တေလာဆွစ်ဖ် ထောက်ခံမှုက အမေရိကန်သမ္မတရွေးပွဲကို သက်ရောက်မှုရှိနိုင်မလား

တေလာဆွစ်ဖ်ကို အားပေးရင်း သူ့ပရိသတ်တွေ နိုင်ငံရေးကို စိတ်၀င်စားလာကြပြီ
ဓာတ်ပုံ ပုံစာ, တေလာဆွစ်ဖ်ကို အားပေးရင်း သူ့ပရိသတ်တွေ နိုင်ငံရေးကို စိတ်၀င်စားလာကြပြီ

ယူတာ ပြည်နယ်က အသက် ၂၉ နှစ်အရွယ် နိုဝဲလ် ဒရိတ်ခ်ဟာ အခုနှစ်မတိုင်ခင်တုန်းကတော့ နိုင်ငံရေးကို မျှော်လင့်အားရစရာကောင်းတဲ့အရာတစ်ခုလို့ မမြင်မိသူပါ။

၂၀၂၀ အမေရိကန် သမ္မတရွေးကောက်ပွဲကို လုံးဝ စိတ်ပျက်ဖွယ်ကောင်းတယ်လို့ ခံစားမိခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ တေလာဆွစ်ဖ်နဲ့ သူ့ပရိသတ်တွေက သူ့အတွေးအမြင်တွေကို ပြောင်းလဲစေခဲ့တယ်လို့ သူက ပြောပါတယ်။

အခုရွေးကောက်ပွဲအတွင်းမှာ အွန်လိုင်းပေါ်က တခြား တေလာဆွစ်ဖ် ပရိသတ်တွေနဲ့ ပြောဆိုကြည့်တဲ့အခါ နိုင်ငံရေးအပေါ် ကျွန်မရဲ့ သဘောထားအမြင်တွေတကယ့်ကို ပြောင်းလဲသွားစေခဲ့ပါတယ်လို့ သူက ဆိုပါတယ်။

လွန်ခဲ့တဲ့တစ်လလောက်က အမေရိကန်မှာ ဒီမိုကရစ်တစ်ပါတီရဲ့ သမ္မတလောင်း ကာမလာ ဟဲရစ်ကို ထောက်ခံကြောင်း အဆိုတော် တေလာဆွစ်ဖ်က ကြေညာခဲ့ပြီးတဲ့နောက် မစ္စဒရိတ်ခ်ဟာ ပရိသတ်ဦးဆောင် မဲဆွယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ "ကာမလာကို ထောက်ခံတဲ့ ဆွစ်ဖ်ပရိသတ်များ" ဆိုတဲ့ အဖွဲ့ရဲ့ လှုပ်ရှားမှုတွေထဲ ပါဝင်ခဲ့ပါတယ်။

ဒီအဖွဲ့ဟာ ကာမလာရဲ့ မဲဆွယ်အဖွဲ့နဲ့ တရားဝင် ချိတ်ဆက်ထားတာ မဟုတ်ပေမဲ့ မဲဆွယ်အဖွဲ့ရဲ့ ဝန်ထမ်းတွေနဲ့တော့ ပုံမှန်ဆက်သွယ်မှုတွေ ရှိပါတယ်။

ဒီလိုနဲ့ ရင်ဘတ်ချင်းတူသူ ဆွစ်ဖ် ပရိတ်သတ်တွေနဲ့ ပြောဆိုဆက်ဆံရင်း မစ္စဒရိတ်ခ်ဟာ သူတို့ပြည်နယ်က မဲဆွယ်ရေးအဖွဲ့မှာ ပိုမိုပူးပေါင်း ပါဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မစ္စ ဒရိတ်ခ်လိုဘဲ တခြား ဒါဇင်နဲ့ချီတဲ့ မဲဆန္ဒရှင်တွေကို ဘီဘီစီက ဆက်သွယ်ကြည့်တဲ့အခါ တေလာဆွစ်ဖ်နဲ့ သူ့ပရိသတ်တွေရဲ့ အွန်လိုင်းပေါ်က ပို့စ်တွေက သူတို့ကို မဲထွက်ပေးဖို့ ဒါမှမဟုတ် မဲဆွယ်ပွဲလှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ တွန်းအားဖြစ်စေခဲ့တယ်လို့ ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါပေမဲ့ တေလာဆွစ်ဖ် ပရိသတ်ဖြစ်နေလို့ သူမဲပေးတဲ့အတိုင်း လိုက်လုပ်ပေးစရာမလိုဘူးလို့ သူတို့မှတ်ယူထားတာကို ဘီဘီစီက လေ့လာသိရှိခဲ့ရပါတယ်။

