ဘေးလွယ်အိတ် တုပထုတ်တယ်ဆိုပြီး ရှီအင်းကို ယူနစ်ကလို တရားစွဲ

ယူနစ်ကလို(Uniqlo)ဟာ သူ့ရဲ့လူကြိုက်များတဲ့ ပခုံးတင်လွယ်အိတ် ‘‘မယ်ရီပေါ့ပင်းစ်’’ ဒီဇိုင်းကို ပုံစံတူ တုပ ထုတ်ရောင်းချတယ်ဆိုပြီး စျေးချိုဖက်ရှင်တံဆိပ် ရှီအင်း(Shein)ကို တရားစွဲလိုက်ပါတယ်။

အဲဒီအမှုကို တိုကျိုမှာ တိုင်ကြားတာဖြစ်ပြီး ရှီအင်းက ထုတ်တဲ့အိတ်တချို့ဟာ ယူနစ်ကလိုရဲ့ ပခုံးလွယ်အိတ်နဲ့ ‘‘အတော်လေး ဆင်တူ’’နေပြီး ယူနစ်ကလိုတံဆိပ်ကို သုံးစွဲသူတွေကြားမှာ တံဆိပ်အပေါ် ယုံကြည်မှုကို ထိခိုက်စေနိုင်တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

ယူနစ်ကလိုရဲ့ အဲဒီပခုံးလွယ်အိတ်ဟာ အွန်လိုင်းမှာ အတော်လေး ရေပန်းစားပြီး တစ်တော့ဗီဒီယို ဖန်တီးသူတွေဆိုရင် အဲဒီအိတ်က ပစ္စည်းအတော်များများကို ဝင်ဆန့်တယ်ဆိုတဲ့အကြောင်း ဗီဒီယိုတွေတောင်ဖန်တီး တင်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာပေးဖို့ ဘီဘီစီရဲ့ ဆက်သွယ်မှုကိုတော့ ရှီအင်းဘက်က ချက်ချင်း အကြောင်းပြန်တာမရှိသေးပါဘူး။

ယူနစ်ကလိုဘက်ကတော့ ရှီအင်းအနေနဲ့ ထုတ်ထားတဲ့ အိတ်တွေကို ရောင်းချနေတာ ချက်ချင်း ရပ်တန့်ဖို့ တောင်းဆိုသလို ‘‘ဖြစ်ပြီးသား နစ်နာမှုတွေအတွက် လျော်ကြေး’’လည်း တောင်းဆိုထားပါတယ်။

ယူနစ်ကလိုတံဆိပ်ကို ပိုင်ဆိုင်တဲ့ Fast Retailing ကတော့ ဂျပန်က ရှီအင်းနဲ့ သူ့ရဲ့လုပ်ငန်းခွဲ ၂ ခုကို ဒီဇင်ဘာလနှောင်းပိုင်းမှာ တိုကျိုခရိုင်တရားရုံးမှာ အမှုဖွင့် လျှောက်ထားတယ်လို့ အင်္ဂါနေ့တုန်းက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း အဲဒီအိတ်အကြောင်း ရိုက်ကူးထားတဲ့ အွန်လိုင်းပေါ်က ရုပ်သံဗီဒီယိုတွေဟာ ကြိုက်နှစ်သက်ကြောင်းပြတဲ့ ‘‘Likes’’ သန်းနဲ့ချီရရှိထားပြီး အပျော်ရုပ်သံတစ်ခုမှာဆိုရင် သုံးစွဲသူတစ်ယောက်ဟာ အဲဒီအိတ်ထဲကနေ လက်(ပ)တော့ကို ထုတ်ပြတာ၊ ရေပုလင်းကို ထုတ်ပြတာ၊ ဖယောင်းတိုင် ထုတ်ပြတာနဲ့ စက်ရုပ်ဖုန်စုပ်စက်ကို ထုတ်ပြတာတောင် ရုပ်သံတစ်ခု ဖန်တီးထားတာတွေ့ရပါတယ်။

အဲဒီအိတ်ဟာ ၁၉၆၄ ခုနှစ်ထွက်တဲ့ မယ်ရီပေါ့ပင်း ဂီတရုပ်ရှင်မှာဇာတ်ဆောင် မယ်ရီပေါ့ပင်းတစ်ယောက် သူဘယ်သွားသွားသယ်တဲ့ လက်ဆွဲအိတ်ဗလာကြီးထဲကနေ ဦးထုပ်ချိတ်တန်း၊ မှန်ချပ်နဲ့ နံရံဘေးကပ် မီးပန်းဆိုင်းတွေကို ထုတ်ပြခဲ့တဲ့ မှော် ကော်ဇောအိတ်နည်းတူ အသုံးဝင်ပုံနဲ့ ခိုင်းနှိုင်းခံရပါတယ်။

နိုင်လွန်အသားနဲ့ပြုလုပ်ထားတဲ့ ‘‘အသေးစားပခုံးလွယ်အိတ်အသေး’’ဟာ မြန်မာငွေနဲ့ဆိုရင် ခုနှစ်သောင်းနီးပါးတန်ဖိုးရှိပြီး ယူနစ်ကလိုတံဆိပ်ထဲမှာ လူကြိုက်အများဆုံးဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

