ဇန်နဝါရီ ၃၀ရက် ထိပ်တန်းသတင်းများ
မြန်မာ့စီးပွားရေးဟာ မသေချာမရေရာမှုတွေ ကြုံတွေ့နေရဆဲလို့ကမ္ဘာ့ဘဏ်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာ့စီးပွားရေးဟာ မသေချာမရေရာမှုတွေ ကြုံတွေ့နေရဆဲဖြစ်ပြီး ပဋိပက္ခတွေကြောင့် စီးပွားရေးကို အနှောက်အယှက်ဖြစ်နေစေတယ်လို့ ကမ္ဘာ့ဘဏ်က ဒီကနေ့ ဇန်နဝါရီ၃၀ရက် ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အချို့စီးပွားရေးလုပ်ငန်းတွေက ခံနိုင်ရည်ရှိနေပေမဲ့ အိမ်ထောင်စု ၀င်ငွေ နဲ့ တိုးတက်မှုအလားအလာတွေက အားနည်းနေတယ်လို့ လည်းထောက်ပြထားပါတယ်။
ဒါပေမဲ့ မြန်မာ့စီးပွားရေးဟာ တဖြည်းဖြည်း ပြန်လည်ဦးမော့လာမယ်လို့ ကမ္ဘာ့ဘဏ်ကခန့်မှန်းထားပြီး ၂၀၂၃ ခုနှစ်လာမယ့် စက်တင်ဘာလမှာကုန်ဆုံးမယ့် ဘဏ္ဍာနှစ်မှာတော့ ၃ရာခိုင်နှုန်းခန့် တိုးတက်လာမယ်လို့ မျှော်မှန်းထားတယ်လို့ဆိုပါတယ်။
နိုင်ငံတွင်းပဋိပက္ခတွေ ၊ ဆိုးရွားတဲ့လျှပ်စစ်မီးပြတ်တောက်တာတွေနဲ့ မူဝါဒအပြောင်းအလဲတွေကြောင့် မြန်မာ့ စီးပွားရေးအပေါ် ဆိုးရွားတဲ့သက်ရောက်မှုတွေဆက်ရှိနေပြီး လူတစ်ဦးချင်း GDP ဟာ ကိုဗစ်ကာလမတိုင်မီကာလ အောက် ၁၃ ရာခိုင်နှုန်း ရောက်နေတယ်လို့ဆိုပါတယ်။
ကျပ်ငွေတန်ဖိုးကျဆင်းတာကလည်း သွင်းကုန်စရိတ်တွေကိုသိသိသာသာမြင့်တက်စေခဲ့တဲ့အချက်ဖြစ်နေပြီး ဝင်ငွေတွေကိုလျော့ကျလာစေတယ်လို့ လည်းဖော်ပြထားပါတယ်။
“၂၀၂၂ နှစ်ကုန်ပိုင်းလောက်မှာ စီးပွားရေးအခြေအနေတွေ တိုးတက်လာပေမယ့် စီးပွားရေးညွှန်းကိန်းတွေက ရောထွေးနေတယ်” လို့ ကမ္ဘာ့ဘဏ် ရဲ့ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Mariam Sherman က မှတ်ချက်ပြုထားပါတယ်။
အလုပ်လက်မဲ့နှုန်းမြင့်တက်လာတာရှိနေသလို ပြည်တွင်း ငွေပေးချေမှုစနစ်တွေအပေါ် ယုံကြည်မှုနည်းလာတာ၊ ငွေလဲနှုန်းမတည်ငြိမ်မှုတွေကြောင့် တရားမဝင်လမ်းကြောင်းနဲ့ငွေပေးချေမှုတွေကို ပြောင်းသုံးလာကြတဲ့ အခြေအနေကိုလည်း ကမ္ဘာ့ဘဏ်ကထောက်ပြထားပါတယ်။
ငွေကြေးဖောင်းပွမှု၊ ဘဏ္ဍာရေးလိုငွေပြမှု၊ ပို့ကုန်အားနည်းတာတွေနဲ့ ငွေလဲနှုန်းမူဝါဒတွေကို ထောက်ပြထားပြီး ငွေကြေးဖောင်းပွတာတွေကို လျှော့ချဖို့ ၊ကုန်သွယ်မှုကိုမြှင့်တင်ဖို့နဲ့ စျေးကွက်အခြေပြုငွေလဲနှုန်းစနစ်ရှိနေမှ စီးပွားရေးကို တည်ငြိမ်ဖို့၊ငွေကြေးဖောင်းပွမှုကို လျှော့ချဖို့ တွေကို အထောက်အကူပြုမယ်လို့ အကြံပြုထားပါတယ်။
