NUG က ဆရာဝန် MBBS ဘွဲ့ ဘယ်လိုပေးနေလဲ

CDM လှုပ်ရှားမှုပါဝင်ခဲ့တဲ့ ဆရာဝန်တွေက ဦးဆောင်ပြီး ကြားကာလတက္ကသိုလ်ကောင်စီ အသီးသီးကိုဖွဲ့စည်းပြီး ဆရာဝန်ဘွဲ့လက်မှတ်ပေးအပ်နေ
ဓာတ်ပုံ ပုံစာ, CDM လှုပ်ရှားမှုပါဝင်ခဲ့တဲ့ ဆရာဝန်တွေက ဦးဆောင်ပြီး ကြားကာလတက္ကသိုလ်ကောင်စီ အသီးသီးကိုဖွဲ့စည်းပြီး ဆရာဝန်ဘွဲ့လက်မှတ်ပေးအပ်နေ

မြန်မာနိုင်ငံမှာ ဆရာဝန်ဘွဲ့လို့သတ်မှတ်ထားတဲ့ Bachelor of Medicine and Bachelor of Surgery (MBBS) ဘွဲ့အတွက် ယာယီဘွဲ့လက်မှတ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ထုတ်ပေးနေပါတယ်။

မြန်မာရဲ့ ဆေးကျောင်း ၅ ကျောင်းလို့သိကြတဲ့ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ မန္တလေး၊ မကွေး နဲ့ တောင်ကြီးဆေးတက္ကသိုလ်တွေကနေ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုပါဝင်ခဲ့တဲ့ ဆရာဝန် တွေက ဦးဆောင်ပြီး ကြားကာလတက္ကသိုလ်ကောင်စီ အသီးသီးကိုဖွဲ့စည်းပြီး ဘွဲ့လက်မှတ်ပေးအပ်နေတာပါ။

စစ်ကောင်စီကလည်း NUG ဆေးဘွဲ့လက်မှတ်နဲ့ ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်းတက္ကသိုလ်မှာ ကျောင်းတက်ရောက်မယ့် မြန်မာကျောင်းသူ နှစ်ဦးကို အမည်မည်းစာရင်းသွင်းသလို ဒီလက်မှတ်ကို နိုတြီ (သက်သေခံချက်) လုပ်ပေးသူတွေအထိပါ ဖမ်းဆီးတာတွေ အခုနိုဝင်ဘာလနှောင်းပိုင်းမှာ လုပ်ခဲ့ပါတယ်။

ဒီတော့ NUG ကပေးတဲ့ MBBS ယာယီဘွဲ့လက်မှတ်ကို နိုင်ငံတကာအသိအမှတ်ပြုမှုက ဘယ်လိုရှိနေလဲ၊ အွန်လိုင်းသင်ကြားရေးစနစ်နဲ့ သင်ယူတဲ့ ဆေးကျောင်းသားတွေရဲ့ ကုသရေးအရည်အသွေးနဲ့ ပတ်သက်လို့ရော ဘယ်လိုထိန်းညှိထားလဲ ဆိုတဲ့မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။

NUG က MBBS ဘွဲ့ ဘယ်လိုပေးနေလဲ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို အကြမ်းမဖက်ဖီဆန်ခဲ့တဲ့ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ရန်ကုန်က ကျန်းမာရေးဝန်ထမ်းတွေ

NUG ရဲ့ ကြားကာလဆေးတက္ကသိုလ်တွေ

အာဏာသိမ်းပြီးမှ ပေါ်ပေါက်လာတဲ့ ကြားကာလဆေးတက္ကသိုလ်တွေ

ဓာတ်ပုံ ရင်းမြစ်, Interim University Council of University of Medicine - 2

ဓာတ်ပုံ ပုံစာ, ဆေးတက္ကသိုလ် (၂) ရန်ကုန်ရဲ့ ကြားကာလတက္ကသိုလ်ကောင်စီ

စစ်အာဏာသိမ်းမှုကို အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှာ ကျန်းမာရေးဝန်ထမ်းတွေက အများဆုံးဖြစ်ပါတယ်။ အဲဒီ CDM ကျန်းမာရေးဝန်ထမ်းတွေထဲကအများစုက ဆေးပညာရပ်အတွက်ကြားကာလပညာရေးက တဆင့် ဆေးတက္ကသိုလ်တွေကို အင်အားကောင်းကောင်းနဲ့ လည်ပတ်နေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပညာရေးဝန်ကြီးဌာနလက်အောက်ခံ ကြားကာလဆေးတက္ကသိုလ်တွေ ရဲ့ အဓိကအားသာချက်က ကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့်ရထားတာဖြစ်ပြီး သင်ရိုးညွှန်းတမ်းကအစ အတန်းဖွင့်လှစ်တာတွေမှာပါ လွတ်လပ်စွာဆောင်ရွက်နေကြပါတယ်။

အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) ပါဝင်တဲ့ ဆရာဝန်တွေနဲ့လည်ပတ်နေတဲ့ နဂိုရှိပြီးသား ဆေးကျောင်း (၅) ကျောင်းအပြင် ကရင်နီ နဲ့ ကချင်မှာပါ မြေပြင်ဆေးတက္ကသိုလ်အတန်းတွေ ဖွင့်လှစ်နေပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ ၂၀၂၂ ခုနှစ်တုန်းက ကချင်ပြည်နယ်ဘာသာရပ်စုံတက္ကသိုလ်ကိုဖွင့်လှစ်ခဲ့သလို ကရင်နီဆေးကောလိပ်ကိုလည်း အခုနှစ် နိုဝင်ဘာလနှောင်းပိုင်းကမှ ကရင်နီဒေသမှာ စတင်ဖွင့်လှစ်ထားတာပါ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

