ယူကရိန်းစစ်ပွဲမှာ တရုတ်ဟာ အရေးပါတဲ့နေရာမှာ ရှိတယ်လို့ ပြင်သစ်သမ္မတပြော - ဧပြီ ၅ရက် ညနေခင်း နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ တရုတ်အစိုးရဟာ အရေးပါတဲ့နေရာမှာ ရှိနေတယ်လို့ ပြင်သစ်သမ္မတမက်ခရွန်းက တရုတ်ကို ရောက်ရှိလာစဉ် ပြောကြားလိုက်ပါတယ်။
ရုရှားနဲ့ နီးစပ်မှုကို အသုံးချပြီး တိုက်ခိုက်မှုတွေ ရပ်သွားအောင် တရုတ်နိုင်ငံက လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ မစ္စတာ မက်ခရွန်းက သူ့မိန့်ခွန်းထဲ ထည့်သွင်း ပြောကြားခဲ့တာပါ။
ရုရှားက ယူကရိန်းကို ကျူးကျော်မှုဟာ ၁၉၄၅ နောက်ပိုင်း နိုင်ငံတကာအပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှု ရှိခဲ့တာပါ၊ ဒီစစ်ပွဲဟာ နယ်ချဲ့မှုသက်သက် ၊ ကိုလိုနီပြုတာ ဖြစ်ပြီး ကုလသမဂ္ဂရဲ့ အခြေခံစည်းမျဉ်း အများအပြားကို ချိုးဖောက်တာပါ၊ ဒါကြောင့် ရုရှားနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိတဲ့ တရုတ်ဟာ အရေးပါလှတာ ဖြစ်ပါတယ်လို့ မစ္စတာ မက်ခရွန်းက ပြင်သစ်ဘာသာနဲ့ ပြောသွားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း တရုတ်ဟာ စစ်ပွဲအဆုံးသတ်အောင် ကြားဝင်စေ့စပ်မှုတွေ လုပ်ဆောင်ပေးလျက် ရှိတာ ဖြစ်ပါတယ်။
တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် ပြီးခဲ့တဲ့လက မော်စကိုမြို့ကို ရောက်လာပြီး ရုရှား သမ္မတ ပူတင်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ဒါပေမယ့် တရုတ်က ရုရှားကို ကျူးကျော်စစ်အတွက် ပြစ်တင်ပြောဆိုဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး အနောက်နိုင်ငံ ခေါင်းဆောင် တော်တော်များများက တရုတ်အနေနဲ့ ငြိမ်းချမ်းရေး ပေါ်ထွက်လာအောင် ဖန်တီးနိုင်ပါ့မလား ဆိုပြီး မေးခွန်းထုတ်နေပါတယ်။
ယူကရိန်းကို ပိုလန်က စစ်ရေးထောက်ပံ့ပေမဲ့ ယူကရိန်းသီးနှံတွေ စျေးလျှော့ရောင်းလို့ ပိုလန်လယ်သမားတွေ မကျေနပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပိုလန်နိုင်ငံကို ရောက်လာတဲ့ ယူကရိန်းသမ္မတကို စစ်အခမ်းအနားအပြည့်နဲ့ ကြိုဆိုခဲ့ကြပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက်ပိုင်း မစ္စတာဇလန်းစကီးအနေနဲ့ ပထမဆုံး ပိုလန်ကို ရောက်လာတာ ဖြစ်ပေမဲ့ ဒီခရီးစဉ်အတွင်း အငြင်းပွားစရာတွေ ရှိခဲ့ပါတယ်။
ရုရှားကျူးကျော်ခံရပြီးနောက် ယူကရိန်းကို ပိုလန်က ရာနဲ့ချီတဲ့ တင့်ကားတွေ ထောက်ပံ့ပေးအပ်ခဲ့ပြီး ခိုင်မာရဲ့ မိတ်ဖက်နိုင်ငံအဖြစ် ရပ်တည်နေခဲ့တာပါ။
