လျှို့ဝှက်ရိုက်ကူးမှုကနေ ဖွင့်ချလိုက်တဲ့ ကင်ညာက ကလေးလိင်ကုန်ကူးမှုတွေမှာ 'အန်တီကြီး' တွေရဲ့ ပါဝင်ပတ်သက်မှု

လိင်ကုန်ကူးမှုမှာ ပါဝင်ပတ်သက်တဲ့ အမျိုးသမီးနှစ်ဦး ပုံနှစ်ပုံ။ သူတို့က လျှို့ဝှက်ရိုက်ကူးထားတဲ့ ဗီဒီယိုတွေထဲက ဇာတ်ကောင်တွေဖြစ်ပါတယ်။ ဘယ်ဘက် က သူ့ကိုယ်သူ နီရမ်ဘူရာ လို့ ခေါ် တဲ့ အမျိုးသမီးက ခရင်မ်ရောင်သိုးမွှေးကုတ်အင်္ကျီကို ဝတ်ထားတာကို ညဘက်မှာ မြင်တွေ့ရပါတယ်။ ညာဘက်က ချက်တူးဆိုတဲ့ အမျိုးသမီးဖြစ်ပြီး ဘားတစ်ခုမှာ ထိုင်နေတဲ့သူက မိုးပြာရောင်ဂျာကင်အင်္ကျီကို ၀တ်ဆင်ထားပြီး သူ့ ရှေ့မှာ ဖန်ခွက်တစ်ခုရှိပါတယ်။
ဓာတ်ပုံ ပုံစာ, နီရမ်ဘူရာ (ဘယ်)နဲ့ ချက်တူး (ညာ) တို့က မိုင်ယီမဟီရူမြို့မှာ ပြည့်တန်ဆာအဖြစ်လုပ်နေတဲ့ ကလေးတွေကို ဖော်ထုတ်ခဲ့ပြီး လျှို့ဝှက်စုံစမ်းရေးမှူးများအား ပြောပြခဲ့ပါတယ်။
    • ရေးသားသူ, အန်ဂျယ်ရီ အမ်ဝမ်နီ
    • ရာထူးတာဝန်, ဘီဘီစီအာဖရိကအိုင်း(မိုင်ယီမဟီရူ)
    • ရေးသားသူ, တာမာဆင်ဖို့ဒ်
    • ရာထူးတာဝန်, ဘီဘီစီအာဖရိကအိုင်း

ကင်ညာနိုင်ငံမှာ အသက် ၁၃ နှစ်အောက်အထိ ငယ်တဲ့ကလေးငယ်တွေ ပါဝင်နေတဲ့ ပြည့်တန်ဆာလုပ်ငန်းတွေနောက်ကွယ်မှာ '' အန်တီကြီးတွေ" လို့ လူသိကြတဲ့ "အမျိုးသမီးပြည့်တန်ဆာခေါင်းဆောင် တွေ'' ပါဝင်နေမှုကို ဘီဘီစီ အာဖရိက အိုင်း (BBC Africa Eye)အဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။

ကင်ညာနိုင်ငံ၊ ရစ်ဖ် တောင်ကြား (Rift Valley)က ခရီးတစ်ထောက်နားမြို့ မိုင်ယီမဟီရူဟာ ကုန်တင်ကားတွေနဲ့ ပြည့်နေတတ်တဲ့ မြို့လေးဖြစ်ပါတယ်။ ဒီမြို့ကနေ နောက်ထပ် အာဖရိက ၄ နိုင်ငံဖြစ်တဲ့ ယူဂန်ဒါ၊ ရဝမ်ဒါ၊ တောင်ဆူဒန်နဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွေကို ကုန်ပစ္စည်းတွေနဲ့ လူတွေ နေ့စဉ် ဖြတ်ပါတယ်။

