ဇွန် ၁ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်- KNDF ဖွဲ့စည်းမှု ၄ နှစ်ပြည့်ကို AA၊ TNLAနဲ့ MNDAA ဂုဏ်ပြု

ဓာတ်ပုံ ရင်းမြစ်, KNDF
အာဏာသိမ်း စစ်ကောင်စီကို ခုခံကာကွယ် တော်လှန်စစ် ဆင်နွှဲနေတဲ့ လေးနှစ်သားအရွယ် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အနေနဲ့ ကရင်နီလူမျိုးတွေရဲ့ ဘိုးဘွားပိုင် နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ပြီလို့ မဟာမိတ်ညီနောင် သုံးဖွဲ့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ပါတယ်။
စစ်အာဏာသိမ်းမှုဖြစ်အပြီး ၃ လအတွင်း ဖွဲ့စည်းခဲ့တဲ့ KNDF တည်ထောင်မှု ၄ နှစ်ပြည်အနေနဲ့ မနေ့က ပေးပို့တဲ့ သဝဏ်လွှာမှာ အာရက္ခတပ်တော်(AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်(TNLA)၊ ကိုးကန့်တပ်(MNDAA) တို့က အခုလို ဂုဏ်ပြုစကားပြောလိုက်တာဖြစ်ပါတယ်။
စစ်တပ်က သိမ်းယူလိုက်တဲ့နောက်ပိုင်း ဗမာတိုင်းရင်းသားတွေ အပါအဝင် တိုင်းရင်သား လူမျိုးပေါင်းစုံက တော်လှန်ခဲ့ကြတာဖြစ်ပေမဲ့ လေးနှစ်ကျော် ကာလအတွင်းမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တချို့က တော်လှန်ရေးမှာ မရပ်တည်နိုင်ဘဲ တော်လှန်ရေးပြေးလမ်းကနေ လွင့်စင်တာတွေ ရှိခဲ့တဲ့ အချက်ကိုလည်း ညီနောင်မဟာမိတ်တွေက သူတို့ သဝဏ်လွှာမှာ ရေးပါတယ်။ ဆက်ပြီး တွန်းလှန်တိုက်ခိုက်နေကြတဲ့အထဲမှာ KNDF အနေနဲ့ ဖြည်းဖြည်းမှန်မှန် လျှောက်လှမ်းနိုင်တဲ့အဖွဲ့ဖြစ်တယ်လို့လည်း အလေးထားပြောပါတယ်။
လေးနှစ်တာ ကာလအတွင်းမှာ အသက်၊ သွေး၊ ချွေးနဲ့ ဘဝများစွာ ပေးဆပ် စွန့်လွှတ်ခဲ့ကြရတဲ့ ကရင်နီပြည်သူတွေနဲ့ သူရဲကောင်းတွေ၊ တော်လှန်ရေးရဲဘော်တွေရဲ့ ပေးဆပ်မှုအားလုံးကို မဟာမိတ်ညီနောင် သုံးဖွဲ့က လေးလေးနက်နက် ဂုဏ်ပြုတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ချီဖွေမှာ မေခမြစ်ရေ မြင့်တက်ပြီး စစ်ဘေးရှောင်စခန်းနဲ့ ရပ်ကွက် သုံးခု ရေနစ်မြုပ်

ဓာတ်ပုံ ရင်းမြစ်, CJ
ကချင်ပြည်နယ်၊ ချီဖွေမြို့မှာ မေ ၃၁ ရက်ကစပြီး မေခမြစ်ရေ မြင့်တက်လာတာကြောင့် ရစ်လော်ခေါင်၊ ဥက္ကပ်၊ ကန်ပိုင်ယန် စတဲ့ ရပ်ကွက်သုံးခုက နေအိမ်တွေ ရေနစ်မြုပ်နေတယ်လို့ ဒေသခံက ပြောပါတယ်။
အရှိန်နဲ့ မြန်မြန် မြင့်တက်လာတဲ့ မြစ်ရေကြောင့် တချို့မိသားစုဝင်တွေက ဘာမှတောင် မသယ်နိုင်ဘဲ ရေလွတ်အောင် ရှောင်လာကြရတယ်လို့လည်း ပြောပါတယ်။
"အထိခိုက်ဆုံးက ရစ်လော်ခေါင်ပဲ။ သူက မြစ်ဘေးကပ်ရပ်ဆိုတော့ အိမ်တွေပါ မျောပါသွားတယ်။ မနှစ်ကထက် ပိုဆိုးတယ်။ မြစ်ဘေးမှာ ဆောက်ထားတဲ့အိမ်တွေရော၊ စစ်ဘေးရှောင်စခန်းက တန်းလျားရော ရေထဲမျောသွားတယ်၊ တချို့အိမ်တွေဆို အုတ်နံရံကွဲတာတွေ၊ ယိုင်သွားတာတွေ ၊ ခေါင်မိုးပျက်စီးတာတွေနဲ့ဆို အိမ်ခြေ တစ်ရာလောက်တော့ ထိခိုက်မယ်"လို့ ချီဖွေမြို့ခံက ဘီဘီစီကို ပြောပါတယ်။
