‘‘ဆန်စျေးပြန်ကျမလား’’

‘‘ဆန်စျေးတွေတက်တယ်’’၊ ‘‘ဆန်စျေးကမိုးထိုးနေပြီ’’ ဆိုတဲ့စကားတွေဟာ မြန်မာလူထုကြားမှာ နေ့စဥ် ရေရွတ်နေကြတဲ့စကားတွေ ဖြစ်လာပါတယ်။ အထူးသဖြင့် မနက်ခင်းစျေးထဲကအိမ်ရှင်မတွေရဲ့ ငြီးငြူသံတွေလို့လည်း ဆိုရမှာပါ။

စပါးကိုအဓိကစိုက်ပြီး ဆန်အများဆုံးထွက်တဲ့ နိုင်ငံမှာ ဆန်စျေးဘာကြောင့်ထိန်းမရအောင်တက်နေတာလဲဆိုတဲ့မေးခွန်းကို တိတိကျကျဖြေနိုင်တဲ့သူမရှိသလောက်ရှားလာတဲ့အထိ ဘက်ပေါင်းစုံမှာပြဿနာအကြောင်းတွေက စုံနေပါတယ်။

အာဏာသိမ်းကာလ နှစ်နှစ်ခွဲအတွင်းမှာ ဆန်စျေးဟာ ပုံမှန်ရှိခဲ့တဲ့ စျေးနှုန်းထက် ၃ ဆ နီးပါးမြင့်တက်လာပြီး ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း စျေးနှုန်းတွေနဲ့ နှိုင်းယှဥ်ကြည့်ရင် ပြည်တွင်းဆန်စျေးနှုန်းအမြင့်ဆုံးကို ရောက်နေတာပါ။

အများမြင်သာတဲ့ ဆန်ကြမ်း နဲ့ ဆန်ချော နှစ်မျိုးခွဲပြောရင်တောင် ဆန်ကြမ်းတစ်အိတ်ကို ၂၀၂၃ သြဂုတ်မှာအနည်းဆုံး ကျပ် ၆ သောင်း ကနေ ကျပ် ၈ သောင်းအထိ စျေးပေါက်နေပါတယ်။ ဆန်ချောတစ်အိတ်ကို ကျပ် ၉ သောင်းခွဲကနေ ကျပ် တစ်သိန်းခွဲအထိ ရှိနေပါတယ်။

ဒေသနဲ့ ဆိုင်ကို လိုက်ပြီး ကျပ်ထောင်ဂဏန်းအတိုးအလျော့ရှိနိုင်ပေမဲ့ ဘီဘီစီက စစ်တမ်းသဖွယ်လိုက်လံစုဆောင်းထားတဲ့ ဆိုင်ပေါင်း ၁၀ ဆိုင်ထက်မနည်းမှာ ပျှမ်းမျှဒီစျေးနှုန်းဝန်းကျင်တွေနဲ့ စျေးကွက်ထဲ ရောင်းချနေတာပါ။

လက်ရှိပေါက်စျေးတွေအရ စျေးနှုန်းအနိမ့်ဆုံး ၂၄ ပြည် ဆန်ကြမ်းတစ်အိတ်ကို ကျပ် ၆ သောင်းဖြစ်တဲ့ အတွက် ဆန်တစ်ပြည်ကို ၂၅၀၀ ပေးဝယ်ရတာပါ။ အာဏာသိမ်းစ ၂၀၂၁ ခုနှစ်မှာ ဆန်ကြမ်းတစ်အိတ်ကို ကျပ် ၂ သောင်းပဲရှိတဲ့အတွက် ဆန်တစ်ပြည် ကျပ် ၈၀၀ ကျော်ပဲ ကျသင့်ခဲ့ပါတယ်။

ဒါ့ကြောင့် အာဏာသိမ်းတဲ့ ၂ နှစ်ခွဲအတွင်း ဆန်တစ်ပြည်ကို ကျပ် ၈၀၀ ကျော်ကနေ ကျပ် ၂၅၀၀ ဖြစ်လာလို့ ငွေ ၃ ဆ ပိုသုံးပြီးဝယ်ယူနေကြရတာပါ။

