မတ်လ ၁ ရက် ထိပ်တန်းသတင်းများ - WFP ရဲ့ အကူအညီလျှော့ချခံရလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲက ရိုဟင်ဂျာ သိန်းချီ ဘယ်လိုအခက်ကြုံရနိုင်လဲ

အာဏာသိမ်းကာလနှစ်နှစ်အတွင်း ကျန်းမာရေးဝန်ထမ်း ၇၀ ဦးခန့် သတ်ဖြတ်ခံရပြီး ၉၀၀ ခန့် ဖမ်းဆီးခံရကြောင်း NUG ထုတ်ပြန်

စစ်ကောင်စီက အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစလို့ နှစ်နှစ်တာအတွင်း ကျန်းမာရေးဝန်ထမ်း ၇၀ ဦးခန့် သတ်ဖြတ်ပြီး ၉၀၀ ဦးခန့် ဖမ်းဆီးခံခဲ့ရသလို ၇၈၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်းနဲ့ ဆေးရုံဆေးခန်း ၁၆၀ ကျော်ကို ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မတ်လ ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ဒီနှစ် ဆန်းပိုင်းမှာလည်း ၂၀၂၃ ခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလနှစ်လအတွင်း ကျန်းမာရေးကဏ္ဍဆိုင်ရာ အဆောက်အဦတွေေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုဖမ်းဆီးသတ်ဖြတ်မှုတွေကို ဆက်တိုက်ကျူးလွန်ခဲ့တယ်ဆိုပြီးလည်း ဖြစ်စဥ်တွေနဲ့အတူ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်တို့မှာ ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကို လေကြောင်းကတိုက်ခိုက်မှုမှာ CNF တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့သလို ပြင်ပလူနာကုသဆောင်၊ ဆေးစတိုနဲ့ လူနေအိမ်တွေပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂၁ ရက်မှာ မကွေးတိုင်းမြိုင်မြို့နယ်က ဗဟင်းတိုက်နယ်ဆေးရုံကို ရဟတ်ယာဥ်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဆေးရုံအနီးက အသက် ၆၂ နှစ်အရွယ်အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး ဆေးရုံက ဓာတ်မှန်စက်အပါအဝင် အဆောက်အအုံတွေထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်မှာတော့ စစ်ကိုင်းတိုင်းပုလဲမြို့နယ်နွယ်အင်းကျေးရွာထဲစစ်တပ်ဝင်ရောက်ခဲ့ပြီး ကျေးလက်ကျန်းမာရေးဌာနခွဲဆေးခန်းကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်ကနေ ၂၅ ရက်အတွင်း စစ်ကိုင်းတိုင်းအရာတော်မြို့နယ်က မင်းရွာ၊ မလဲသာနဲ့ ကန်ရင်းရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ရာမှာ ရွာအတွင်း ကအထက်တန်းကျောင်းနဲ့ဆေးရုံကို ရဟတ်ယာဥ်နဲ့ ပစ်ခတ်ခဲ့ပြီး ဆေးနဲ့ဆေးပစ္စည်းတွေကို ဖျက်ဆီးသွားတယ်လို့ ဖော်ပြထားပါတယ်။

ဇန်နဝါရီ ၂၉ ရက်မှာ တောထဲတစ်နေရာမှာ မွေးလူနာ ကုသပေးပြီး အုတ်ဖိုမြို့ထဲပြန်လာတဲ့ ပဲခူးတိုင်း အုတ်ဖိုမြို့နယ် အေးမြသာယာဆေးရုံက စီဒီအမ်သူနာပြုဆရာမတစ်ဦးကိုလည်း စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၆ ရက်မှာ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခုဖြစ်စဥ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့သတင်းထုတ်ပြန်တာမရှိသေးသလို စီဒီအမ်သူနာပြုဆရာမတစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့မှုနဲ့ပတ်သက်လို့လည်း ဘီဘီစီက သီးခြားအတည်ပြုထားနိုင်တာမရှိသေးပါဘူး။