NUG ရဲ့ ဆေးကျောင်း (၅) ကျောင်းမှာ တက်ရောက်နေတဲ့ဆေးကျောင်းသားတွေဟာ မြေပြင်သင်ကြားရေး အဖြစ် သင်ကြားလိုရင် ဒီကျောင်းတွေမှာတက်လို့ရတယ်လို့ NUG ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ရေးဦးစီးဌာနမှာ တာဝန်ရှိသူတဦးဖြစ်တဲ့ CDM ဆရာမ ဒေါ်ဟန်လွင် က ဘီဘီစီကို ပြောပါတယ်။

“Resource Sharing (အရင်းအမြစ်မျှဝေသုံးစွဲ) တာပါပဲ။ စီမံခန့်ခွဲခွင့်ကတော့ သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့အစည်းတွေက စီမံတာဖြစ်တယ်” လို့ သူက ရှင်းပြပါတယ်။

နည်းပညာပိုင်းဆိုင်ရာမျှဝေသုံးစွဲသလို ဘဏ္ဍာရေးပိုင်းဆိုင်ရာအတွက်လည်း NUG ပညာရေးဝန်ကြီးဌာန က ထောက်ပံမှုတချို့ပေးပါတယ်။

ကချင်ပြည်နယ်ဘာသာရပ်စုံတက္ကသိုလ်အောက်က ဆေးပညာသိပ္ပံတက္ကသိုလ်ကို မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ် ‌ဒေါက်တာခင်မောင်လွင် က ကျောင်းအုပ်ကြီးအဖြစ်ဆောင်ရွက်ပါတယ်။

၂၀၂၄ နိုဝင်ဘာလက ဖွင့်လှစ်လိုက်တဲ့ ကရင်နီဆေးကောလိပ်ကိုတော့ နွေဦးကျန်းမာဆေးရုံကို ဦးစီးတည်ထောင်တဲ့ ဒေါက်တာမျိုးခန့်ကိုကို က ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူထားတာပါ။

ဒါကြောင့် ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်း NUG အစိုးရလက်အောက်မှာ ကြားကာလဆေးတက္ကသိုလ် (၅) ခုလည်ပတ်နေပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ သက်ဆိုင်ရာနယ်မြေတွေမှာ ဆေးတက္ကသိုလ် (၂) ကျောင်းလည်ပတ်နေတဲ့သဘောလည်းဖြစ်ပါတယ်။

NUG ရဲ့ အွန်လိုင်းဆေးတက္ကသိုလ်တွေမှာ ဘယ်လိုပညာသင်နေလဲ

NUG ရဲ့ အွန်လိုင်းဆေးတက္ကသိုလ်တွေမှာ ဘယ်လိုပညာသင်နေလဲ

ဓာတ်ပုံ ရင်းမြစ်, Interim University Council of University of Medicine - 2

ဓာတ်ပုံ ပုံစာ, ဆေးတက္ကသိုလ် - ၂ ဒုတိယအဓိပတိ ဆရာကြီး ငြိမ်းချမ်းအောင် က ကယား (ကရင်နီ) ပြည်နယ်က ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆေးကျောင်းသားတွေနဲ့ တွေ့ဆုံစဉ်

ပုံမှန်ဆိုရင် MBBS ဘွဲ့ရဖို့အတွက် ဆေးကျောင်းသားတွေရဲ့ ပညာသင်နှစ်က (၇) နှစ်ကြာမြင့်ပြီး အလုပ်သင်ဆရာဝန်အဖြစ် ဆေးရုံတွေမှာလက်တွေ့ဆင်းပြီးမှ ဆရာဝန်ဖြစ်ကြောင်း ဘွဲ့လက်မှတ်ရရှိမှာပါ။

ဒါပေမဲ့ NUG ပညာရေးဝန်ကြီးဌာနအောက်က ကြားကာလ ဆေးတက္ကသိုလ်ကောင်စီတွေရဲ့ အတန်းတွေ မှာတော့ သင်ကြားနည်းရော ဆေးရုံတွေမှာလက်တွေ့ဆင်း ရတဲ့ပုံစံတွေကိုပါ ပြောင်းလဲထားပါတယ်။

ဆိုလိုတာကတော့ နောက်ဆုံးနှစ်အပိုင်း (ခ) CDM ကျောင်းသားတွေဟာ ကြားကာလဆေးတက္ကသိုလ်တွေမှာ စာတွေ့စာမေးပွဲဖြေပြီး လက်တွေ့လေ့ကျင့်ခန်း Clinical Attachment ဆင်းရမှာဖြစ်ပါတယ်။

ဒီကြားကာလဆေးတက္ကသိုလ်တွေမှာ ပထမနှစ်ကနေစတက်မယ်ဆိုရင်တော့ ပြောင်းလဲထားတဲ့ သင်ရိုးသစ် Integrated teaching လို့ခေါ်တဲ့ ‌ရောဂါဖြစ်စဉ်ကို ရှုထောင့်အစုံကနေသုံးသပ်လေ့လာတဲ့ပုံစံနဲ့ သင်ယူရမှာပါ။