ဆန်ထွက်တဲ့ မြန်မာမှာ ဆန်စျေးထိန်းမရအောင်တက်စေတဲ့ ပြဿနာအကြောင်းစုံထဲက အဓိကအချက် တချို့ကို ဘီဘီစီကစုစည်းရရှိခဲ့ပါတယ်။

ဆန်သိုလှောင်ကြလို့ ဆန်စျေးတက်

အာဏာသိမ်းပြီးတဲ့နောက် ကျပ်ငွေအပေါ် ယုံကြည်မှုနည်းလာကြတဲ့အခြေအနေမှာ ငွေအရင်းအနှီးရှိသူတွေက ဆန်‌စျေးကွက်ထဲ ရင်းနှီးမြှုပ်နှံဖို့ဝင်လာကြပါတယ်။

‘‘ဗမာငွေကိုမကိုင်ထားချင်ကြတော့ဘူး။ ဘဏ်မှာအပ်ထားရင်နေ့တိုင်းက ငွေတန်ဖိုးလျော့တယ်။ အဲဒီတော့ ဘယ်သူမှမစားဘဲနေလို့မရတဲ့ ဆန်စျေးကွက်ကို ရောက်လာကြတယ် ’’ လို့ ဝါးတန်းဆန်ဒိုင်က ဆန်ကုန်သည် တစ်ဦးက ပြောပါတယ်။

ဝါရင့်ဆန်ကုန်သည်တွေအပြင် ငွေနဲ့ရင်းပြီးစီးပွားရေးတစ်ခုအသွင် ဆန်စျေးကွက်ထဲရောက်လာသူတွေကြောင့် ဆန်သိုလှောင်တဲ့ပမာဏက ပုံမှန်ထက်ပိုများလာတယ်လို့ ဆန်စျေးကွက်ကျွမ်းကျင်သူတစ်ဦး ကပြောပါတယ်။

စစ်ကောင်စီကစီးပွားရေးနဲ့ ပတ်သက်တဲ့ မူဝါဒတစ်ခုခုပြောင်းလဲထုတ်ပြန်တဲ့အချိန်မှာ သိုလှောင်ထားတဲ့ ဆန်ကိုဆွဲတင်ကစားကြတဲ့အကြောင်း ဝါးတန်းဆန်စျေးကွက်က ဝါရင့်ဆန်ကုန်သည်အချို့က ပြောပြပါတယ်။

‘‘အိမ်ခြံမြေ၊ ကား၊ ရွှေ ပြီးရင် ဆန်နဲ့စပါးဝယ်လှောင်တာက စျေးကွက်တစ်ခုဖြစ်လာတယ်’’ လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က ဆန်စျေးကွက်ကျွမ်းကျင်သူတစ်ဦးကပြောပါတယ်။

သိုလှောင်စျေးကစားသူရာခိုင်နှုန်းကလည်း ဆန်စျေးကွက်လှုပ်ခတ်နိုင်တဲ့အထိ ထင်သာမြင်သာရှိလာတယ်လို့ ဝါးတန်း နဲ့ဘုရင့်နောင်ကုန်စည်ဒိုင်တွေကဆန်စျေးကွက်ကျွမ်းကျင်သူတချို့က သိုလှောင်စျေးကွက်ရဲ့ မနည်းတဲ့ပမာဏကိုထောက်ပြပါတယ်။

‘‘ဂိုဒေါင်တိုင်းမှာ ဆန်တွေရှိနေတယ်။ ဆန်စျေးကွက်ထဲအခုမှဝင်လာပြီးငွေရင်းငွေမြတ်ဖြစ်ကုန်ကြပြီ’’ လို့ ဆန်စျေးကွက်ကျွမ်းကျင်သူက ပြောပါတယ်။

ငွေကြေးဖောင်းပွလို့ ဆန်စျေးတက်

မြန်မာကျပ်တန်ဖိုးကျလာတာကလည်း ဆန်စျေးတက်လာစေတဲ့အကြောင်းအရင်းထဲပါတယ်လို့ ဆန်ကုန်သည်တွေကပြောပါတယ်။ ငွေကြေးဖောင်းပွတာကနေ 'ငွေမြတ်ကုန်ရှုံး' ဖြစ်လာပြီး ဆန်စျေးတက်လာတာမျိုး တွက်ချက်ပြကြပါတယ်။

