အောက်တိုဘာ ၅ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်းနဲ့ ဝ တပ်ဖွဲ့ တွေ့ဆုံမှု အစည်းအဝေးမှတ်တမ်း ပေါက်ကြား

ဓာတ်ပုံ ရင်းမြစ်, MNDAA
တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်းနဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦး သြဂုတ်လက တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲမှာတွေ့ခဲ့ကြတဲ့ အစည်းအဝေးမှတ်တမ်း ပေါက်ကြားခဲ့ပြီး ဒီတွေ့ဆုံမှုက မှန်ကန်ကြောင်း ဝ တပ်ဖွဲ့နဲ့နီးစပ်သူက ဘီဘီစီကို အတည်ပြုပါတယ်။
အစည်းအဝေးမှတ်တမ်းမှာ ပါရှိတဲ့ အချက်အလက်အများစုက မှန်ကန်ကြောင်း သူက ဘီဘီစီကို အတည်ပြုပေမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ဖြေကြားဖို့ငြင်းဆန်ပါတယ်။
ကိုးကန့်တပ် MNDAA က လားရှိုးကိုသိမ်းပိုက်ပြီးတဲ့နောက် တရုတ်ဘက်က ဝ တပ်ဖွဲ့ကို ခေါ်တွေ့ခဲ့တာ ဖြစ်ပြီး ပြင်ပဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အန်း နဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဒုတိယအထွေထွေအတွင်းရေးမှူး ဦးပေါက်အိုက်ခမ်း တို့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
ဦးပေါက်အိုက်ခမ်းဟာ UWSP ခေါင်းဆောင် ဦးပေါက်ယူချန်းရဲ့သားဖြစ်ပြီး ဝ တပ်ဖွဲ့ရဲ့ ခေါင်းဆောင်နေရာကို ဆက်ခံမယ့်သူဖြစ်ပါတယ်။
ဒီအစည်းအဝေးမှာ ကိုးကန့်တပ် MNDAA က လားရှိုးကိုသိမ်းပိုက်ခဲ့တာကို တရုတ်ဘက်က မလိုလားတဲ့အကြောင်းနဲ့ တရုတ်ရဲ့ ကိုးကန့်တပ်အပေါ် ပိတ်ဆို့ဒဏ်ခတ်မှုဟာ UWSP ကြောင့် မအောင်မမြင်ဖြစ်ရတဲ့အကြောင်းတွေကို ပြောထားတာတွေ့ရပါတယ်။
ကိုးကန့်တပ် နဲ့ တအာင်းတပ် TNLA အပါအဝင် တခြားတိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို လက်နက်ခဲယမ်းမရောင်းတော့ဖို့ ဝ တပ်ဖွဲ့ UWSA ကို တရုတ်က ဖိအားပေးခဲ့တာကို အစည်းအဝေးမှတ်တမ်းမှာ တွေ့ရပါတယ်။
တရုတ်ဟာ အမေရိကန်နဲ့အဆက်အသွယ်ရှိတယ်လို့ သူယူဆတဲ့ မြန်မာပြည်ထဲက တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေနဲ့ သူ့နယ်စပ်မှာရှိနေတဲ့ အင်အားကြီးလက်နက်ကိုင်တပ်ဖွဲ့ UWSA အပါအဝင် ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA တို့ရဲ့ အဆက်အသွယ်ကို အထူးစိုးရိမ်ပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့တဲ့အကြောင်း အစည်းအဝေးမှတ်တမ်းဖော်ပြချက်အရ တွေ့ရပါတယ်။
ဒီအစည်းအဝေးပြီးတဲ့နောက် စက်တင်ဘာလထဲမှာ ကိုးကန့်တပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မပူးပေါင်းဘူးလို့ လူသိထင်ရှားထုတ်ပြန်ကြေညာခဲ့ပြီး မြန်မာ့အရေးကို တရုတ်ကကြားဝင်စေ့စပ်ပေးဖို့ပါ ဖိတ်ခေါ်ခဲ့ပါတယ်။