ဝန်ကြီး ဒေါက်တာလှမြတ်သွေး ထောင် နှစ်နှစ်ချမှတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, တိုင်းဧရာ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဧရာဝတီတိုင်းအစိုးရရဲ့ လူမှုရေးဝန်ကြီးဟောင်း ဒေါက်တာလှမြတ်သွေးကို CDM လုပ်အောင်လှုံ့ဆော်တယ်ဆိုပြီး ပုဒ်မ ၅၀၅(ခ)နဲ့ ဒီကနေ့မှာ ထောင်နှစ်နှစ်ချမှတ်လိုက်ပါတယ်။
အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကထဲက ဧရာဝတီတိုင်းဝန်ကြီးအိမ်ရာဝန်းထဲမှာ နေအိမ်အကျယ်ချုပ်နဲ့ နှစ်နှစ်နီးပါး ထိန်းသိမ်းခံခဲ့ရတဲ့ ဒေါက်တာလှမြတ်သွေးကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်ကမှ ပုသိမ်ထောင်ကို ပြောင်းရွှေ့ခဲ့ပြီး အမှုစွဲတင်ခဲ့တာလို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။
အဲဒီနောက် ရုံးချိန်း ၄ ခု ဆက်တိုက်ခေါ်ပြီး အခုလိုထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပြီး အယူခံဆက်တက်ဖို့ရှိတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
ဒါပေမဲ့ နေအိမ်အကျယ်ချုပ်ချခံထားခဲ့ရတဲ့ နေ့ရက်တွေကို ချုပ်ရက်အဖြစ်သတ်မှတ်လိုက်ရင် ဒေါက်တာလှမြတ်သွေးဟာ လာမယ့်ရက်ပိုင်းအတွင်း ပြစ်ဒဏ်စေ့မှာဖြစ်ပေမယ့် ချုပ်ရက်အဖြစ်မသတ်မှတ်ဘဲ တရားခံပြေးအမှုပါ ကပ်ထားလို့ ပြစ်ဒဏ်ပြည့်အောင်ကျခံရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံက သိရပါတယ်။
‘’သူဒီလောက်ထိန်းသိမ်းခံထားရတာတောင်တရားခံပြေးလို့ အမှုကပ်ထားလို့ ဒီထက်ကောင်းတဲ့အကြောင်းပြချက်ရှာလို့မတွေ့တော့ဘူးလားလို့ ဒေါက်တာလှမြတ်သွေးက တရားခွင်ထဲမှာပြောခဲ့ပါတယ်’’ လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်က ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်းအပါအဝင် အစိုးရအဖွဲ့ဝင်ဟောင်း တချို့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် ဒေါက်တာလှမြတ်သွေး ပါမလာတဲ့အပြင် အခုလို ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရတာပဲ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BHRN
ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းအချုပ်ထောင်ထဲဖမ်းခံထားရသူ မြန်မာနိုင်ငံသား ၆၅၅ ယောက်ကို ဖေဖော်ဝါရီလ ၂ရက် ကနေ ဖေဖော်ဝါရီလ ၁၅ရက်အတွင်းမှာ အသုတ်လိုက် ခွဲပြီး မြန်မာနိုင်ငံကို ပြန်ပို့မယ်လို့ မနေ့ကပြီးဆုံးခဲ့တဲ့ ညှိနှိုင်းမှုအရ သိရပါတယ်။
