ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
"ငါတို့ ဒါကို ရပ်တန့်မှဖြစ်မယ်" -တောင်ကိုရီးယားစစ်သားလက်က သေနတ်ကို ဖမ်းကိုင်ဖယ်ရှားခဲ့တဲ့ အမျိုးသမီးရဲ့ ဘီဘီစီကို ပြောပြချက်
- ရေးသားသူ, ယူနာကူ
- ရာထူးတာဝန်, ဘီဘီစီ ကိုရီးယားဘာသာစကားဌာန
- ရေးသားပေးပို့သည့်နေရာ, ဆိုးလ်
လူအများက အတိတ်သမိုင်းထဲမှာ ကျန်ခဲ့ပြီလို့ ထင်ခဲ့တဲ့ ဖြစ်ရပ်တွေဟာ တောင်ကိုရီးယားနိုင်ငံ ဝရုန်းသုန်းကား ဖြစ်ခဲ့တဲ့ညမှာ သမိုင်းတစ်ပတ် ပြန်လည်လာခဲ့ပါတယ်။
အမတ်တွေ တောင်ကိုရီးယားလွှတ်တော်အဆောက်အအုံထဲ မဝင်နိုင်အောင် ပိတ်ဆို့တားဆီးနေခဲ့တဲ့ စစ်သားတွေကို ထိပ်တိုက်ရင်ဆိုင်ခဲ့သူ အမျိုးသမီးတစ်ယောက်ရဲ့ ဖြစ်ရပ်ကတော့ လူအများရဲ့အာရုံထဲမှာ စွဲထင်နေခဲ့ပါတယ်။
အတိုက်အခံ ဒီမိုကရက်တစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ အသက် ၃၅ နှစ်အရွယ် အန်ဂွီယောင်းက ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်မှာ စစ်သားတစ်ယောက်ဆီကနေ သေနတ်ကို ဆွဲလုပြီး တွန်းဖယ်လိုက်တဲ့ ရုပ်သံက အွန်လိုင်းမှာ စိတ်ဝင်စားသူများခဲ့ပါတယ်။
"တမင်ရည်ရွယ်ခဲ့တာတော့မဟုတ်ဘူး။ ကျွန်မခေါင်းထဲမှာ ငါတို့ ဒါကို ရပ်တန့်မှဖြစ်မယ်လို့ပဲတွေးနေခဲ့တာ" လို့ သူက ဘီဘီစီ ကိုရီးယားဘာသာဌာနကို ပြောပါတယ်။
သမ္မတက တောင်ကိုရီးယားနိုင်ငံကို စစ်အုပ်ချုပ်ရေးကြေညာလိုက်ပြီးနောက် လွှတ်တော်အဆောက်အအုံကို စစ်သားတွေရောက်လာချိန်မှာ သူလည်း အဲ့ဒီနေရာကို ရောက်သွားခဲ့ပါတယ်။
အခုခေတ် တောင်ကိုရီးယားလူငယ်တွေလိုပဲ စစ်အုပ်ချုပ်ရေးဆိုတဲ့ စကားလုံးက သူ့အတွက်စိမ်းနေခဲ့ပါတယ်။ ဒီအမိန့်ကို ၁၉၇၉ ခုနှစ်က နောက်ဆုံး ကြေညာခဲ့ဖူးတာပါ။
စစ်အုပ်ချုပ်ရေးကြေညာတဲ့သတင်းလည်း ကြားရော ထိတ်လန့်တုန်လှုပ်မိတာတော့ အမှန်ပဲလို့ သူက ပြောပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာခံရရင် နိုင်ငံရေးလှုပ်ရှားမှုတွေဖြစ်တဲ့ လူထုစည်းရုံးလှုံ့ဆော်တာတွေ၊ ဆန္ဒထုတ်ဖော်တာတွေ ပိတ်ပင်ခံရမှာ ဖြစ်သလို သပိတ်မှောက်တာနဲ့ အလုပ်သမားအရေးလှုပ်ရှားမှုတွေ ဟန့်တားခံရမှာပါ။
အာဏာပိုင်တွေက မီဒီယာ နဲ့ ပုံနှိပ်ထုတ်ဝေခွင့်တွေကိုလည်း ထိန်းချုပ်သွားတော့မှာ ဖြစ်ပါတယ်။
