မြန်မာမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ဆောင်ဖို့ အာဆီယံ ဥက္ကဋ္ဌပြော- မေလ ၁၁ ရက် ညနေခင်း နိုင်ငံတကာသတင်းများ

စစ်တပ်က အာဏာသိမ်းတဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေကို သည်းခံမှာ မဟုတ်ဘူးလို့ လက်ရှိ ကျင်းပနေတဲ့ အာဆီယံညီလာခံမှာ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံ သမ္မတက ပြောကြားလိုက်ပါတယ်။

အာဆီယံ အဖွဲ့အစည်းအနေနဲ့ မြန်မာမှာ အကြမ်းဖက်မှုတွေ ချက်ချင်း အဆုံးသတ်ပြီး ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည် ဖော်နိုင်အောင် တွန်းအားပေး လုပ်သွားရမယ်လို့ ညီလာခံအပြီး မိန့်ခွန်းမှာ ဂျိုကိုဝီဒိုဒိုက ထည့်သွင်းပြောခဲ့တာပါ။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံးနဲ့ ဆွေးနွေးနေပေမဲ့ ဒီလို လုပ်ဆောင်ခြင်းဟာ အဖွဲ့အစည်းတွေကို ထောက်ခံအားပေး အသိအမှတ်ပြုတဲ့ သဘောမဟုတ်ဘူးလို့ သူက ဆိုပါတယ်။

အာဆီယံအဖွဲ့ဝင် ၁ဝ နိုင်ငံထဲက တချို့နိုင်ငံတွေကတော့ ငြိမ်းချမ်းရေး အစီအစဉ်ကို အပြည့်အဝ အကောင်အထည် မဖော်ဘဲ မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံအစည်းအဝေးတွေ ပြန်လည် တက်ရောက်ခွင့်ပေးဖို့ ဆွဲဆောင်ပြောဆိုနေတယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

မြန်မာစစ်ခေါင်းဆောင်ဟာ အာဆီယံနိုင်ငံတွေက အကြီးအကဲတွေနဲ့ သဘောတူထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်မှု မရှိတဲ့အတွက် သူ့ကို အာဆီယံ ညီလာခံတွေမှာ တက်ရောက်ခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းကို တရားရုံး၀န်းထဲ ဖမ်းဆီးတာနဲ့ပတ်သက်လို့ မေးခွန်းထုတ်

ပါကစ္စတန်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းကို တရားသူကြီးတွေ ရှေ့မှောက်ခေါ်ဆောင်လာပေးဖို့ အာဏာပိုင်တွေကို တရားရုံးချုပ်က အမိန့်ထုတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက တရားရုံးချုပ်ဝန်းထဲ ရှိစဉ် သူ့ကို ဖမ်းဆီးချုပ်နှောင်လိုက်တာဟာ တရားမဝင်ဘူးလို့ မစ္စတာခန်းရှေ့နေက အာဏာပိုင်တွေကို ပြစ်တင် ပြောဆိုနေပါတယ်။

ဒီကနေ့ ကြားနာပွဲမှာ တရားရုံး ပရဝဏ်အတွင်းရှိနေတဲ့ လူတဦးတယောက် ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ ပါကစ္စတန် ထိပ်တန်းတရားသူကြီးက မေးခွန်းထုတ်လိုက်ပါတယ်။

မစ္စတာခန်းကို ဖမ်းဆီး ထိန်းသိမ်းထားတာနဲ့ ပတ်သက်လို့ နိုင်ငံတလွှား သူ့ထောက်ခံသူတွေက ဆန္ဒပြလျက် ရှိပါတယ်။

သူ့ပါတီက ထိပ်တန်းခေါင်းဆောင် တော်တော်များများလည်း အဖမ်းခံထားရပါတယ်။ ရဲကတော့ သူတို့ဟာ အကြမ်းဖက်မှု ဖြစ်အောင် စေ့ဆော်ဖန်တီးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