ရနောင်းအချုပ်ထောင်ကနေ ဖေဖော်ဝါရီလ ၂ရက်နေ့မှာတော့ မြန်မာနိုင်ငံသား နှစ်ရာကျော်ကို ပထမဆုံး အနေနဲ့ မြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်ပေးဖို့ ထိုင်းအာဏာပိုင်တွေနဲ့ လာရောက်ညှိနှိုင်းတဲ့ စစ်ကောင်စီ ဘက်က အလုပ်သမားသံအရာရှိနဲ့ သဘောတူညီထားခဲ့တာပါ။
“ဖေဖော်ဝါရီ ၂ရက်နေ့နဲ့ ၁၅ရက်နေ့အထိတော့ စောင့်ကြည့်ရမယ်။ တောင်းဆိုတဲ့အကြောင်းအရာ အပြည့် အဝရဖို့ဆိုတာကိုတော့ အဲဒီရက်ရောက်ရင်မှသေချာသိရမယ်။ ပင်ပန်းခံရကျိုးနပ်တယ်လို့ ပြောရပေမယ့် စောင့်ကြည့်ရဦးမယ်” လို့ လက်ရှိအချုပ်ထောင်အတွင်း ထိန်းသိမ်းခံထားရသူ တစ်ဦးက ဘီဘီစီကို ဆက်သွယ်ပြောပြပါတယ်။
ထိုင်းနိုင်ငံအတွင်း တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးပြစ်ဒဏ် ချခံရပြီးနောက်ပိုင်းအထိ ပြန်လည်လွတ်မြောက်ခွင့် မပေးသေးတာကြောင့် မြန်မာနိုင်ငံသား ၆၅၅ ယောက် က ဇန်နဝါရီလ ၂၈ရက် ကစလို့ ၂ရက်ကြာအောင် အချုပ်ခန်းအတွင်းကနေ ဆန္ဒပြခဲ့ကြတာပါ။
သူတို့ကို ထိုင်းတောင်ပိုင်း ရနောင်း လဝကအချုပ်ဆက်လက်ထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။
လွတ်ရက်စေ့သူတွေထဲ ငွေကြေးတတ်နိုင်သူတွေဆီက ငွေကြေးရယူပြီး ပြန်လွှတ်ပေးတာမျိုးရှိပေမယ့် ငွေကြေးမပေးနိုင်သူတွေကို အခုလို ကြာရှည်အောင် ထိန်းသိမ်းထားတာလို့လည်း ထိန်းသိမ်းခံထားရသူတွေ နဲ့ သူတို့မိသားစုဝင်တွေဆီကသိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
အိန္ဒိယ - မြန်မာနယ်စပ်၊ မိုးရေးမြို့အတွင်း ဗီတုတ် နဲ့ မင်နုံရွာတွေက မြန်မာနိုင်ငံကနေ စစ်ဘေးတိမ်း ရှောင်ပြီး နေထိုင်တဲ့ မြန်မာနိုင်ငံသား ၅၀ ကျော်ကို မဏိပူအထူးကွန်မန်ဒိုရဲတပ်ဖွဲ့ဘက်က ဇန်နဝါရီလ ၃၀ရက် မနက်ပိုင်းမှာ ထပ်မံဖမ်းဆီးခဲ့တယ်လို့ မိုရေးမြို့ရောက်နိုင်ငံသားတွေထံကသိရပါတယ်။
အိန္ဒိယဘက်က နိုင်ငံရေးပြဿနာအချို့ကြောင့် အခုနယ်စပ်မှာရှိနေတဲ့ နယ်စပ်ဖြတ်ကျော်နေထိုင်ကြသူတွေ အပေါ်ကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်လာနေတာလို့ အဲဒီမှာနေထိုင်ကြသူတွေက ယူဆပြောဆိုကြ ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အသက်မပြည့်သေးသူ ၉ ယောက်နဲ့ အသက် ၇၀ ကျော်အရွယ် သက်ကြီးရွယ်အို ၂ ယောက်ပါဝင်တဲ့ မြန်မာနိုင်ငံသား ၈၀ကျော်လည်းဖမ်းဆီးခံထားရပြီး သူတို့ကို မဏိပူရ်ဗဟိုထောင်မှာ ထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။