သယ်ယူပို့ဆောင်ရေးရဲ့ အဓိကဖြစ်တဲ့ အဲဒီနေရာဟာ နိုင်ရိုဘီမြို့တော်အရှေ့ဘက် ၃၁ မိုင် (၅၀ ကီလိုမီတာ) အကွာမှာရှိပြီး ပြည့်တန်ဆာအများစုရှိရာနေရာလို့ သိကြသလို၊ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာအလွဲသုံးစားပြုမှုတွေ ရှိတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။

သတင်းလျှို့ဝှက်စုံစမ်းသူ နှစ်ဦးက လိင်အလုပ်သမတွေအဖြစ်ဟန်ဆောင်ပြီး မဒမ်တွေဖြစ်လာအောင် သင်ယူချင်လို့ပါဆိုပြီး ဒီလိင်ပိုင်းဆိုင်ရာ ရောင်းဝယ်ဖောက်ကားမှုကွန်ရက်ထဲမှာ ဒီနှစ်ဆန်းကစလို့ လပေါင်းတော်တော်ကြာကြာ စိမ့်ဝင်ထောက်လှမ်းခဲ့ပါတယ်။

ကင်ညာမှာ ဒီလိုပြည့်တန်ဆာလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်သူတွေကို မဒမ် (အန်တီကြီး) တွေလို့ ခေါ်ကြပါတယ်။

စုံစမ်းဖော်ထုတ်သူတွေက လျှို့ဝှက်ရိုက်ကူးခဲ့တဲ့ထဲမှာ အမျိုးသမီးနှစ်ဦးက ပြည့်တန်ဆာလုပ်ငန်းဟာ ဥပဒေနဲ့မညီဘူးဆိုတာသိတယ်လို့ ပြောပါတယ်၊ ဒါပေမဲ့ သူတို့ကပဲ စုံစမ်းဖော်ထုတ်သူတွေကို အသက်မပြည့်သေးတဲ့ မိန်းကလေးတွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

ရရှိထားတဲ့အထောက်အထားအားလုံးကို ကင်ညာရဲတပ်ဖွဲ့ကို ဘီဘီစီက မတ်လအတွင်းမှာပေးအပ်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက အဲဒီ ပြည့်တန်ဆာခေါင်းတွေဟာ နေရာပြောင်းရွှေ့သွားကြတယ်လို့ ဘီဘီစီက သိထားရပါတယ်။

ဒါပေမဲ့ အဲဒီလို ပြည့်ဆန်ဆာလုပ်ငန်းထဲ ပတ်သက်နေတာကို မှတ်တမ်းတင်ထားနိုင်တဲ့အမျိုးသမီးတွေနဲ့ မိန်းမငယ်လေးတွေကို လိုက်လံစုံစမ်းဖို့ မဖြစ်နိုင်ဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီကနေ့ အထိလည်း သူတို့ကို ဖမ်းဆီးအရေးယူခြင်း မရှိသေးပါဘူး။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကင်ညာမှာတော့ ဒီလိုအမှုတွေနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်စီရင်နိုင်မှုတွေ မရှိသလောက်ရှားပါတယ်။ အမှုစစ်ဆေးတာအောင်မြင်ဖို့အတွက်ဆိုရင် ရဲတပ်ဖွဲ့ဟာ ကလေးတွေဆီကနေ သက်သေထွက်ဆိုချက်တွေရရှိဖို့ လိုအပ်ပါတယ်။ ကလေးသူငယ်တွေဟာ ရဲဆီလာပြီး သက်သေခံထွက်ဆိုဖို့ စိုးရိမ်ကြောက်ရွံ့ကြပါတယ်။

အမှောင်ထဲက လမ်းတစ်ခုပေါ်မှာ ရိုက်ကူးခဲ့ရလို့ မှုန်ဝါးဝါးဖြစ်နေတဲ့ ဘီဘီစီရဲ့ ဗီဒီယိုတစ်ခုထဲမှာတော့ သူ့ကိုယ်သူ နီရမ်ဘူရာလို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးကိုတွေ့ရပါတယ်။