ဘီဘီစီ Radio 4 ရဲ့ Why Do You Hate Me USA အစီအစဉ်ရဲ့ အခုနောက်ဆုံးထုတ်လွှင့်တဲ့ အပိုင်းမှာ Swifties for Kamala "ကာမလာကို ထောက်ခံတဲ့ ဆွစ်ဖ်ပရိသတ်များ" ဆိုတဲ့ အဖွဲ့ ပူးတွဲ တည်ထောင်သူ အိုင်ရင်းကင်မ် ဟာ တေလာဆွစ်ဖ် ပရိသတ်ဘဝကနေ နိုင်ငံရေးဗျူဟာရေးဆွဲသူ အဖြစ်ပြောင်းလဲသွားတာ စုံစမ်းတွေ့ရှိခဲ့ပါတယ်။

ဒီတော့ သူနဲ့ သူ့နောက်လိုက် တက်ကြွလှုပ်ရှားသူတွေ သုံးခဲ့တဲ့ဗျူဟာတွေက လက်တွေ့ အသုံးကျပါရဲ့လား။

ပြီးခဲ့တဲ့လ တလျှောက်လုံး“Swifties for Kamala" ကာမလာကို ထောက်ခံတဲ့ ဆွစ်ဖ်ပရိသတ်များအဖွဲ့ရဲ့ Post တွေကို Like နဲ့ Comment လုပ်သူတွေရဲ့ အကောင့်တွေကို စာပို့ ဆက်သွယ်ကြည့်ခဲ့ပါတယ်။

တချို့က ဒီမိုကရက်တစ်ပါတီကို ထောက်ခံသူတွေဖြစ်ပေမဲ့ တချို့က ဘယ်သူကို ထောက်ခံကြမလဲဆိုတာ မရေရာသေးပါဘူး။

တောင်ကယ်ရိုလိုင်းနား ပြည်နယ်က ဒက်စတနီ ဆိုတဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးကတော့ သူနဲ့ သူ့ရည်းစားဟာ နိုင်ငံရေးကို စိတ်မဝင်စားပေမဲ့ “Swifties for Kamala" အဖွဲ့ရဲ့ Post တွေက အခု ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီဘက်က မဲပေးဖို့ အထောက်အပံ့ ဖြစ်စေတယ်လို့ ဆိုပါတယ်။

''ကျွန်မနဲ့ တန်ဖိုးထားမှုချင်းတူတဲ့အမျိုးသမီးတစ်ယောက် အမေရိကန်သမ္မတ ဖြစ်လာတာကို မြင်ချင်ပါတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲဟာ ကျွန်မကို မဲပေးချင်စိတ်ဖြစ်စေတဲ့ ပထမဆုံးရွေးကောက်ပွဲပါပဲ'' လို့ သူက ပြောပါတယ်။

ကွန်ဆာဗေးတစ်ဘက်ကို အသင့်အတင့်ယိမ်းတဲ့ သူ့ချစ်သူကတော့ ဟဲရစ်ကို မဲပေးချင်နေတယ်၊ “Swifties for Kamala" ရဲ့ Post တချို့ကြောင့် သူ့ရဲ့ လှုံ့ဆော်အားပေးမှုကလည်း တစိတ်တပိုင်း တွန်းအားဖြစ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

