"ထူးချွန်ကျောင်းသားတွေ ကျောင်းပြန်မတက်ကြတော့လို့နစ်နာ" - ကျောင်းသား ၆ သန်းကျော် ကျောင်းအပ်တယ်ဆိုတဲ့ ကျောင်းဖွင့်ရာသီ

ကျောင်းအပ်နှံသူအရေအတွက် မနှစ်ကပညာသင်နှစ်နဲ့ အတူတူနီးပါးရှိနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကျောင်းအပ်နှံသူအရေအတွက် မနှစ်ကပညာသင်နှစ်နဲ့ အတူတူနီးပါးရှိနေ - ပုံဟောင်း

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးရက်တွေမှာ ကျောင်းလာအပ်သူ ၆ သန်း ကျော်ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ဒီစာရင်းဟာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းတွေမှာ အပ်နှံထားတဲ့ ကျောင်းသားဦးရေလို့ သိရပါတယ်။

အရပ်သားအစိုးရလက်ထက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း စုစုပေါင်း ကျောင်းအပ်နှံသူ ၉ ဒသမ ၇ သန်းကျော်ဖြစ်ပြီး တက်ရောက်သူလည်း ၉၃ ရာခိုင်နှုန်း ကျော် ရှိခဲ့တာပါ။

မနှစ်ကတော့ ကျောင်းအပ်နှံသူ ၆ သန်းမှာ ၅ သန်းကျော် ကျောင်းတက်ခဲ့ပြီး ကျောင်းတက်သူ ၉၃ ရာခိုင်နှုန်း ရာခိုင်နှုန်းရှိခဲ့တယ်လို့ ကျောင်းဖွင့်ခါစ အချိန် ထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။

ကိုဗစ်ကာလ ကျောင်းတွေ တစ်နှစ်ပိတ်ထားခဲ့သလို အဲဒီနောက် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ကျောင်းအပ်နှံသူ သိသိသာသာ နည်းသွားခဲ့ပါတယ်။ ‌

အခုချိန်မှာတော့ ပညာသင်နှစ် ၂ နှစ်ကြာပြီးနောက် ကျောင်းနားခဲ့သူတချို့လည်း ဒီနှစ်ကျောင်းဖွင့်ချိန်မှာ ကျောင်းပြန်အပ်လာတာမျိုးတွေလည်း ရှိတယ်လို့ ကျောင်းသား မိဘတွေဆီက သိရပါတယ်။

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် သံလျက်မှော်ရပ်ကွက်မှာဆိုရင် ကျောင်းနေအရွယ် ၉၀ ရာခိုင်နှုန်းလောက်က ကျောင်းပြန်ထားကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်ပွဲတွေ၊ ပစ်ခတ်တိုက်ခိုက်မှုတွေ နဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုတွေ အားကောင်းနေတဲ့ စစ်ကိုင်း၊ မကွေးတို့လို နေရာအများစုမှာတော့ တခြားပညာရေး အစီအစဥ်တွေနဲ့ပဲ သင်ကြားနေကြသူတွေလည်း ရှိနေပါတယ်။

အခုနှစ်ကျောင်းဖွင့်ရာသီ ကျောင်းလာအပ်ကြသူတွေ

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, အခုနှစ်ကျောင်းဖွင့်ရာသီ ကျောင်းလာအပ်ကြသူတွေ

“လူတစ်စု မတော်တာ ကြံစည်လိုက်တဲ့ ကိစ္စမှာ တစ်နိုင်ငံလုံး ပေးဆပ်ရတာ။ အဲဒီမှာ ကလေးတွေရဲ့ အနာဂတ်တွေ အများကြီး ပေးဆပ်လိုက်ရတာ။ တူမလေး တစ်ယောက်ဆို အရမ်းစာ တော်တာ။ သူငယ်တန်းကနေ ငါးတန်းအထိဆက်တိုက် ပထမချည်းရတာ။ အရမ်းမျှော်လင့်ခဲ့တာ။ အခု သူကျောင်းမတက်တော့ဘူး။ ဒီလိုမျိုးကလေးတွေ ဘယ်လောက်များလဲ…” လို့ ကျောင်းအပ်နှံမှုနဲ့ လက်ရှိ ပညာရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ဖွင့်လှစ် သင်ကြားတဲ့ ပညာရေးကို လက်မခံတော့ဘဲ အမျိုးသား ညီညွတ်ရေး အစိုးရ NUG က ဖွင့်လှစ်တဲ့ ပညာရေးကို သင်ကြားသူတွေလည်း ရှိနေပါတယ်။

ပဋိပက္ခဖြစ်တဲ့ဒေသတွေမှာတော့ စစ်ကောင်စီ ဌာနဆိုင်ရာတွေ ရုံးစိုက်ရာ မြို့တွေမှာသာ အခြေခံပညာကျောင်းတွေ ဖွင့်နိုင်ပြီး တခြားကျေးလက်နဲ့ နေရာအများစုက ကျောင်းတွေကတော့ ပိတ်ထားဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ဘေးရှောင် ငါးသောင်းကျော် ရှိတဲ့ ဒီပဲယင်းမြို့နယ်မှာ မြို့ပေါ်မှာ အခြေခံကျောင်းဖွင့်နိုင်ပေမဲ့ စိုင်ပြင်လို ရွာကြီးမှာ မနှစ်ကထိ ကျောင်းမဖွင့်လှစ်နိုင်ဘူးလို့ သိရပါတယ်။