သူက "သူတို့ကလေးတွေပဲရှိသေးတာ၊ အဲဒါကြောင့် သူ့တို့ကို ကောင်းကောင်းကိုင်တွယ်လို့ရတယ်၊ သကြားလုံးလေးကျွေးထားလိုက်ရင် ပြီးတာပဲ" လို့ ရယ်မောရင်း ပြောပါတယ်။

"ပြည့်တန်ဆာလုပ်ငန်းဟာ မိုင်ယီမဟီရူမြို့ မှာ ငွေရလွယ်တဲ့လုပ်ငန်းပါ။ ကုန်ကားမောင်းသူတွေက ဒီလုပ်ငန်းအလုပ်ဖြစ်ဖို့ လောင်စာဆီတွေပါ။ ကျွန်မတို့လည်း အလုပ်ဖြစ်တာပေါ့။ ဒါက မိုင်ယီမဟီရူမြို့မှာ ပုံမှန်အနေအထားလိုဖြစ်နေပြီ" လို့ သူက ရှင်းပြပါတယ်။ သူ့မှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးရှိတယ်လို့ဆိုပါတယ်။ ဒီလုပ်ငန်းထဲရောက်နေတာ ၆ လ ရှိပြီလို့ ဆက်ပြောပြပါတယ်။

"အရွယ်မရောက်သေးသူတွေနဲ့ အလုပ်လုပ်ရတာက အရမ်းကို စွန့်စားရတာမျိုး ဖြစ်လာတယ်။ သူတို့ကို မြို့ထဲကို ပွင့်ပွင့်လင်းလင်း ခေါ်ထုတ်လို့မရဘူး။ တကယ့်ကို လျှို့လျှို့ဝှက်ဝှက်နဲ့ ညဘက်မှာမှ သူတို့ကိုခိုးထုတ်လို့ရတာ" လို့ နီရမ်ဘူရာက ပြောပါတယ်။

ကင်ညာရဲ့ နိုင်ငံတော် ဥပဒေမှာ အရွယ်ရောက်ပြီးသူတွေ ပြည့်တန်ဆာလုပ်ငန်းလုပ်တာကို ရာဇဝတ်မှုအဖြစ် အတိအလင်းပြဋ္ဌာန်းမထားပါဘူး။ ဒါပေမဲ့ ဒေသဆိုင်ရာ နည်းဥဒေတွေမှာတော့ တားမြစ်ထားတာတွေရှိပါတယ်။

ဒါပေမဲ့ နာကူရူခရိုင်ထဲမှာ ပါတဲ့ မိုင်ယီမဟီရူမြို့ မှာတော့ အဲဒါမျိုးကို ကန့်သတ်မထားပါဘူး။

ရာဇသတ်ကြီးဥပဒေအရ လိင်လုပ်သားအဖြစ်လုပ်ကိုင်တာဖြစ်စေ၊ ပြည့်တန်ဆာလုပ်ငန်း ဖြစ်မြောက်အောင်ဆောင်ရွက်ပေးတာဖြစ်စေ၊ ပြည့်တန်ဆာလုပ်ငန်းက အကျိုးအမြတ်ရဖို့ ဆောင်ရွက်ခြင်းဖြစ်စေ အဲဒီလို လုပ်ရတာက ရတဲ့ဝင်ငွေနဲ့ နေထိုင်တာက တရားမဝင်ပါဘူး။

ဒါပေမဲ့ အသက် ၁၈ နှစ်အောက် အရွယ်မရောက်သေးသူတွေကို လူကုန်ကူးခြင်း ဒါပေမဲ့ ရောင်းချခြင်းအတွက် ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်ပါတယ်။

ဖောက်သည်တွေက ကွန်ဒုံးသုံးကြလားလို့ မေးတဲ့အခါမှာတော့ သူကတော့ များသောအားဖြင့်အကာအကွယ်တွေ သုံးခိုင်းပါတယ်လို့ နီရမ်ဘူရာ ကပြောပါတယ်။ ဒါပေမဲ့ မသုံးသူ တချို့တလေလည်း ရှိတယ်လို့ ဆိုပါတယ်။

