်။
ကျောက်စာဝန်ရုံး လက်ကျပီပီ သုတေသန အချက်အလက်ရှာဖွေရာမှာ သပ်ရပ်စေ့စပ်တဲ့ ဦးသောဘိတရဲ့ လက်ရာဟာ စစ်အပြီး ဖြည့်စွက်ချက်တွေနဲ့အတူ ၁၉၅၁ မှာ စာပေဗိမာန်ဆု ရခဲ့ပြီး သူ့ကိုလည်း ရွှေကိုင်းသားအဖြစ် ထင်ရှားစေခဲ့ပါတယ်။ ဆင်ယင်ထုံးဖွဲ့မှုဟာ လွတ်လပ်ပြီးခေတ် နိုင်ငံသမိုင်းနဲ့ အမျိုးသမီးကဏ္ဍအကြောင်း ပြောဆိုရာမှာ မှီငြမ်းအားကိုးရတဲ့ စာအုပ် ဖြစ်သလို အမျိုးသမီးတွေရဲ့ ဖက်ရှင်ရေစီးအပြောင်းအရွေ့ကိုလည်း ပစ်ပစ်ခါခါ မရေးတဲ့ စာတအုပ်အဖြစ် ကျန်ရစ်ခဲ့ပါတယ်။
မန်းရာပြည့် ဆရာတော်
ရွှေကိုင်းသားကလောင်နဲ့ ရေးတဲ့ ဆင်ယင်ထုံးဖွဲ့မှုနဲ့ ဆုရခဲ့ပေမယ့် သူ့ရဲ့ ပွဲဦးထွက်စာအုပ်ကတော့ ရတနာပုံ ဖိုးမှတ်စုအမည်နဲ့ ရေးတဲ့ မန္တလေး ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးနောက် ကမ္ဘာစစ်အပျက်အစီးတွေကြားကနေ မြို့ကို ပြန်လည်ထူထောင်ရတဲ့ မန္တလေးမှာ လူထုဦးလှရေးတဲ့ မန္တလေးမြို့၏ညနဲ့ ဖိုးမှတ်စုရေးတဲ့ မန္တလေး စာအုပ်တွေက မြို့ရဲ့ ရှေးဖြစ်ဟောင်းကို ပြန်လည်အမှတ်ရစေသလို ရှေ့ဆက်ရမယ့်ခရီးအတွက်လည်း အားမာန်ပွားစေပါတယ်။
နောက်ပြီး ရွှေကိုင်းသားဟာ မန္တလေးနှစ်တရာပြည့်အတွက် စတင်ဆော်သြခဲ့သူဖြစ်ပါတယ်။ အနှစ် (၁ဝဝ) ပြည့် မန္တလေး စာအုပ်ကြီးကို မန်းရာပြည့်အမီ ၁၉၅၉ မှာ ရေးသားခဲ့သလို ပွဲတော်ဖြစ်မြောက်ရေးအတွက် ရှေးဟောင်းဆိုင်ရာဘက်က အဓိက ကူညီခဲ့ပါတယ်။
ရွှေကိုင်းသားရဲ့ မန္တလေး စာအုပ်တွေဟာ ခုချိန်ထိ သမိုင်းဘက်ဆိုင်ရာမှာ လက်သုံးပြုရတဲ့ စာအုပ်တွေ ဖြစ်သလို ဗြိတိသျှခေတ်မှာ အသစ်ပေါ်လာတဲ့ ရန်ကုန်၊ မော်လမြိုင်မြို့တွေရဲ့ နောက်မှာ ရောက်ခဲ့တဲ့ မန္တလေးနဲ့ ခေတ်ဟောင်းမြို့တွေ သမိုင်းကို ပြန်လည်ဖော်ထုတ်တာ ဖြစ်ပါတယ်။
စစ်ကိုင်းချောင်က သုတေသီ