၂၀၀၈ ခုနှစ်မှာ တရုတ်မှာ စတင်ထည်ထောင်တဲ့ ရှီအင်းဟာ ကိုဗစ်ကပ်ဘေးကာလအတွင်းမှာ အွန်လိုင်းကနေ စျေးဝယ်မှုတွေကြောင့် အရောင်းမြင့်တက်ခဲ့ပြီး သူ့ရဲ့လူမှုကွန်ရက်ကနေလည်း စျေးကွက်ဖော်ဆောင်တဲ့နည်းလမ်းကို အသုံးပြုနေပါတယ်။

ရှီအင်းရဲ့ အင်တာနက်စာမျက်နှာမှာဖော်ပြထားချက်အရဆိုရင် ကုမ္ပဏီဟာ ကမ္ဘာတဝန်း အလုပ်သမား ၁၀,၀၀၀ နီးပါးကို ခန့်ထားပြီး နိုင်ငံပေါင်း ၁၅၀ ကျော်မှာ ရောင်းချနေပါတယ်။

အခုတော့ ကုမ္ပဏီဟာ စင်ကာပူနိုင်ငံမှာ အခြေစိုက်ပြီး အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က စတော့ရှယ်ယာစျေးကွက်ထဲဝင်ဖို့ လုပ်နေပြီဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဒါပေမဲ့ ရှီအင်းဟာ အငြင်းပွားစရာတွေနဲ့လည်း တွဲမြင်ခံနေရပါတယ်။ စျေးချိုချိုထုတ်ကုန်တွေကြောင့် ကုမ္ပဏီရဲ့ သဘာဝပတ်ဝန်းကျင်အရေး အလေးထားမှုနဲ့ အလုပ်ခန့်အပ်တဲ့လုပ်ထုံးလုပ်နည်းတွေကြောင့် မေးခွန်းတွေလည်း အထုတ်ခံနေရပါတယ်။ ဒါပေမဲ့ ရှီအင်းဘက်ကတော့ အဝတ်အစားတွေကို နည်းနည်းစီသာ ထုတ်ပြီး ဒီအခြေအနေဟာ ပတ်ဝန်းကျင်အတွက် စွန့်ပစ်ပစ္စည်းတွေပြုံသွားတာမျိုးမဖြစ်စေဘဲ အတင်းအဓမ္မလုပ်သားစေခိုင်းမှုကိုလည်း လက်မခံတဲ့မူဝါဒကျင့်သုံးတယ်လို့ ပြောထားပါတယ်။

ရှီအင်းကတော့ သူဟာ ‘‘ဒီဇိုင်နာတွေနဲ့ပညာရှင်တွေနဲ့ တပါးသူတွေရဲ့ဉာဏမူပိုင်ခွင့်တွေကိုလည်း လေးစား’’တယ်လို့ ပြောနေပေမဲ့ လုပ်ငန်းသေးတွေက သူတို့ထုတ်ကုန်တွေကို ဖက်ရှင်လုပ်ငန်းကြီး ရှီအင်းက တုပ ထုတ်လုပ်နေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုတာတွေလည်း အွန်လိုင်းပေါ်မှာမြင်တွေ့ရပါတယ်။

ဂျပန်မှာ အကြီးမားဆုံးအဝတ်အထည်ရောင်းချလုပ်ငန်းဖြစ်တဲ့ Fast Retailing ဟာ ပထမဆုံး ယူနစ်ကလိုတံဆိပ် အဝတ်အထည်ဆိုင်ကို ၁၉၈၄ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး အခုဆိုရင် ကမ္ဘာတဝန်း ဆိုင်ပေါင်း ၂,၅၀၀ နီးပါးအထိ ဖွင့်ထားသလို အဲဒီဆိုင်တွေထဲကအများစုဟာ တရုတ်နိုင်ငံထဲမှာဖြစ်ပါတယ်။

ယူနစ်ကလိုဟာ အပူဒဏ်ခံအဝတ်အထည်တွေနဲ့ ကုတ်အင်္ကျီတွေလို ရာသီဥတုနဲ့ကိုက်ညီတဲ့အဝတ်အစား အရောင်စုံကို ထုတ်လုပ်ရောင်းချမှုနဲ့ နာမည်ရလာတာဖြစ်ပါတယ်။

နောက်ဆုံး ဘဏ္ဍာရေးအချက်အလက်အရဆိုရင် ယူနစ်ကလိုတံဆိပ်ရဲ့မူရင်းကုမ္ပဏီဟာ နိုဝင်ဘာလမကုန်ခင် ၃ လအတွင်းမှာတင် ဂျပန်ယန်းငွေ ၁၄၆.၇ ဘီလျံအထိ အမြတ်ငွေရခဲ့ပြီး ဒါဟာ အရင်နှစ် ကာလတူထက်စာရင် ယန်းငွေ ဘီလျံ ၃၀ နီးပါး အမြတ်ပိုရခဲ့တာဖြစ်သလို ဒီအမြတ်တွေဟာ ပြည်ပမှာ ရောင်းချရမှုတွေကြောင့် တိုးလာတာလည်းဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်မှာလည်း စံချိန်တင်အမြတ်ငွေရရှိနိုင်ခြေရှိတယ်လို့ ခန့်မှန်းသုံးသပ်ခံထားရပေမဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် သိုမွှေးထည်ဂျာကင်အင်္ကျီလို ကုမ္ပဏီထုတ်အထည်တွေဟာ ရောင်းချရမှုအပိုင်းမှာ စိန်ခေါ်မှုတွေရှိလာနိုင်တယ်လို့ ကုမ္ပဏီသူဋ္ဌေးတွေက ပြောထားပါတယ်။