မင်းသား ဟယ်ရီနဲ့ ဘီဘီစီ တွေ့ဆုံမေးမြန်းခန်း အဓိက အချက် ၆ ချက်

ဗြိတိန်တော်ဝင်မင်းသား ဆပ်ဆက်စ်မြို့စား ဟယ်ရီက ဗြိတိန်ကို ပြန်လာနိုင်မယ့်အလားအလာ၊ တော်ဝင်မိသားစုနဲ့ဆက်ဆံရေး၊ အမေရိကန်ပြည်ထောင်စုကနေ ဗြိတိန်ကို လာရောက်လည်ပတ်တဲ့အခါ အလိုအလျောက်ရရှိတဲ့ လုံခြုံရေးစောင့်ရှောက်မှုဆုံးရှုံးတာတွေနဲ့ပတ်သက်လို့ ဘီဘီစီနဲ့ပြုလုပ်တဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ဖြေကြားထားပါတယ်။
သူ့လုံခြုံရေးနဲ့ပတ်သက်လို့ ဗြိတိန်အစိုးရနဲ့ တရားရေးအရ ရင်ဆိုင်ရာမှာ ရှုံးနိမ့်ခဲ့တာကြောင့် သူ့ကိုခြိမ်းခြောက်နေတဲ့ အန္တရာယ်တွေအတွက် စိုးရိမ်ရတဲ့အကြောင်း သူက ပြောပါတယ်။
ဘီဘီစီသတင်းဌာနက နာဒါတောဖစ်နဲ့ ကယ်လီဖိုးနီးယားမှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းကနေ အဓိကအချက် ၆ ချက်ကို ဖော်ပြလိုက်ပါတယ်။
ဗြိတိန်ကို မိသားစုနဲ့ ပြန်လာဖို့လမ်းမရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အယူခံတရားရုံးရဲ့ဆုံးဖြတ်ချက်ကြောင့် မင်းသားဟယ်ရီ၊ ကြင်ယာ မက်ဂန်၊ ကလေးနှစ်ဦးဖြစ်တဲ့ အသက်ငါးနှစ်အရွယ် အာချီ၊ သုံးနှစ်အရွယ် လီလီဘတ်တို့ ဗြိတိန်ကို ပြန်လာခွင့်ရဖို့ အလားအလာ လုံးဝ မရှိတော့ဘူးလို့ မင်းသားကပြောပါတယ်။
၂၀၂၀ ပြည့်နှစ်တုန်းက အမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်းခဲ့တဲ့ မင်းသားဟယ်ရီက "အခုအချိန်မှာ ကျွန်တော့်ဇနီးနဲ့ သားသမီးတွေကို ဗြိတိန်ကို ပြန်ခေါ်လာနိုင်ဖို့ မမြင်သေးဘူး"လို့ ပြောခဲ့ပါတယ်။
ဗြိတိန်နဲ့ပတ်သက်လာရင် သူတို့ လွတ်သွားမှာကတော့ အရာအားလုံးပါပဲလို့ သူက ဆက်ပြောပါတယ်။
"ကျွန်တော့်နိုင်ငံကို ကျွန်တော်ချစ်တယ်။ ကျွန်တော်လုပ်စရာရှိတာလည်း လုပ်ပေးခဲ့တယ်။ အဲဒီကတချို့လူတွေ ကျွန်တော့်အပေါ် ဘာတွေ လုပ်ခဲ့လုပ်ခဲ့ပေါ့ဗျာ" လို့ သူက ဘီဘီစီကို ပြောပါတယ်။
"ကျွန်တော်ကို ဗြိတိန်ကို လွမ်းတယ်၊ ဗြိတိန်ရဲ့ အစိတ်အပိုင်းတွေကို လွမ်းတယ်၊ စိတ်မကောင်းစရာတော့ဖြစ်ရတာပေါ့ဗျာ။ ကျွန်တော့်ကလေးတွေကို ကိုယ့်မွေးရပ်မြေကို မပြနိုင်တာ တကယ်ကို ဝမ်းနည်းစရာကောင်းတယ်လို့ ထင်တယ်" လို့ သူကဆက်ပြောပါတယ်။
ပြန်လည်သင့်မြတ်ချိန်တန်ပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တော်ဝင်မိသားစုထဲမှာ သဘောကွဲလွဲတာတွေအများကြီးရှိပြီး တစ်ခုကတော့ သူ့လုံခြုံရေးနဲ့ပတ်သက်လို့ အငြင်းပွားတာပဲဖြစ်ပါတယ်။