ကိုးကန့်အနေနဲ့ ချက်ချင်းအပစ်ရပ်ပြီး တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကို တက်တက်ကြွကြွပူးပေါင်းကာ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရေးလမ်းစဥ်နဲ့ အဖြေရှာမယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် စစ်ကောင်စီတပ်ကတော့ MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲနေတာဖြစ်ပါတယ်။
လားရှိုးကွန်ပျူတာတက္ကသိုလ်အနီး လေကြောင်းကဗုံးကြဲခံရ

ဓာတ်ပုံ ရင်းမြစ်, MNDAA
ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့က ကွန်ပျူတာတက္ကသိုလ်အနီးကို စစ်ကောင်စီလေတပ် က ဒီနေ့ မနက်ပိုင်းမှာ ဗုံးလာကြဲခဲ့တယ် လို့ MNDAA က ထုတ်ပြန်ပါတယ်။
မနက် ၁၀ နာရီခွဲလောက်က ဗုံး ၄ ကြိမ်လာကြဲခဲ့လို့ တက္ကသိုလ်အနီးက အိပ်ဆောင်ပြတင်းပေါက်တွေ ပျက်စီးသွားပြီး အနီးနားမှာရှိတဲ့ အိမ်တွေလည်း ထိခိုက်ခဲ့ရတဲ့အကြောင်း MNDAA က ဓာတ်ပုံတွေနဲ့ထုတ်ပြန်ပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး အရင်က ညဘက်ပိုင်းမှာသာ တိုက်ခိုက်ပေမဲ့ အခုနောက်ပိုင်း မနက်ပိုင်းတွေမှာပါ ဗုံးကြဲနေတယ်လို့လည်း လားရှိုးမြို့ခံတွေက ပြောပါတယ်။
လားရှိုးမြို့ကို ကိုးကန့်တပ် MNDAA ထိန်းချုပ်ပြီးနောက်ပိုင်း နေ့စဥ်ဗုံးကြဲတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ က တစ်စုံတစ်ရာထုတ်ဖေါ်ပြောဆိုတာ မရှိသေးပါဘူး။
အာဏာသိမ်း ၃ နှစ်ကျော်အတွင်း အရပ်သားသေဆုံးမှု ဘယ်လောက်ရှိပြီလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြောင့် ဒီမိုကရေစီလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ စုစုပေါင်း ၅၇၅၈ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာ ၄ ရက်က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ ထိန်းချုပ် သတင်းစာတွေထဲမှာတော့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကနေ ၂၀၂၄ စက်တင်ဘာလ ၅ ရက်နေ့ အထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တွေကြောင့် သေဆုံးသူ ၆၆၆၇ ဦးရှိခဲ့တယ်လို့ အောက်တိုဘာ ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။
နှစ်ဘက် ထုတ်ပြန်ချက်တွေကိုပေါင်းလိုက်ရင် အာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်း အရပ်သား သေဆုံးသူ စုစုပေါင်း ၁၂၀၀၀ ကျော်ရှိလာတဲ့ အဓိပ္ပါယ်လည်းဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ အရပ်အခေါ် ‘ဒလန်’ လို့ စွပ်စွဲသတ်ဖြတ်ခံခဲ့ရသူက ငါးထောင်ကျော်ရှိပြီး အများဆုံးအရေအတွက်ဖြစ်ပါတယ်။
အသတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးက ၈၃၃ ဦးရှိခဲ့ပြီး ကျောင်းဆရာ ဆရာမ ၇၅ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၇ ဦး၊ အခြားဝန်ထမ်း ၂၇၉ ဦးနဲ့ စစ်မှုထမ်းဟောင်း ၆၅ ဦး လည်း အသတ်ခံရတယ်လို့ ထုတ်ပြန်ထားပါတယ်။
သီလရှင် ၂ ပါးနဲ့ သံဃာ ၈၄ ပါး လည်း ပျံလွန်တော်မူတယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။ ပါဝင်ခဲ့တယ်လို့လည်း ပြောပါတယ်။
AAPP ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ စစ်ကောင်စီက ဖမ်းဆီးခဲ့သူ စုစုပေါင်း ၂၇၅၁၃ ဦးရှိနေပြီး အဲဒီအထဲက ၂၁၀၁၇ ဦးဟာ ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
PNA က စစ်သင်တန်းဆင်းပွဲတွေ ဆက်တိုက်လုပ်ပြီး အင်အားပြ

ဓာတ်ပုံ ရင်းမြစ်, PNA
ပအိုဝ်းအမျိုးသားတပ်မတော်(PNA) က ဦးဆောင်ပြီး အခြေခံစစ်ပညာသင်တန်းပေးထားတဲ့ လူပေါင်း ၂၇၀၀၀ ကျော် ရှိသွားပြီလို့ PNA ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အောက်တိုဘာ ၃ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းအထူးဒေသ(၆)၊ ကျောက်တလုံးကြီးမြို့နယ် မှာလုပ်ခဲ့တဲ့ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲမှာ လူ ၇၀၀၀ ကျော် စစ်သင်တန်းတက်ရောက်ခဲ့တယ်လို့ PNA က ထုတ်ပြန်ပါတယ်။
အဲဒီအခမ်းအနားကို PNA ခေါင်းဆောင် ဦးအောင်ခမ်းထီ အပါအဝင် PNA စစ်ဦးစီးချုပ် ဖြားခွန်မြင့်အောင် နဲ့ ဒု စစ်ဦးစီးချုပ် ခွန်နေဝင်းထွန်း တို့လည်းတက်ရောက်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ကလည်း အထူးဒေသ(၆)၊ ရန်ကင်းစစ်ဒေသအခြေခံစစ်ပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို စစ်အင်အား နှစ်သောင်းကျော်နဲ့ ပြုလုပ်ခဲ့တယ်လို့ PNA က ထုတ်ပြန်ပြီး မြို့ထဲမှာ လှည့်လည်ခဲ့ပါတယ်။
PNA က ဦးဆောင်ပြီး အခြေခံစစ်သင်တန်းပေးနေတာ (၃) ကြိမ်ရှိသွားပါပြီ။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ပင်လောင်းမြို့နယ် နောင်တရားမြို့ကို ပအိုဝ်းအမျိုးသား တပ်မတော်(PNA) က ဦးဆောင်ပြီး စစ်အင်အား ၁ သောင်းနဲ့ ကာကွယ်ရေးနှင့်လုံခြုံရေးလုပ်ငန်းတွေ လုပ်ဆောင်သွားမယ်လို့လည်း PNA က ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ထုတ်ပြန်ထားတာဖြစ်ပါတယ်။
“မည်သည့် အစိုးရတက်သည်ဖြစ်စေ ကောင်းမွန်သော ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်” လို့ စစ်အင်အား နှစ်သောင်းကျော် အင်အားပြခဲ့တဲ့ အခမ်းအနားမှာ PNA ဒု-စစ်ဦးစီးချုပ် ခွန်ဝင်းထွန်း က ပြောခဲ့ပါတယ်။