‘‘ဒီကနေ့ဖြစ်နေတာ ဆန်တစ်အိတ်ကို ၆သောင်းနဲ့ အိတ်တစ်ရာ‌ ကိုယ့်ဆီက ရောင်းလိုက်တယ်။ မနက်ဖြန်ကိုယ်ကပြန်ကောက်တော့ တစ်အိတ်ကို ၆၅၀၀၀ နဲ့ ပြန်ဝယ်ရတယ်။ ၅၀၀၀ ပိုပေးလိုက်ရတယ်။ ခုနက အိတ်တစ်ရာရောင်းထားတဲ့ပိုက်ဆံက အိတ်တစ်ရာပြန်ဝယ်လို့မရတော့ဘူး။ အဲဒီမှာစျေးပြန်တင်ပြန်ရောင်းတော့ ဆန်စျေးတက်တာ’’ လို့ ရန်ကုန်၊ ဘုရင့်နောင်ဆန်စျေးကွက်ကျွမ်းကျင်သူက မြေပြင်အခြေအနေကို ပြောပါတယ်။

ကုန်သည်အတွက် ငွေမြတ်ပေမဲ့ကုန်ရှုံးလို့ ဆန်စျေးတက်လိုက်ပေမဲ့ ကုန်သည်မှာမထိခိုက်ဘဲစားသုံးဆီကို ဝန်ထုတ်ဝန်ပိုးအားလုံးရောက်သွားတာကနေ‌ စျေးကွက်ထဲ ဆန်စျေးမကျဖြစ်နေတာမျိုးပါ။

ကုန်သည်တွေရဲ့ ရှင်းပြချက်အရ ငွေမြတ်ပေမဲ့ကုန်ရှုံးတဲ့အတွက် ကုန်ရောငွေရောမရှုံးဖို့ကုန်ပေါ်မှာစျေးတင်လိုက်တာမျိုးပါ။

အခုလို နိုင်ငံခြားငွေလဲနှုန်းမြင့်ပြီး ကျပ်ငွေကိုယုံကြည်မှုနည်းလာတဲ့အချိန်မှာ နေ့စဥ်ဆန်စျေးက တစ်အိတ်ကို ကျပ်ရာဂဏန်းကနေ ထောင်ဂဏန်းအထိစျေးတင်တာမျိုးဖြစ်နေတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က ဆန်သမားတစ်ဦးက လက်ရှိဖြစ်နေတဲ့စျေးကွက် အခြေအနေကိုပြောပါတယ်။

တစ်ချိန်တည်းမှာပဲ နယ်ပေါင်းစုံက ဆန်ဝင်ရောက်တဲ့ ရန်ကုန်မြို့၊ ဘုရင့်နောင်ဆန်ကုန်သည်ဒိုင်ကိုလက်ရှိအချိန်မှာ ဆန်ဝင်ရောက်မှုက အရင်ကထက်ကို ထက်ဝက်လောက် လျော့ကျနေတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က ကုန်သည်တစ်ဦးက ပြောပါတယ်။

‘‘ဆန်အဝင်အရမ်းကျတယ်။ ကျတဲ့အထဲ လက်သိပ်ထိုးရောင်းကြဝယ်ကြတဲ့စျေးကွက်က ပိုကြီးလာတယ်’’ လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က ဆန်ကုန်သည်တစ်ဦးက မှတ်ချက်ပြုပါတယ်။

စစ်ကိုင်းစစ်မီးကြောင့် အထွက်နှုန်းလျော့၊ ဆန်စျေးတက်

လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေအရဆိုရင် ၂၀၂၁ မတိုင်ခင်အထိ မြန်မာမှာနှစ်စဉ်တစ်နိုင်ငံလုံးစပါးစိုက်ဧက ၁၇ သန်းကျော် စိုက်ပျိုးခဲ့ပါတယ်။ အထွက်နှုန်းအနေနဲ့ တစ်နှစ်ကို စပါးတန်ချိန် ၂၇ သန်း ဝန်းကျင်ရှိခဲ့ပါတယ်။