"ဆက်ပြီး ရန်ဖြစ်နေလို့ ဘာမှအကျိုးမရှိပါဘူး။ ဘဝက တန်ဖိုးရှိပါတယ်" လို့ မင်းသားဟယ်ရီကပြောပါတယ်။
မင်းသားဟယ်ရီက ချားလ်စ်ဘုရင်ရဲ့ကျန်းမာရေးနဲ့ပတ်သက်လို့လည်း ပြောဆိုခဲ့ပါသေးတယ်။
အသက် ၇၆ နှစ်အရွယ် ဘုရင်ဟာ ကင်ဆာရောဂါအတွက် ကုသမှုခံယူနေရတာဖြစ်ပါတယ်။
"ကျွန်တော့်အဖေလည်း နောက်ထပ် ဘယ်လောက်ကြာကြာနေရမလဲ မသိပါဘူး၊ ဒီလုံခြုံရေးကိစ္စကြောင့် သူက ကျွန်တော့်ကို စကားမပြောတော့ဘူးလေ၊ ဒါပေမဲ့ ပြန်ပြေလည်ကြရင် ကောင်းမှာ" လို့ မင်းသားက ပြောခဲ့ပါတယ်။
"ဘဝမှတ်တမ်းစာအုပ် Spare ကို ရေးသားခဲ့တဲ့အတွက် မိသားစုဝင်တချို့ကတော့ ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူး၊ ပြန်ပြေလည်ကြဖို့ အပိုင်းကို အခုစနိုင်ရင် ကောင်းမှာ" လို့ သူက ပြောဆိုခဲ့ပါတယ်။
" သူတို့ဘက်က မလိုချင်ဘူးဆိုရင်လည်း သူတို့သဘောပါပဲ" လို့ သူက ဆက်ပြောခဲ့ပါတယ်။
လုံခြုံရေးကို ထိန်းချုပ်ဖို့ သုံးလို့ရတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တော်ဝင်မိသားစုတာဝန်တွေကနေ နုတ်ထွက်ပြီး အမေရိကန်ပြည်ထောင်စုကို ပြောင်းဖို့ ဆုံးဖြတ်ပြီးတဲ့နောက် ၂၀၂၀ ပြည့်နှစ်မှာ သူ့လုံခြုံရေးနဲ့ပတ်သက်လို့ အဆင့်လျှော့ချတာကို သူ့အပေါ်ထိန်းချုပ်နိုင်ဖို့အတွက် အသုံးချခဲ့ကြတယ်လို့ မင်းသားဟယ်ရီက ပြောပါတယ်။
သူ့အတွက် လုံခြုံရေးကို ဖယ်ရှားတာဟာ တရားဝင်တယ်လို့ တရားရုံးရဲ့ အခုအပတ်ဆုံးဖြတ်ချက်ဟာ လုံခြုံရေးကို ထိန်းချုပ်ဖို့အတွက် သုံးလို့ရတယ်ဆိုတာ ပြလိုက်တာပဲဖြစ်ပြီး တော်ဝင်မိသားစုဝင် အခြားလူတွေကိုလည်း ကွဲပြားတဲ့ဘဝကို ရွေးချယ်တာမလုပ်နိုင်အောင် ထိန်းထားလို့ရနိုင်တဲ့အကြောင်း သူကပြောပါတယ်။
၂၀၂၀ ပြည့်နှစ်ကစလို့ ဗြိတိန်ကို ဈာပနတွေနဲ့ တရားရုံးကြားနာမှုတွေ၊ ပရဟိတအစီအစဉ်တွေအတွက်ကြောင့်ပဲ ရောက်ရှိခဲ့ပြီး တရားဝင်ကိစ္စနဲ့လာလည်မှသာ လုံခြုံရေးအပြည့်ရတယ်လို့ မင်းသားဟယ်ရီက ပြောပါတယ်။
"ကျွန်တော် ဖိတ်ကြားခံရမှ ဗြိတိန်ကိုလာလို့ရတယ်၊ ကျွန်တော့်အဖေလက်ထဲမှာ ထိန်းချုပ်နိုင်စွမ်းတွေ အများကြီးရှိတယ်''လို့ သူက ဆက်ပြောပါတယ်။
သူ့လုံခြုံရေးအတွက် ဘုရင်က လုပ်ပေးတာကို လိုချင်လားလို့ မေးတဲ့အခါ သူက " သူ့ကို ကြားဝင်ဆောင်ရွက်ပေးဖို့ တစ်ခါမှ မတောင်းဆိုခဲ့ဖူးပါဘူး၊ ဝင်မပါဖို့နဲ့ ကျွမ်းကျင်သူတွေ သူတို့အလုပ်ကိုလုပ်ခွင့်ပေးဖို့သာ သူ့ကိုတောင်းဆိုဖူးတာပါ" လို့ ပြောပါတယ်။