တစ်ဖက်မှာလည်း စစ်ကောင်စီအောက် တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာဆရာမတချို့နဲ့ ဌာနဆိုင်ရာဝန်ထမ်းတချို့ ဖမ်းဆီးသတ်ဖြတ်ခံရပြီး အလောင်းစွန့်ပစ်ခံရတာတွေရှိထားကာ ဘယ်သူတွေက ပြုလုပ်တယ်ဆိုတာမျိုး ဝန်ခံပြောကြားတာမရှိသေးပါဘူး။

ရန်ပုံငွေရရှိမှု လျော့နည်းတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာ သိန်းချီကို အကူအညီပေးနေတာတွေကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)က ဒီနေ့ မတ်လ ၁ ရက်နေ့ကစလို့ လျှော့ချသွားတော့မှာဖြစ်ပါတယ်။

စားနပ်ရိက္ခာအထောက်အပံ့အနေနဲ့ လစဥ်ပေးနေတဲ့ ဘင်္ဂလားဒေ့ရှ် ငွေကြေး ၁၂၂၄ တာကာ ကနေ ၁၀၂၀ တာကာအထိ လျှော့ချသွားမှာဖြစ်ပါတယ်။

တာကာငွေ ၂၀၀ ကျော်သာဖြစ်တယ်လို့ ဆိုပေမဲ့ ဒီငွေကြေးဟာ ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာတွေအပေါ် သက်ရောက်မှုကြီးတယ်ဆိုတာကိုတော့ WFP ဘက်က အသိအမှတ်ပြုပြောဆိုထားပါတယ်။

တစ်ဖက်မှာလည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်တွေဟာ စခန်းတွေထဲက အပြင်ထွက်ပြီး အလုပ်အကိုင်လုပ်ကိုင်ခွင့်မရတာကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ ‌အထောက်အပံ့ကိုသာ မီခိုအားထားနေရတာဖြစ်ပါတယ်။

‘’ဒီမှာ လူတွေအားလုံးက အပြင်ထွက် အလုပ်လုပ်လို့လည်းမရဘူး။ အပိုဝင်ငွေ ရတယ်လို့ ဆိုနိုင်တဲ့ သူကလည်း ဒုက္ခသည်စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ။ စခန်းတွေထဲက အစိုးရမဟုတ်တဲ့အဖွဲ့အစည်း(NGO) တွေမှာ လုပ်အားပေးဝင်လုပ်နိုင်တဲ့ ပညာတတ် ဘွဲ့ရ ရိုဟင်ဂျာတွေကတော့ အပိုဝင်ငွေ နည်းနည်းရှာနိုင်တာပေါ့။ ဒါကလည်း အများကြီး မဟုတ်ဘူး။ ဒုက္ခသည် အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ။ ဆိုတော့ ပိုကျပ်တည်းလာနိုင်တယ်’’ လို့ ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာ ကလေးတွေကို စာသင်ပေးနေတဲ့ ဆရာအာလောမ်က ဘီဘီစီကို ပြောပါတယ်။

တချိန်တည်းမှာပဲ အခုလို အကူအညီရရှိမှုနည်းပါးသွားတာဟာ ဒုက္ခသည်တွေအနေနဲ့ အလုပ်အကိုင်ရမယ်ဆိုပြီး အယုံသွင်းတဲ့ လူကုန်ကူးသူတွေရဲ့ ပစ်မှတ်ထားအောက်ရောက်ပြီး စခန်းထဲက ထွက်ခွာဖို့ ကြိုးစားတာတွေ ပိုများလာနိုင်တယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ရွှေပြည်သာ ဝါးတရာ စက်မှုဇုန်က အထည်ချုပ်စက်ရုံနှစ်ရုံ ပိတ်လို့ အလုပ်သမားနှစ်ထောင်ကျော် အလုပ်ရပ်နားခံရ