"ကလေးအချို့ ကတော့ ငွေပိုလိုချင်ကြတယ် (ဒါကြောင့် ကွန်ဒုံး မသုံးပဲလည်း လက်ခံတယ်)။ တချို့ကျတော့ ဖောက်သည်က မသုံးဘဲ အတင်းအဓမ္မ ဆက်ဆံတာခံကြရတယ်" လို့ သူကပြောပါတယ်။

နောက်တစ်ချိန်မှာတော့ နီရမ်ဘူရာက စုံစမ်းဖော်ထုတ်သူကို တစ်နေရာကို ခေါ်သွားပါတယ်. အဲဒီမှာ မိန်းကလေးငယ် သုံးယောက်က ဆိုဖာ ပေါ်မှာ စုပြီးထိုင်နေကြပါတယ်။ နောက်တစ်ယောက်က ကုလားထိုင်တစ်လုံးပေါ် မှာ ထိုင်နေပါတယ်။

နီရမ်ဘူရာအခန်းထဲကထွက်သွားချိန်မှာတော့ စုံစမ်းသတင်းယူတွေက မိန်းကလေးတွေနဲ့ သီးသန့်စကားပြောဖို့ အခွင့်အရေးရသွားခဲ့ပါတယ်။

သူတို့က နေ့တိုင်းလိုလိုမှာပဲ ထပ်ခါထပ်ခါ လိင်ပိုင်း အလွဲသုံးခံရတာရှိတယ်လို့ ပြောပြကြပါတယ်။

"တခါတလေဆို လူအများကြီးနဲ့ လိင်ဆက်ဆံရတယ်။ ဖောက်သည်တွေက တွေးလို့တောင်မရနိုင်တဲ့ဟာမျိုးတွေကို လုပ်ခိုင်းကြတယ်" လို့ မိန်းကလေးငယ်တစ်ယောက်က ပြောပါတယ်။

ကင်ညာလိင်လုပ်ငန်းမှာ အတင်းအဓမ္မအလုပ်စေခိုင်းခံရတဲ့ ကလေးအရေအတွက် စာရင်းဆိုတာ လတ်တလော မရှိသေးပါဘူး။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကင်ညာနိုင်ငံအတွင်း လူအခွင့်ရေးလုပ်ထုံးလုပ်နည်းတွေအကြောင်း ပြုစုခဲ့တဲ့ ၂၀၁၂ ခုနှစ် အစီရင်ခံစာမှာတော့ ကလေးလိင်လုပ်သား ခန့်မှန်းခြေ ၃၀,၀၀၀ လောက်ရှိတယ်လို့ ဖော်ပြပါတယ်။

အဲ့ဒီအချက်အလက်ကလည်း ကင်ညာအစိုးရ နဲ့ အခုရပ်ဆိုင်းသွားပြီးဖြစ်တဲ့ ကင်ညာနိုင်ငံ ကလေးလိင်လုပ်သား ပပျောက်ရေးဆိုတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေပါ။

တခြားလေ့လာမှုတွေကတော့ ကင်ညာရဲ့ ခရီးသွားတွေအပန်းဖြေရာ ကမ်းရိုးတန်းဒေသတွေ ကို အထူးပြုလေ့လာထားပါတယ်။

ခေတ်သစ်ကျွန်ပြုမှုတိုက်ဖျက်ရေးနိုင်ငံတကာရန်ပုံငွေအဖွဲ့ ရဲ့ ၂၀၂၂ ခုနှစ်အစီရင်ခံစာအရ ကီလီဖီနဲ့ ကဝေလီကောင်တီနယ်မြေတွေမှာ ကလေး ၂,၅၀၀ လောက်ဟာ လိင်အလုပ်သမားအဖြစ် အတင်းအကျပ် စေခိုင်းခံရတယ်လို့ တွေ့ရှိခဲ့ပါတယ်။

