တောင်ကိုရီးယားမှာ ယာယီ သမ္မတပါ သီတင်း နှစ်ပတ် မပြည့်ခင် တာဝန် ရပ်ဆိုင်းခံရ

တောင်ကိုရီးယား နိုင်ငံမှာ ယာယီ သမ္မတ အဖြစ် တာဝန်ယူထားတာ သီတင်းနှစ်ပတ် ဝန်းကျင်ပဲ ရှိသေးတဲ့ ဝန်ကြီးချုပ် ဟန်း ဒွတ်-ဆိုးကိုလည်း ရာထူးကနေ ဖယ်ရှားဖို့ရာ စွပ်စွဲပြစ်တင်တာတွေ လုပ်မယ် ဆိုပြီး လွှတ်တော်ထဲမှာ မဲခွဲ ဆုံးဖြတ် လိုက်ကြပြီ ဖြစ်ပါတယ်။

လွှတ်တော် အမတ် ၁၉၂ ယောက် မဲခွဲခဲ့ကြတာမှာ၊ စွပ်စွဲပြစ်တင်ရေး အဆိုဘက်က လိုအပ် မဲပေါင်း ၁၅၁ မဲ ထက် ကျော်လွန် ရရှိခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ အတွက် ရာထူးကနေ ဆိုင်းငံ့ ခံထားရတဲ့ သမ္မတ ယွန်း နေရာမှာ ဝန်ကြီးချုပ် ဟန်းဟာ ယာယီ သမ္မတ အဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ သမ္မတ ယွန်းကို ဖယ်ရှားရေး အတည်ပြုပေးရမယ့် အခြေခံ ဥပဒေ ခုံရုံးအတွက် လစ်လပ်နေရာ တရားသူကြီး ၃ ဦးကို လွှတ်တော်က ရွေးခဲ့ပေမယ့်၊ ယာယီသမ္မတ ဟန်းက အတည်ပြုမပေးပဲ ပျက်ကွက်နေခဲ့ပါတယ်။

ဒါ့ကြောင့် အခုလို ယာယီ သမ္မတကိုပါ ဖယ်ရှားဖို့ လွှတ်တော်ဘက်က လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ဆိုင်းငံ့သမ္မတ၊ ယာယီသမ္မတတို့ရဲ့ ပါတီ ဖြစ်တဲ့ အာဏာရ ပီသုံးလုံး ပြည်သူ့အာဏာပါတီဝင် အမတ်တွေ ကတော့ မစ္စတာဟန်းကို ဖယ်ရှားရေး အဆို အောင်ဖို့ ထောက်ခံမဲ ၁၅၁ မဲပဲ လိုအပ်တယ် ဆိုပြီး လွှတ်တော် ဥက္ကဋ္ဌ ကြေညာခဲ့စဉ်မှာ ကန့်ကွက် ခဲ့ကြပါတယ်။

ယာယီ သမ္မတ ကို စွပ်စွဲပြစ်တင်ရေး ကိစ္စ မဲခွဲတဲ့ ဒီဇင်ဘာ ၂၇ ရက် သောကြာနေ့ လွှတ်တော်မှာ အခြေအနေဟာ အတော်လေး ပြင်းထန် နေခဲ့ပါတယ်။ ပီသုံးလုံးပါတီက အမတ်တွေဟာ မဲခွဲရာ ခန်းမ အလယ်မှာ စုဝေးပြီး ဆန့်ကျင်ကန့်ကွက်ကြောင်း အော်ဟစ်နေခဲ့ကြပါတယ်။

၁၅၁ မဲ ပဲ လိုတယ်ဆိုတာ မဆီလျော်ကြောင်း အော်ဟစ်သလို၊ လွှတ်တော် အာဏာကို အလွဲသုံးစား လုပ်ရာ ရောက်ကြောင်း အာဏာရပါတီက အမတ်တွေ အော်ဟစ်ခဲ့ကြတာ ဖြစ်ပါတယ်။ လွှတ်တော် ဥက္ကဋ္ဌ နေရာက ဖယ်ပေးဖို့လည်း တောင်းဆို ကြပါတယ်။

မစ္စတာ ယွန်း တုန်းကတော့ အဆိုအောင်ဖို့ မဲ ၂၀၀ အထိ လိုအပ်ခဲ့တာ ဖြစ်ပါတယ်။ အခု ၁၅၁ မဲပဲ လိုတယ်လို့ သတ်မှတ်ချက် အပေါ် သပိတ်မှောက်တဲ့ အနေနဲ့ ပီသုံးလုံး အမတ် တော်တော်များများ မဲဝင်မထည့်ပဲ နေခဲ့ကြပါတယ်။

စွပ်စွဲပြစ်တင်ရေး အဆို အောင်သွားပြီးတဲ့နောက် ဒီ အကြောင်းကို လွှတ်တော်ဘက်က တရားဝင် အကြောင်းကြားလာတဲ့နဲ့ ချက်ခြင်း ယာယီ သမ္မတဟာ လုပ်ငန်းတာဝန်တွေကနေ ချက်ခြင်း ဆိုင်းငံ့ သွားမှာ ဖြစ်ပါတယ်။

ကိုရီးယား အစိုးရရဲ့ အင်္ဂါစဉ် အရ ယာယီ သမ္မတ နေရာကို ဘဏ္ဍာရေး ဝန်ကြီး ချို ဆန်-မော့ ရောက်လာဖို့ ရှိပါတယ်။