၂၀၂၄ ခုနှစ်က ရေနစ်မြုပ်ခဲ့တာ ရှိပေမဲ့ နေအိမ်တွေရေမျောပါတာ မရှိခဲ့ဘူးလို့ ပြောပါတယ်။
မြစ်အထက်ပိုင်းက ပန်ဝါဘက်မှာ ရွှေတွေတူးကြသလို၊ သတ္ထုလုပ်ငန်းတွေလည်း ပိုလုပ်လာကြတာကြောင့် မြစ်ကြောင်းပြောင်းလဲပြီး မြို့ဘက်ကို ပိုကပ်လာတဲ့အတွက် အခုလို ပိုထိခိုက်ခံစားရတာလို့လည်း မှတ်ချက်ပေးပါတယ်။
လက်ရှိအချိန်မှာ မိုးလည်းဆက်ရွာနိုင်တာကြောင့် မြေပြိုမယ့်အန္တရာယ်ကိုလည်း စိုးရိမ်နေကြပါတယ်။
မိုးဇလကတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားကောင်းနေတာကြောင့် မြန်မာနိုင်ငံတဝန်း မိုးရွာပြီး နေရာကွက် မိုးကြီးနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
ဧရာဝတီမြစ်ရေ မြစ်ကြီးနားမြို့မှာ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ရောက်နိုင်

ဓာတ်ပုံ ရင်းမြစ်, ချီဆောင်ခြင်းလူမူကူညီရေးအသင်း
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဧရာဝတီမြစ်ရေဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ နောက် တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
မြစ်ကြီးနားမြို့ရဲ့ အနိမ့်ပိုင်းတွေဖြစ်တဲ့ ကချင်စု၊ ကြက်ပေါင်ခြံ၊ ပေါ်ဦး၊ လယ်ကုန်း၊ ရမ်ပူ ရဲ့ တချို့နေရာတွေ၊ မြို့သစ်ကြီး စတဲ့ ရပ်ကွက်တွေထဲကို ဒီနေ့မနက် ၄ နာရီဝန်းကျင်ကစပြီး ရေတွေ ဝင်ရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"အခုဆို နီးစပ်ရာ ရေလွတ်တဲ့နေရာတွေကို ရှောင်နေကြပြီ၊ ရမ်ပူရပ်ကွက်ထဲက ဘုန်းကြီးကျောင်းတွေဆို လူတွေပြည့်နေပြီ"လို့ မြို့ခံ အမျိုးသမီးတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
မြစ်ရေဝင်တဲ့ နေရာတွေက ဒေသခံတွေကိုလည်း လူမှုကူညီရေးအဖွဲ့တွေက မေ ၃၁ ရက် ညပိုင်းကတည်းက ကူညီရွှေ့ပြောင်းပေးနေကြရပါတယ်။
ကြက်ပေါင်ခြံရပ်ကွက်ထဲမှာဆိုရင် တစ်ထပ်နေအိမ်တွေ ရေမြုပ်တဲ့အထိ မြစ်ရေတက်နေပြီး ပိတ်မိနေတဲ့သူတချို့ ရှိနေတာကြောင့် ကူညီကယ်ဆယ်ဖို့ သွားနေတာကိုလည်း ချီဆောင်ခြင်း လူမှုကူညီရေးအသင်းက ရုပ်သံမှာပြောထားတာ တွေ့ရပါတယ်။
မြစ်ကြီးနား- ရွှေကျင်ဘက်ကိုသွားတဲ့ ကားလမ်းလည်း ရေမြုပ်နေသလို ဆောင်းရာသီလိုမျိုး မြူတွေဆိုင်းနေတာကိုလည်း ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။