ဒီနှစ်ကျောင်းဖွင့်ရာသီမှာ ကျောင်းပြန်ဖွင့်နိုင်ဖို့ ပြင်ဆင်နေပေမဲ့ ဒေသခံအများစုကတော့ မကြာခဏ စစ်ဘေးတိမ်းရှောင်နေကြတာများတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

စစ်ကြောင်းထိုးတာတွေလို အခြေအနေတွေအပေါ်မူတည်ပြီး ကျောင်းဖွင့်ရတဲ့အတွက် ကျောင်းဖွင့်ချိန်က အရင်ကလို မဟုတ်တော့ဘူးလို့ စစ်ကိုင်းတိုင်းအတွင်း ပဋိပက္ခတွေကြားက စစ်ရှောင်ရင်း ပညာရေးအတွက် သင်ယူနေရပုံကို ဒေသခံတဦးက ပြောပါတယ်။

မိုခါ မုန်တိုင်းဒဏ်သင့်လို့ ကျောင်းတွေ ထောင်ဂဏန်းချီပျက်စီးသွားတဲ့ ရခိုင်ပြည်နယ်မှာတော့ ကျောင်းအပ်နှံသူဦးရေ သုံးသိန်းကျော်ရှိနေတယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အာဏာသိမ်း ၂ နှစ်ကြာပြီးနောက် ကျောင်းပြန်တက်သူတချို့ ပြန်ရှိလာ

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, အာဏာသိမ်း ၂ နှစ်ကြာပြီးနောက် ကျောင်းပြန်တက်သူတချို့ ပြန်ရှိလာ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်ဟာ NLD အစိုးရလက်ထက်က ပြင်ဆင်ခဲ့တဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု စနစ်အရ သင်ရိုးသစ်တွေနဲ့ သင်ကြားရမယ့် အတန်းတွေပါဝင်လာတဲ့ နှစ်လည်းဖြစ်ပါတယ်။

မနှစ်က ပညာသင်နှစ်မှာ Grade-5၊ Grade-8 နဲ့ Grade-11 သင်ရိုးသစ် အတန်းတွေကို ဖွင့်ခဲ့တယ်လို့ သတင်းတွေ ထုတ်ပြန်ခဲ့ပါတယ်။

အခု ပညာသင်နှစ်မှာတော့ ကျန်သင်ရိုးသစ်အတန်းတွေဖြစ်တဲ့ Grade-9 နဲ့ Grade-12 အတန်းတို့ကို ဖွင့်လှစ်သင်ကြားမှာ ဖြစ်တဲ့အတွက် KG+12 သင်ရိုးသစ်နဲ့ အတန်းအားလုံးကို သင်ကြားနိုင်ပြီလို့ မေလအတွင်းမှာ စစ်ကောင်စီ ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောထားပါတယ်။

အလယ်တန်း ပညာရေး KG +9 ပြီးဆုံး အောင်မြင်သူတွေ အသက်မွေးဝမ်းကျောင်းပညာ အခြေခံ ရရှိရေးအတွက် Grade 10၊ Grade 11၊ Grade 12 အတန်းတွေမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ စက်မှုနည်းပညာရပ်တွေကို အခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ စတင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီ အတန်းတွေအတွက် ခရိုင် ၅၀ က စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ၅၁ ကျောင်းမှာ ဖွင့်မယ်လို့ ဆိုပါတယ်။

KG+12 စနစ်ကို NLD အစိုးရ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်က စတင် အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို အာဏာဖီဆန်ပြီး အခြေခံပညာကျောင်းတွေမှာ ကျောင်းတက်သူ လျော့ကျသလို ဆရာ၊ဆရာမ အများအပြားလည်း အာဏာဆန့်ကျင်ဖီဆန်ခဲ့ကြပါတယ်။

နိုင်ငံတဝန်းမှာ ဆရာ၊ဆရာမ အရေအတွက် လေးသိန်းကျော် ရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် အဲဒီအထဲက တစ်သိန်းခွဲ လောက်က စီဒီအမ် လုပ်ကြတယ်လို့ အဲဒီအချိန်က စာရင်းတွေက ဖော်ပြခဲ့ပါတယ်။ အဲဒီနောက် ကျောင်းပြန်တက်သူ တွေ ရှိသလို လုပ်ငန်းခွင် ပြန်မဝင်တော့လို့ အလုပ်က ထုတ်ပယ်ခံရတဲ့ ဆရာ၊ဆရာမတွေလည်း အများအပြား ရှိခဲ့ပါတယ်။

အဲဒါကြောင့် စစ်ကောင်စီက ဖွင့်လှစ်တဲ့ကျောင်းတွေရဲ့ ပညာရေးအရည်အသွေးထက် ပုဂ္ဂလိကျောင်းတွေမှာ ပညာသင်ကြားဖို့ ရွေးချယ်ခဲ့ကြသူတွေလည်း ရှိနေပါတယ်။