“Swifties for Kamala"အဖွဲ့ ကို ပူးတွဲ တည်ထောင်ခဲ့တဲ့ အိုင်ရင်း ကင်မ်

ဓာတ်ပုံ ရင်းမြစ်, Irena Kim

ဓာတ်ပုံ ပုံစာ, “Swifties for Kamala"အဖွဲ့ ကို ပူးတွဲ တည်ထောင်ခဲ့တဲ့ အိုင်ရင်း ကင်မ်

ပိုက်ဆံပေးရတဲ့ ကြော်ငြာတွေလိုမဟုတ်ဘဲ အနုပညာရှင်ရဲ့ ထောက်ခံပေးမှုနဲ့ သူ့ပရိသတ်ကို အခြေခံ ရရှိခဲ့တဲ့ နိုင်ငံရေးအင်အားဟာ လူထုဆီကလာတဲ့ ထောက်ခံမှု အစစ်အမှန် ဖြစ်ပါတယ်။

မဲပေးဖို့ မှတ်ပုံတင်ကြတဲ့စာရင်းကို လေ့လာကြည့်တဲ့အခါ နာမည်ကြီး အနုပညာရှင်ရဲ့ အားပေး ထောက်ခံမှုဟာ လူတွေကို ထွက်ပြီး မဲပေးဖို့ အခရာကျလှတယ်ဆိုတာကို Harvard Kennedy School ဟားဗတ်တက္ကသိုလ်ရဲ့ စစ်တမ်းတစ်စောင်မှာ တွေ့ရှိခဲ့ပါတယ်။

သတင်းအချက်အလက်၊ ယုံကြည်မှုနဲ့ စိတ်အားထက်သန်မှု နည်းပါး ရှားပါးတဲ့ကိစ္စမျိုးမှာ နာမည်ကြီး အကျော်အမော်တွေဟာ လူမှုအသိုင်းအဝိုင်းအတွင်း အရေးပါသူတွေဖြစ်တယ်လို့ အဲဒီစစ်တမ်းကို ရေးသားတဲ့ အက်ရှ်လေ စပီးလိန်းက ဘီဘီစီကို ပြောပါတယ်။

“ဒီလိုနာမည်ကြီး အကျော်အမော်တွေကို လူတွေက စိတ်ထဲ နက်နက်ရှိုင်းရှိုင်းရှိလှပြီး ကိုယ်ကျိုးစီးပွား ရလိုစိတ် နည်းပါးသူတွေအဖြစ် ရှုမြင်ကြသလို နိုင်ငံရေးလောက ပြင်ပက လူတွေအဖြစ်လည်း မြင်ကြတယ်” လို့ သူက ဆိုပါတယ်။

အင်စတာဂရမ်မှာ ကာမလာ ဟဲရစ်ကို တေလာဆွစ်ဖ်က ထောက်ခံကြောင်း ကြေညာပြီး ၂၄ နာရီအတွင်းမှာတင် သူဖန်တီးပေးထားတဲ့ link ကို သုံးကာ လူပေါင်း သုံးသိန်းလေးသောင်းနီးပါးက vote.gov ဆိုတဲ့ ဝက်ဘ်ဆိုက်မှာ မဲပေးဖို့ သွားရောက် မှတ်ပုံတင်ခဲ့ကြပါတယ်။

တေလာ ဆွစ်ဖ် ထောက်ခံပေးမှုကို ကာမလာ ဟဲရစ်က နှစ်ထောင်းအားရ ဖြစ်နေစဉ်မှာပဲ ဘီယွန်းဆေးနဲ့ တခြား နာမည်ကြီးတချို့ကလည်း ထောက်ခံပေးခဲ့ကြသလို ထရမ့်ဘက်မှာလည်း သူ့ကို ထောက်ခံပေးသူတွေ ရှိပါတယ်။

