မြန်မာ့တော်လှန်ရေးထဲက PDF Game ဘယ်လိုပေါ်လာသလဲ

မြန်မာမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်သားတွေက ကိုတွတ်ရဲ့ သူငယ်ချင်းကိုရော ကိုယ်ဝန်သည်သူ့ဇနီးရော ဖမ်းဆီးသွားတော့ ကိုတွတ်တစ်ယောက် ရတက်မအေး ဒေါသဖြစ်ခဲ့ရပြီးတဲ့နောက် သူကျွမ်းကျင်တဲ့ နည်းပညာကို အသုံးချပြီး မြန်မာစစ်တပ်ကိုဖယ်ရှားရေး အားထုတ်ပါတော့တယ်။

နိုင်ငံထဲမှာဖြစ်ပျက်နေတဲ့ဖြစ်ရပ်တွေကိုအခြေခံထားတဲ့ သူဖန်တီးခဲ့တဲ့ အပလီကေးရှင်းအခြေခံ မိုဘိုင်းဂိမ်းဟာ မြန်မာစစ်အုပ်စုကို ဒေါသထွက်စေခဲ့သလို စစ်တပ်ဆန့်ကျင်ရေးမှာလည်း ရန်ပုံငွေရှာဖွေပေးနိုင်တဲ့အထိ ကစားကြသူများပါတယ်။

''သူတို့ဘဝတစ်လျှောက်မှာ ရာဇဝတ်မှုဆိုတာ ဘယ်တုန်းကမှ ကျူးလွန်ဖူးခဲ့ကြသူတွေ မဟုတ်ဘူး'' လို့ ကိုတွတ်က ဒီမိုကရေစီလှုပ်ရှားမှုမှာပါဝင်ရင်း ဖမ်းဆီးခံခဲ့ရတဲ့ သူ့သူငယ်ချင်း ဇနီးမောင်နှံအကြောင်းကို ပြောပြပါတယ်။

သူတို့ဘာဖြစ်သွားကြလဲဆိုတာ သူမသိခဲ့ပါဘူး။ အမျိုးသမီးဟာ နေ့တွင်းချင်းပြန်လွတ်လာပေမဲ့ အမျိုးသားဖြစ်သူကတော့ တစ်နှစ်ခွဲနီးပါးကြာအောင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်ဆိုတာကို ဘီဘီစီကနောက်ပိုင်းမှာ သီးခြားသိရှိခဲ့ရပါတယ်။

သူတို့ ဖမ်းဆီးခံရပြီးနောက်မှာပဲ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတစ်ဦး၊ ဇနီးသည် နဲ့ သူ့ရဲ့ လူမမယ် ကလေးငယ်တစ်ဦးကိုရော စစ်တပ်က ဘယ်ကိုဖမ်းလို့ဖမ်းသွားတယ်ဆိုမသိတဲ့ သတင်းကိုလည်း ကိုတွတ်ကြားခဲ့ရပြန်ပါတယ်။

''ကလေးငယ်လေးတစ်‌ယောက်က ဘာဖြစ်လို့ဖြစ်မှန်းလည်းမသိဘဲမှောင်မည်းပိတ်လှောင်နေတဲ့အကျဥ်းထောင်ထဲမှာ ကြီးလာရတဲ့အခြေအနေကို ခင်ဗျား စဥ်းစားကြည့်စမ်းပါ။ တွေးကြည့်ရင် ကျွန်တော့်သွေးတွေ ဆူလာတယ်''

ဒါကြောင့် အိုင်တီ ပညာရှင်တစ်ဦးဖြစ်တဲ့ ကိုတွတ်တစ်ယောက် ''ရက်စက်ပြီး အန္တရာယ်များတဲ့ စစ်တပ်ကို ဖြုတ်ချဖို့ လှုပ်ရှားမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ သူ့ဂိမ်းကို စပြီး ဖန်တီးပါတော့တယ်။