ပျင်းရိဖို့ကောင်းတဲ့ ဒီကိန်းဂဏန်းတွေရဲ့ သက်ရောက်မှုကို ချက်ချင်းမမြင်နိုင်ပေမဲ့ စစ်ကိုင်းစစ်မီးကိုတော့ ထင်သာမြင်သာရှိကြပါတယ်။

မြန်မာမှာစပါးတန်ချိန်အများဆုံးထွက်တာက ဧရာဝတီတိုင်းဖြစ်ပြီး ပဲခူးတိုင်း၊ ရန်ကုန်တိုင်း နဲ့ စစ်ကိုင်းတိုင်းတို့က အစဥ်လိုက်ရှိပါတယ်။ စစ်ကိုင်းတိုင်းဟာ တစ်နိုင်ငံလုံးစားသုံးမှုများပြီး ဝယ်လက်များတဲ့ ဘေးကြားလို့ ခေါ်တဲ့ ရွှေဘိုပေါ်ဆန်းထွက်တဲ့တစ်ခုတည်းသော တိုင်း ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းရဲ့ထူးခြားချက်က မိုးစပါးရှိသလို၊ ရေတော်မိုးတော်လို့ခေါ်တဲ့ ဆည်ရေသောက်စိုက်တဲ့စပါးနဲ့ နွေစပါးလည်းရှိလို့ တစ်နှစ်ပတ်လုံးစပါးစိုက်တဲ့ဒေသကြီး ဖြစ်နေတာပါ။

လက်နက်ကိုင်ခုခံမှုအမြင့်ဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ ၂၀၂၁ ခုနှစ်မိုးစပါးကစလို့ လက်ရှိ ၂၀၂၃ ခုနှစ်အထိ စိုက်ဧက သိသိသာသာ လျော့ကျသွားပါတယ်။

‘‘အထက်မြန်မာပြည်တပိုင်းလုံးအတွက် စပါးအများဆုံးသိုလှောင်တဲ့ စပါးကျီဖြစ်ခဲ့တယ်။ အခုကစပါးထွက်တဲ့ ရွှေဘို၊ ဝက်လက်ကစလို့ ကောလင်း၊ ဝန်းသိုအဆုံး မစိုက်နိုင်ဘူး၊ မစိုက်ရဲဘူး၊ စိုက်ပြီးမသိမ်းမရိတ်နိုင်ဘူး။ စပါးကျီတွေမီးရှို့ခံရတယ်။ ဘယ်မှာလဲ စစ်ကိုင်းကထွက်လာမယ့်စပါး’’ လို့ ရွှေဘိုဘေးကြားကို ဧကရာချီစိုက်ခဲ့တဲ့ ရွှေဘိုတောင်သူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြေပြင်ကွင်းဆင်းလို့မရ၊ အင်တာနက်မရ၊တယ်လီဖုန်းလိုင်း မရတဲ့စစ်ကိုင်းမှာ စိုက်ဧကနဲ့ အထွက်နှုန်း ဘယ်လောက်လျော့သွားတယ်ဆိုတာကို မြို့နယ်အလိုက် စိုက်ပျိုးရေးရုံးတွေတောင် မပြောနိုင်ပါဘူး။

ဒါပေမဲ့ နိုင်ငံတဝန်းမှာ လယ်ယာစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး အသိပညာပေးရေးလုပ်တဲ့ အရပ်ဘက် NGO အချို့ကို ဘီဘီစီကမေးမြန်းကြည့်ခဲ့ပါတယ်။

အရပ်သားအစိုးရ နှစ်ဆက် လယ်ယာစိုက်ပျိုးရေးနဲ့ပတ်သက်ပြီးတောင်သူအသိပညာပေးကိုနိုင်ငံတဝန်း မြေပြင်ရော အွန်လိုင်းကပါ လုပ်ပေးနိုင်တဲ့အထိ တွင်ကျယ်ခဲ့တဲ့ သူတို့လုပ်ငန်းတွေမှာ စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်းဒေသအချို့က စပါးစိုက်တောင်သူတွေ မပါနိုင်တော့က အထင်ရှားဆုံးအချက်ပါပဲ။