ဒါပေမယ့် ယူကရိန်းဟာ သီးနှံတွေကို စျေးလျှော့ရောင်းလို့ ဆိုပြီး ပိုလန် လယ်သမားတွေက ဆန္ဒပြခဲ့ကြတာကြောင့် ပိုလန်စိုက်ပျိုးရေးဝန်ကြီး ရာထူးက နုတ်ထွက်ရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။
ဥရောပသမဂ္ဂ အနေနဲ့ ယူကရိန်းသီးနှံတွေကို စျေးပေါပေါ်နဲ့ သွင်းတဲ့အပေါ် ပိုလန်စိုက်ပျိုးရေးဝန်ကြီး ဟန်နရစ်ခ် ခိုဝါလ်ဇစ်ခ် က ပြစ်တင်ပြောဆိုထားပါတယ်။
တောင်အာဖရိကမှာ ထိုင်ခုံအောက် မြွေဟောက်တွေ့ခဲ့ပြီးနောက် အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ လေယာဉ်မှူး

ဓာတ်ပုံ ရင်းမြစ်, Getty Images
တောင်အာဖရိကမှာ လေယာဉ်မှူးတဦးဟာ သူ့အောက်မှာ မြွေဟောက်တကောင်ရှိနေတာ သိခဲ့ရပြီးနောက် မြေပြင်ပေါ်အောင်မြင်စွာ အရေးပေါ် ဆင်းသက်နိုင်ခဲ့လို့ ချီးကျူးခံနေရပါတယ်။
Cape Town မြို့ကနေ မြောက်ပိုင်းက Nelspruit မြို့ ကို ခရီးသည် ၄ ယောက် တင်ဆောင်ပျံသန်းလာစဉ် Rudolph Erasmus ဟာ ခရီးစဉ်ဖျက်သိမ်းပြီး အရေးပေါ် ဆင်းသက်ခဲ့ရတာပါ။
သူ့ခန္ဓာကိုယ် အေးစက်လာတာကြောင့် သူ့ထိုင်ခုံအောက်ကို ကြည့်လိုက်တဲ့အခါ မြွေဟောက်ခေါင်းကို တွေ့ရတယ်လို့ သူက ပြောပါတယ်။
အဲဒီနောက် ခရီးသည်တွေ အထိတ်တလန့်မဖြစ်စေဖို့ စိတ်ကိုတည်ငြိမ်အောင်ထားကာ လေယာဉ်ပေါ်မှာ ဖိတ်ခေါ်မထားတဲ့ အပိုခရီးသည်ပါလာတယ်လို့ ကြေညာပြီး ဆင်းသက်ခဲ့တာပါလို့ သူက ဆိုပါတယ်။
ကိတ်ပ်မြွေဟောက် အမျိုးအစားဟာ သူကိုက်တာခံရရင် သေစေလောက်တဲ့အထိ အဆိပ်ပြင်းတာ ဖြစ်ပါတယ်။
တရုတ်နဲ့နီးစပ်တဲ့ ဖောက်စ်ကွန်ကုမ္ပဏီ တည်ထောင်သူ မစ္စတာဂူး ထိုင်၀မ်အတိုက်အခံပါတီကနေ သမ္မတအဖြစ် ၀င်ပြိုင်မယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်ဝမ်က အဓိက အတိုက်အခံ ကွန်မင်တန်ပါတီကနေ သမ္မတအဖြစ် ဝင်အရွေးခံဖို့ အဆိုပြုမယ်လို့ Foxconn နည်းပညာကုမ္ပဏီတည်ထောင်သူ Terry Gou က ပြောပါတယ်။
ဒါဟာ တရုတ်အစိုးရနဲ့ နီးစပ်တဲ့ မစ္စတာ ဂူးအတွက် သမ္မတ ရွေးကောက်ပွဲ ၀င်ပြိုင်ဖို့ ဒုတိယအကြိမ် ကြိုးပမ်းမှု ဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်း အမေရိကန်ကို သွားရောက်ခဲ့လို့ တရုတ်အစိုးရက ဒေါသဖြစ်ခဲ့ပြီးနောက် မစ္စတာဂူးရဲ့ ကြေညာချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကို သူတို့နိုင်ငံရဲ့ တစိတ်တဒေသအဖြစ် သတ်မှတ်ထားတာပါ။
သက်တမ်း ၂ ခု တာဝန် ထမ်းဆောင်ပြီးတဲ့အခါ နောက်နှစ် မေလမှာ လက်ရှိသမ္မတ ဆိုင်အင်ဝမ်း ရာထူးက ဆင်းပေးမှာ ဖြစ်ပါတယ်။
တရုတ်နဲ့စစ်ဖြစ်တာ ရှောင်ရှားနိုင်ဖို့ အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ အနေနဲ့ သမ္မတ ဆိုင်အင်ဝမ်းကို မဲပေးဆုံးဖြတ် ရာထူးက ထုတ်ပယ်သင့်တယ်လို့ မစ္စတာဂူးက ပြောပါတယ်။