ကိုတွတ်က မက်ဆေ့ပို့တဲ့အခါ ပေးပို့သူနဲ့ ရယူသူကြားသာ သိရှိနိုင်တဲ့ စာပို့ မက်ဆေ့စနစ်ကနေ ဘီဘီစီကို စကားပြောဆိုတာဖြစ်ပြီး သူ့တည်နေရာကိုလည်း မသိရပါဘူး။ ဒါကြောင့် ဘီဘီစီက သူ့လုံခြုံရေးအတွက် နာမည်အစားထိုး အသုံးပြုထားပါတယ်။

မြန်မာဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းစစ်အသွင်အပြည့်အဝ ပြောင်းလဲသွားပါတယ်။

အာဏာသိမ်းပြီးကတည်းက စစ်တပ်ကြောင့် လူပေါင်း ၄ ထောင်ကျော် သေဆုံးခဲ့ပြီးဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ပြောပါတယ်။ ကုလသမဂ္ဂကတော့ သေဆုံးသူအရေအတွက်ဟာ ''ဒီ့ထက်ပိုပြီး များနိုင်''တယ်လို့ ပြောပါတယ်။

တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးနှုန်းမြင့်သလို စစ်တပ်ဘက်ကတော့ ဒီဆုံးရှုံးမှုတွေကို အသိအမှတ်ပြုပေမဲ့ အရေအတွက်ကိုတော့ ထုတ်မပြောပါဘူး။ စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရကလည်း တော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်သား ၂ သောင်းနီးပါးကို သတ်ဖြတ်ထားပြီးပြီလို့ပြောပေမဲ့ ဒီပမာဏကို ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

ကိုတွတ်ရဲ့ရည်ရွယ်ချက်ကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) လို့ခေါ်တဲ့ စစ်တပ်ဆန့်ကျင်ရေးတပ်ဖွဲ့တွေကို လူသားချင်းစာနာမှုအကူအညီထောက်ပံ့ဖို့နဲ့ လက်နက်တပ်ဆင်ရေး ရန်ပုံငွေ ရှာပေးဖို့ဖြစ်သလို နိုင်ငံအတွင်းမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို လူတွေ သိရှိလာအောင် အသိပေးဖို့ဖြစ်ပါတယ်။

''ကျွန်တော်တို့မှာ နိုင်ငံတကာရဲ့ အကူအညီနဲ့ ပြည်တွင်းရေးကို နိုင်ငံတကာက သိကြတာသိပ်နည်းတယ်လို့ ကျွန်တော် ခံစားမိတယ်'' လို့ သူကပြောပြီး ရုရှားက ယူကရိန်းကိုကျူးကျော်စစ်ဆင်နွှဲမှုလောက်မြန်မာ့အကျပ်အတည်းကို သတင်းဖော်ပြမှု နည်းပါးတာကိုလည်း သူက နှိုင်းယှဥ်ပြောဆိုပါတယ်။

အပြင်မှာတကယ်ရှိတဲ့ စစ်ပွဲထဲက လူတွေ

သူ့ဂိမ်းဟာ PDF Game ဆိုပြီး ၂၀၂၂ ခုနှစ် အစောပိုင်းမှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီးအခမဲ့‌ဒေါင်းလုတ်ရယူနိုင်ပါတယ်။ ဒါပေမဲ့ ကစားတဲ့သူတွေဟာ ငွေရှာဖို့ ဂိမ်းထဲမှာတက်လာတဲ့ ကြော်ငြာတွေကိုတော့ကြည့်ပေးရပါတယ်။ အခုဆို အမေရိကန်ဒေါ်လာ ၅ သိန်း ၈ ထောင်နီးပါး ရန်ပုံငွေ ရှာထားနိုင်ပါပြီ။

အခုဆို ဂိမ်းကနေ တစ်လဝင်ငွေ အမေရိကန်ဒေါ်လာ ၇ သောင်းကနေ ၈ သောင်းကြားရှိပြီး ဒီပမာဏဟာ လတိုင်းတိုးလာနေတယ်လို့ ဆိုပါတယ်။

