လေယာဉ်ပျက်ပြီး တစ်လကျော် ပျောက်နေတဲ့ ကလေး ၄ ဦး အမေဇုန်တောထဲမှာ ပြန်တွေ့ - ဇွန် ၁၀ ရက် ညနေခင်း နိုင်ငံတကာ သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ခရီးထွက်ရာကနေ လေယာဉ်ပျက်ကျပြီး တစ်လကျော် ပျောက်ဆုံးနေတဲ့ ကလေး ၄ ဦးကို ကိုလံဘီယာနိုင်ငံ အမေဇုန် တောအုပ်ထဲမှာ အသက်ရှင်လျက် ပြန်တွေ့ခဲ့ပါ တယ်။
လေယာဉ်ပျက်ကျတဲ့နေရာမှာ ကလေးတွေရဲ့ မိခင်၊ လေယာဉ်မှူးနဲ့ တခြား လူတဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ရပေမဲ့ အသက် ၁၃ နှစ်၊ ၉ နှစ်၊ ၄ နှစ်နဲ့ တစ်နှစ် အရွယ် မောင်နှမ ၄ ဦးက ပျောက်ဆုံးနေခဲ့တဲ့အတွက် အကြီးအကျယ် လိုက်လံ ရှာဖွေခဲ့ပြီး အခုလို ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။
ကိုလံဘီယာ သမ္မတ ဂူစတာဗို ပက်ထရို က သူတို့ရဲ့ ရှင်သန် နေထိုင် အသက်ရှင်ကျန်ရစ်မှုက သမိုင်းမှာ နမူနာတစ်ခုပဲလို့ ပြောပါတယ်။
ကလေးတွေရဲ့ အဘိုး ဖီဒန်စီယို ဗလင်စီယာက ကလေးတွေကို မိသားစုနဲ့ နီးတဲ့နေရာကို ပြောင်းရွှေ့လာပေးဖို့ တောင်းဆိုထား ပါတယ်။
‘ကလေးတွေ ကျန်းကျန်းမာမာနဲ့ အသက်ရှင်လျက် ပြန်တွေ့ဖို့ ယုံယုံကြည်ကြည် ဆုတောင်းပေးပြီး မေတ္တာတွေထားခဲ့တဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်။ အကြီးဆုံးလုပ်ပိုင်ခွင့်ရထားတဲ့ သမ္မတကို တောင်းဆိုပါတယ်။ သူကို နှောင့်ယှက်ရတာ စိတ်မကောင်းပေမဲ့ ဒါက ကျွန်တော့်ရဲ့ သွေးနဲ့ မိသားစုပါ၊ ကလေးတွေကို ဗီကျာဗီစင်စီယိုမှာ မြင်ချင်ပါတယ်၊ ဆရာဝန်တွေနဲ့ လာနိုင်ပါတယ်၊ သူတို့ကို တွေ့ချင်၊ ထွေးပွေ့ချင်ပါတယ်’လို့ သူက ပြောပါတယ်။
တောအုပ်ထဲကနေ လုံခြုံတဲ့နေရာကို ကလေးတွေကို သယ်ဆောင်သွားခဲ့တဲ့ ရုပ်သံကိုလည်း ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကလေး ၄ ဦးရဲ့ ကျန်းမာရေးကို စစ်ဆေးဖို့ မြို့တော် ဘိုဂိုတာကို သယ်သွားပြီလို့လည်း ဆိုပါတယ်။
ရုရှားပစ်လိုက်တဲ့ ဒုံးကြောင့် ယူကရိန်းမှာ ၃ ဦးသေ ၂၆ ဦး ဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းနိုင်ငံ အိုဒစ်ဆာမှာရှိတဲ့ လူနေရပ်ကွက်ထဲကို ရုရှား ဒရုန်းကနေ ပစ်လိုက်တဲ့ ဒုံးရဲ့ အပိုင်းအစ ထိမှန်မှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၆ ဦး ဒဏ်ရာရတယ်လို့ ယူကရိန်း တာဝန်ရှိသူကပြောပါတယ်။
ဒဏ်ရာရသူတွေထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ ကလေး ၂ ဦးပါတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ပိုတာဗာ အလယ်ပိုင်း လေယာဉ်ကွင်းကို ပစ်မှန်ထားပြီး သီးခြား တိုက်ခိုက်မှုကိုလည်း မနေ့ညက ပြုလုပ်ခဲ့ပါတယ်။
တိုက်ခိုက်ရာမှာ ပဲ့ထိန်းဒုံးတွေ၊ ခရုစ်ဒုံးတွေနဲ့ ဒရုန်းတွေသုံး တိုက်ခိုက်ခဲ့ပြီး လေယာဉ်ကွင်းရဲ့ အခြေခံ အဆောက်အဦနဲ့ ပစ္စည်းတွေ ပျက်စီးခဲ့တယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။
တစ်ခါ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးကလည်း ယူကရိန်းနိုင်ငံ ကိယက်ဗ်ကို ရောက်ရှိနေပြီး ရုရှားကို ပြန်လည် ထိုးစစ်စတင်မယ့် ယူကရိန်းကို ထောက်ခံတဲ့သဘော ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သမ္မတ ဗိုလိုဒီမီယာ ဇလန်စကီးနဲ့ တွေ့ဆုံသွားဖို့လည်း ရှိနေပါတယ်။ ယူကရိန်းကို ကနေဒါကလည်း စစ်ရေးနဲ့ ငွေကြေး အထောက်အပံ့တွေ ပေးနေတာ ဖြစ်ပါတယ်။