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်ထဲက Primark Brand အထည်တွေကို ချုပ်လုပ်ကြတဲ့ တရုတ်နိုင်ငံသားပိုင် GTIG နဲ့ GYsan စက်ရုံနှစ်ရုံဟာ အထည်အပ်နှံမှာယူတာတွေ မရှိတော့တာကြောင့်ဆိုပြီး စက်ရုံနှစ်ရုံလုံးပိတ်သိမ်းလိုက်တာကြောင့် အလုပ်သမား ၂ ထောင်ကျော် အလုပ်ရပ်ဆိုင်းခံရတယ်လို့ အဲ့ဒီစက်ရုံက အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

အလုပ်သမား ဥပဒေအရ စက်ရုံပိတ်သိမ်းမယ်ဆိုရင် တစ်လကြိုတင် အကြောင်းကြားရမှာဖြစ်ပေမဲ့ အဲ့ဒီစက်ရုံတွေကတော့ ဖေဖော်ဝါရီ ၁၆ ရက်မှာ အလုပ်သမားတွေကို အသိပေးပြီး ၂၈ ရက်မှာ လျော်ကြေးတွေပေးတာဖြစ်တယ်လို့ ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ မြန်မာပြည်မှာ အသင့်သောက်ကော်ဖီ၊ မက်ဂီခေါက်ဆွဲနဲ့ မိုင်လိုတို့ကို ရောင်းချနေတဲ့ ဆွစ်ဇာလန် စားသောက်ကုန်လုပ်ငန်းကြီး နက်စ်လေက မြန်မာနိုင်ငံက ထုတ်လုပ်ရေး လုပ်ငန်းတွေအားလုံးကို ရပ်ဆိုင်းမယ်လို့ ထုတ်ပြန်လာပြီး အလုပ်သမား 138 ဦးအတွက် ထိခိုက်နစ်နာမှုမရှိအောင် ဆောင်ရွက်ပေးမယ်လို့ AFP ကရေးပါတယ်။

စစ်အာဏာသိမ်းပြီး နိုင်ငံရေးမတည်ငြိမ်တဲ့ မြန်မာနိုင်ငံမှာ စားသုံးသူအခွင့်အရေးနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ ကမ္ဘာ့နာမည်ကြီးကုမ္ပဏီတွေ မြန်မာနိုင်ငံက ဆက်တိုက်ဆိုသလို ထွက်ခွာနေတာကြောင့် အလုပ်လက်မဲ့ဦးရေတွေ ခုထက်ပိုတိုးလာဦးမှာဖြစ်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ မြန်မာပြည်မှာ အသင့်သောက်ကော်ဖီ၊ မက်ဂီခေါက်ဆွဲနဲ့ မိုင်လိုတို့ကို ရောင်းချနေတဲ့ ဆွစ်ဇာလန် စားသောက်ကုန်လုပ်ငန်းကြီး နက်စ်လေက မြန်မာနိုင်ငံက ထုတ်လုပ်ရေး လုပ်ငန်းတွေအားလုံးကို ရပ်ဆိုင်းမယ်လို့ ထုတ်ပြန်လာပြီး အလုပ်သမား ၁၃၈ ဦးအတွက် ထိခိုက်နစ်နာမှုမရှိအောင် ဆောင်ရွက်ပေးမယ်လို့ AFP ကရေးပါတယ်။