မြူဆိုင်းတာကလည်း သစ်တောပြုန်းတီးတာရဲ့ နောက်ဆက်တွဲပြဿနာတစ်ခုလို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တစ်ယောက်က မှတ်ချက်ပေးပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တွေမှာ အားကောင်းနေတဲ့ မုတ်သုံလေနဲ့ အိန္ဒိယနိုင်ငံ အာသံပြည်နယ်ကို ဖြတ်ကျော်သွားတဲ့ လေဖိအားနည်းရပ်ဝန်း အကြွင်းအကျန် တိမ်တွေကြောင့် ကချင်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်အားလုံးမှာ ဇွန် ၂ ရက်အတွင်း မိုးရွာနိုင်သလို နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့လည်း မိုးဇလက ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်မြို့တွေမှာ လက်ရှိရေမှတ်တွေထက် မြင့်တက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
ချင်းတွင်းမြစ်ရေကလည်း ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာမြို့တွေမှာ မြင့်တက်လာနိုင်ပါတယ်။
မြစ်သာမြစ်ရေ၊ ဒုဋ္ဌဝတီမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ငဝန်၊ တိုးမြစ်၊ ဘီးလင်းမြစ် စတဲ့ မြစ်တွေလည်း မြစ်ရေတွေ တက်နိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
PSG က အင်တာမီလန်ကို ၅ ဂိုးပြတ်နဲ့ နိုင်ပြီး ချန်ပီယံလိဂ် ဖလားယူ

ဓာတ်ပုံ ရင်းမြစ်, EPA
ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာတော့ ပြင်သစ်အသင်း ပီအက်စ်ဂျီက အင်တာမီလန်အသင်းကို ၅-၀ ဂိုးနဲ့နိုင်ပြီး ဖလားဆုရှင်ဖြစ်လာပါတယ်။
ပြင်သစ်နိုင်ငံတလွှားမှာတော့ ပီအက်စ်ဂျီရဲ့ အခုအောင်မြင်မှုကို အောင်ပွဲခံနေကြတုန်းဖြစ်ပါတယ်။
ကမ္ဘာ့ဘောလုံးအကျော်အမော်တွေ ဖြစ်ကြတဲ့ နေမာနဲ့ မက်ဆီ တို့အပြင် အမ်ဘာပေပါ ပီအက်စ်ဂျီကနေ ထွက်ခဲ့ကြပြီးတဲ့နောက် နည်းပြ လူးဝစ် အန်ရီကေး လက်ထက်မှာ လူငယ်ကစားသမားတွေနဲ့ ပြန်လည်ဖွဲ့စည်းလိုက်တာဟာ ပီအက်စ်ဂျီအတွက် အခုလို ချန်ပီယံ ဖြစ်လာဖို့ လမ်းပွင့်ခဲ့တာလို့ သုံးသပ်ကြပါတယ်။
တဖက်မှာလည်း မြူးနစ်မြို့က အခုပြိုင်ပွဲမှာ အင်တာမီလန်အသင်းကို ပီအက်ဂျီအသင်းက နိုင်ခဲ့တာဟာ အင်တာမီလန်ခေတ် ကုန်ပြီလားဆိုတဲ့မေးခွန်းတွေလည်း ထွက်လာပါတယ်။
အသင်းကို ပြန်လည်တည်ဆောက်ဖို့ ကစားသမားခေါ်တာ၊ နည်းပြအသစ်ပြောင်းတာမျိုးလို ခြေလှမ်းတွေအတွက် အင်တာမီလန်မှာ အသုံးစရိတ် တင်းတင်းကျပ်ကျပ်ဖြစ်နေတာကလည်း အခုမေးခွန်းတွေပေါ် လာစေတဲ့အကြောင်းရင်းလို့ သုံးသပ်နေကြပါတယ်။
ငြိမ်းချမ်းရေးအတွက်ဆိုပြီး စစ်ကောင်စီက ငလျင်အလွန်အပစ်ရပ် ၁ လ ထပ်တိုး

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းမြို့နယ် ညီနောင်များ
ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ဆိုပြီး ငလျင်အလွန် ယာယီအပစ်ရပ်ကာလကို ဇွန် ၁ ကနေ ၃၀ ရက်အထိ သက်တမ်း ၁ လထပ်တိုးတယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။