တောင်သူအသိပညာဖြန့်ဝေတဲ့ အရပ်ဘက်အဖွဲ့တစ်ခုရဲ့ ၂၀၂၃ ခုနှစ် နှစ်ဝက်အတွင်းစစ်တမ်းအရဆိုရင် စစ်ကိုင်းတိုင်းမှာ စိုက်ပျိုးရေးအတွက် နည်းပညာပံ့ပိုးပေးရမှု ၅၁ ရာခိုင်နှုန်းအထိ လျော့ကျခဲ့တယ်လို့ ပြောပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် စစ်ကိုင်းတိုင်းမှာ စပါးအပါအဝင် စိုက်ပျိုးရေးလုပ်နိုင်တဲ့ရာခိုင်နှုန်း ထက်ဝက်လောက် လျော့ကျသွားတာကို တွေ့ရပါတယ်။

စစ်ကိုင်းမှာ စပါးကျီတွေသောင်းနဲ့ချီ မီးရှို့ခံရတာ၊ ထောင်နဲ့ချီတဲ့ဆန်စက်တွေဆန်ဂိုထောင်တွေ မီးရှို့ခံရတာကြောင့် ဆန်လက်ကျန်လည်းမရှိသလောက်ဖြစ်သလို မိုခါ မုန်တိုင်းကြောင့်လည်းစစ်ကိုင်းမှာမိုးစပါးမစိုက်နိုင်ခဲ့ပါဘူး။

ဆန်စပါးအဖွဲ့ချုပ်ကအမည်မဖော်လိုတဲ့အဖွဲ့ဝင်တစ်ဦးကတော့ ပုံမှန်စိုက်ဧကထက် လက်ရှိကာလအထွက်နှုန်းက ဆန်တန်ချိန် ၅ သန်း ကနေ ၈ သန်းကြားလျေ့ာကျတယ်လို့ပြောပါတယ်။ ဒါပေမဲ့ဒါဟာစစ်ကိုင်းတိုင်းတစ်ခုတည်းကြောင့်မဟုတ်ဘဲ ၊ ရာသီဥတုဖောက်ပြန်မှု၊ သွင်းအားစုစရိတ်ကြီးမြင့်လို့ စိုက်ဧကကျဆင်းတာ၊ အထွက်နှုန်းလျော့တာတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်လာမယ့်လတွေမှာ ဆန်အထွက်နှုန်းကျဆင်းပြီး ဆန်လက်ကျန်နည်းနေမယ်လို့ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်က အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အားလုံးစျေးတက်လို့ ဆန်စျေးတက်

ကုန်ပစ္စည်းအားလုံးစျေးတက်နေတဲ့ တိုင်းပြည်မှာ ဆန်စျေးလည်းလိုက်တက်ရတယ်လို့ ဆန်လုပ်ငန်း လုပ်တာ သက်တမ်းရင့်နေတဲ့ လုပ်ငန်းရှင်တချို့က ဖြေပါတယ်။ ဘီဘီစီကမေးခွင့်ရတဲ့ ဆန်လုပ်ငန်းရှင်တွေထဲက ဆန်လုပ်ကိုင်တာ နှစ်ပေါင်း ၄၀ ကျော် ရှိနေတဲ့ ဆန်လုပ်ငန်းရှင် အနည်းဆုံး ၃ ဦးကတော့ စပါးစိုက်ဖို့ အတွက် စတင်ရတဲ့အခြေအနေကစလို့ တွက်ချက်ပြပါတယ်။

စပါးတစ်ဧကစိုက်ဖို့ လူငှားရတာ၊ ထွန်ယက်တဲ့ယန္တရားအတွက် စက်သုံးဆီသုံးရတာ၊ စက်ငှားရတာ၊ မျိုးစေ့နဲ့မြေသြဇာအတွက် ကုန်ကျစရိတ်အပြင် စပါးထွက်လာချိန်မှာ ရိတ်သိမ်းရတဲ့ လူနဲ့ ငွေကုန်ကျစရိတ် ဆိုတဲ့ အကြမ်းဖျဥ်း မျက်မြင်ပြောနိုင်တဲ့အဆင့်တိုင်းမှာ ကုန်ကျစရိတ်ကတက်သွားပြီလို့ဆိုပါတယ်။