ဒုတိယမြောက် အသွင်ယူ သတင်းယူတဲ့သူဟာ သူ့ကိုယ်သူ ချက်တူး လို့ ခေါ်တဲ့ အမျိုးသမီးတစ်ဦးရဲ့ ယုံကြည်မှုကိုရရှိခဲ့ပြီး သူနဲ့ အကြိမ်များစွာတွေ့ဆုံခွင့်ရခဲ့ပါတယ်။

အဲ့ဒီအမျိုးသမီး ပြောတာက ငယ်ရွယ်တဲ့မိန်းကလေးတွေကို ရောင်းစားတာဟာ သူ့ "ဘဝကိုသက်သောင့်သက်သာနဲ့ ဝင်ငွေရစေတယ်" လို့ ဆိုပါတယ်။

"ဒီလုပ်ငန်းက တရားမဝင်လို့ အတော့်ကို သိုသိုသိပ်သိပ်နဲ့ လုပ်ရတယ်" လို့ သူက ပြောပါတယ်။

"တစ်ယောက်ယောက်က အသက်ငယ်ငယ် မိန်းကလေးတစ်ယောက် လိုချင်တယ်လို့ ပြောလာရင် ကျွန်မက သူတို့ကို ပိုက်ဆံတောင်းပါတယ်။ ကလေးငယ်တွေနဲ့ ဆက်ဆံဖို့ အမြဲပြန်လာတဲ့ ပုံမှန်ဖောက်သည်တွေလည်း ရှိတယ်။"

ချက်တူးက အသွင်ယူထားသူကို ကလပ်တစ်ခုကိုခေါ်သွားပြီး သူ့ရဲ့ မိန်းကလေး လေးယောက် နဲ့ မိတ်ဆက်ပေးပါတယ်။ အငယ်ဆုံးမိန်းကလေးက သူ့အသက် ၁၃ နှစ်လို့ ပြောပါတယ်။ တခြားသူတွေကတော့ အသက် ၁၅ နှစ်လို့ ပြောကြပါတယ်။

ကောင်မလေးတွေဆီက ရတဲ့ အကျိုးအမြတ်တွေကို သူက ဖွင့်ဟပါတယ်။ မိန်းကလေး တစ်ယောက်က ကင်ညာငွေ ရှီလင်း ၃,၀၀၀ (အမေရိကန်ဒေါ်လာ ၂၃, ဗြိတိသျှပေါင် ၁၇) ရရင် ရှီလင်း ၂,၅၀၀ ကို သူယူတယ်လို့ ပြောပါတယ်။

မိုင်ယီမဟီရူမြို့က နောက်ထပ် အိမ်တစ်လုံးမှာ ချက်တူးက အသွင်ယူထားသူကို အသက်မပြည့်သေးတဲ့ မိန်းကလေး နှစ်ဦးနဲ့ တွေ့ပေးခဲ့ပါတယ်။

သူတို့ထဲက တစ်ယောက်ကတော့ တစ်ရက်ကို အမျိုးသား ၅ ယောက် နဲ့ အတူအိပ်ပေးရတယ် လို့ ပြောပါတယ်။ ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံဖို့ ငြင်းရင် ဘာဖြစ်မလဲလို့ မေးတဲ့အခါ သူ့မှာ ရွေးချယ်ခွင့် မရှိဘူးလို့ ပြောပါတယ်။

"ကွန်ဒုံးမပါလည်း လိင်ဆက်ဆံပေးရတယ်။ ကျွန်မက မိဘမဲ့လေ။ သူတို့ လိုက်ရင် ကျွန်မမှာ ပြေးစရာနေရာ မရှိဘူး။"

ကင်ညာနိုင်ငံက လိင်လုပ်ငန်းဟာ ရှုပ်ထွေးပါတယ်။ ကလေးပြည့်တန်ဆာလုပ်ငန်းမှာ အမျိုးသားတွေရော အမျိုးသမီးတွေပါ ပါဝင်နေတဲ့ မှောင်မိုက်တဲ့ကမ္ဘာဖြစ်ပါတယ်။