ကစားသူတွေဟာ မြန်မာစစ်တပ်တပ်ဖွဲ့ဝင်တွေကို တိုက်နေတဲ့ PDF တပ်ဖွဲ့ဝင်တွေနေရာမှာ ပါဝင်ကစားရတာဖြစ်ပြီး မြန်မာပြည်တွင်းမှာဖြစ်နေတဲ့ စစ်ဆင်ရေးပုံစံတွေနဲ့အလားတူ စစ်ဆင်ရေးပုံစံတွေကို ဂိမ်းထဲမှာ ကစားရတာဖြစ်ပါတယ်။

ကိုတွတ်ကတော့ စစ်တပ်ကို တကယ်တိုက်နေတဲ့လူတွေနဲ့ ဂိမ်းရဲ့ဇာတ်ကောင်တွေကို ဖန်တီးထားတယ်လို့ ပြောပြီး အဲဒီဇာတ်ကောင်တွေထဲမှာ ဆရာဝန်တွေ၊ မူဆလင်လူငယ်တွေ၊ လိင်စိတ်ခံယူမှုကွဲပြားတဲ့ LGBT အသိုက်အဝန်းထဲကလူတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။

''သူတို့တွေက တကယ့်စစ်ပွဲတစ်ပွဲကို တကယ်တိုက်နေတဲ့သူတွေ'' ဖြစ်တာကြောင့် ဒီလူတွေကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်လို့ သူက ပြောပါတယ်။

အခုတော့ PDF ဂိမ်းကို ဂူဂဲလ်မှာရော၊ အက်ပဲလ်မှာရော ဒေါင်းလုတ်ရယူကစားနိုင်ပါတယ်။ ဒါပေမဲ့ ထိလွယ်ရှလွယ် ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး အဲဒီကုမ္ပဏီတွေဘက်က မူဝါဒတွေကြောင့် ပြဿနာအချို့တော့ ရင်ဆိုင်ခဲ့ရတယ်လို့တော့ ကိုတွတ်က ပြောပါတယ်။

ဂူဂဲစတိုးမှာဆိုရင် ''စစ်ပွဲသူရဲကောင်းတွေ - PDF Game'' လို့ နာမည်ပြောင်းပေးခဲ့ရပါတယ်။ ''ထိလွယ်ရှလွယ်ဖြစ်ရပ်ကို ဦးတည်စေတဲ့ ဒါမှမဟုတ် လှုံ့ဆော်တဲ့'' အပလီကေးရှင်းတွေကို ခွင့်မပြုဘူးလို့ ဂူဂဲလ်က ပြောထားတာကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ ဖြစ်ရပ်တစ်ခုနဲ့ပတ်သက်လို့ သုံးစွဲသူကို အသိပညာပေးမြှင့်တင်ချင်တဲ့ရည်ရွယ်ချက်ရှိရင်''တော့ ဖန်တီးတဲ့အကြောင်းအရာကို တင်ခွင့်ပြုတယ်လို့ ပြောထားတာပါ။

ဂိမ်းရဲ့နာမည်ကို Apple ရဲ့ အက်စတိုးမှာလည်း အက်ပလီကေးရှင်းကို ဖယ်ရှားမခံရခင်အထိ ''စစ်ပွဲသူရဲကောင်းတွေ'' လို့ နာမည်ပြောင်းခဲ့ရပြီး ဖယ်ရှားခံခဲ့ရတာကတော့ တကယ့်ထိုးနှက်ချက်ဖြစ်ခဲ့တယ်လို့ ကိုတွတ်က ပြောပါတယ်။