‘‘သယ်ယူပို့ဆောင်ရေးစရိတ်က စက်သုံးဆီစျေးတက်ရင်တက်ပြီလေ။ စက်သုံးဆီစျေးက အာဏာမသိမ်းခင်ကစျေးနဲ့ တွက်ကြည့် ၃ ဆတိုးပေးပြီးဝယ်နေရတာ’’လို့ ရန်ကုန် ကော့မှူး မြို့နယ်ကစပါးစိုက်တောင်သူတစ်ဦးက ပြောပါတယ်။

ဒီလိုကုန်ကျစရိတ်တွေ တက်တာကနေ စပါးပေါ်မှာစရိတ်ပြန်တင်တဲ့အခါ ဆန်စျေးနှုန်းလည်း တက်လာရတယ်လို့ မြင်သာတဲ့ အခြေအနေကိုပြောပြပါတယ်။

အာဏာမသိမ်းခင်က ပုလဲဓာတ်မြေသြဇာတစ်အိတ်ကို ကျပ် ၄ သောင်းဝန်းကျင်ပဲရှိခဲ့တာကနေ အခုအာဏာသိမ်းကာလ ၂ နှစ်ခွဲ မှာတော့ ပုလဲဓာတ်မြေသြဇာစျေးက ကျပ် ၉ သောင်းကနေ ၁ သိန်းကြားစျေးရှိနေပါတယ်။

၁၅ ပတ်လည်လို့ခေါ်ကြတဲ့ ကွန်ပေါင်းဓာတ်မြေသြဇာတစ်အိတ်ကို အာဏာမသိမ်းခင်က ကျပ် ၄ သောင်းဝန်းကျင်ကနေ အခုတော့ ကျပ် ၁ သိန်း ၂ သောင်းကနေ ၁ သိန်း ၄ သောင်းအထိပေးဝယ်ရတယ်လို့ ရန်ကုန်၊ သန်လျင်က မိုးကျမြေပြင်စိုက်တောင်သူတစ်ဦးက ရှင်းပြပါတယ်။

‘‘တောင်သူကသူ့စရိတ်တက်တော့ စပါးကိုစျေးပိုခေါ်တယ်။ တောင်သူဆီကနေ ဆန်စက်ပိုင်ကတဆင့် ကုန်သည်လက်၊ အဲဒီကနေ လက်ကား၊ လက်လီကနေ စားသုံးသူဆီရောက်တာလေ။ အဆင့်ဆင့်စရိတ် တက်လာတာတော့ စရိတ်တင်လာတယ်။ အားလုံးတက်တော့ ဆန်စျေးကိုဆွဲတင်လာကြတယ်’’ လို့ နှစ် ၄၀ ကျော် ဆန်လုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ဝါးတန်းက လက်ကြီးကုန်သည်တစ်ဦးက ရှင်းပြပါတယ်။

ဆန်စျေးပြန်ကျနိုင်လား

လာမယ့် စက်တင်ဘာ ၂၀ ရက်ကစလို့ ဒီဇင်ဘာလအတွင်း မိုးစပါးထွက်လာတော့မှာဖြစ်ပါတယ်။

ဒေသအလိုက်မိုးစပါးတွေထွက်လာမှာဖြစ်လို့ ဆန်စျေးကျနိုင်တယ်လို့ ခန့်မှန်းကြပေမဲ့ နဂိုစျေးကို ပြန်ရောက်ဖို့မရှိဘူးလို့ မေးမြန်းခွင့်ရတဲ့ဆန်ကုန်သည်တိုင်းက ပြောပါတယ်။

အရင်က စစ်အစိုးရတွေလက်ထက်က ပြည်တွင်းမှာဆန်စျေးတက်ရင် ပြည်ပဆန်တင်ပို့တာကို ရပ်လိုက်တဲ့နည်းနဲ့ ဖြေရှင်းခဲ့တာပါ။