စစ်အာဏာသိမ်းပြီး နိုင်ငံရေးမတည်ငြိမ်တဲ့ မြန်မာနိုင်ငံမှာ စားသုံးသူအခွင့်အရေးနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ ကမ္ဘာ့နာမည်ကြီးကုမ္ပဏီတွေ မြန်မာနိုင်ငံက ဆက်တိုက်ဆိုသလို ထွက်ခွာနေတာကြောင့် အလုပ်လက်မဲ့ဦးရေတွေ ခုထက်ပိုတိုးလာဦးမှာဖြစ်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ကမ္ဘာကျော်အမှတ်တံဆိပ်တွေဖြစ်တဲ့Adidas, Zara နဲ့ H&M တွေကို ချုပ်လုပ်ထုတ်လုပ်တဲ့ ACT ( Action Collaboration Transformation) အဖွဲ့ကလည်း မြန်မာနိုင်ငံက ထွက်ခွာတော့မယ်လို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာမှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုကြောင့် လူပေါင်း ၁ ဒသမ ၆ သန်း အလုပ်အကိုင်တွေ ဆုံးရှုံးခဲ့ရပြီး အဲ့ဒီအထဲမှာ အထည်ချုပ်လုပ်သား ၂ သိန်း ၂ သောင်းကျော်ပါဝင်တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO က ၂၀၂၂ ခုနှစ် ဇန်နဝါရီမှာ ထုတ်ပြန်ထားပါတယ်။

ဂျပန်က မြန်မာကို ဒေါ်လာ သန်း ၆၀ အကူအညီပေးမယ်

မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီ အမေရိကန်ဒေါ်လာ သန်း ၆၀ ပေးမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာက ထုတ်ပြန်ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေ‌ဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးကတည်း နိုင်ငံ့နေရာအများစုမှာ အကြမ်းဖက်မှုတွေကို ရင်ဆိုင်နေရဆဲဖြစ်ပြီး အဲဒီနောက်ဆက်တွဲအနေနဲ့ လူလားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်ချက်တွေလည်း ပိုဆိုးရွားလာနေတယ်ဆိုပြီး ဂျပန်နိုင်ငံဘက်က ပြောပါတယ်။

ဒီအခြေအနေတွေကြောင့် ဂျပန်အစိုးရဟာ အမေရိကန်ဒေါ်လာ သန်း ၆၀ နီးပါးကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)၊ ကုလသမဂ္ဂကလေးသူငယ်အဖွဲ့(UNICEF)၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)၊ အာဆီယံလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(AHA) တို့ကနေ တဆင့် ပေးအပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာပြည်တွင်း စစ်အာဏာသိမ်းမှုဖြစ်ပြီးကတည်းက လူသားချင်းစာနာမှု အကူအညီ ဒေါ်လာ ၄၇ သန်းကျော်ကို ပေးအပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

အရာတော်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၅ ဦးသေဆုံးတယ်လို့ဆို

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ထဲက ညောင်ပင်၊ မလဲသာ၊ ကန်ရင်းကျေးရွာတွေအနီး ဖြစ်ပွားခဲ့တဲ့ ထိတွေ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၅ ဦးသေဆုံးတယ်လို့ တိုက်ပွဲဖြစ်ရာမှာပါဝင်တဲ့ ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက သတင်းထုတ်ပြန်လာပါတယ်။

လေကြောင်းပစ်ကူနဲ့ ဝင်ရောက်လာပြီး မလဲသာကျေးရွာမှာ အထိုင်ချခဲ့တဲ့ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ ညောင်ပင်ကျေးရွာအနီးမှာ ဖေဖော်ဝါရီလ ၂၄ ရက် မနက်ပိုင်းတုန်းက တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသလို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ပူးပေါင်းအဖွဲ့တွေဘက်က ထုတ်ပြန်ပြီး ကောင်းကင်ကနေရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တစ်ခုမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်းလို့ ယူဆရတဲ့ အရာတွေကို ထနောင်းပင်စုအောက်မှာ စုပြုံထားတာတွေ့ရပြီး ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးက တစ်ဖက်ကို ပြန်လည် ပစ်ခတ်နေတာကိုတွေ့ရပါတယ်။