စာသင်နှစ် (၆) နှစ်ပြီးရင်တော့ စာတွေ့စာမေးပွဲ၊ Clinical Attachment ဆင်းရမှာဖြစ်ပြီး အောင်မြင်ရင် ယာယီဘွဲ့လက်မှတ် ထုတ်ပေးမှာဖြစ်ပါတယ်။အလုပ်သင်ဆရာဝန်အဖြစ်တာဝန်ထပ်ထမ်းဆောင်ပြီးရင်တော့ ဆေးကုသခွင့်လက်မှတ် (ဆမ) ထုတ်ပေးတာဖြစ်ပါတယ်။

ဒီဆေးတက္ကသိုလ်တွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖြစ်တဲ့အတွက် ယာယီဘွဲ့လက်မှတ်ထုတ်ပေးတဲ့ပုံစံ နဲ့ လက်တွေ့လေ့ကျင့်ရတဲ့ Clinical Attachment ကာလတွေတော့ ကျောင်းအလိုက်ကွာခြားပါတယ်။

“ကျွန်တော်တို့ကျောင်းမှာတော့ လွတ်မြောက်နယ်မြေက ဆေးရုံတွေမှာ လက်တွေ့လေ့ကျင့်ရေးဆင်းမှ ယာယီဘွဲ့လက်မှတ်ထုတ်ပေးပါတယ်” လို့ ဆေးတက္ကသိုလ် (၂) ရန်ကုန်ရဲ့ ကြားကာလတက္ကသိုလ်ကောင်စီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုကောင်းခန့် က ပြောပါတယ်။

NUG ရဲ့ အွန်လိုင်းဆေးတက္ကသိုလ်တွေမှာ ဘယ်လိုပညာသင်နေလဲ

ဓာတ်ပုံ ရင်းမြစ်, Kachin State Comprehensive University

ဓာတ်ပုံ ပုံစာ, ကချင်ပြည်နယ်ဘာသာရပ်စုံတက္ကသိုလ်အောက်က ဆေးပညာသိပ္ပံတက္ကသိုလ်ကို မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ် ‌ဒေါက်တာခင်မောင်လွင် က ကျောင်းအုပ်ကြီးအဖြစ်ဆောင်ရွက်ပြီး လက်တွေ့သင်ကြားရေးဆောင်ရွက်

ဆေးတက္ကသိုလ် (၂) ရန်ကုန်ရဲ့ နောက်ဆုံးနှစ်အပိုင်း (ခ) စာမေးပွဲရလဒ်ကို ၂၀၂၄ နိုဝင်ဘာ ၁၉ ရက်က ထုတ်ပြန်ခဲ့ပြီး ဆေးရုံလက်တွေ့ဆင်းနိုင်သူတွေက Clinical Attachment ဝင်ရောက်လုပ်ကိုင်နေကြပါပြီ။

ဒါဟာ ဆေးတက္ကသိုလ် (၂) ကနေ တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးနယ်မြေတွေကဆေးရုံတွေမှာ Clinical Attachment အဖြစ် (၆) လ ဆင်းရမှာပါ။

“အခုက ဆေးရုံခြောက်ခုမှာ လက်တွေ့ဆင်းနေတဲ့နောက်ဆုံးနှစ်ကျောင်းသား အယောက် ၃၀ ရှိပါတယ်” လို့ ဆေးတက္ကသိုလ် (၂) ရန်ကုန်ရဲ့ ကြားကာလတက္ကသိုလ်ကောင်စီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုကောင်းခန့် က ပြောပါတယ်။

ဒီလိုလက်တွေ့လေ့ကျင့်ရေးပြီးရင် ကြားကာလဆေးတက္ကသိုလ်ကောင်စီကထုတ်ပေးတဲ့ ယာယီဆေးပညာဘွဲ့ ကို ရရှိမှာဖြစ်ပြီး အဲဒီဆေးရုံမှာပဲ အလုပ်သင်ဆရာဝန်အဖြစ် တနှစ်တာဝန်ထမ်းဆောင်ပြီးရင်တော့ ဆေးကုသခွင့်လက်မှတ် (ဆမ) ရရှိမှာပါ။

ဆမ လက်မှတ်ကို ပါမောက္ခဒေါက်တာခင်မောင်လွင်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေတဲ့ ဖက်ဒရယ် ကျန်းမာရေးပညာရှင်များကောင်စီ (FHPC) ကနေ ထုတ်ပေးမှာဖြစ်ပါတယ်။

ယာယီဆေးပညာဘွဲ့ထုတ်ပေးတဲ့ပုံစံကလည်း ဆေးကျောင်းအလိုက်ကွာခြားပါသေးတယ်။

တချို့ကျောင်းမှာတော့ နောက်ဆုံးနှစ်အပိုင်း (ခ) စာတွေ့စာမေးပွဲအောင်မြင်သူတွေကို ဆက်လက်လက်တွေ့ လေ့ကျင့်ရေးဆင်းဖို့လိုအပ်ကြောင်းမှတ်ချက်နဲ့ ယာယီဆေးပညာဘွဲ့ထုတ်ပေးလေ့ရှိပါတယ်။

ဆေးတက္ကသိုလ် (၂) ရန်ကုန်ကတော့ စာတွေ့ရော လက်တွေ့ပါပြီးဆုံးမှ ယာယီဆေးပညာဘွဲ့ထုတ်ပေးတာဖြစ်ပါတယ်။

ဗုံးသံကြားကဆေးရုံတွေမှာ လက်တွေ့ဆင်းသူတွေ

ဗုံးသံကြားကဆေးရုံတွေမှာ လက်တွေ့ဆင်းသူတွေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းမှုလက်မခံကြောင်းဆန္ဒထုတ်ဖော်ခဲ့တဲ့ ဆေးကျောင်းသားတွေ