“၈၁ယောက်လည်း ပြန်လွတ်ဖို့မသေချာတော့ဘူး။ အရင်ကမြို့ကတာဝန်ရှိသူက ပြန်လွတ်ပေးနိုင်ဖို့ ကြိုးစား ပေးနေပေမယ့်၊ အထက်ကကိုင်တွယ်လိုက်တယ်လို့သိရလို့ ပြန်လွတ်ဖို့ မဖြစ်နိုင်တော့ဘူး” လို့ မိုးရေးရောက် မြန်မာနိုင်ငံသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
အဲဒါအပြင် မြန်မာစစ်တပ်နဲ့ မဏိပူရ်ဘက်က အာဏာပိုင်တွေ တွေ့ဆုံဖို့ရှိတဲ့ သတင်းတွေထွက်ပေါ်နေ ပါတယ်။
ဒါကြောင့် အခုရက်ပိုင်းအတွင်း ဖမ်းဆီးခံရသူ ၁၃၀ ကျော်ကို စစ်ကောင်စီဘက် ပြန်လည်လွှဲပေးတာမျိုးတွေ ရှိလာမှာကိုလည်း ဖမ်းဆီးခံရသူ တွေအပြင် သူတို့ရဲ့ မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
မြန်မာစစ်တပ်နဲ့ မဏိပူရ်ဘက်က အာဏာပိုင်တွေတွေ့ဆုံမယ့် ရက်နဲ့အကြောင်းအရာအတိအကျကိုတော့ ဘီဘီစီက သီးခြားအတည်ပြုသိရှိရတာမရှိသေးပါဘူး။
မြန်မာပြည်က စစ်ဘေးတွေကြောင့် ထွက်ပြေးပြီး မဏိပူရ်တစ်လျှောက်မှာ ပုန်းခိုနိုင်တဲ့ ကျေးရွာ ၆ ရွာကိုလည်း အဲ့ဒီစစ်ဘေးရှောင်တွေ စဖမ်းခံရတဲ့ ဇန်နဝါရီ ၂၇ ရက်ကနေ ဒီနေ့အထိ ရှာဖွေဖမ်းဆီးတာတွေ ဆက်လုပ်နေတာလို့ သိရပါတယ်။
အိန္ဒိယ-မြန်မာ နယ်စပ် ၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက စစ်ကြောင်းထိုးခံရပြီးနောက် နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့ ကျေးရွာက စစ်ဘေးရှောင် နှစ်ထောင်ဝန်းကျင်လောက်ဟာ အိန္ဒိယပြည်နယ် မဏိပူရ်ပြည်နယ်ဘက်မှာ ခိုလှုံနေကြရတာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
မြို့ခံတွေ က ထိုင်းနိုင်ငံ စံခလဘူရီဘက်ခြမ်းကိုတိမ်းရှောင်
ဘုရားသုံးဆူမြို့ပေါ်က မြေစာရင်းရုံးနဲ့ မြန်မာ့ဆက်သွယ်ရေးရုံး တွေ တိုက်ခိုက်မီးရှို့ခံရပြီးတဲ့နောက် မြို့ပေါ်က ဒေသခံအများစုဟာ ထိုင်းနိုင်ငံ စံခလဘူရီဘက်ခြမ်းက မွန်ဘုန်းကြီးကျောင်းနဲ့ မွန်လူမျိုးအများစုနေတဲ့ ရှမ်းကုန်းရပ်ကွက်မှာ တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ မြို့မဈေးလမ်း ရုံးကုန်းနေရာမှာရှိတဲ့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံး နဲ့ မြန်မာ့ဆက်သွယ်ရေးရုံး တို့ကို မနေ့ဇန်နဝါရီ ၂၉ ရက် က KNLA /PDF ပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