လက်ရှိမှာတော့ မလဲသာ၊ ကန်ရင်း၊ ညောင်ပင်ရွာတွေက ထောင်နဲ့ချီတဲ့ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေရဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဟာ အရာတော်မြို့နယ်တောင်ပိုင်းကျေးရွာတွေနဲ့ မြင်းမူမြို့နယ်အစပ်က ကျေးရွာ တွေကို လှည့်ပတ်စစ်ကြောင်းထိုးနေသလို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ လည်း နေ့စဥ်နီးပါး ထိတွေ့ တိုက်ပွဲ ဖြစ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ အဲဒီဖြစ်စဥ်နဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမတွေ့ရသေးသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးတယ်ဆိုတာကို ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

မြစ်ကြီးနားမှာ အရပ်သားအချို့ကို စစ်တပ်က ရိုက်နှက်ဖမ်းဆီးတယ်လို့ ဒေသခံတွေ ပြော

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အစွန်ပိုင်းက မောတောင်ကျေးရွာနဲ့ ဆယ်မိုင်ရွာတွေမှာ စစ်ကောင်စီတပ်က ဒေသခံ အချို့ကို ဖေဖော်ဝါရီလ ၂၈ ရက်မှာ ရိုက်နှက်ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကား ၄ စီးနဲ့ ရောက်လာပြီး အလိုရှိသူတစ်ဦးကို လာရောက်ရှာဖွေချိန် ရိုက်နှက်ဖမ်းဆီးတာတွေ လုပ်ခဲ့တာလို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

‘‘လူ တစ်ယောက်ကို လာရှာချိန်မှာ မတွေ့တော့ အိမ်တစ်အိမ်က အမျိုးသား ၂ ယောက် အရိုက်ခံရတယ်။ တစ်ယောက်က ဆေးရုံတင်လိုက်ရတယ်။ အရိုက်ခံရတဲ့ တစ်ယောက်ကိုဆိုရင် မင်းကို KIA တပ်ရင်း ၁၁ မှာ မြင်ဖူးတယ်လို့ ပြောတော့ ဟိုကလည်း ပြန်ငြင်းတဲ့အချိန်မှာ ရိုက်နှက်သွားတယ်လို့ သိရတယ်။ လာရှာ တဲ့ အိမ်က ကားတစ်စီးကိုလည်း မော်တော်ပီကယ်ရုံးကို သွားပို့ခိုင်းတယ်။ ကားကို သွားမောင်းပို့တဲ့ လူတစ်ယောက်ကိုလည်း ဖမ်းထားတယ်’’ ဆိုပြီး ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်၊

စစ်ကောင်စီတပ်သားတွေ အခုလို ဘာကြောင့် စစ်ဆေးမှု ပြုလုပ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရပေမဲ့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်(KIA)နဲ့ ဆက်စပ်တယ်ဆိုပြီး သံသယနဲ့ အခုလို လာရောက် ရှာဖွေ တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

‘’ပုံမှန်ဆို သူတို့ ဒီဘက်(မြို့စွန်)ဘက်ကို ကင်းလှည့်လေ့မရှိဘူး။ ဟိုးတစ်လောက ကေအိုင်အေမှာ အုပ်ချုပ် ရေးသင်တန်းတက်တဲ့အဖွဲ့တွေ ဖမ်းမိချိန်မှာ ခပ်စိပ်စိပ်ကင်းလှည့်တယ်။ အဲဒီနောက်ပိုင်း ကင်းလှည့်တာမျိုး မရှိတော့ဘူး။ အခုတော့ ဟိုနေ့က တနေ့လုံး မီးတွေ ပြတ်ချိန်မှာ ကားတွေနဲ့ ဒီဘက်ကို သွားလာတာတွေ ပြန်တွေ့ရတယ်။ အဲဒီနောက်ပိုင်း အဖမ်းအဆီးတွေ ပြန်ပေါ်လာတာ။ သူတို့ ကားတွေ ပြန်မြင်ရတော့ လူထုတော့ စိတ်မချမ်းသာပါဘူး’’ လို့ ဆယ်မိုင်ရွာ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ချင်းပြည်နယ်မှာ စစ်တပ်က ၂ လအတွင်း အကြိမ် ၅၀ ကျော် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ CHRO ထုတ်ပြန်