မိုင်ယီမဟီရူမြို့မှာ အတင်းအဓမ္မစေခိုင်းခံရတဲ့ ကလေးငယ် ဘယ်လောက်ရှိလဲဆိုတာ မသိရပါဘူး။ ဒါပေမယ့် လူဦးရေ ငါးသောင်းဝန်းကျင် လောက်သာ ရှိတဲ့ ဒီမြို့ငယ်လေးမှာတေ့ာ သူတို့တွေကို မျက်မှန်းတန်းမိ သိကြပါတယ်။

"ကလေးလေး" လို့ သိကြတဲ့ လိင်အလုပ်သမားဟောင်းတစ်ဦးကတေ့ာ မိုင်ယီမဟီရူမြို့မှာ လိင်အလွဲသုံးစားခံရမှုကနေ လွတ်မြောက်လာတဲ့ မိန်းကလေးတွေအတွက် ခိုလှုံစရာနေရာ ပံ့ပိုးပေးနေပါတယ်။

သူဟာ အခု အသက် ၆၁ နှစ်ရှိပါပြီ။ အသက် ၂၀ အရွယ် ကတည်းက လမ်းမတွေပေါ် ဖောက်သည်ရှာခဲ့ရပြီး လိင်လုပ်ငန်းမှာ နှစ် ၄၀ လောက်လုပ်ခဲ့သူပါ။ အိမ်တွင်း အကြမ်းဖက်မှုတွေကြောင့် သူ့အမျိုးသားဆီက ပြေးလာချိန်မှာ သူဟာ ကိုယ်ဝန်လွယ်ထားရပြီး ကလေးငယ် သုံးယောက်လည်း ပါလာပါတယ်။

သူ့ရဲ့ အိမ်ရှေ့ခန်းက သစ်သားစားပွဲဝိုင်းမှာ ဘီဘီစီကို အမျိုးသမီးငယ် ၄ ယောက် နဲ့ မိတ်ဆက် ပေးပါတယ်။ သူတို့ဟာ မိုင်ယီမဟီရူမြို့က လိင်လုပ်ငန်းမှာ အန်တီတွေရဲ့ အတင်းအဓမ္မစေခိုင်းခံခဲ့ရသူတွေ ပါ။

လေးယောက်လုံးကတော့ မိသားစုတကွဲတပြားဖြစ်တာ ဒါမှမဟုတ် အိမ်တွင်းမှာ နှိပ်စက်ခံရတယ် ဆိုတဲ့ ဘဝဇာတ်ကြောင်းတွေ တူကြပါတယ်။

ဒါတွေကို လွတ်မြောက်ဖို့ မိုင်ယီမဟီရူမြို့ကို လာခဲ့ပေမယ့် အကြမ်းဖက်မှုတွေပဲ ထပ်ခံရပြန်ပါတယ်။

မစ်ရှဲ ဆိုသူကတော့ အသက် ၁၂ နှစ်အရွယ်မှာ သူ့မိဘတွေဟာ HIV ရောဂါနဲ့ ဆုံးပါးသွားခဲ့ပြီး လမ်းမတွေ ပေါ်ကို ရောက်ခဲ့ရပါတယ်။ အဲဒီလို နဲ့ သူ့အတွက် နေစရာပေးခဲ့တဲ့ အမျိုးသားတစ်ဦးနဲ့ တွေ့ခဲ့ပြီး အဲဒီအမျိုးသားကပဲ သူ့ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ လုပ်ခဲ့တာပါ။

"ကျွန်မကို စောင့်ရှောက်ပေးတဲ့အတွက် သူ့ကို ကြင်ကြင်နာနာ ပေးဆပ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ သည်းခံနိုင်စွမ်းကို ကျော်ခဲ့ ပါတယ်။ ကျွန်မဘက်မှာလည်း ဘယ်သူမှမရှိခဲ့ဘူး" လို့ သူကပြောပါတယ်။