'' ဘုရားသုံးဆူမြို့ပေါ် ဂျပန်ရေတွင်းရပ်ကွက်တွေရော ၊ ရုံးကုန်း စျေးကြီးပိုင်းက အဲဒီရပ်ကွက် တွေက ဒေသခံတော်တော်များများရှောင်နေရတယ်။ အဓိကက တိုက်ပွဲပြင်းထန်လာမှာ ရော စစ်တပ်စစ်ဆင်ရေးဝင်မှာစိုးလို့ ရော ပြေးကြတာ'' လို့ ဒေသခံတစ်ယောက်ကပြောပြပါတယ်။
ဒီကနေ့မှာတော့ဘုရားသုံးဆူမြို့ပေါ်မှာ စျေးဆိုင်တွေ၊ နေအိမ်တွေ ပိတ်ထားပြီးတိတ်ဆိတ်ခြောက်ကပ်နေ ပြီး စစ်ကောင်စီဘက်ကလည်း သူတို့တပ်စွဲထားတဲ့ ဗျူဟာကုန်းနဲ့ နဂါးတောင်ဘက် ကနေ KNLA /PDF ပူးပေါင်းတပ်ဖွဲ့တွေရှိမယ်လို့ယူဆတဲ့မြို့ပြင်ဘက်တွေကို လက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ KNU / PDF တွေဘက်ကနေ ဝင်ရောက်မီးရှို့ခဲ့လို့ မြေစာရင်းရုံးအတွင်း ၁ ထပ်၊သွပ်မိုးအုတ်ညှပ်အဆောက်အဦး ၁ လုံး၊ သွပ်မိုးပျဉ်ထောင် နေအိမ်လိုင်းခန်း ၁ လုံး နဲ့ မြေ စာရင်းရုံးနဲ့ ကပ်လျက် MPT ဆက်သွယ်ရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဆက်စပ်ပစ္စည်းတွေထားတဲ့အခန်း ၁ ခန်းမီးလောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်ညပိုင်း ကလည်း ဘုရားသုံးဆူမြို့ရှိ လဝက ရုံး၊ ထွေအုပ်ရုံး၊ စည်ပင်ရုံး၊ စရဖ ရုံး နဲ့ သစ်တောရုံး မီး ရှို့ခံရပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

ဓာတ်ပုံ ရင်းမြစ်, Frontier Myanmar
Yangon Petrol Co.,Ltd ကိုချထားပေးတဲ့၊ ဒဂုံမြို့သစ် အရှေ့ပိုင်း၊ တောင်ပိုင်း နဲ့ ဒလမြို့နယ်တွေထဲက နှစ် ၆၀ မြေငှားဂရန် စာချုပ်ပါ မြေနေရာတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီပယ်ဖျက်လိုက်တယ်လို့ ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြမြေစီမံခန့်ခွဲမှုဌာန ဇန်နဝါရီလ ၃၀ရက်၊ ဒီကနေ့မှာ ထုတ်ပြန် လာပါတယ်။
ထုတ်ပြန်ချက်အရ အဲဒီမြို့နယ် ၃ခုထဲက မြေကွက် ၄ခုကို ပြန်လည် ရုပ်သိမ်းတာလည်းဖြစ်ပါတယ်။
အဲဒါအပြင် မရမ်းကုန်းနဲ့ သင်္ဃန်းကျွန်းမြို့နယ်အတွင်းက မြေနေရာ ၂ခုကိုလည်း အလားတူရုပ်သိမ်းတယ်လို့ ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၁၈ခုနှစ်ကတည်းက YP နာမည်နဲ့ စက်သုံးဆီ အရောင်းဆိုင် ၂၆ ခု ဖွင့်လှစ်ဖို့ အဲဒီအချိန်တာဝန်ယူခဲ့တဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို ကုမ္ပဏီဘက်က အဆိုပြုခဲ့ပါတယ်။
အဆိုပြုတဲ့မြေတွေက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြန်မာ့မီးရထားနှင့် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနတို့၏ စီမံခန့်ခွဲမှုအောက်မှာရှိတဲ့ မြေနေရာတွေဖြစ်ပါတယ်။