ကြားကာလဆေးတက္ကသိုလ်ကောင်စီတွေကနေ နောက်ဆုံးနှစ် အပိုင်း (ခ) စာတွေ့စာမေးပွဲအောင်မြင်သွားပြီး နောက် ကျောင်းသားတွေရဲ့ ရွေးချယ်မှုကလည်း ကွဲပြားသွားပါတယ်။

နောက်ဆုံးနှစ်အပိုင်း (ခ) စာတွေ့စာမေးပွဲအောင်မြင်ပြီးနောက် Clinical Attachment လက်တွေ့လေ့ကျင့်ခန်း ဆင်း၊ မဆင်းရွေးချယ်ခွင့်ရှိတဲ့ ကြားကာလဆေးတက္ကသိုလ်တွေ့မှာတော့ လက်တွေ့မဆင်းသူဦးရေကပိုများ တယ် လို့ စုံစမ်းသိရှိရပါတယ်။

စာတွေ့အောင်မြင်ပြီးကြောင်း ယာယီဘွဲ့လက်မှတ်နဲ့ နိုင်ငံတကာကျောင်းတွေမှာ ဆက်လက်ဆေးပညာသင် ယူဖို့ရွေးချယ်ကြတာပါ။

“စာတွေ့အောင်မြင်ပြီးသူတွေထဲက ၃၀ ကနေ ၄၀ ရာခိုင်နှုန်းလောက်ပဲ လက်တွေ့ဆင်းကြတယ်” လို့ ကြားကာလဆေးတက္ကသိုလ်ကောင်စီတခုမှာ ပါဝင်ဆောင်ရွက်နေတဲ့ ဒေါက်တာလွမ်းဝေက ရာခိုင်နှုန်းနဲ့ တွက်ချက်ပြပါတယ်။

ဒီလိုမျိုး Clinical Attachment မရွေးချယ်ရတဲ့ အကြောင်းအရင်း နှစ်ချက်ရှိတယ်လို့ ဒေါက်တာလွမ်းဝေ က သုံးသပ်ပါတယ်။

ပထမအချက်က တော်လှန်ရေးနယ်မြေတွေမှာရောက်ရှိပြီးသား နောက်ဆုံးနှစ်ဆေးကျောင်းသား တွေအတွက် Clinical Attachment ဆင်းဖို့ က လွယ်ကူပေမဲ့ စစ်ကောင်စီစိုးမိုးနယ်မြေတွေကနေ တက်ရောက်တဲ့ကျောင်းသားတွေ အတွက်တော့ လက်တွေ့လေ့ကျင့်ဖို့အခက်အခဲရှိနေပါတယ်။

ဒီလိုအခက်အခဲတွေကြားက Clinical Attachment ဆင်းမယ့် ဆေးကျောင်းသားတွေကို တော်လှန်ရေးစိုးမိုး နယ်မြေတွေက ဆေးရုံတွေမှာလက်ခံနိုင်တဲ့ ပမာဏနည်းပါးတာကတော့ ဒုတိယအခက်အခဲပါ။

“ခွဲတမ်းအရ ဆေးကျောင်း ၅ ကျောင်းလုံးကိုမျှဝေရတာဖြစ်တော့ လားရှိုးပြည်သူ့ဆေးရုံကြီးဆိုရင် စလည်ပတ်ချိန်တုန်းက လက်ခံနိုင်တဲ့သူအရမ်းနည်းတယ်” လို့ ဒေါက်တာလွမ်းဝေက ရှင်းပြပါတယ်။

ဗုံးသံကြားကဆေးရုံတွေမှာ လက်တွေ့ဆင်းသူတွေ

ဓာတ်ပုံ ရင်းမြစ်, Kachin State Comprehensive University

ဓာတ်ပုံ ပုံစာ, ကချင်ပြည်နယ်ဘာသာရပ်စုံတက္ကသိုလ်အောက်က ဆေးပညာသိပ္ပံတက္ကသိုလ်မှာလက်တွေ့သင်ကြားပေးနေကြစဉ်

နောက်ဆုံးနှစ်အပိုင်း (ခ) ကျောင်းသားတိုင်းမဖြစ်မနေ Clinical Attachment ဆင်းရမယ်ဆိုတဲ့ မူဝါဒ ရှိတဲ့ ဆေးတက္ကသိုလ် (၂) ရန်ကုန် က ဆေးကျောင်းသားတွေကတော့ အနည်းဆုံး နှစ်နှစ် ကနေ သုံးနှစ်အထိ မြေပြင်ဆေးရုံမှာ တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။

“ဒါက ဆေးရုံနဲ့ ကျောင်းသားကြား တိုက်ရိုက်သဘောတူညီချက်ပဲ။ တချို့ဆေးရုံက သုံးနှစ်တာဝန်ထမ်း ဆောင်ပေးရမယ်ဆိုရင် Clinical Attachment ခြောက်လ၊ အလုပ်သင် တစ်နှစ်ပြီးရင်တောင် နောက်တနှစ် ခွဲက ဆေးရုံမှာတာဝန်ဆက်ယူရမှာပါ” လို့ ဆေးတက္ကသိုလ် (၂) ရန်ကုန်ရဲ့ ကြားကာလတက္ကသိုလ်ကောင်စီ၊ အတွင်းရေးမှူးအဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုကောင်းခန့် က ရှင်းပြပါတယ်။