ယာယီသမ္မတပါ ဆိုင်းငံ့ ခံရတော့မယ့် အဖြစ်ကို ရောက်လာစေတဲ့ အကြောင်းကတော့ အထက်မှာ ပြောခဲ့သလို အခြေခံဥပဒေ ခုံရုံး တရားသူကြီး လစ်လပ် ၃ နေရာကို လွှတ်တော်က ရွေးပေမယ့် ယာယီ သမ္မတက အတည် မပြု ပေးပဲနေတဲ့ အတွက် ဖြစ်ပါတယ်။ ဒါ့ကြောင့် မူရင်း ကိစ္စဖြစ်တဲ့ စစ်အုပ်ချုပ်ရေး ကြေညာခဲ့သူ သမ္မတ ဆွန်း အပေါ် ဖယ်ရှားရေး စွပ်စွဲ ပြစ်တင်ရေး လုပ်ငန်းစဉ် ရှေ့ဆက် မရ ပိတ်ဆို့ နေခဲ့ပါတယ်။

အဲဒီ စွပ်စွဲ ပြစ်တင်ရေး ဆုံးဖြတ်ချက်ကို ၉ ဦးပါ အခြေခံ ဥပဒေ ခုံရုံး တရားသူကြီး အဖွဲ့က အတည်ပြု ပေးရမှာ ဖြစ်ပြီး၊ အနည်းဆုံး တရားသူကြီး ၆ ယောက်ရဲ့ အတည်ပြုချက် လိုအပ်ပါတယ်။

လက်ရှိမှာ တရားသူကြီး ၆ ယောက်ပဲ ရှိနေတာကြောင့် တကယ်လို့ တရားသူကြီး တစ်ဦးက မစ္စတာယွန်းကို ဖယ်ရှားရေး အပေါ် သဘောမတူရုံနဲ့ မစ္စတာ ယွန်း သမ္မတ အဖြစ် ဆက်ရှိ သွားနိုင်ပါတယ်။

ဒါ့ကြောင့် တရားသူကြီး ၉ ယောက် စလုံး ပြည့်အောင် လိုအပ်နေတဲ့ ၃ ဦးကို အတည်ပြုပေးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ လွှတ်တော်ဘက်က ရွေးပေးထားတဲ့ ၃ ဦးကို ယာယီသမ္မတက အတည်ပြု မပေး ဖြစ်နေတဲ့ အတွက် တောင်ကိုရီးယား နိုင်ငံရေး အကျပ်အတည်း ဆက်လက် ပြင်းထန် ဆိုးရွားနေတာ ဖြစ်တယ်လို့ အတိုက်အခံ အမတ်တွေက ပြောကြပါတယ်။

အခုလို ယာယီ သမ္မတကိုပါ ရာထူးကနေ ဖယ်ရှားရေး လုပ်ဆောင်တာဟာ တောင်ကိုရီးယားနိုင်ငံ ဒီမိုကရေစီ စနစ်ကို အသွင်ကူးပြောင်းခဲ့ပြီး နောက်ပိုင်း ဒါဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

သမ္မတယွန်းလိုပဲ ယာယီ သမ္မတ ဟန်း အတွက်လည်း ရာထူးက ဖယ်ရှားရေး စွပ်စွဲ ပြစ်တင်ခြင်း လုပ်ငန်းစဉ်ကို အခြေခံ ဥပဒေ ခုံရုံးက ရက်ပေါင်း ၁၈၀ အတွင်း အတည်ပြု ပေးဖို့ လိုအပ်ပါတယ်။

မစ္စတာ ဟန်းဟာ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားတယ် ဆိုပြီး ပြောပါတယ်။ အခြေခံ ဥပဒေ ခုံရုံးဘက်က ဘယ်လို ဆုံးဖြတ် ပေးမလဲ ဆိုတာကိုလည်း စောင့်နေမယ်လို့ ဆိုပါတယ်။

သမ္မတယွန်းကို ဖယ်ရှားရေး နဲ့ ပတ်သက်လို့တော့ အခြေခံဥပဒေ ခုံရုံးမှာ ကြားနာပွဲ တစ်ရပ် အချိန်တို လုပ်ခဲ့ပြီး၊ လာမယ့် သီတင်းပတ်ထဲမှာ ကြားနာပွဲ ထပ်ပြီး လုပ်ဖို့ စီစဉ်ထားပါတယ်။ အဲဒီ ကြားနာပွဲဟာ အရေးကြီးလိမ့်မယ် ဆိုပြီး အတိုက်အခံ ဒီမိုကရက်တစ် ပါတီက အမတ် ဟွန် ကီး -ဝမ် က ဘီဘီစီကို ပြောပါတယ်။

"ဒီလို ကြားနာပွဲတွေဟာ တိုင်းပြည်နဲ့ လူမျိုး အတွက် မကောင်းဘူးလို့ ထင်ကောင်း ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် အခြေခံ ဥပဒေ ခိုင်မာရေးနဲ့ စီးပွားရေး တည်ငြိမ်မှု ပြန်လည် ဖော်ဆောင် နိုင်ရေးတို့ အတွက်၊ နိုင်ငံရေး မသေချာ မရေရာမှုတွေကို ဖယ်ရှားပစ်ဖို့ အရေးကြီးပါတယ်။ ဒ့ါကြောင့် စွပ်စွဲ ပြစ်တင်ခြင်း လုပ်ငန်းစဉ်ကို အဆုံးတိုင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်" လို့ ဟွန် ကီး -ဝမ် က ဆိုပါတယ်။