အဲဒီအပေါ် ရန်ကုန်တိုင်း အစိုးရအဖွဲ့က ကနဦး စက်သုံးဆီဆိုင် လေးခုအတွက် တစ်စတုရန်းပေကို ငွေကျပ် ၂,၀၀၀ ကနေ ကျပ် ၂၇၀၀ ဖြင့် ငှားရမ်းဖို့ သဘောတူခဲ့တာပါ။ အဲဒီနောက်ပိုင်းကစလို့ လျှောက်ထားတဲ့နေရာ အသီးသီးမှာ ထပ်မံခွင့်ပြုခဲ့ပြီး စက်သုံးဆီဆိုင်တွေကို ဖွင့်လှစ်ခဲ့တာပါ။
အခု ပြန်လည်ပိတ်သိမ်းတဲ့မြေနေရာတွေကတော့ စည်ပင်သာယာရဲ့ စီမံခန့်ခွဲမှုအောက်မှုရှိတဲ့နေရာတွေလို့ နားလည်ရပြီး၊ မီးရထား၊ အိုးအိမ်စတဲ့ ဌာနတွေရဲ့ မြေနေရာတွေမှာခွင့်ပြုပေးထားတဲ့ မြေနေရာတွေပေါ်က စက်သုံးဆီဆိုင်တွေရဲ့ အခြေအနေကိုတော့ အတိအကျသိရှိရတာမရှိသေးပါဘူး။
စက်သုံးဆီစျေးကိုထိန်းညှိနိုင်ဖို့ဆိုကာ ကာလပေါက်စျေးထက် လျော့ပေါ့ရောင်းချနိုင်မယ့် စက်သုံးဆီဆိုင် တွေကို ဖွင့်လှစ်နိုင်ဖို့ အဲဒီအချိန်ကာလကတာဝန်ရှိတဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဦးဆောင်လုပ်ဆောင်ခဲ့တယ်လို့လည်း သိခဲ့ရပါတယ်။
၂၀၁၉ ခုနှစ်နောက်ပိုင်း၊ YP စက်သုံးဆီဆိုင်တွေ ဖွင့်လှစ်ပြီးနောက်ပိုင်းမှာတော့ လူသုံးများတဲ့ ၉၂ အောက်တိန်း စက်သုံးဆီတွေကို ပုံမှန်စျေးနှုန်းထက် တစ်လီတာကို ငွေကျပ် ၆၀ ကနေ ၈၀ အတွင်းကို လျော့ရောင်းခဲ့တာလည်းရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
လက်နက်ကိုင်တပ်တွေအနေနဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကိုလိုက်နာပြီး ကျေးရွာတွေနဲ့လူနေအိမ်တွေကိုရှောင်ရှားပြီးတိုက်ပွဲဖော်ကြဖို့ မွန်ပြည်သစ်ပါတီ MNSP ကတိုက်တွန်းလိုက်ပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထဲက မွန်လူမျိုးတွေအများဆုံးနေထိုင်တဲ့ ကမ်းနီကျေးရွာနဲ့ ညောင်ရိပ်ကျေးရွာတို့မှာ စစ်ကောင်စီတပ် နဲ့ လက်နက်ကိုင်တပ်ဖွဲ့ Lion Battalion Commando တို့ကြောင့် မီးလောင်ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီက သူတို့စုံစမ်းစစ်ဆေးထားတဲ့အချက်တွေကို ကိုးကားပြီး ထုတ်ပြန်လာတဲ့အထဲ အဲဒီလို တိုက်တွန်းထားတာပါ။
မွန်ပြည်သစ်ပါတီရဲ့ထုတ်ပြန်ချက်ထဲ ဗိုလ်စောအယ်စေးဝါးဦးဆောင်တဲ့ Lion Battalion Commando အဖွဲ့ က ဇန်နဝါရီ ၂၄ ရက်နဲ့ ၂၆ ရက်တို့မှာ ကမ်းနီကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ နေအိမ်တွေကို စတင်မီးရှို့ရာကနေ ကျေးရွာအတွင်းကနေအိမ်တွေကူးစက်မီးလောင်ခဲ့တယ်လို့ဆိုပါတယ်။