ငလျင်ဒဏ်သင့်ဒေသတွေကို ပြန်တည်ဆောက်နိုင်ဖို့၊ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့နဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့ ယာယီအပစ်ရပ်ကာလကို ထပ်တိုးလိုက်တာလို့ စစ်ကောင်စီက ဒီနေ့မှာ သတင်းထုတ်ပြန်တာဖြစ်ပါတယ်။
အပစ်ရပ်ကာလအတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ စစ်တပ်စခန်းတွေကို တိုက်ခိုက်တာ၊ လူသစ်စုဆောင်း ပြင်ဆင်စုဖွဲ့တာနဲ့ နယ်မြေချဲ့ထွင်တာ တွေ လုပ်မယ်ဆိုရင်တော့ တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ဧပြီ ၂ ကနေ ၂၂ ရက်အထိ ပထမအကြိမ်၊ ဧပြီ ၂၃ ကနေ ဧပြီ ၃၀ အထိ ဒုတိယအကြိမ်၊ မေ ၅ ရက်ကနေ မေ ၃၁ ရက်အထိ တတိယအကြိမ် သက်တမ်းတွေ တိုးခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ အခုတစ်ကြိမ် အပစ်ရပ်သက်တမ်းတိုးမှုကတော့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ အာဆီယံ ထိပ်သီးခေါင်းဆောင်တွေရဲ့ ပြီးခဲ့တဲ့တစ်ပတ်တုန်းက တိုက်တွန်းမှုအပြီးမှာ ထွက်ပေါ်လာပါတယ်။
တစ်ဖက်မှာလည်း မတ်လ ၂၈ ရက် ငလျင်အလွန်မှာ စစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်တွေ မဟုတ်တဲ့အရပ်သားနေရာတွေကို ပြီးခဲ့တဲ့အပစ်ရပ်ကာလတွေအတွင်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
မတ် ၂၈ ရက်ငလျင်အလွန်ကနေ မေ ၁၆ ရက်အထိဆိုရင် ရန်ကုန်နဲ့ နေပြည်တော်ကလွဲလို့ ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပေါင်း ၄၄၅ ကြိမ် ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ အယောက် ၄၀၀ ကျော်ထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၆၀ ပါဝင်တယ်လို့လည်း ဆိုပါတယ်။
မန္တလေးမှာ ဖြိုဖျက်လက်စ ငလျင်သင့်အဆောက်အဦ ပြိုကျလို့ လူငယ် တစ်ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီးကော်မတီ)
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၊ ၂၆ လမ်းနဲ့ လမ်း ၆၀ ထောင့်က ငလျင်ဒဏ်သင့် လူနေအိမ် အဆောက်အဦတစ်လုံး ဖြိုချချိန်မှာ ပြိုကျတာကြောင့် လူတစ်ယောက်သေဆုံးပြီး တစ်ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေကနေ သိရပါတယ်။
ငလျင်သင့် လေးထပ်တိုက် အဆောက်အဦကို လွန်ခဲ့တဲ့တစ်ပတ်လောက်ကစလို့ အလုပ်သမား ၁၀ ယောက်ဝန်းကျင်နဲ့ လူအင်အားသုံးပြီး ဖြိုဖျက်နေကြတာလို့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ မြို့ခံက ပြောပါတယ်။