ဒါဟာ ပြည်တွင်းမှာတာဝန်ထမ်းဆောင်မယ့် ဆရာဝန်တွေမွေးထုတ်ပေးဖို့ တက္ကသိုလ်ကရည်ရွယ်ထားတာ လို့ သူကဆက်ပြောပါတယ်။

နောက်ဆုံးနှစ်အပိုင်း (ခ) ‌ဆေးကျောင်းသားတွေဟာ ဘယ်ဆေးရုံတွေမှာ လက်တွေ့လေ့ကျင့်ရေး ဆင်းနေကြလဲလို့ ဘီဘီစီက မေးခွန်းထုတ်ခဲ့ ရာမှာတော့ “လည်ပတ်နေတဲ့ဆေးရုံတိုင်းမှာ ကျောင်းသားတွေရှိတယ်” လို့ ဒေါက်တာလွမ်း‌ဝေက တုံ့ပြန်ပါတယ်။

ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတဲ့ လားရှိုးမြို့က ပြည်သူ့ဆေးရုံကြီးမှာသာမက တအာင်းတပ် (TNLA) စိုးမိုးနယ်မြေက ဆေးရုံတွေမှာပါလေ့ကျင့်ဆင်းနေကြပြီး ရှမ်းမြောက်မှာ အများဆုံး လက်တွေ့ဆင်းနေ ကြတယ်လို့ သူက ဆက်ပြောပါတယ်။

ကရင်၊ ကရင်နီသာမက ကချင်၊ စစ်ကိုင်းဘက်က ကြီးကြပ်မယ့်တာဝန်ခံဆရာဝန်ရှိတဲ့ ဆေးရုံတိုင်းကို လက်တွေ့လေ့ကျင့်ရေးဆင်းမယ့် ဆေးကျောင်းသားတွေစေလွှတ်လေ့ရှိပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေကဆေးရုံတွေမှာတာဝန်ထမ်းဆောင်ရတာဖြစ်တဲ့အတွက် လုံခြုံရေး အခြေအနေကြောင့် “ဆေးရုံကို အိမ်လိုမျိုး” နေထိုင်ကြရပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲဒဏ် ကို ပါ သတိပြုကြရပါတယ်။

နိုင်ငံခြားရောက် ဆေးကျောင်းသားတွေ

နိုင်ငံခြားရောက် ဆေးကျောင်းသားတွေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းမှုလက်မခံကြောင်းဆန္ဒထုတ်ဖော်ခဲ့တဲ့ ဆေးကျောင်းသားတွေ

NUG က ထုတ်ပေးတဲ့ စာတွေ့အောင်မြင်ကြောင်း အသိအမှတ်ပြု MBBS ဘွဲ့လက်မှတ်နဲ့ နိုင်ငံတကာမှာ ပညာသင်ကြားမယ့် ဆေးကျောင်းသားတွေအတွက်ကလည်း မတူညီတဲ့ စိန်ခေါ်ချက်တွေရှိနေပါတယ်။

စစ်ကောင်စီဘက်ကတော့ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပေးတဲ့ ဆေးပညာဘွဲ့လက်မှတ်ကို အတုလို့ ကြေညာခဲ့ပြီး ဒီလက်မှတ်နဲ့ ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်းတက္ကသိုလ်မှာ ကျောင်းတက်ဖို့ လျှောက်ထားတဲ့ မန္တလေးဆေးတက္ကသိုလ်ကျောင်းသူ နှစ်ဦးကို အမည်မည်းစာရင်းသွင်းခဲ့တဲ့ဖြစ်စဉ်ရှိခဲ့တာကြောင့်ပါ။

မန္တလေးဆေးတက္ကသိုလ်ကျောင်းသူနှစ်ဦးဖြစ်တဲ့ မဆုပြည့်မျိုးသွယ် နဲ့ မသဉ္ဇာထက်တို့ရဲ့ ယာယီဆေးပညာဘွဲ့ လက်မှတ်တွေကို အတည်ပြုပေးဖို့ ချူလာလောင်ကွန်းတက္ကသိုလ်က စစ်ကောင်စီလက်အောက်က မန္တလေး ဆေးတက္ကသိုလ်ကို နိုဝင်ဘာ ၁၉ ရက်က အကြောင်းကြားလာခဲ့တယ်လို့ သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

နိုင်ငံခြားရောက် ဆေးကျောင်းသားတွေ

ဓာတ်ပုံ ရင်းမြစ်, စစ်ကောင်စီ

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီထုတ်ပြန်ချက်

အကြောင်းကြားလာတဲ့စာရွက်စာတမ်းတွေကိုပါ စစ်ကောင်စီကထုတ်ပြန်လာပြီး ဒီဘွဲ့လက်မှတ်ကို နိုတြီ (သက်သေခံချက်) ပြုလုပ်ပေးခဲ့သူတွေကိုပါ ဖမ်းဆီးတာတွေအထိ ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါတယ်။

ဒီကျောင်းသူ နှစ်ဦးကို ချူလာလောင်ကွန်းတက္ကသိုလ်က တက်ရောက်ခွင့်လက်မခံခဲ့ဘူးလို့ စစ်ကောင်စီက ထုတ်ပြန်ပေမဲ့ ဘီဘီစီရဲ့ စုံစမ်းမေးမြန်းကြည့်ချက်အရ ကျောင်းသူ နှစ်ဦးက ကျောင်းတက်ရောက်ခွင့်ရရှိခဲ့ပါတယ်။