ကာမလာဟဲရစ်ကို လူငယ်အမျိုးသမီး ပရိသတ်တွေရဲ့ ထောက်ခံမှုရအောင် တေလာဆွစ်ဖ်က လုပ်ပေးသလိုမျိုး Kid Rock ၊ Elon Musk ၊ John Voight နဲ့ YouTube ပေါ်က နာမည်ကြီး the Nelk Boys တို့ဟာလည်း ထရမ့်ကို လူငယ်ပရိသတ် ထောက်ခံမှုရအောင် လုပ်ပေးခဲ့ကြပါတယ်။

ထရမ့် ဟာ အွန်လိုင်းပေါ်မှာ သူ့ကိုယ်ပိုင် ပရိသတ်ရှိထားပြီး အဲဒီသူ့ပရိသတ်တွေကလည်း တခြားသူတွေကို သူ့ကို မဲထွက်ထည့်အောင် စေ့ဆော်ပေးခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီလိုထောက်ခံပေးမှုတွေဟာ ပြောင်းပြန် ရလဒ်တွေ ထွက်စေတတ်တယ်ဆိုတာကို သဘောထား စစ်တမ်းတွေမှာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့လ စက်တင်ဘာတုန်းက Quinnipiac University က ကောက်ခံခဲ့တဲ့ သဘောထား စစ်တမ်းမှာ တေလာဆွစ်ဖ် ထောက်ခံပေးမှုကြောင့် ကာမလာဟဲရစ် သမ္မတ အရွေးခံရရေးအတွက် ထောက်ခံသူ ၉% လောက်က အလွန်အမင်း စိတ်အား ထက်သန်ခဲ့ပေမယ့် ၁၃% လောက်က အနည်းအကျဉ်းလောက်သာ စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း အီလွန်မာ့စ်ခ် ထောက်ခံပေးမှုကြောင့် ထရမ့်ကို အလွန်အမင်း အားပေးမှု ၁၃% ရှိပေမယ့် ၂၁% လောက်ကတော့ စိတ်အားထက်သန်မှု မပြခဲ့ကြဘူးလို့ ဖော်ပြထားပါတယ်။

နိုဝင်ဘာ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့အထိ နာမည်ကြီး အကျော်အမော်တွေရဲ့ အားပေးမှု၊ သူတို့ ပရိသတ်တွေရဲ့ ထောက်ခံမှုကြောင့် သက်ရောက်မယ့် အတိုင်းအတာကို အတိအကျ ပြောမရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ရေကုန်ရေခန်း ပြိုင်နေရတဲ့ ရွေးကောက်ပွဲမှာ ဒီလို အွန်လိုင်းပေါ်က လှုံ့ဆော်ပေးတဲ့ အဖွဲ့တွေကြောင့် မဲအပြောင်းအလဲတွေ ရှိနိုင်ပြီး အထူးသဖြင့် swing state လို့ သိကြတဲ့ အကြိတ်အနယ်ပြိုင်ရမယ့် ပြည်နယ်တွေမှာဆိုရင် မဲထောင်ဂဏန်းနဲ့တင် အနိုင်ရသူအပြောင်းအလဲ ဖြစ်သွားစေနိုင်ပါတယ်။

သူတို့အဖွဲ့က အဓိက အကြိတ်အနယ်ပြိုင်ရမယ့်ပြည်နယ်တွေကို ပစ်မှတ်ထားတယ်လို့ Swifties for Kamala အဖွဲ့ ပူးတွဲတည်ထောင်သူ မစ္စကင်မ်က ဆိုပါတယ်။

ဒီရွေးကောက်ပွဲမှာ လူအများအာရုံစိုက် စောင့်ကြည့်နေတဲ့ အရီဇိုးနားပြည်နယ်က ပက်ဂီ ရိုးကလည်း ကိုယ်ဝန်ဖျက်ချခွင့်ပြုတဲ့ဥပဒေကို ကာမလာဟဲရစ်က ထောက်ခံတဲ့အတွက်က ဒီအချက်က သူ့ကိုမဲပေးဖို့ ခိုင်မာသွားစေတယ်လို့ ပြောပါတယ်။