ချင်းပြည်နယ်က ထန်တလန်၊ မင်းတပ်၊ ဟားခါးနဲ့ မတူပီ စတဲ့ မြို့နယ်လေးခုမှာ စစ်ကောင်စီက ၂၀၂၃ ခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်း လေကြောင်းကနေ ၅၃ ကြိမ် တိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးရေအနည်းဆုံး ၁၃၈ လုံး ကြဲချခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ဖေဖော်ဝါရီ ၂၈ ရက်မှာ ထုတ်ပြန်လာပါတယ်။

ဒီလိုလေကြောင်းက တိုက်ခိုက်မှုတွေဟာ ဖေဖော်ဝါရီလဆန်းပိုင်းမှာ စစ်ကောင်စီက ထန်တလန်မြို့ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့နောက်နဲ့ ထန်တလန်မြို့ထဲက စစ်ကောင်စီရဲ့ အဓိက တပ်စခန်းကို ချင်းကာကွယ်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့နောက်မှာ သိသိသာသာ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီနှစ်လအတွင်းမှာ ထန်ထလန်မြိုန့ယ်ကို လေကြောင်းကနေ အကြိမ်ရေ ၄၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးရေ ၁၁၅ လုံးကြဲချခဲ့ကာ အများဆုံးတိုက်ခိုက်ခံခဲ့ရတယ်လို့ အဲဒီအဖွဲ့ရဲ့ စာရင်းဇယားက ဖော်ပြပါတယ်။

ဟားခါးမှာတော့ လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်အတွင်း ဗုံးလေးလုံး၊ မတူပီမှာ လေကြောင်းတိုက်ခိုက်မှုသုံးကြိမ်အတွင်း ဗုံး ၆ လုံးနဲ့ မင်းတပ်မှာတော့ လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်အတွင်း ဗုံး ၁၃ လုံးကြဲချခဲ့တယ်လို့ ဖော်ပြပါတယ်။

အွန်လိုင်းဂိမ်းနဲ့ လောင်းကစားလုပ်ငန်းလုပ်နေသူ ၇၀ ကျော် ဖမ်းဆီးခံရ

ပြည်တွင်းမှာ မိုဘိုင်းအပလီကေးရှင်းတွေကနေတဆင့် တရားမဝင် အွန်လိုင်းဂိမ်း၊ လောင်းကစားနဲ့ ငွေချေးလုပ်ငန်းလုပ်ကိုင်သူ ၇၁ ဦးကို ဖမ်းဆီးမိထားတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။

အဲဒီလောင်းစကားလုပ်ငန်းတွေကို တရုတ်နိုင်ငံသားတစ်ဦးနဲ့ ရန်နိုင်ကျော်(ခ) အားဖုဆိုသူအမျိုးသားတို့က ဦးဆောင်နေတာဖြစ်ပြီး ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်၊ FMI အိမ်ရာဝင်းအတွင်းက နေအိမ် ၃ လုံးကို ဝင်ရောက် စီးနင်းရှာဖွေရာမှာ ဒီလူတွေကို ဖမ်းဆီးမိတာလို့ ဆိုပါတယ်။

ဖမ်းဆီးမှုတွေကိုတော့ ဇန်နဝါရီလအတွင်း ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

ဦးဆောင်သူ ရန်နိုင်ကျော်(ခ) အားဖုဟာ လှိုင်မြို့နယ်၊ MICT Park အတွင်းမှာ စကိုင်း ငွေပေးချေမှုဆိုင်ရာ ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီဆိုပြီး ရုံးခန်းဖွင့်ထားကာ Money Bag ၊ Cash Now ၊ Cola Kyat အပလီကေးရှင်းတွေကနေတဆင့် တရားမဝင် အွန်လိုင်း ချေးငွေလုပ်ငန်းလုပ်တာ၊ TTbet အွန်လိုင်းဂီမ်း လောင်းကစားလုပ်ငန်းတွေ လုပ်ကိုင်နေတာလို့ ဆိုပါတယ်။