အက်ပဲလ် ဘက်ကတော့ အပလီကေးရှင်းဟာ သူ့ရဲ့လမ်းညွှန်ချက်ဆိုင်ရာစည်းကမ်းချက်တွေကို ချိုးဖောက်ပြီး ဂိမ်းတစ်ခုထဲက ရန်သူတွေဟာ ''အပြင်မှာတကယ်ရှိတဲ့အစိုးရတစ်ရပ်၊ လုပ်ငန်းကြီးတစ်ခု ဒါမှမဟုတ် အပြင်မှာ တကယ်ရှိတဲ့လုပ်ငန်းတစ်ခုခု အဖွဲ့အစည်းတစ်ခုခုကို ပစ်မှတ်မထားရ'' ဆိုတဲ့ လမ်းညွှန်ချက်ကို ချိုးဖောက်တာကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။ ဒါအပြင် အကြမ်းဖက်ပဋိပက္ခဆိုင်ရာ မူဝါဒ ကြောင့်လည်း အခုလို တားမြစ်တာလို့ ဆိုပါတယ်။

ဒါပေမဲ့ မူလကထည့်ထားတဲ့ စစ်ရေးစစ်ဆင်ရေးအချို့ကို ဖယ်ရှားတာ၊ ဇာတ်ကောင် ဇာတ်ကွက်ပုံရိပ်အချို့ကို ပြောင်းလဲတာတွေကြောင့် နောက်ပိုင်းမှာ အက်ပဲလ် စတိုးပေါ်မှာ ပြန်တင်ခွင့်ရတယ်လို့ ကိုတွတ်က ပြောပါတယ်။

''တကယ့်သတင်းကောင်းပေါ့ဗျာ။ အခုတော့ ဂိမ်းကနေ ငွေတွေ ပိုဝင်လာမယ်လို့ မျှော်လင့်လို့ရပြီပေါ့'' လို့ ကိုတွတ်က ‌ပြောပါတယ်။

PDF ဂိမ်းဟာ စစ်ကောင်စီရဲ့ အာရုံစိုက်မှုလည်းရခဲ့ပြီး ပြီးခဲ့တဲ့ဧပြီလတုန်းကဆိုရင် PDF ဂိမ်းကစားသူတွေကို ဥပဒေကြောင်းအရ အရေးယူလို့ရတယ်ဆိုပြီး စစ်ကောင်စီက နိုင်ငံပိုင်မီဒီယာကနေ သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

စစ်ကောင်စီရဲ့ကြေညာချက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရလို ''အကြမ်းဖက်အဖွဲ့အစည်းတွေ''ဟာ PDF တွေကို ရန်ပုံငွေထောက်ပံ့ဖို့ ဒီဂိမ်းကို ဖန်တီးခဲ့တာဖြစ်ပြီး စစ်တပ်ကို အယုံအကြည်ကင်းမဲ့အောင် လှုံ့ဆော်နေသလို စစ်တပ်ဆန့်ကျင်ရေးတိုးလာအောင်လည်း လုပ်နေတယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ခြိမ်းခြောက်မှုတွေကိုတော့ ကိုတွတ်တစ်ယောက် မမူပါဘူး။ ''သူတို့ဘာပြောပြော ကျွန်တော် ဂရုမစိုက်ဘူး'' လို့ သူက ပြောပါတယ်။

''ဒါကို ရပ်တန့်သွားအောင် သူတို့ဘက် ကအကြိမ်ကြိမ်ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ဆက်သွားမှာပဲ။ ဒီဂျစ်တယ်သပိတ်ကို ရပ်တန့်စရာအကြောင်းကို မရှိဘူး'' လို့ သူက မြန်မာစစ်တပ်ကို ဆန့်ကျင်ရေးလှုပ်ရှားမှုဖြစ်တဲ့ အွန်လိုင်းက အားထုတ်မှုတွေအကြောင်း ပြောပြပါတယ်။