နှစ်နှစ်အကြာမှာတော့ မိုင်ယီမဟီရူမြို့ က ပြည့်တန်ဆာခေါင်း အမျိုးသမီးတစ်ဦးက သူ့ကို ချဉ်းကပ်ခဲ့ပါတယ်။ ပြီးတော့ လိင်လုပ်ငန်းမှာ အတင်းအဓမ္မစေခိုင်းခံခဲ့ရပါတယ်။

BBC
I am not afraid any more, because Baby Girl is there for me. She is helping us bury the past"
Lilian, a 19-year-old orphan studying photography as she recovers from abuse

အသက် ၁၉ နှစ်အရွယ် လီလီယမ်လည်း ငယ်ရွယ်စဉ်ကတည်းက မိဘတွေကို ဆုံးရှုံးခဲ့ရသူပါ။ သူ့ဦးလေးနဲ့ အတူနေခဲ့ရပြီး ဦးလေးက သူရေချိုးနေတဲ့အချိန်မှာဗီဒီယိုရိုက် ပြီးရင် သူငယ်ချင်း တွေကို ပြန်ရောင်းစားတာပါ။ အဝေးကကြည့်တဲ့အဆင့်ကနေ မုဒိန်းကျင့်ခံရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

"ကျွန်မဘဝရဲ့ အဆိုးဆုံးနေ့ရက်ပါ။ အဲဒီအချိန်က ကျွန်မ အသက် ၁၂ နှစ်ပဲရှိသေးတာ။"

သူလွတ်မြောက်လာတဲ့အချိန် မိုင်ယီမဟီရူမြို့ကို ခေါ်တင်ခဲ့တဲ့ ကုန်ကားမောင်းသမားက သူ့ကို ထပ်မံ မုဒိန်းကျင့်ခဲ့ပါတယ်။ မစ်ရှဲဖြစ်စဉ်အတိုင်းပဲ အမျိုးသမီးတစ်ဦးက သူ့ကို ချဥ်းကပ်လာခဲ့ပြီး လိင်လုပ်ငန်းမှာ အတင်းအဓမ္မ စေခိုင်းခဲ့ပါတယ်။

ဒီ ငယ်ရွယ်တဲ့ မိန်းကလေးတွေရဲ့ဘဝဟာ အကြမ်းဖက်မှု၊ အလွဲသုံးစားလုပ်ခံရမှုနဲ့ အမေ့လျောခံရမှု တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

အခုတော့ "ကလေးလေး"ဆိုတဲ့ အမျိုးသမီးက သူတို့ကို ကာကွယ်စောင့်ရှောက်ပေးနေပါတယ်။ အသက်မွေးဝမ်းကျောင်း အတတ်ပညာအသစ်တွေ သင်ယူနေပါပြီ။ နှစ်ဦးက ဓာတ်ပုံစတူဒီယိုမှာ လုပ်ခဲ့ပြီး နောက်ထပ် နှစ်ယောက်ကတော့ အလှပြင်ဆိုင်မှာလုပ်နေပါတယ်။

နောက်ပြီး သူတို့တွေဟာ "ကလေးလေး" ရဲ့ လူထုအကျိုးပြု အကူအညီပေးရေးလုပ်ငန်းတွေမှာလည်း ပါဝင်ကူညီနေပါတယ်။

နှာကုရု ကောင်တီနယ်မြေဟာ ကင်ညာနိုင်ငံအတွင်း HIV ကူးစက်မှုအမြင့်ဆုံးနေရာတွေထဲက တစ်ခုပါ။ "ကလေးလေး"ရဲ့ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းရဲ့ ဆိုးကျိုးတွေအကြောင်း အသိပညာပေးတဲ့အစီအစဥ်တွေကို အမေရိကန်ရဲ့ USAID က ကူညီထောက်ပံ့ပေးနေခဲ့ပါတယ်။