ဒါပေမဲ့ အခုစစ်ကောင်စီကတော့ဆန်းစျေးတည်ငြိမ်ဖို့ တိကျတဲ့နည်းလမ်းသုံးတာမရှိဘူးလို့ စျေးကွက်ထိန်းညှိမှုလေ့လာတဲ့ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။

‘‘စစ်ကောင်စီကိုပိုက်ဆံရှာပေးနေတာ ပြည်ပပို့ကုန်ဆန် ဖြစ်နေတော့ သူအဲဒါကိုမရပ်ရဲဘူး။ ဆန်စျေးနဲ့ ကုန်စျေးနှုန်းထိန်းဖို့လည်းအာရုံမစိုက်နိုင်ဘူး။ နိုင်ငံရေးကိုပဲအာရုံစိုက်နေတယ်လို့မြင်တယ်’’ လို့ သူက သုံးသပ်ပါတယ်။

စစ်ကောင်စီ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရဲ့ အမြဲတမ်းအတွင်းဝန်ဦးမင်းမင်းကတော့ သြဂုတ် ၂၂ ရက်က စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ မြန်မာမှာ ဆန်လက်ကျန်တန်ချိန် ၃ ဒသမ ၅ သန်းကျော်ရှိနေပြီး မိုးစပါးမထွက်ခင်အထိဆန်လုံလောက်မှုရှိတယ်လို့ပြောပါတယ်။

စစ်ကောင်စီက ဆန်လုံလောက်မှုရှိတယ်လို့ပြောနေပေမဲ့ ဆန်လုံလောက်မှုရှိတဲ့တိုင်းပြည်မှာဘာကြောင့်ဆန်စျေးမကျနိုင်တာလဲဆိုတဲ့အဖြေကိုပြောမသွားခဲ့ပါဘူး။

လူဦးရေ ၅၅ သန်းကျော်ရှိတဲ့ မြန်မာက ဆန်ကို အဓိကအများဆုံးစားသုံးတဲ့ နိုင်ငံတွေထဲပါဝင်တာပါ။ မြန်မာ့လူဦးရေ ၅၅ သန်းကျော်က နှစ်စဥ်ဆန်တန်ချိန် ၁၀ သန်းနီးပါးစားသုံးတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စာရင်းကဖော်ပြပါတယ်။

လူတစ်ဦးကို တစ်နှစ် ၁၅၅ ကီလိုဂရမ် (၉၇ ပြည်ခန့် )အထိစားသုံးကြတယ်လို့ နိုင်ငံတကာ သုတေသနအဖွဲ့တွေနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းတို့က ပြီးခဲ့တဲ့နှစ်တွေအတွင်းက ခန့်မှန်းခဲ့ကြပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်(UNDP)ရဲ့ ၂၀၂၃ ခုနှစ်၊ နှစ်စပိုင်းကထုတ်ပြန်ချက်အရ ရန်ကုန်မြို့က လူသုံးထောင်ကို စစ်တမ်းကောက်ယူမှုအရဆိုရင် ပြီးခဲ့တဲ့ ၁ နှစ်အတွင်းကုန်စျေးနှုန်းတက်လာပြီး ဝင်ငွေနဲ့မလောက်လို့ အစားလျှော့စားရတဲ့အထိရှိခဲ့တာကိုဖော်ပြထားပါတယ်။

လက်ရှိမှာတော့ စပါးတွေဈေးကောင်းရနေတဲ့အတွက်စပါးဖြစ်ထွန်းလို့ရှိရင် အမြတ်အစွန်းရရှိကြမှာ ဖြစ်ပေမယ့်သွင်းအားစုစရိတ်တွေ မစိုက်ထုတ်နိုင်တော့တာ၊ ရာသီဥတုဖောက်ပြန်မှု၊ စစ်ဘေးနဲ့နယ်မြေ မတည်ငြိမ်မှုတွေအပါအဝင် စျေးကွက်ထိန်းညှိမှုမရှိတဲ့အခြေအနေတွေကြောင့်ဆန်စျေးကျဖို့မရှိတော့ဘူးလို့ခန့်မှန်းတွက်ချက်ထားကြပါတယ်။