“ချူလာနဲ့ MOE (ပညာရေးဝန်ကြီးဌာန) ကြားကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ အခုက သူတို့အချင်းချင်း ကြား communication gap (နားလည်မှုလွဲမှား) ဖြစ်ပုံပဲ” လို့ NUG ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတဦး ဖြစ်တဲ့ ဒေါ်ဟန်လွင်က ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနက ဝင်ရောက်ဖြေရှင်းရတာမျိုးမရှိဘဲ တက္ကသိုလ်အချင်းချင်းကြားချိတ်ဆက်မှုနဲ့ ပြေလည်မှုရရှိခဲ့တာလို့ သူကဆက်ပြောပါတယ်။

ဒါပေမဲ့ ကျောင်းသူနှစ်ဦးရဲ့ မိသားစုဝင်တွေကို စစ်ကောင်စီကလိုက်လံဖမ်းဆီးတဲ့အခြေအနေအထိပါ ကြုံတွေ့ခဲ့ရတယ်လို့သိရပြီး အသေးစိတ်သိရှိနိုင်ဖို့ ဘီဘီစီအနေနဲ့ ထပ်မံစုံစမ်းနေပါတယ်။

ဒါကြောင့် NUG က ပေးတဲ့ MBBS ဘွဲ့ကိုင်ဆောင်ပြီး နိုင်ငံတကာမှာပညာဆက်လက်သင်ယူလိုသူ၊ ဆေးပညာနဲ့အသက်မွေးလိုသူတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေလည်း မြင့်တက်လာပါတယ်။

“ကျွန်တော်တို့ကတော့ ကိုယ့်စာရွက်စာတမ်းတွေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့ ကျောင်းသားတွေ လိုက်နာရမယ့် စည်းကမ်းတွေမကြာခင်ထုတ်ပြန်ဖို့ရှိပါတယ်” လို့ ဆေးတက္ကသိုလ် (၂) ရန်ကုန်ရဲ့ ကြားကာလတက္ကသိုလ်ကောင်စီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုကောင်းခန့် က ဘီဘီစီကို ပြောပြပါတယ်။

NUG ဘွဲ့ကို နိုင်ငံတကာအသိအမှတ်ပြုမှု ဘယ်လိုရှိလဲ

NUG ဘွဲ့ကို နိုင်ငံတကာအသိအမှတ်ပြုမှု ဘယ်လိုရှိလဲ

ဓာတ်ပုံ ရင်းမြစ်, AFP

တော်လှန်ရေးလေးနှစ်နီးပါးကာလအတွင်း NUG ကထောက်ခံချက်ပေးတဲ့ ကျောင်းသားတွေကို နိုင်ငံတကာ တက္ကသိုလ်တွေက ပိုမိုလက်ခံလာတယ်လို့ ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။

CDM ကျောင်းသားတွေကို လက်ခံလိုက်တဲ့ နိုင်ငံခြားတက္ကသိုလ်က ပထမပညာသင်နှစ်ကနေ ပြန်လည် တက်ခိုင်းရာကနေ အမှတ်တွေကိုလွှဲပြောင်းလို့ရတဲ့ Credit Transfer အဆင့်၊ ကြားကာလတက္ကသိုလ်တွေ ကနေ ဘွဲ့လက်မှတ်တွေကိုလက်ခံပြီး မဟာတန်း (Master) ပေးတက်တဲ့အဆင့် အထိ အသိအမှတ်ပြုမှု တွေရရှိထားတယ်လို့ ဒေါ်ဟန်လွင်က ဆိုပါတယ်။

“တက္ကသိုလ်ချင်းချိတ်ဆက်တဲ့ U to U ပုံစံ၊ တောင်ကိုရီးယားတက္ကသိုလ်ကနေ ကျွန်မတို့ကျောင်းသားတွေကို ပညာတော်သင်ဆုလာပေးပြီး ပထမနှစ်ကနေ စခေါ်သွားတဲ့ G to U ပုံစံတွေရှိပါတယ်”

“အစိုးရချင်းချိတ်ဆက်တဲ့ G to G အဆင့်ရောက်အောင်ကြိုးစားနေတယ်” လို့ သူက ဆက်ရှင်းပြပါတယ်။

NUG ကြားကာလတက္ကသိုလ်ကောင်စီတွေက ပေးတဲ့ MBBS ဘွဲ့အပါအဝင် အခြားဘွဲ့တွေကိုပါ ဗြိတိန်၊ ကနေဒါစတဲ့ အနောက်နိုင်ငံတွေမှာသာမက နိုင်ငံအများစုက တက္ကသိုလ်တွေက လက်ခံတယ်လို့ သိရပါ တယ်။

NUG ရဲ့ MBBS ဘွဲ့ကို ဘယ်တက္ကသိုလ်တွေက လက်ခံနေသလဲလို့ အသေးစိတ်သိရှိနိုင်အောင် ဘီဘီစီက မေးမြန်းကြည့်ခဲ့ပေမဲ့ လုံခြုံရေးအရ တက္ကသိုလ်နာမည်တွေကိုထုတ်မပြောပဲ ထိုင်းနိုင်ငံက ဆေးတက္ကသိုလ် တွေမှာ အများဆုံးတက်ရောက်နေတယ်လို့ ပညာရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။