မီးလောင်မှုကြောင့် ကမ်းနီကျေးရွာက နေအိမ် ၂၁လုံး နဲ့ ကျေးရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ညောင်ရိပ်ကျေးရွာမှာတော့ နေအိမ် ၁၈လုံးမီးလောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ အပြင် တိုက်ပွဲကာလအတွင်း စစ်တပ်ဘက်က ပစ်လိုက်တဲ့လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့်ကမ်းနီးကျေးရွာမှာ နေအိမ် ၃လုံး ၊ ညောင်ရိပ်ကျေးရွာမှာ နေအိမ် ၇လုံး ပျက်စီးခဲ့ပြီးကျေးရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရတယ်လို့လည်း ပြောထားပါတယ်။
လက်ရှိမှာ မွန်ပြည်သစ် အနေနဲ့ စစ်ဘေးရှောင်တွေအတွက် အကူအညီနဲ့ ကျန်းမာရေးအတွက် လုပ်ဆောင်နေပြီး ကျေးရွာတွေအတွင်း လုံခြုံရေးအစီအမံတွေကြိုတင်ပြင်ဆင်ထားကြဖို့ တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KPS
စစ်ကိုင်းတိုင်း၊ ကလေးမြို့အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု သိသိသာသာများပြားလာသလို၊ ပေါ်ပေါ်ထင်ထင် ရောင်းချတာတွေလည်းရှိနေတယ်လို့ Kalya Police Services တာဝန်ရှိသူတွေက ဘီဘီစီကိုပြောပါတယ်။
ဘိန်းဖြူနဲ့ WY စာတမ်းပါ ဆေးပြားတွေကို လွယ်လွယ်ကူကူစျေးနှုန်းချိုချိုနဲ့ မြို့တွင်းမှာ ဝယ်ယူရရှိနေတာ ကြောင့် လူအကြားသုံးစွဲမှုများပြားလာနေတာလို့ KPS အဖွဲ့ ထံကသိရပါတယ်။
နံပါတ်ဖိုးလို့ လူသိများတဲ့ ဘိန်းဖြူကို မြန်မာကျပ်ငွေ ၅၀၀ ဖိုးကစတင် ဝယ်ယူနိုင်တာ၊ WY စာတမ်းပါမူးယစ် ဆေးဝါးကိုလည်း မြန်မာကျပ်ငွေ ၁၀၀၀ နဲ့ အလွယ်တကူဝယ်ယူနိုင်တာကြောင့် စစ်ကောင်စီထိန်းချုပ်ထား တဲ့ ကလေးမြို့တွင်းရပ်ကွက်တွေမှာ မူးယစ်ဆေးသုံးစွဲမှု ကျယ်ကျယ်ပြန့်ပြန့်ရှိလာတာလို့ KPS အဖွဲ့က ယူဆ ပြောဆိုပါတယ်။
ကလေးဒေသကာကွယ်ရေးအဖွဲ့တွေက ထိန်းချုပ်ထားနိုင်တဲ့နယ်မြေတွေထဲနေထိုင်သူတွေကလည်း မြို့ပေါ် သွားရောက်ပြီး မူးယစ်ဆေးသွားရောက်သုံးစွဲတာမျိုးတွေလည်းရှိတာကြောင့် တားမြစ်ပိတ်ပင်မှုတွေ လုပ်ဆောင်နေရတယ်လို့သိရပါတယ်။
လက်ရှိကို မူးယစ်ဆေးဖြတ်လုပ်ငန်းမှာ ကာကွယ်ရေးအဖွဲ့ထိန်းချုပ်ဒေသအတွင်းက အယောက် ၂၀ကို မူးယစ်ဆေးဖြတ်တာတွေလုပ်ဆောင်ပေးနေရတယ်လို့ KPS ထံကသိရပါတယ်။
မူးယစ်ဆေးတွေ အများအပြားသုံးစွဲနေကြပြီး၊ ရောင်းချနေမှုတွေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူကို ဖုန်းဆက်မေးမြန်းနေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။