ဒီတားမြစ်ချက်တွေကို ချိုးဖောက်သူတွေဟာလည်း ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးထိန်းသိမ်းခံရနိုင်ပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာပြီး မကြာခင်မှာပဲ အတိုက်အခံခေါင်းဆောင် လီဂျေမြောင်က အမတ်တွေကို လွှတ်တော်မှာ စုဝေးခေါ်ယူခဲ့ပြီး ကြေညာချက် ဖျက်သိမ်းရေး မဲပေးဖို့ စီစဉ်ခဲ့ပါတယ်။
လွှတ်တော်အဆောက်အအုံကို ဒေသစံတော်ချိန် ည ၁၁ နာရီကျော်ဝန်းကျင်မှာ ရောက်သွားခဲ့ကြပြီး ခေါင်းပေါ်ဝဲ နေတဲ့ ရဟတ်ယာဉ်တွေကို ရှောင်နိုင်အောင် ရုံးမီးကို ပိတ်ချလိုက်တယ်လို့ အန်က ပြန်ပြောပြပါတယ်။
သူလွှတ်တော်ပင်မအဆောက်အအုံကို ရောက်ချိန်မှာတော့ စစ်သားတွေက တစ်ဖက် တာဝန်ရှိသူတွေ၊ လက်ထောက်တွေနဲ့ အရပ်သားတွေကတစ်ဖက် အခြေအနေ တင်းမာနေကြပါပြီ။
"လက်နက်ကိုင်ထားတဲ့ စစ်သားတွေလည်းတွေ့ရော တိုင်းပြည်ဆုတ်ယုတ်တာကို မျက်ဝါးထင်ထင်မြင်လိုက်ရသလိုပဲ"လို့ သူက ပြောပါတယ်။
သူတို့ အမတ်တွေဟာ မဲခွဲတာလုပ်မယ့် ပင်မအဆောက်အအုံထဲ စစ်သားတွေ ဝင်မရအောင် တားဆီးဖို့ လုပ်မိလုပ်ရာတွေ လုပ်ခဲ့ကြပါတယ်။
ဆုံလည်တံခါးတွေကို အထဲကနေ သော့ပိတ်လိုက်ပြီး တံခါးရှေ့မှာ ပရိဘောဂတွေ၊ လေးပင်တဲ့အရာတွေ ပုံချထားလိုက်ကြပါတယ်။
စစ်သားတွေ ဇွတ်တိုးလာတဲ့အခါမှာ အန်လည်း ရှေ့ထွက်ချလိုက်ပါတယ်။
"အမှန်အတိုင်းပြောရရင်တော့ စစချင်းမှာ ကြောက်မိတယ်။ ဒါပေမဲ့ ဒီလိုထိပ်တိုက်တွေ့နေတဲ့အနေအထားမှာ ဒီအတိုင်းလည်း မနေနိုင်ဘူးလေ။"
လွှတ်တော်က မနက် ၁ နာရီလောက်မှာ စစ်အုပ်ချုပ်ရေးရုပ်သိမ်းမယ့် အဖြေရခဲ့ပါတယ်။ အမတ် ၁၉၀ လုံးက ကြေညာချက်ကို ရုပ်သိမ်းဖို့ မဲပေးခဲ့ကြပါတယ်။
မနက် ၄ နာရီ ၂၆ မိနစ်မှာတော့ သမ္မတ ယွန်းက သူ့ဆုံးဖြတ်ချက် ပြန်လည်ရုပ်သိမ်းကြောင်းကြေညာလိုက်ရပါတော့တယ်။
ဗရမ်းဗတာအခြေအနေ တန့်သွားချိန်မှာတော့ အန် တစ်ယောက် လွှတ်တော်ထဲမှာ တမှေးလောက်အိပ်ပျော်သွား ခဲ့ပါတယ်။
သူက "အဲ့ဒီမနက်တုန်းက လွှတ်တော်အပြင်ထွက်ဖို့ နည်းနည်းတော့ ကြောက်မိတာအမှန်ပဲ။ အငှားကားလည်း တစ်စီးမှ မတွေ့ဘူး။ ညက မုန်တိုင်းထန်ခဲ့တော့ ပုံမှန်အခြေအနေရောက်ဖို့က ခက်တယ်လေ"လို့ ပြောပါတယ်။
ဘီဘီစီနဲ့ တွေ့ချိန်အထိ အန်က မနေ့ညက ရုပ်သံထဲမှာ တွေ့ရတဲ့အတိုင်း အမည်းရောင် လည်ထောင်အင်္ကျီနဲ့ သားရေအပေါ်ထပ်အင်္ကျီကို ဝတ်ထားတုန်းပါပဲ။
အခုတော့ သူ့စိတ်ခံစားချက်ကို အတော်အတန် ထိန်းနိုင်နေပါပြီ။
"၂၁ ရာစု ကိုရီးယားမှာ ဒီလိုဖြစ်ရပ် ဖြစ်လာတာ ဝမ်းနည်းစရာကောင်းသလို စိတ်ပျက်လည်းပျက်မိတယ်" လို့ သူက ပြောပါတယ်။