သူနဲ့ မက်ဂန်တို့ တော်ဝင်မိသားစုကနေ ထွက်မှာကို တားဆီးဖို့ လုံခြုံရေး ရုပ်သိမ်းတာဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။
"တကယ်က မိသားစုအငြင်းပွားမှုပါ" လို့ သူက မှတ်ချက်ပေးပါတယ်။
"ဒီနေ့ ဒီနေရာမှာ ထိုင်နေရတာကြောင့် ကျွန်တော် အင်မတန်ကို စိတ်မကောင်းဖြစ်ရပါတယ်" လို့ သူက ပြောပါတယ်။
တော်ဝင်မိသားစုဝင်အဖြစ်ကနေ မလွတ်မြောက်နိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
တော်ဝင်မိသားစုတာဝန်တွေ ထမ်းဆောင်ရင်ပဲဖြစ်ဖြစ်၊ မထမ်းဆောင်ရင်ပဲဖြစ်စေ၊ သူရင်ဆိုင်ရတဲ့ လုံခြုံရေးအန္တရာယ်တွေက အတူတူပဲဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေမှာ ပိုဆိုးလာတယ်လို့ မင်းသားကပြောပါတယ်။
"ကျွန်တော့် အနေအထားက မပြောင်းလဲဘူး၊ ပြောင်းလဲလို့လည်းမရဘူး၊ ကျွန်တော်က ကျွန်တော်ပဲ" လို့ မင်းသားဟယ်ရီက ပြောပါတယ်။
"ဒါကိုရှောင်လို့မရပါဘူး၊ ကျွန်တော့် အခြေအနေတွေက အမြဲလို အတူတူပါပဲ" လို့ သူကပြောပါတယ်။
"ဒီနိုင်ငံအတွက် ၃၅ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးပါပြီ၊ အာဖဂန်နစ္စတန်မှာ နှစ်ကြိမ် တာဝန်ထမ်းခဲ့ပါတယ်၊ ကျွန်တော်က ဒီလိုအန္တရာယ်တွေကြားထဲ မွေးလာတာပါ၊ ဒါတွေက အချိန်ကြာလာတာနဲ့အမျှ ပိုများလာပါတယ်" လို့ သူက ဆက်ပြောခဲ့ပါတယ်။
အဖွဲ့အစည်းရဲ့ တစ်ပတ်ရိုက်မှု
ရာထူးကြီးတဲ့ တော်ဝင်မိသားစုဝင်တွေအတွက် တာဝန်ရှိတဲ့ တော်ဝင်မိသားစုနဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေစောင့်ရှောက်ရေး ကော်မတီ(Ravec)ကို မင်းသားဟယ်ရီက ဝေဖန်ပါတယ်။
မင်းသားဟာ ၂၀၂၀ ပြည့်နှစ်မှာ တော်ဝင်မိသားစုတာဝန်တွေကနေ နုတ်ထွက်ခဲ့တာကြောင့် ဗြိတိန်ကိုရောက်တဲ့အခါ လုံခြုံရေးအပြည့်အဝစောင့်ရှောက်မှုရမှာမဟုတ်ဘူးလို့ အစိုးရကိုယ်စားဆုံးဖြတ်ချက်ချခွင့်ရတဲ့ (Ravec) က ပြောခဲ့ပါတယ်။
အဲဒီအချိန်တုန်းက မင်းသားဟယ်ရီ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေနဲ့ပတ်သက်လို့ အပြည့်အဝသုံးသပ်တာမလုပ်ဘဲ အဲဒီအချိန်က ကော်မတီဥက္ကဋ္ဌ ဆာ ရစ်ချတ် မော်ထရမ်က ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။
သူက သင့်တော်တဲ့ အကြောင်းပြချက်တွေနဲ့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပြီး ပြန်လည်သုံးသပ်ချက်ဟာ ဆုံးဖြတ်ချက်ကို ပြောင်းလဲစေမှာမဟုတ်ဘူးလို့ အယူခံတရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