ရွှေကိုင်းသားဟာ သွားလာရခက်တဲ့ စစ်ကိုင်းတောင်ပေါ်ကနေ လူထုနဲ့ တခြား သတင်းစာတွေ၊ စာစောင်တွေအတွက် စာပေနဲ့ သမိုင်းသုတေသနဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။ ဒီထဲမှာ အခါကြီးရက်ကြီးတွေအကြောင်းနဲ့ ကမ္ဘာစစ်မဖြစ်ခင်က သူရေးခဲ့တဲ့ ရှေးဟောင်းသမိုင်းတွေအကြောင်း ဆောင်းပါးတွေ ပါသလို သတင်းဖြစ်စဉ်တွေနဲ့ တိုက်ဆိုင်ပြီး သုတေသနဆောင်းပါးတွေလည်း ရေးပါတယ်။ သခင်ကိုယ်တော်မှိုင်းရဲ့ မွေးနေ့အတွက် သူ့ဘ၀မှတ်တမ်းအကြောင်းတွေ ရေးသလို ရှင်မဟာရဋ္ဌသာရ၊ မြဝတီမင်းကြီးဦးစ စတဲ့ ရှေးစာဆိုတွေနဲ့ ဆိုင်ရာလူသိနည်းတဲ့ ဖြစ်စဉ်တွေကို သူမှတ်တမ်းတင်ပါတယ်။
ရွှေကိုင်းသားကို လူသိအများဆုံး ဖြစ်စေတဲ့ ဆောင်းပါးတွေကတော့ ၁၉၅၆ စစ်ကိုင်းငလျင်ကြီးအပြီးမှာ မြန်မာပြည် ငလျင်သမိုင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ ရေးသားချက်တွေ ဖြစ်ပါတယ်။ ဧရာဝတီမြစ်ရိုးတလျှောက်က မြို့ရွာဒေသတွေမှာ အစဉ်အဆက်လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေအကြောင်းဖြစ်လို့ ဘူမိဗေဒပညာရှင်တွေအတွက် အင်မတန်တန်ဖိုးရှိပါတယ်။ ဒါကြောင့် ရွှေကိုင်းသားဆီကို မြန်မာပြည် ဘူမိဗေဒကို လေ့လာတဲ့ ဆိုဗီယက်ရုရှားက သုတေသီတွေ လာတွေ့တာ၊ အစိုးရဌာနဆိုင်ရာနဲ့ သမိုင်းဌာနတွေက အကြံဉာဏ်တောင်းတာတွေ လုပ်ခဲ့ကြပါတယ်။ အမေရိကန်၊ ဂျပန်၊ ဂျာမန်၊ ဗြိတိသျှ စတဲ့ နိုင်ငံစုံက သုတေသီတွေလည်း တပင်တပန်း တောက်တက်ခရီးနဲ့ ရွှေကိုင်းသားဆီ လာပြီး စုံစမ်းမေးမြန်းကြတယ်လို့ ဆရာတော် ရွှေကိုင်းသားအမှတ်တရစာစုများမှာ ရွှေမန်းတင်လှက ရေးပါတယ်။
နောက် သူနေတဲ့ အနီးဝန်းကျင်က စစ်ကိုင်း၊ အင်းဝ မြို့ဟောင်းတွေအကြောင်းအပြင် ပုဂံထိသွားပြီး ပုဂံသွားမှတ်တမ်း ရေးပါတယ်။ ဒီမှတ်တမ်းစာအုပ်တွေဟာ ခေတ်ဟောင်းသမိုင်းအပြင် သူကွင်းဆင်းလေ့လာချိန်က ဒီမြို့ရွာတွေရဲ့ အနေအထားကိုပါ တိတိကျကျမှတ်တမ်းတင်တာတွေဖြစ်လို့ နှောင်းခေတ် သုတေသီတွေအတွက် အင်မတန်အသုံးဝင်တဲ့ မှတ်တမ်းတွေ ဖြစ်ပါတယ်။