“ထိုင်းက တက္ကသိုလ်တခုတည်းမှာတင် ကျောင်းသား ၃၀ကျော်တက်နေတယ်” လို့ NUG ရဲ့ ဆေးပညာဘွဲ့ လက်မှတ်နဲ့ နိုင်ငံတကာပညာဘွဲ့ဆက်လေ့လာသူတွေရှိတဲ့အကြောင်း အဆင့်မြင့်ပညာဦးစီးဌာနက တာဝန်ရှိသူတဦးဖြစ်တဲ့ ဆရာမဒေါ်ဟန်လွင်က ထောက်ပြပါတယ်။

ချူလာလောင်ကွန်းတက္ကသိုလ်ဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်း NUG ကြားကာလဆေးတက္ကသိုလ်ကောင်စီရဲ့ ဘွဲ့အတည်ပြုကြောင်းထောက်ခံစာကြောင့် နိုင်ငံတကာမှာအလုပ်လုပ်ကိုင်ခွင့်ရထားတဲ့အကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ် ရေးသားသူတွေလည်း ရှိလာပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက်တဲ့ Stanford University မှာ NUG ကြားကာလဆေးတက္ကသိုလ်ကောင်စီရဲ့ ဘွဲ့အတည်ပြုကြောင်းထောက်ခံစာကို လက်ခံပြီး အလုပ်လုပ် ကိုင်ခွင့်ရရှိခဲ့တဲ့အကြောင်း ဆရာဝန်တဦးက ဖေ့စ်ဘုတ်စာမျက်နှာ ပေါ်မှာ နိုဝင်ဘာ ၂၄ ရက်နေ့တုန်းက ထုတ်ဖော်ရေးသားခဲ့တာပါ။

“ကိုယ်ရော ကိုယ့်အစ်မရော ၂ ယောက်လုံး အလုပ်ရခဲ့တာပါ။ NUG IUC (ကြားကာလဆေးတက္ကသိုလ် ကောင်စီ) ကို အသိအမှတ်ပြုပြီး ကျောင်းတက်အလုပ်လုပ်နေတဲ့ တခြား ကိုယ်မသိတဲ့ ဆေးပညာ မောင်နှမတွေလည်း ရှိကောင်းရှိနေနိုင်ပါသေးတယ်” လို့ သူက ရေးသားခဲ့ပါတယ်။

ကြားကာလဆေးတက္ကသိုလ်ကောင်စီတခုမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ဒေါက်တာလွမ်းဝေကလည်း ၂၀၂၂ ခုနှစ်တုန်းက ဆေးတက္ကသိုလ် ၁ ကျောင်းဆင်းတဦးကို ကနေဒါနိုင်ငံမှာ လုပ်ကိုင်ခွင့်ပြုဖို့ အတွက် NUG ကြားကာလ ဆေးတက္ကသိုလ် ရဲ့အတည်ပြုချက်ကို လက်ခံပေးခဲ့တာက ပထမဆုံးဖြစ်ရပ်လို့ ထောက်ပြပါတယ်။

အွန်လိုင်းပညာရေးစနစ်က ဆရာဝန်အရည်အသွေး

အွန်လိုင်းပညာရေးစနစ်က ဆရာဝန်အရည်အသွေး

ဓာတ်ပုံ ရင်းမြစ်, NUG MOE

နိုင်ငံတကာမှာ ဆေးပညာဆက်လက်လေ့လာအသက်မွေးဖို့ဖြစ်စေ၊ ပြည်တွင်းမှာဆေးကုသရေးအတွက်ဖြစ်စေ ဆရာဝန်အရည်အသွေးပြည့်ဝအောင် အွန်လိုင်းအခြေပြုသင်ကြားတဲ့ကြားကာလဆေးတက္ကသိုလ်တွေက ဘယ်လိုဆောင်ရွက်နေလဲဆိုတာကအများသိချင်တဲ့ နောက်ထပ်မေးခွန်းတခုဖြစ်ပါတယ်။

ကိုယ်တိုင်လေ့လာရတဲ့ Self-based သင်ကြားရေးဖြစ်သလို အွန်လိုင်းကလည်းသင်ယူရတာကြောင့် ကျောင်းရပ်နားတဲ့ ကျောင်းသားအရေအတွက်တိုးလာတယ်လို့ ကျောင်းသားအသိုင်းအဝိုင်းကပြောပါတယ်။

ဆေးတက္ကသိုလ် (၂) ရန်ကုန်ရဲ့ နောက်ဆုံးနှစ်အပိုင်း (ခ) အတန်း ပထမအသုတ်မှာဆိုရင် စာရင်းပေးသူ အယောက် ၁၅၀ ရှိပေမဲ့ Clinical Attachment အဆင့်အထိ ရောက်လာတဲ့ကျောင်းသားက အယောက် (၃၀) သာရှိပါတယ်။

“အရင်ကလည်း ရပ်နားကျောင်းသားတွေရှိပေမဲ့ အခုကာလကတော့ နှစ်ဆတိုးလာတဲ့သဘောပါ။ ဒါကို ကုစားနိုင်ဖို့အတွက်လည်း လုပ်ရပါလိမ့်မယ်” လို့ ကြားကာလဆေးတက္ကသိုလ်ကောင်စီဝင်တဦးဖြစ်တဲ့ ဒေါက်တာလွမ်းဝေ က သူ့အမြင်ကို ပြောပါတယ်။

