ရထားလမ်းအောက်က ဆင်ဖြတ်လမ်းတွေ လုပ်ပေးမယ့် သီရိလင်္ကာ သတင်းနဲ့ မတ်လ - ၂ ရက် နိုင်ငံတကာသတင်းများ

Srilanka

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဆင်တွေ ရထားတိုက်ခံရမယ့်ဘေးကနေ ကာကွယ်နိုင်ဖို့အတွက် ရထားလမ်း အောက်ကနေ ဆင်တွေ ဖြတ်သွားနိုင်မယ့် လမ်းကို တည်ဆောက်မယ့် လုပ်ငန်း တွေကို သီရိလင်္ကာက အစိုးရအရာရှိတွေက စတင်လိုက်ပါတယ်။

ဒီလို ဆင်သွားမယ့် ဖြတ်လမ်းတွေ ဆောက်လုပ်တာဟာ သီရိလင်္ကာမှာ ပထမဆုံး ဖြစ်ပြီး နိုင်ငံအလယ်ပိုင်းမှာ လုပ်မှာပါ။

ဆင်တွေဟာ အစာရေစာရှာဖွေဖို့အတွက် လှည့်လည်သွားလာစဉ်မှာ အမြန် ရထား တွေ တိုက်မိတာကြောင့် သီရိလင်္ကာမှာ နှစ်စဉ် ဒါဇင်နဲ့ချီတဲ့ ဆင်တွေ သေတာတွေ၊ ဒဏ်ရာရတာတွေ ဖြစ်ခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံမှာ ဆင်ကောင်ရေ ၅,၀၀၀ လောက် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။

ကားရှုပ်ထွေးတဲ့ လမ်းမတွေနဲ့ ရထားလမ်းတွေ အောက်ကနေ ဆင်တွေ ဘေးကင်း ကင်းနဲ့ ဖြတ်သွားနိုင်အောင် လုပ်ထားတဲ့ အလားတူ ဆင်ဖြတ်လမ်းတွေကို ကင်ညာနဲ့ အိန္ဒိယတို့မှာလည်း ဆောက်လုပ်ထားကြပါတယ်။

ယူကရိန်း စစ်ဦးစီးချုပ်က တပ်မှူးတချို့ကို အစားထိုးလဲလှယ်တော့မယ်ဆိုတဲ့ အချက်ပြ

Ukarine

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်ကြီး အိုလက်ဆန်ဒါ စီယာစကီးဟာ အရှေ့ဘက် ရှေ့တန်းဘက်ကို သွားခဲ့

ယူကရိန်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အိုလက်ဆန်ဒါ စီယာစကီး က နိုင်ငံအရှေ့ပိုင်း ရှေ့တန်းက တပ်မှူးတချို့ကို ပြောင်းလဲ အစားထိုးတော့မယ်ဆိုတဲ့ အချက်ပြလိုက် ပါတယ်။

လက်အောက်ခံ ငယ်သားတွေရဲ့ အသက်ကို စိုးရိမ်စရာဖြစ်နေတဲ့ လုပ်ဆောင်မှုတွေ၊ အမိန့်ပေးမှုတွေကို အစားထိုးရတော့မယ်လို့ သူက သူ့ရဲ့ လူမှုမီဒီယာမှာ ရေးသား ထားပါတယ်။

သူ အဲဒီရှေ့တန်း ဘက်မှာ ၃ ရက်တာ အလုပ်လုပ်ပြီးတဲ့နောက်မှာ တချို့နေရာတွေမှာ ရုရှားရဲ့ ထိုးစစ်ကို ကြံ့ကြံ့ခံနိုင်ပြီး တချို့နေရာတွေမှာ မခံနိုင်တာတွေ ဖြစ်နေရတာ ဘာ့ကြောင့်လဲဆိုတာကို သူရှင်းရှင်းလင်းလင်း သိခဲ့ရပြီလို့လည်း ဆိုပါတယ်။

ရှေ့တန်းတပ်တွေက ပြောတာတွေကို သူနားထောင်ခဲ့ပြီး တချို့ တပ်မတွေကို သူက ချီးကျူးလိုက်ကာအဲဒီတပ်တွေက လိုအပ်တယ်လို့ ပြောနေတဲ့ တပ်ကူတွေ၊ လက်နက်ခဲယမ်းတွေနဲ့ ကျွမ်းကျင်သူတွေကို ပို့ပေးမယ်လို့ ကတိပေးသွားပါတယ်။

အရှေ့ဘက် ရှေ့တန်းရဲ့ တချို့နေရာတွေမှာ ရုရှားက အသာစီးရနေတာတွေ ရှိပါတယ်။

အကူအညီပို့ဆောင်ရေးယာဉ်တန်း အဖြစ်အပျက်နဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ တွေ့ရှိချက်

Gaza

ဓာတ်ပုံ ရင်းမြစ်, Reuters

ဂါဇာရဲ့ အကြီးဆုံးဆေးရုံကို ကုလသမဂ္ဂအဖွဲ့တခု သွားခဲ့ပြီး ကြာသပတေးနေ့က အစားအစာ ရိက္ခာပို့ဆောင်ရေး ယာဉ်တန်းအဖြစ်အပျက်မှာ ဒဏ်ရာရခဲ့တဲ့ ပါလက် စတိုင်း အများအပြားရှိတာကို သူတို့တွေ့ခဲ့ရသလို အဲဒီထဲက အများစုက သေနတ် ဒဏ်ရာတွေရထားတာကို တွေ့ခဲ့ကြရပါတယ်။

ဒီအဖြစ်အပျက်မှာ ပါလက်စတိုင်း အယောက် ၁၀၀ ကျော်ကို အစ္စရေး စစ်သားတွေ က သတ်ဖြတ်ခဲ့တယ်လို့ ပါလက်စတိုင်း အရာရှိတွေက ပြောခဲ့ပါတယ်။

ဒီအဖြစ်နဲ့ ပတ်သက်လို့ အစ္စရေး အရာရှိတွေဖက်က သူတို့ စစ်တပ်က တနေရာမှာ သာ သေနတ်နဲ့ ပစ်ခဲ့တာ ဖြစ်ပြီး သေကြေရတာ အများစုက လူအုပ်ပြိုကြကာ နင်းမိကြလို့ ဖြစ်တာ၊ အကူအညီပေးရေး ယာဉ်တန်းတွေက လူတွေကို တိုက်မိလို့ ဖြစ်တာ စသဖြင့် ဆိုထားပေမယ့် အခု ကုလသမဂ္ဂရဲ့ တွေ့ရှိချက်က အဲဒါတွေနဲ့ ကွဲလွဲ နေတာကို ပြနေပုံပါ။

အာဖရိက သမဂ္ဂ အကြီးအကဲ မူဆာ ဖာကီ မာဟာမက်က အစ္စရေးဟာ ပါလက် စတိုင်းတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်နေတယ်လို့ စွပ်စွဲလိုက်သလို ဒီအဖြစ်နဲ့ ပတ်သက်ပြီး အစ္စရေး အပေါ် နိုင်ငံတကာ ဖိအားတွေလည်း တိုးများလာနေပါတယ်။