ဆရာတော်ဟာ အနေအေးပြီး လူကြောက်သူဖြစ်ပေမယ့် မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အားပေးမှုနဲ့ အထက်ဗမာနိုင်ငံစာရေးဆရာအသင်း စာဆိုတော်နေ့ အခမ်းအနားတွေမှာ စာတမ်းတွေ ဖတ်ခဲ့ပါတယ်။ ဒီထဲက ထင်ရှားတဲ့ စာတမ်းတချို့က သပြေတန်းခံမြို့ သုတေသနစာတမ်း၊ ဝက်မစွတ်နဝဒေး၏ စာပေအရည်အသွေးနှင့် နိုင်ငံရေးခံယူချက် စာတမ်း၊ အင်းဝခေတ် နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးစာတမ်း၊ သီဟိုဠ်နှင့် မြန်မာ သာသနာ ဆက်သွယ်မှု နှုတ်ခွန်းဆက်စာတမ်း၊ အာကာသဖတ်စာအုပ်ကြီးထဲက သေးသေးတင်တလုံးလို့ ခေါ်ရမယ့် ဥက္ကာခေါ် ကြယ်ပျံများ စတဲ့ စာတမ်းတွေ ဖြစ်ပါတယ်။
ဒီလို စာရေးစာဖတ်၊ သာသနာ့အလုပ်တွေနဲ့ မအားလပ်တဲ့ကြားက ရွှေကိုင်းသားဟာ တက္ကသိုလ်က မဟာဘွဲ့ယူကျောင်းသားတွေ၊ ပြင်ပသုတေသီတွေကိုလည်း စေတနာကြီးကြီးနဲ့ သူ့မှတ်စုမှတ်တမ်းတွေကို မျှဝေကူညီသူဖြစ်ပါတယ်။ သူစေတနာထား ကူတဲ့ကြားက တချို့က သူ့စာစုတွေကို ပြန်မပေးတာ၊ ပျက်စီးပျောက်ရှတာတွေလည်း ကြုံရတဲ့အခါမှာ ရွှေကိုင်းသား စိတ်ဆင်းရဲရတယ်လို့ လူထုဒေါ်အမာက ရေးပါတယ်။
သုတေသီနဲ့ လောကဓံ
လမ်းစဉ်ပါတီခေတ် လူအများ ကျပ်တည်းဆင်းရဲကြချိန် ၁၉၈၁ မှာ စစ်ကိုင်းတောင်ရိုးက ချောင်တွေ ဓားပြတိုက် အနိုင်ကျင့်တာခံရပါတယ်။ ဒီထဲမှာ ပစ္စည်းဥစ္စာမပြည့်စုံတဲ့ ရွှေကိုင်းသားလည်း မလွတ်ပါဘူး။ ဆီဖိုးဆန်ဖိုး လှူတန်းထားတဲ့ ငွေ ၃၁၅ ကျပ်ကို စာအုပ်ကြားက ရှာပြီး ဓားပြတွေကို ပေးလိုက်ပေမယ့် ဆရာတော်ကို ထပ်မံရိုက်နှက်ပြီးမှ ထွက်သွားကြတာပါ။ သွားတချောင်းနဲ့ပြီး နံရိုးတချောင်း အက်သွားသလို အရှိုးအစင်းနဲ့ အညိုအမည်းတွေလည်း ဆရာတော့်ကိုယ်မှာ ကျန်ခဲ့ပါတယ်။ သူ ဆေးရုံတက်နေခိုက် ရဲအစောင့်ရှိတဲ့ကြားက ကျောင်းမှာ ထားခဲ့တဲ့ စာအုပ်မှတ်တမ်းတွေလည်း အခိုးခံရတယ်လို့ ဒေါက်တာသန်းထွန်းက ရေးပါတယ်။
အဲဒီနောက်ပိုင်း ဆရာတော် စိတ်ရောလူပါ ကျဆင်းလာပြီး စာမရေးနိုင်တော့တဲ့ထိ ဖြစ်သွားပါတယ်။ မေ့လျော့မှုလည်း ပိုများလာပြီး ၁၉၈၇ မှာ လေဖြတ်သွားရာကနေ ပျံတော်မူခဲ့ပါတယ်။ ၄၅ နှစ်အတွင်း မြန်မာမှုဆိုင်ရာ ဆောင်းပါး ၅ဝဝ ကျော် ရေးခဲ့တဲ့ ရွှေကိုင်းသားနဲ့ အနုရုဒ္ဓါဆရာစဉ်ဆက် စုဆောင်းလာခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေအများအပြား ပျောက်ဆုံးသလို သူ့အရိုးအိုးပါ ပျောက်ပျက်သွားတဲ့အထိ ဖြစ်ခဲ့တယ်လို့ ဇော်ခိုင်ဦးကရေးပါတယ်။