နိုင်ဗက်စ်ရှာမြို့က ခါရာဂီတာ လူမှုကျန်းမာရေးစင်တာမှာ သူ့ရုံးခန်းဖွင့်ထားပါတယ်။ အဲဒီမှာ ကွန်ဒုံးအခမဲ့ထောက်ပံ့ပေးတာ၊ အကြံဉာဏ်ပေးတာတွေ သူလုပ်ဆောင်ပေးနေပါတယ်။

ဒါပေမဲ့လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ USAID ရန်ပုံငွေ ရပ်ဆိုင်းမှုကြောင့် သူ့ လူထုအကျိုးအပြုလုပ်ငန်းတွေဟာ ရပ်တန့်ခဲ့ရပါတယ်။

အနက်ရောင် ခေါင်းစွပ်အင်္ကျီ၊ ဦးထုပ် အဖြူရောင်ဆောင်းပြီး နဲ့ ရွှေပုတီးနားကပ်ကို ဝတ်ဆင်ထားတဲ့ ကလေးလေးလေးဆိုတဲ့ အမျိုးသမီးက နိုင်ဗက်စ်ရှာ ရှိ လမ်းပေါ်မှာ ကွန်ဒုံးများကို ထုတ်ပေးနေချိန် ပြုံးနေပါတယ်။
ဓာတ်ပုံ ပုံစာ, "ကလေးလေး"ရဲ့ ဖြန့်ဝေမှုလုပ်ငန်း တစ်စိတ်တစ်ပိုင်းအနေနဲ့ နာကူရီ ကောင်တီရှိ နိုင်ဗက်စ်ရှာအနီး လမ်းများပေါ်မှာ ကွန်ဒုံးများ ထုတ်ပေးပါတယ်။

"စက်တင်ဘာလ ကစပြီး ကျွန်မတို့ အလုပ်လက်မဲ့ဖြစ်တော့မှာပါ" လို့ သူက ဘီဘီစီကမ္ဘာတလွှား အစီအစဥ်ကို ပြောပါတယ်။ သူ့အပေါ်မှီခိုနေရတဲ့ ငယ်ငယ်ရွယ်ရွယ် မိန်းကလေးတွေနဲ့ အမျိုးသမီးတွေအတွက် သူ စိုးရိမ်နေတဲ့အကြောင်းလည်း ပြောပါတယ်။

"ဒီကလေးတွေ ဘယ်လောက် ထိလွယ်ခိုက်လွယ် လည်းဆိုတာ တွေ့မှာပါ။ သူ့တို့ ကိုယ်ဟာကိုယ်ဘယ်လို ရှင်သန်ကြမလဲ။ အခုမှ သူတို့လေးတွေရဲ့ အနာဟောင်းတွေ ကျက်ခါစပါ။"

အမေရိကန်အစိုးရကတော့ ရန်ပုံငွေတွေဖြတ်တောက်မှုကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးသက်ရောက်မှု တွေနဲ့ ပတ်သက်လို့ တုံ့ပြန်ဖြေဆိုတာမရှိခဲ့ပါဘူး။ USAID ကိုလည်း ပြီးခဲ့တဲ့လကပဲ တရားဝင် ပိတ်သိမ်းလိုက်ပါပြီ။

အခုတော့ လီလီယမ် တစ်ယောက် ဓာတ်ပုံပညာကို အာရုံစိုက်လေ့လာနေပါတယ်။ ကြုံတွေ့ခဲ့ရတဲ့ အလွဲသုံးစားမှုတွေကနေ ပြန်လည်ကုစားနေရဆဲပါ။

"ကျွန်မ ဘာကိုမှ မကြောက်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ 'ကလေးလေး'က ကျွန်မအတွက် အမြဲ ရှိနေတယ်" လို့ သူကပြောပါတယ်။ "ကျွန်မတို့ရဲ့ အတိတ်ဆိုးတွေကို မြေမြှုပ်ပစ်နိုင်ဖို့ သူက ကူညီပေးနေပါတယ်။"