အဲဒီအဆောက်အဦဟာ မေ ၃၁ ရက် ညနေပိုင်းမှာ ပြိုကျခဲ့တာကြောင့် အသက် ၁၈ နှစ်အရွယ် အလုပ်သမားတစ်ယောက် သေဆုံးသလို အသက် ၄၀ အရွယ် အလုပ်သမားတစ်ယောက်လည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
"ပြိုကျသွားတဲ့အရှိန်က ပြင်းတော့ ငလျင်လှုပ်သလိုတောင် ထင်လိုက်ရတယ်။ စက်နဲ့ဖြိုရင်တော့ အန္တရာယ်မများဘူးပေါ့လေ။ အခုပြိုတဲ့တိုက်အနောက်က တည်းခိုခန်းတောင် ဘူဒိုဇာ စက်နဲ့ဖြိုလိုက်တာ။ လူနဲ့ဖြိုတော့ အန္တရာယ်များတာပေါ့လေ။ အခုတော့ ပြိုလက်စကြီး ဒီအတိုင်းပဲ ထားထားကြတယ်" မျက်မြင်တွေ့ခဲ့ရတဲ့ မြို့ခံက ပြောပါတယ်။
လူမှုကွန်ရက်မှာ ပြန့်နှံ့လာတဲ့ ရုပ်သံမှတ်တမ်းတွေအရ ပြိုကျသွားတဲ့ တိုက်ဝန်းကျင်မှာ မြူတွေဆိုင်းသွားသလို ဖုန်တွေနဲ့ ပိတ်သွားပါတယ်။
ပတ်ဝန်းကျင်နဲ့ အလုပ်သမားတွေက ပိသွားတဲ့ လူငယ်နဲ့ နာမည် "မောင်မျိုး၊ မောင်မျိုးနဲ့"အော်ခေါ်ပြီး ပြိုကျနေတဲ့ အုတ်တိုင်နဲ့ ကွန်ကရစ်ပြားတွေ ကြားထဲဝင်ပြီး ကယ်တင်ဖို့ ကြိုးစားကြပါတယ်။
အနားဝန်းကျင်ကလူတွေ ပြောနေတဲ့ စကားတွေအရ အဲဒီအလုပ်သမား လူငယ်ဟာ ကယ်တင်ဖို့ ကြိုးစားနေချိန်မှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ လူငယ်အလုပ်သမားရဲ့ ရုပ်အလောင်းကို မန္တလေး ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီးကော်မတီ)က ထုတ်ပြန်ထားပါတယ်။
မေ ၃၁ ရက် ချမ်းအေးသာစံ မြို့နယ်ထဲကပဲ ၈၆ လမ်းနဲ့ ၈၇ လမ်းကြားက ငလျင်ဒဏ်သင့် အဆောက်အဦတစ်လုံး ဖြိုဖျက်ချိန်မှာ ကြမ်းခင်းပြိုကျလို့ အမျိုးသား နှစ်ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။
ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ စစ်ကိုင်းမြို့မှာလည်း ပြီးခဲ့တဲ့ မေ ၁၈ ရက်က မင်းလမ်းရပ်ကွက်ထဲက ငလျင်ဒဏ်သင့် နေအိမ်တစ်လုံးကို ဖြိုချနေချိန် ကွန်ကရိပြင်ပြိုကျလို့ ပရဟိတ လူငယ်တစ်ယောက်လည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့တွေမှာ ငလျင်ဒဏ်ကြောင့် ပြိုကျလုနီးပါး အဆောက်အဦတွေဟာ နှစ်လကျော်ကြာတဲ့အထိ ကျန်နေသေးပြီး အိမ်ရှင်တွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြိုချဖို့ ကြိုးစားနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းပြတ်ရွေ့ကြော ငလျင်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၀ ခုက လူဦးရေ ငါးသိန်းကျော် ငလျင်ဒဏ်ဘေးသင့်ခဲ့သလို သေဆုံးသူ ၃,၇၃၉ ယောက်၊ ထိခိုက်ဒဏ်ရာရသူ ၅၁၀၀ ကျော်နဲ့ ပျောက်ဆုံးသူ ၆၈ ယောက်ရှိနေတယ်လို့ စစ်ကောင်စီက မေ ၂၉ မှာ ထုတ်ပြောထားပါတယ်။
ဒါ့အပြင် နေအိမ်ပေါင်း ငါးသောင်းကျော် အပါအဝင် ထိခိုက်ပျက်စီး၊ ဆုံးရှုံးမှုပေါင်း ၃၈၀၄ ဒသမ ၅၄၉ ဘီလျံ ရှိတယ်လို့လည်း သိရပါတယ်။