တော်ဝင်မိသားစုအိမ်တော်ကို ကိုယ်စားပြုသူတစ်ဦး ကော်မတီဝင်ဖြစ်တယ်ဆိုတာကို သိလိုက်ရတဲ့အခါ အတော်ကို တုန်လှုပ်ခဲ့ရပြီး ဒီလိုအခွင့်အရေးရတဲ့အတွက် တော်ဝင်မိသားစုဝင်တွေ ဘယ်လိုလုံခြုံရေးရမယ်ဆိုတာအပေါ် လွှမ်းမိုးခွင့်ရသွားတယ်လို့ မင်းသားဟယ်ရီကပြောပါတယ်။
"ကျွန်တော် ဒီအကြောင်းကို ပြန်ကြားရတယ်။ လူတွေက သိကြတယ်လေ၊ ဒါဟာ ခေတ်ဟောင်းအဖွဲ့အစည်းဆိုင်ရာ တစ်ပတ်ရိုက်တာမျိုးပါ၊ အဲဒီလိုပဲလို့ ခံစားရတယ်" လို့ သူက ပြောပါတယ်။
''လမ်းဆုံးပါပြီ။ ဒါပေမဲ့ စတာမာ ဝင်ပါမှပဲဖြစ်မယ်''

ဓာတ်ပုံ ရင်းမြစ်, Getty Images
သောကြာနေ့က တရားရုံးဆုံးဖြတ်ချက်ပြီးနောက်မှာ တရားလွှတ်တော်ချုပ်ကတစ်ဆင့် ရင်ဆိုင်ဖို့ဆိုတဲ့ ရွေးချယ်မှုတစ်ခုပဲရှိတော့ပေမဲ့ တရားလွှတ်တော်ချုပ်မှာ အစိုးရကို ဆန့်ကျင်ပြီး တရားရင်ဆိုင်မှာမဟုတ်ဘူး လို့ မင်းသားဟယ်ရီက ပြောပါတယ်။
"တရားရုံးတွေကတစ်ဆင့် အနိုင်ရအောင်လုပ်ဖို့ လမ်းမရှိတော့ဘူး။ တရားတဘောင်တွေလည်း ဆက်ပြီး မပြိုင်ချင်တော့ဘူး" လို့ သူက တရားရုံးဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ပြောပါတယ်။
"ဒုက္ခတွေသိပ်များပြီ၊ လောကကြီးမှာ ပဋိပက္ခတွေ သိပ်များတယ်" လို့ သူက မှတ်ချက်ချခဲ့ပါတယ်။
ဒါပေမဲ့ Ravec ရဲ့ ဆုံးဖြတ်ချက်ချတာနဲ့ပတ်သက်လို့ အစိုးရက တိုက်ရိုက်ကြားဝင်ဆောင်ရွက်ပေးဖို့ သူက တောင်းဆိုခဲ့ပါတယ်။ Ravec ကို ဥပဒေနဲ့ ထိန်းချုပ်ထားတာမရှိဘူးလို့ သူက မှတ်ချက်ချပါတယ်။
"ဝန်ကြီးချုပ် (ကီယာ စတာမာ) ကြားဝင်ဆောင်ရွက်ပေးဖို့ ကျွန်တော် တောင်းဆိုပါမယ်၊ ပြည်ထဲရေးဝန်ကြီး ယဗက်ကူးပါးက ဒီကိစ္စကို ထဲထဲဝင်ဝင် သုံးသပ်ပေးဖို့ တောင်းဆိုပါမယ်" လို့ မင်းသား ဟယ်ရီကပြောပါတယ်။
"ပြီးတော့ Ravec နဲ့ အဖွဲ့ဝင်တွေကို ပြန်သုံးသပ်ပေးဖို့ တောင်းဆိုပါမယ်၊ ဘာလို့လဲဆိုတော့ အဲဒါက ကျွမ်းကျင်သူတွေပါတဲ့ အဖွဲ့အစည်းဖြစ်နေလို့ပါ၊ တော်ဝင်မိသားစုဝင်တွေနဲ့ပတ်သက်လို့ လွှမ်းမိုး၊ ဩဇာပေးဖို့ မဟုတ်ရင် Ravec ထဲမှာ တော်ဝင်မိသားစုကို ကိုယ်စားပြုက ဘာလို့ပါနေရတာလဲ" လို့ သူက မေးခွန်းထုတ်ခဲ့ပါတယ်။
ဘက်ကင်ဟမ်နန်းတော်က ပြောတဲ့စကား
ဘီဘီစီရဲ့ တွေ့ဆုံမေးမြန်းခန်းနဲ့ပတ်သက်ပြီး ဘက်ကင်ဟန်နန်းတော်က အခုလို မှတ်ချက်ပေးပါတယ်။
''ဒီကိစ္စရပ်အားလုံးကို တရားရုံးတွေက အကြိမ်ကြိမ် သေသေချာချာစေ့စေ့စပ်စပ် လေ့လာသုံးသပ်ထားပြီး ဖြစ်ရပ်တိုင်းအတွက် တူညီတဲ့ဆုံးဖြတ်ချက်ကို ချခဲ့ပြီးဖြစ်ပါတယ်''