အခုတော့ ဒီဂိမ်းကို ဒေါင်းလုတ်ဆွဲ ရယူကစားသူ အကြိမ် ၁ သန်းနီးပါးပြည့်တော့မယ်လို့ ကိုတွတ်က ပြောပါတယ်။ (ဂူဂဲလ်ပလေးစတိုး ဘက်ကတော့ ဒေါင်းလုတ်ဆွဲသူ ၅ သိန်းကျော်ပြီလို့ ပြောပေမဲ့ အက်ပဲ ဘက်ကတော့ ဒေါင်းလုတ်ဆွဲ ရယူတဲ့အကြိမ်အရေအတွက်ကို အချက်အလက်ပြထားတာ မတွေ့ရပါဘူး။)

ကိုတွတ်ကတော့ အဖွဲ့သေးသေးလေးနဲ့ ငွေအချို့ရအောင် အချိန်ယူခဲ့ရတာကြောင့် အခုတော့ ကြော်ငြာဝင်ငွေဟာ သူမှန်းထားတာထက် အတော်လေးများမယ်လို့ ယူဆပါတယ်။

ရတဲ့ရန်ပုံငွေတွေကိုတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို ပေးပို့နေပြီး တော်လှန်ရေးအဖွဲ့တွေအတွက် ရိက္ခာနဲ့ လက်နက်တွေ ဝယ်ရာမှာသုံးနေတဲ့အပြင် စစ်ဘေးရှောင်ကလေးအတွက်၊ စစ်တပ်ကို တိုက်ရင်း ထိခိုက်ဒဏ်ရာရသူတွေအတွက်ပါ သုံးနေတယ်လို့ သူကပြောပြပါတယ်။

''ကာကွယ်ရေးအဖွဲ့တွေကိုတော့ အလှူငွေတွေ ပို့ပေးလိုက်တာပါပဲ။ ဘယ်လိုသုံးစွဲပါဆိုတာမျိုးတော့ ကျွန်တော်တို့ မပြောဘူး''

၂၀၂၁ စစ်အာဏာသိမ်းမှုကနေ ပေါ်လာတဲ့ PDF တပ်ဖွဲ့ဝင်တွေဟာ နယ်စပ်ဒေသတွေမှာ ဆယ်စုနှစ်တွေကြာအောင် ကျင်လည်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့အတူ ချိတ်ဆက်ထားပါတယ်။

အများထင်တာထက် အင်အားပိုတယ်ဆိုတာကို ပြသနေကြသလို မြန်မာစစ်တပ်ဟာလည်း နိုင်ငံ့နေရာအတော်အများများမှာ မအုပ်စီးနိုင်ဖြစ်နေပါတယ်။

ထောက်ပို့မှုနဲ့ လက်နက်ကွန်ရက်အကန့်အသတ်ကြောင့် မြေပြင်အဖွဲ့အစည်းတွေရဲ့ ငွေကြေးထောက်ပံ့မှုတွေဟာ အရှိန်မြင့်လာနေတဲ့တော်လှန်ရေးမှာ လက်နက်တွေဝယ်ယူတာနဲ့ အခြားထောက်ပံ့ရေးအတွက် အခရာကျနေပါတယ်။

ကိုတွတ်ကတော့ ဒီအလုပ်ကို ဆက်မလုပ်တော့ဖို့ အကြိမ်ကြိမ်စဥ်းစားခဲ့ဖူးပေမဲ့ မြန်မာပြည်တွင်းမှာ အခြေအနေက တနေ့တခြားပိုဆိုးလာနေတာကြောင့် စစ်တပ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဆက်ပြီးထောက်ပံ့ဖို့လုပ်နေတာလို့ ဆိုပါတယ်။

''ဒီဂိမ်းက အလားအလာကောင်းရှိတယ်''လို့ သူကပြောပြီး တစ်လကို အမေရိကန်ဒေါ်လာ ၁ သန်းအထိဝင်ငွေရလာဖို့လည်း သူမျှော်လင့်နေပါတယ်။

''ဒီငွေတွေက အင်မတန်အကူအညီလိုအပ်နေတဲ့ လူထုကို အကူအညီပေးနိုင်ဖို့ ကျွန်တော် မျှော်လင့်မိပါတယ်''