ကိုယ်ဝန်ယူ/ဖျက်ချမှုနဲ့ပတ်သက်တဲ့ အမျိုးသမီးအခွင့်အရေးကို သိပ်စိတ်ဝင်စားကြောင်းနဲ့ လူမှုကွန်ရက်ပေါ်မှာ ရေးသားမှုတွေက သူ့အတွေးအမြင်တွေကို ပိုပြီးခိုင်မာသွားစေကြောင်း မစ္စကင်မ်က ပြောပါတယ်။

သူတို့က အစဉ်အလာ နိုင်ငံရေး မဲဆွယ်နည်းအားလုံးကို သုံးနေစဉ်မှာဘဲ Swifties for Kamala ဆိုတဲ့ အွန်လိုင်းပေါ်က မဲဆွယ်အဖွဲ့ကတော့ အနုပညာရှင်ကိုထောက်ခံတဲ့ ပရိသတ်ကို အသုံးချဖို့ ကြိုးစားနေကြပါတယ်။ အခမ်းအနား လှုပ်ရှားမှုတွေတိုင်းမှာ နိုင်ငံရေးဆောင်ပုဒ်ဖြစ်တဲ့ "ငါတို့မဲပေးဖို့ အချိန်ရောက်ပြီ " ဆိုတဲ့ စာသားကို သရုပ်ဖော်ပြသဖို့ မိတ်ဆွေဖွဲ့တဲ့လက်ပတ်ကြိုးတွေ ဝေငှ ကြပါတယ်။ တေလာဆွစ်ဖ် ရဲ့ Eras အမည်ရ လှည့်လည် ဖျော်ဖြေရေး အစီအစဉ်မှာလည်း သူ့ရဲ့ အမာခံပရိသတ်ဖြစ်ကြောင်း ပြတဲ့အနေနဲ့ ဒီလက်ပတ်ကြိုးတွေ အပြန်အလှန် လဲလှယ်ကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေ တုန်းကလည်း မျက်နှာချင်းဆိုင်တွေ့ဆုံကြတဲ့ မဲဆွယ်လှုပ်ရှားမှု အစီအစဉ်ကို စတင်ခဲ့ပြီး အစီအစဉ်မှာပါသူတွေကို တိုက်ရိုက် ဖုန်းခေါ်တာ၊ စာတို ပို့တာမျိုးတွေလုပ်ခဲ့ကြတယ်လို့ မစ္စကင်မ်က ပြောပါတယ်။ သူတို့အနေနဲ့ မဲပေးတဲ့နေ့ မတိုင်ခင်မှာ မဲဆန္ဒရှင် အယောက် ၂၂ သန်း ကို ဆက်သွယ် ဆောင်ရွက်ဖို့ ရည်မှန်းထားတယ်လို့လည်း ဆိုပါတယ်။

အခုဆိုရင် သူတို့ရဲ့ Swifties for Kamala ဆိုတဲ့အဖွဲ့ကနေ ဟဲရစ် မဲဆွယ်ပွဲအတွက် အောက်တိုဘာလလယ်အထိ ဒေါ်လာ နှစ်သိန်း ရံပုံငွေ ရှာပေးနိုင်ခဲ့တယ်လို့ သူက ခန့်မှန်းပါတယ်။

တချို့ လည်း တေလာဆွစ်ဖ် ပရိသတ်ဖြစ်ပေမဲ့ သူ မထောက်ခံတဲ့ဘက်မှာပဲ ရပ်တည်ပြီး မဲမယိမ်းတဲ့သူတွေ ရှိပါတယ်။ သူတို့သစ္စာခံသူတွေ၊ သူတို့အကြိုက် ပေါ့ပ်အနုပညာရှင်တွေထက် သူတို့ကြိုက်တဲ့ နိုင်ငံရေးသမားကို ရွေးချယ်တဲ့ ရီပတ်လီကန်တွေနဲ့ ထရမ့်ထောက်ခံသူတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။