တန်ပြန်ထိုးစစ်အတွက် အချိန်လိုတယ်လို့ ယူကရိန်းသမ္မတပြော

ယူကရိန်းမှာ ရုရှားရဲ့ကျူးကျော်စစ်ကို တန်ပြန်ဆင်နွှဲတဲ့ ထိုးစစ်မတိုင်ခင် စစ်ရေးအကူအညီတွေ ထပ်မံရရှိအောင် စောင့်ဖို့ လိုနေသေးတယ်လို့ ယူကရိန်း သမ္မတ ဇလန်းစကီးက ပြောကြားလိုက်ပါတယ်။

ဒါပေမယ့် ယူကရိန်းတပ်ဖွဲ့တွေကတော့ အဆင်သင့် ဖြစ်နေပြီး အောင်ပွဲရဖို့ အခွင့်အလမ်းတွေ ရှိပါတယ်လို့ ရုပ်မြင်သံကြား အင်တာဗျူးမှာ သူက ရှင်းပြခဲ့ပါတယ်။

နှစ်နဲ့ချီကြာမြင့်လာပြီဖြစ်တဲ့ ဒီစစ်ပွဲနဲ့ အန္တရာယ်ဟာ ရုရှားရဲ့ ရှေ့ဆက် တိုက်ခိုက်လာမယ့် အခြေအနေအပေါ်မှာ မူတည်နေတယ်လို့လည်း သူက ပြောသွားခဲ့ပါတယ်။

ရုရှားကို လတ်တလော ဒရုန်းနဲ့ တိုက်ခိုက်မှုဟာ ယူကရိန်းလက်ချက် ဆိုပြီး ရုရှားဘက်က ပြောဆိုနေမှုတွေကို သူကထပ်မံ ပယ်ချလိုက်ပါတယ်။

ဒါဟာ ရုရှားတို့က သူတို့အပေါ် အပြစ်ပုံချပုံ အကွက်ဆင် တိုက်ခိုက်မှုသာ ဖြစ်တယ်လို့ မစ္စတာ ဇလန်းစကီးက ပြောသွားခဲ့ပါတယ်။

ကုလလူ့အခွင့်အရေးညီလာခံ အရေးပေါ် ကျင်းပပြီး ဆူဒန်မှာ အပစ်ရပ်၊ အကူအညီတွေ ပေးနိုင်အောင် လုပ်ဖို့ ပန်ကြား

ဆူဒန်မှာ ပြိုင်ဘက်လက်နက်ကိုင်အဖွဲ့တွေကြား အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေပါတယ်။

တချိန်တည်းမှာ ဒီကိစ္စနဲ့ပတ်သက်လို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ လူ့အခွင့်အရေးကောင်စီက အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ပြီး ဆူဒန်မှာ အမြန်အပစ်ရပ်ကာ လူသားချင်း စာနာမှုအကူအညီတွေ ပေးနိုင်အောင် လုပ်ဆောင်ဖို့ ပန်ကြားလိုက်ပါတယ်။

နှစ်ဖက် အဖွဲ့တွေဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်နေတယ်လို့ ကုလလူ့အခွင့်အရေးမင်းကြီး ဗော့ခါ တာ့ခ်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ဆူဒန် သံအမတ်ကတော့ ဒီအထူးအစည်းအဝေးကို ဆန့်ကျင်လိုက်ပြီး သူ့တိုင်းပြည်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ သူတို့ပြည်တွင်းရေးသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆူဒန်စစ်တပ်နဲ့ ပြည်သူ့စစ် RSF အဖွဲ့က ကိုယ်စားလှယ်တွေကြား ဆွေးနွေးအပစ်ရပ်မှုက အတန်အသင့် တိုးတက်မှု ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာချိန်မှာ ကုလလူ့အခွင့်အရေးညီလာခံက သဘောထားကွဲမှုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။