ဘီဘီစီနဲ့ စကားပြောဆိုခွင့်ရတဲ့ ဆေးကျောင်းသားတွေနဲ့ တက္ကသိုလ်ကောင်စီဝင်တွေကတော့ ဒီလိုရပ်နားဆေးကျောင်းသားများပေမဲ့ ကျောင်းဆင်းလာသူတွေမှာ ဆရာဝန်အရည်အသွေးပြည့်ဝအောင် ပိုပြီးစိစစ်ထားတယ်လို့ တပြေးညီပြောကြပါတယ်။

“အရည်အသွေးကို အပြည့်အဝအာမခံနိုင်တယ်” လို့ ဆေးတက္ကသိုလ် (၂) ရန်ကုန်ရဲ့ ကြားကာလတက္ကသိုလ်ကောင်စီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုကောင်းခန့် ကလည်း ဘီဘီစီရဲ့မေးခွန်းကို တုံ့ပြန်ဖြေပါတယ်။

အခုလိုကြားကာလဆေးတက္ကသိုလ်တွေက ယာယီဘွဲ့လက်မှတ်ရရှိမယ့် ဆရာဝန်တွေကို ဘယ်လိုမျိုးအရည်အသွေး စိစစ်အကဲဖြတ်သလဲ၊ နိုင်ငံတကာကအသိအမှတ်ပြုဖို့ဘာတွေဆက်လက်ဆောင်ရွက်နေလဲဆိုတာတွေကို NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနကိုလည်း ဘီဘီစီက မေးမြန်းဖို့ကြိုးစားခဲ့ပေမဲ့ ပြန်လည်ဖြေကြားဖို့ ငြင်းပါတယ်။

အငြိမ်းစားဆရာဝန်ကြီးတဦးကတော့ NUG ရဲ့ အွန်လိုင်းအခြေပြု ကြားကာလဆေးတက္ကသိုလ်တွေသာမက စစ်ကောင်စီရဲ့ ဆေးတက္ကသိုလ်တွေကနေ ကျောင်းဆင်းလာမယ့် ဆရာဝန်တွေမှာပါ အရည်အသွေးပိုင်း ဆိုင်ရာလျော့နည်းနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

“၅၀ ရာခိုင်နှုန်းအထိ CDM ပါဝင်တဲ့အတွက် အနီးကပ်ကြီးကြပ်ပေးမယ့် သင်ကြားရေးဆရာ မလုံလောက်တာက In person (လူတွေ့) သင်ကြားတဲ့ တက္ကသိုလ်တွေမှာလည်း အရည်အသွေးလျော့နိုင် တယ်”

“ဆေးပညာမှာတော့ အွန်လိုင်းကတဆင့် Knowledge (ဗဟုသုတ) အားသာအောင် လေ့လာနိုင်ပေမဲ့ ခွဲစိတ် ဘာသာရပ်တွေမှာတော့ လက်တွေ့ကျွမ်းကျင်တဲ့ skills ပိုင်းမှာ အရည်အသွေးလျော့နိုင်တယ်” လို့ အငြိမ်းစားဆရာဝန်ကြီးတဦးက ဘီဘီစီကို ပြောပါတယ်။

အရပ်သားအစိုးရလက်ထက် ဆေးတက္ကသိုလ်တွေအဆင့်မြှင့်တင်ပြီး မြန်မာ့ဆရာဝန်အရည်အသွေး မြှင့်တင်နိုင်ဖို့ အရှိန်အဟုန်နဲ့ ကြိုးစားနေချိန် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် အရှိန်တန့်စေခဲ့တယ်လို့ ဆိုပါတယ်။

“၂၀၂၁ အစောပိုင်းကလောက် အရည်အသွေးပြည့်ဝဖို့ နည်းနိုင်တယ်” လို့ အငြိမ်းစားဆရာဝန်ကြီး က သုံးသပ်တာပါ။

ကြားကာလဆေးတက္ကသိုလ်ကိုဦးဆောင်သူတွေမှာတော့ မတူညီတဲ့ အမြင်ရှိနေပါတယ်။

ဘာကြောင့်လဲဆိုတော့ ဆေးတက္ကသိုလ်တွေထဲ ပူပူနွေးနွေးအောင်စာရင်းထုတ်ပြန်ထားတဲ့ ဆေးတက္ကသိုလ် ၂ ကြားကာလ တက္ကသိုလ်ကောင်စီရဲ့ နောက်ဆုံးနှစ် အပိုင်း (ခ) စာတွေ့ အောင်မြင်သူတွေထဲမှာတောင် ကယား (ကရင်နီ) ပြည်နယ်က စစ်မြေပြင်မှာ နှစ်နဲ့ချီဆေးကုသနေကြတဲ့ ကျောင်းသားတွေပါဝင်တယ်လို့ ထောက်ပြကြပါတယ်။

အတွေ့အကြုံရှိတဲ့ ဒေါက်တာလွမ်းဝေကတော့ အာဏာမသိမ်းခင်က ဆေးတက္ကသိုလ်တွေက ဆရာဝန်ဘွဲ့ရ လာသူတွေထက် ကြားကာလဆေးတက္ကသိုလ်တွေကနေ ဘွဲ့ရလာသူတွေက ပိုပြီးလက်တွေ့ဆောင်ရွက်နိုင်တယ် လို့ နှိုင်းယှဉ်ပြောပါတယ်။

“ကျွန်တော်တို့တုန်းက လူနာစမ်းပုံစမ်းနည်းမှန်ရင် ကျွန်တော်တို့အောင်ပြီ၊ အခုကျောင်းဆင်းတဲ့သူတွေ ကတော့ ရောဂါကိုကုနေတဲ့အနေအထားအထိကိုရောက်နေကြပါပြီ”