မက်ဆာချူးဆက်မှာနေတဲ့ ဘရီ ဆိုတဲ့ အမျိုးသမီးက ရီပတ်ဘလီကန်ကိုပဲ မဲပေးဖို့ ရွေးခဲ့ပြီး ''အဆုံးမတော့ လူတွေဟာ အကောင်းဆုံးဖြစ်မယ်ထင်တာကိုပဲ လုပ်ဖို့လိုပါတယ်'' လို့ ပြောပါတယ်။

အားလုံးအတွက် မျှမျှတတ ပြောရမယ်ဆိုရင် တေလာဆွစ်ဖ်မှာ အခိုင်အမာ ထောက်ခံတဲ့ပရိသတ်ရှိထားတာမို့ သူ့အနေနဲ့ နိုင်ငံရေးနဲ့ ခပ်ကင်းကင်းနေသင့်တယ်လို့ထင်ကြောင်း သူက ဆိုပါတယ်။

တေလာဆွစ်ဖ် အနေနဲ့ သူ့ကိုယ်ပိုင် အတွေးအမြင် အယူအဆ ထုတ်ဖော်ခွင့်ရှိတယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ သူ့မှာ ပရိတ်သတ်အား များတာမို့ ရွေးကောက်ပွဲကျင်းပမယ့်အချိန်မှာ သူ့အမြင်အတွေးကို ထုတ်မပြောသင့်ဘူးလို့လည်း သူက ပြောပါတယ်။

ဒေါ်နယ်ထရမ့် ပရိသတ်တွေဟာ တေလာဆွစ်ဖ် ထောက်ခံမှု မရပေမယ့် AI အသုံးပြုပြီး တေလာဆွစ်ဖ် သဏ္ဍာန် အရုပ်ကလေးက ထရမ့်ကို ထောက်ခံတဲ့ပုံမျိုးထုတ်ပြီး ဆွစ်ဖ်ပရိသတ်ရဲ့ မဲအားကို အသုံးချဖို့ ကြိုးစားခဲ့ပါတယ်။ တကယ်တော့ AI အသုံးချပြီးထုတ်ထားတဲ့ ဟဲရစ်ကို ဆွစ်ဖ်က ထောက်ခံတဲ့ ပုံတူရုပ်ကလေးကို ထရမ့်ကိုယ်တိုင်က ပထမဆုံး လူမှုကွန်ရက်မှာ မျှဝေခဲ့တာ ဖြစ်ပါတယ်။

ဘရီ ကတော့ နိုင်ငံရေး ယုံကြည်ချက်တွေ အပေါ် မူတည်ပြီး Swifties for Kamala အဖွဲ့က သူ့ပရိသတ်တွေ အပါအဝင် တစုံတယောက်ကို ကြိုက်ကောင်း ကြိုက်မိနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အွန်လိုင်းပေါ်က ပြောဆိုမှုအားလုံးဟာ မိတ်ဖြစ်ဆွေဖြစ် လို့လည်း မမှတ်ယူနိုင်ဘူးလို့ ပြောပါတယ်။

အွန်လိုင်းပေါ်မှာ အငြင်းပွားနေကြတာက ဆွစ်ဖ် ပရိသတ်တွေ ရေးကြီးခွင်ကျယ် လုပ်နေတဲ့ကိစ္စပါလို့ မစ္စကင်မ်က ပြောပါတယ်။ ဒါပေမဲ့ Swifties for Kamala မဲဆွယ်အဖွဲ့ကတော့ အမြင်တူပေမဲ့ လူတွေကြား ဝေမျှခြင်း မရှိသူရဲ့မဲလည်း ရလိုတာက တစ်ကြောင်း၊ အခုလို ဖြစ်ပွားတာတွေ ရပ်တန့်သွားအောင် လိုက်နာရမယ့် စည်းမျဉ်းတွေ ချမှတ်ထားတယ်လို့ မစ္စကင်မ်က ပြောပါတယ်။

သူ့အထင် အမြင်မတူတာတွေကို လျော့သွားအောင် လုပ်တာကောင်းပါတယ်လို့ လည်း သူက ပြောကြားခဲ့ပါတယ်။