ရွှေကိုင်းသား မရှိတဲ့နောက် အနှစ် ၂ဝ ကျော်မှာ သူ့ဆောင်းပါး စာတမ်းတွေကို စုစည်းထုတ်ဝေလာတာ တွေ့ရပြီး သုတေသီမျိုးဆက်သစ်တွေ အတွက် ကျေးဇူးကြီးလှတာကို တွေ့ရပါတယ်။ မြန်မာပန်းချီသမိုင်း၊ မြစ်နှစ်သွယ်ကြားမှ ရာဇဝင်နယ်မြေသို့ စတဲ့ သူ့ရဲ့ စုစည်းမထုတ်ဝေရသေးတဲ့ ဆောင်းပါးရှည်ကြီးတွေလည်း ကျန်ပါသေးတယ်။
မြန်မာပြည်ရဲ့ ဖိုးမှတ်စု
ကွယ်လွန်သူ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းကတော့ ရွှေကိုင်းသားမှာ ဗဟုသုတများတာ မှန်ပေမယ့် အထူးပြုလေ့လာချက် အားနည်းတယ်လို့ မှတ်ချက်ချပါတယ် ။ ရွှေကိုင်းသားဟာ အစဉ်အလာကို လွန်ဆန်ပြီး မရေးဝံ့ဘူးလို့လည်း မြန်မာဘိက္ခူနီသမိုင်းအပေါ်ထားတဲ့ ရွှေကိုင်းသားရဲ့အမြင်ကို ထောက်ပြပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မြန်မာဓလေ့ရှာဖွေစုဆောင်းပုံနဲ့ ရှာဖွေတွေ့ရှိချက်ကို အများအကျိုးရှိအောင် ပြန်လည်ဖြန့်ဖြူးပုံကို ဘယ်တော့မှ မမေ့နိုင်အောင် မော်ကွန်းကျန်ရစ်တယ်လို့လည်း ဒေါက်တာသန်းထွန်းက ရွှေကိုင်းသားကို ဂုဏ်ပြုပြောဆိုပါတယ်။
တကယ်က ရွှေကိုင်းသားဟာ မြန်မာအစိုးရ မော်ကွန်းတိုက်နဲ့ ယဉ်ကျေးမှုဌာနကြီးတွေ၊ တက္ကသိုလ်ကြီးတွေ လုပ်ရမယ့် တာဝန်ကို တပါးတည်း ထမ်းဆောင်သွားတာ ဖြစ်သလို သူ့လုပ်ရပ်တွေအတွက် သူရှိစဉ်မှာ ချီးကျူးဂုဏ်တင်ခံရတာတွေ မရှိခဲ့ပါဘူး။ သူ့အမှတ်တရ သူ့စာပေတွေကို ပြန်လည်သုံးသပ်တာ နည်းသေးသလို ပျောက်ဆုံးနေတဲ့ သူ့စာစုမှတ်တမ်းတွေကို ခြေရာခံနိုင်ခြင်းလည်း မရှိသေးပါဘူး။ ဒီမှတ်တမ်းတွေဟာ နိုင်ငံရဲ့ အတိတ်ဖြစ်ရပ်ကို ပြန်သုံးသပ်ရာမှာ အင်မတန်အဖိုးတန်တဲ့ စာစုတွေဖြစ်လို့ မုံရွေးဆရာတော်မှတ်စုနဲ့ ဦးသြဘာသရဲ့ သုတေသနသရုပ်ပြအဘိဓာန်တွေလို စုစည်း ထုတ်သင့်တယ်လို့လည်း ဒေါက်တာ ရွှေစင်ဘုန်းနိုင်က ထောက်ပြခဲ့ပါတယ်။