လူမျိုးစု အဓိကရုဏ်း ဖြစ်နေတဲ့ အိန္ဒိယ မဏိပူမှာ သေနတ်သမားကြောင့် လူ ၃ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယ အရှေ့မြောက်ပိုင်း မဏိပူ ပြည်နယ်မှာ သေနတ်သမားတွေက အမျိုးသမီး တစ်ဦး အပါအဝင် လူ ၃ ဦးကို သတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သေဆုံးတဲ့ သူတွေက ကူကီး တိုင်းရင်းသားတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့တွေက ပြောပါတယ်။
ဒီပြည်နယ်မှာ တိုင်းရင်းသား လူမျိုးစုတွေအကြား အဓိကရုဏ်းတွေ ဖြစ်နေ တာလည်း ဖြစ်ပါတယ်။
ဒီလို အဓိကရုဏ်းတွေကြောင့် ပြီးခဲ့တဲ့လတွေက လူ ၁ဝဝ ကျော် သေဆုံးခဲ့ပြီး လူ သုံးသောင်းခွဲကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ မိုင်သည်း လို့လည်း ခေါ်တဲ့ ကသည်း လူမျိုးစုကို အစိုးရက တရားဝင် တိုင်းရင်းသား မျိုးနွယ်စုအဖြစ် အသိအမှတ်ပြုပြီးတဲ့နောက် အခုလို မတည်ငြိမ်မှုတွေ ဖြစ်လာတာ ဖြစ်ပါတယ်။
ဒီလိုအသိအမှတ်ပြုလိုက်တာကြောင့် သစ်တော မြေယာတွေကို တရားဝင် ပိုင်ဆိုင်ခွင့် ရှိပြီး အစိုးရ အလုပ်တွေမှာ အလုပ်လုပ်ခွင့်ရမှာ ဖြစ်ပါတယ်။
ဒီအပေါ် တခြား လူမျိုးစုတွေက သူတို့ရဲ့ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်နေထိုင်လာတဲ့ မြေယာတွေ ဆုံးရှုံးသွားမှာကို စိုးရိမ်နေတာ ဖြစ်ပါတယ်။
ပိတ်ထားတဲ့ ပစ္စည်းအမျိုး ၃ဝဝ ကို သီရိလင်္ကာ ပြန်တင်သွင်းခွင့်ပြု

ဓာတ်ပုံ ရင်းမြစ်, Getty Images
သီရိလင်္ကာနိုင်ငံက နိုင်ငံထဲ တင်သွင်းဖို့ ပိတ်ပင်မြစ်ထားတဲ့ ပစ္စည်းအမျိုးအစား ၃ဝဝ ကို ပြန်လည် တင်သွင်းခွင့်ပြုလိုက်ပြီး ဒါဟာ ဆယ်စုနှစ်တွေ အတွင်း အဆိုးဆုံး စီးပွားရေး ပဋိပက္ခကနေ ရုန်းထွက်နိုင်တဲ့ အလားအလာလို့လည်း ဆိုပါတယ်။
ပြန်လည် တင်သွင်းခွင့်ပြုတဲ့ အထဲမှာ တချို့သော စားသောက်ကုန်တွေ၊ အထပ်သားတွေနဲ့ ရထားတွဲတွေ ပါဝင်တယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
နိုင်ငံခြား အရန်ငွေကြေး ကုန်သွားတဲ့နောက် ပြည်ပကနေ ထောင်နဲ့ချီတဲ့ ပစ္စည်းတွေ တင်ပို့တာကို သိရီလင်္ကာက တားမြစ်ခဲ့တာပါ။
နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ကနေ ဒေါ်လာ ၃ ဘီလျံနဲ့ နိုင်ငံခြားကနေ ပြည်တွင်းကို ပြန်ပို့တဲ့ ငွေတွေ တိုးမြင့်လာတာကြောင့် စီးပွားရေး အခြေအနေက ပြန်လည် တိုးတက်လာပါတယ်။ ဒါ့အပြင် ဒီနှစ် အစပိုင်းကနေ စပြီး နိုင်ငံခြား ခရီးသွားတွေ လာရောက်တာတွေကလည်း များလာတယ်လို့ ဆိုပါတယ်။
ဒီနှစ် ဆော်ဒီမှာ ကုလားအုတ်အပြေးပြိုင်ပွဲ အကြီးကျယ်ဆုံး ကျင်းပမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆော်ဒီအာရေးဗီးယားနိုင်ငံ ကုလားအုတ် အားကစားဖက်ဒရေးရှင်းအဖွဲ့က ဒီနှစ် ကုလားအုတ် အပြေးပြိုင်ပွဲကို အကြီးကျယ်ဆုံး ကျင်းပမယ်ဆိုပြီး ကြေညာ လာပါတယ်။
သြဂုတ်လ ၁ ရက်ကနေ ၃၈ ရက်ကြာ ကျင်းပမယ့် ဒီပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အစီအစဉ်ကို ဒီအဖွဲ့က ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။
တာရီဖ်မြို့မှာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆော်လ်မန်က ကမကထ ပြုလုပ်ကျင်းပတာလည်း ဖြစ်ပါတယ်။
ဒီကုလားအုတ်ပြိုင်ပွဲကို ဆော်ဒီရဲ့ ကိုယ်ပိုင် ယဉ်ကျေးမှု အနေနဲ့ ရည်ရွယ်ပြီး သူက အားပေးအားမြှောက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။