အခုတော့ ဖမ်းဆီးမိသူတွေအတူ လက်ပုတော့ ကွန်ပြူတာ အလုံး ၁၆၀ ကျော်၊ လက်ကိုင်ဖုန်း အလုံး ၄၀၊ ဖုန်းဆင်းကတ် ၇၅၀ နီးပါး၊ အွန်လိုင်းဂိမ်းတွေအတွက် အသုံးပြုနေတဲ့ ငွေစာရင်းအကောင့်တွေကနေ ကျပ်သိန်း ၄၈၀၀ ကျော်ကိုလည်း သိမ်းဆည်းမိထားတယ်လို့ ဆိုပါတယ်။

အခုတော့ ဖမ်းဆီးထားတသူ အမျိုးသား ၂၄ ဦးနဲ့ အမျိုးသမီး ၄၇ ဦးကို လှိုင်မြို့နယ် ရဲစခန်းမှာ အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့လည်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ထန်လလန်မြို့ပျက်ကြားက ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲ့ မင်္ဂလာဦး ဓာတ်ပုံတွေ လူပြောများနေ

လူမှုကွန်ရက်မှာ မျှဝေ ပြောဆိုသူများနေတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနဲ့ သူ့သတို့သမီးလောင်းတို့ရဲ့ မင်္ဂလာဦးအကြို ဓာတ်ပုံတွေဖြစ်ပါတယ်။

ဒီဓာတ်ပုံတွေကို ချင်းပြည်နယ်၊ ထန်တလန်မြို့ပျက်ထဲမှာတင်မက မြို့ထဲက ပျက်စီးသွားတဲ့ ဘုရားကျောင်း ထဲမှာပါ ရိုက်ကူးထာတာဖြစ်လို့ ဒီစိတ်ကူးစိတ်သန်းကို သဘောကျတဲ့အကြောင်း လူမှုကွန်ရက်သုံးစွဲသူတွေက ပြောဆိုနေကြတာြဖစ်ပါတယ်။

ထန်တလန်မြို့ဟာ ၂၀၂၁ ခုနှစ်နှောင်းပိုင်းမှာ အကြိမ်ကြိမ်မီးရှို့ခံရမှုကြောင့် အရပ်သားတွေ နေထိုင်မှု မရှိတော့တဲ့မြို့လည်း ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း မြို့ထဲမှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ဖုန်းနဲ့ အင်တာနက်လိုင်းလို ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားတာကြောင့် ထန်တလန်မြို့ထဲ ဘာတွေဖြစ်နေတယ်ဆိုတာကို လူထု သိရှိမှု နည်းခဲ့ပြီး ဒီတိုက်ပွဲတွေကြောင့် မြို့ပျက်ကြီး ဖြစ်သွားတဲ့ ထန်တလန်မြို့ရဲ့ ဓာတ်ပုံနဲ့ ရုပ်သံတွေ ပြီးခဲ့တဲ့ ရက်ပိုင်းမှာထွက်ပေါ်လာတော့မှာ မြို့ရဲ့ အခြေ အနေကို အများသိရှိခဲ့ကြတာဖြစ်ပါတယ်။

မြို့တွင်းမှာတော့ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေသလို စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်တာတွေ ပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထန်တလန်မြို့တွင်းက စစ်ကောင်စီ ရိက္ခာ ထားတဲ့ နေရာကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အဲဒီမှာထားတဲ့ စစ်ကောင်စီ ရိက္ခာအားလုံးနီးပါး ပျက် စီးသွားတယ်လို့ သိရပါတယ်။

ထန်တလန်တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ဒေသခံတွေဟာ တောတောင်တွေနဲ့ အိမ်နီးချင်း အိန္ဒိယ နိုင်ငံဘက်ခြမ်းကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။