ပအိုဝ်းအမျိုးသားတပ်မတော်ဟာ မြန်မာစစ်ခေါင်းဆောင် အဆက်ဆက်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့ရေဘေး အမေရိကန် ဦးဆောင်ကူညီသင့်တယ်လို့ ဒဲရစ်မစ်ချယ်တိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, CJ
မြန်မာနိုင်ငံက ရေဘေးသင့်ဒေသတွေကို အမေရိကန်အစိုးရက ဦးဆောင်ကူညီသင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း ဒဲရစ်မစ်ချယ်က တိုက်တွန်းလိုက်ပါတယ်။
အမေရိကန် အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာန(CSIS)မှာ ဆောင်းပါးတစ်ပုဒ်ရေးသားပြီး သံအမတ်ကြီးဟောင်းက တိုက်တွန်းထားတာဖြစ်ပါတယ်။
ယာဂီမုန်တိုင်းကြောင့် မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ် နဲ့ လာအိုနိုင်ငံ အပါအဝင် အရှေ့တောင်အာရှမှာ လူသန်းနဲ့ချီ အကူအညီတွေလိုအပ်နေတယ်လို့လည်း CSIS မှာရေးသားခဲ့ပါတယ်။
အဲအထဲမှာ မြန်မာနိုင်ငံဟာ ထူးခြားပြီး နိုင်ငံရေးရှုပ်ထွေးမှု၊ စီးပွားရေးမတည်ငြိမ်မှု နဲ့ လက်နက်ကိုင် ပဋိပက္ခတွေရှိနေတာကြောင့် တခြားနိုင်ငံတွေထက် အကူအညီတွေ ပိုလိုအပ်နေတာဖြစ်တယ်လို့လည်း CSIS က ပြောပါတယ်။
လက်ရှိမြန်မာ့နိုင်ငံရေးအရှုပ်အထွေးတွေကြားမှာ သဘာဝဘေးဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေကို အမေရိကန် အစိုးရအနေနဲ့ မဟာဗျူဟာမြောက် ဦးဆောင်ကူညီတာတွေ လုပ်ဆောင်သင့်တယ်လို့လည်း CSIS က တိုက်တွန်းထားပါတယ်။
မြန်မာ့ရေဘေး အမေရိကန်အစိုးရက ဦးဆောင်ကူညီသင့်ကြောင်း CSIS အဖွဲ့က ထုတ်ပြန်ပြီး ဆက်တိုက် ဆိုသလို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ရေဘေးသင့်ဒေသတွေကို ကူညီတာတွေ ဆက်လုပ် သွားမယ်လို့ အောက်တိုဘာ ၅ ရက်နေ့က မနက်ပိုင်းက ထုတ်ပြန်လိုက်ပါတယ်။
လက်ရှိအချိန်မှာ မြန်မာကျပ်ငွေ သိန်း ၁၄၀၀ တန်ဖိုးရှိတဲ့ သောက်သုံးရေ၊ ဆန်၊ ဆေးဝါးတွေနဲ့ အရေးပေါ် လူသုံးကုန်ပစ္စည်းတွေကို မန္တလေး၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ်က ရေဘေးသင့်ဒေသတွေကို ဖြန့်ဝေထား ပြီး ဖြစ်တယ်လို့လည်း တရုတ်သံရုံးက ပြောပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း ရေကြီးမှုကြောင့် ရေဘေးသင့်ပြည်သူ ၈ သိန်း ၈ သောင်းကျော် ရှိခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်အထိ သေဆုံးသူ ၃၀၀ ကျော်ရှိနေပြီး၊ ဒဏ်ရာရသူ ၁၀၀ နီးပါးရှိနေပြီလို့ မြေပြင်သတင်း အချက်အလက်တွေကို ကိုးကားပြီး UNOCHA က စက်တင်ဘာ ၂၀ ရက်နေ့က ပြောပါတယ်။
ယာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် ရေကြီးရေလျှံတာတွေကြုံနေရတဲ့ တခြားနိုင်ငံတွေလိုမျိုး နိုင်ငံတကာ အထောက်အပံ့တွေရအောင် အမြန်ဆုံးချိတ်ဆက်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စက်တင်ဘာတုန်းက စစ်ကောင်စီ အဖွဲ့ဝင်တွေကို မှာကြားခဲ့ပါတယ်။
စက်တင်ဘာ ၂၄ နေပြည်တော်မှာ လုပ်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးရဲ့ ရေဘေးသင့် အလှူငွေ ပေးအပ်ပွဲမှာတော့ ရေဘေးကြောင့် နိုင်ငံတဝန်း ၃၈၄ ဦးသေဆုံးပြီး ပျောက်ဆုံးသူ ၈၉ ဦးရှိ ခဲ့တယ်လို့ စစ်ခေါင်းဆောင် က ပြောခဲ့ပါတယ်။
ချင်းမိုင် မှာ စံချိန်တင် ရေကြီး

ဓာတ်ပုံ ရင်းမြစ်, PR Chiang Mai
- ဆင်နှစ်ကောင်သေဆုံး
ကမ္ဘာလှည့်ခရီးသွားတွေကြား ရေပန်းစားတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ အောက်တိုဘာ ၄ ရက် ညနေပိုင်းထဲက ပင်းမြစ်ရေတက်လို့ စံချိန်တင် ရေကြီးရေလျှံတာတွေ ဖြစ်နေပါတယ်။
မြန်မာအများစု နေထိုင်ကြတဲ့ ချန်ဂလန်ရပ်ကွက်နဲ့ မဟီဒေါ လမ်းမကြီးတွေလည်း ရေမြုပ်နေပါတယ်။
ဒါ့အပြင် ချင်းမိုင်ဘူတာ၊ အဝေးပြေးကားဂိတ်နဲ့ ချင်းမိုင်လေဆိပ်အထိ ရေရောက်နေတယ်လို့လည်း မြို့ခံတွေ က ပြောပါတယ်။
ချင်းမိုင်အာဏာပိုင်တွေကတော့ ပင်းမြစ်ရေဟာ မြို့လယ်က နဝရတ်တံတားအထက် ၅ မီတာကျော် အထိမြင့်တက်မယ်လို့ ကြိုတင် သတိပေးချက် ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ဒီကနေ့ မနက်မှာတော့ ပင်းမြစ်ဘေးနားမှာရှိတဲ့ ကားလမ်းတွေကို ပိတ်ထားလိုက်ပြီး နဝတ်ရတ်တံတား အထက် ရေ ၁ မီတာ ကျော်သွားပြီလို့လည်း ချင်းမိုင်အာဏာပိုင်တွေက ပြောပါတယ်။
မနေ့ ညနေပိုင်းက ချင်းမိုင် မယ့်တန်ဆင်စခန်းက ဆင်တွေ ရေဘေးကနေ လွတ်မြောက်နိုင်ရေး ဝိုင်းဝန်း ကြိုးစားနေခဲ့ရတာဖြစ်ပါတယ်။
ဒီကနေ့ မနက်မှာတော့ ရေဘေးကြောင့် ဆင် ၂ ကောင် သေဆုံးခဲ့တယ်လို့ ချင်းမိုင်ရေဘေး ကူညီနေသူတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေးသားထားတာကိုတွေ့ရပါတယ်။
အဲဒီ ဆင် ၂ ကောင်ဟာ မယ့်တန်ဆင်စခန်း က ဆင်တွေ ဟုတ်မဟုတ်ဆိုတာကိုတော့ တိတိကျကျ ရေးသားထားတာမတွေ့ရပါဘူး။
ချင်းမိုင်မြို့မှာ ရေဆက်တက်နေမှာဖြစ်ပြီး အထူးသဖြင့် မြို့ရဲ့ အနိမ့်ပိုင်း နေရာတွေနဲ့ ပင်းမြစ်ဘေး တစ်လျှောက်မှာနေထိုင်ကြသူတွေဟာ ရေကြီးတဲ့ဒဏ်ကို ပိုခံစားရမယ်လို့လည်း မြို့အာဏာပိုင်တွေက ပြောကြပါတယ်။
“အခုရေက တအားကြီးနေတာ ၂ ရက် ၃ ရက် ဆက်တက်ဦးမယ်လို့ ထိုင်းအာဏာပိုင်တွေက လိုက်ပြော နေတယ်” လို့ ချင်းမိုင်မြို့ခံတစ်ဦး က ဘီဘီစီ ကိုပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ၂၅ ရက် နဲ့ ၂၆ ရက်တွေတုန်းကလည်း ချင်းမိုင်မှာ စံချိန်တင်ရေကြီးခဲ့ပြီး အခုတစ်ခေါက် ရေထပ်ကြီးတာက အရင်စံချိန်ကို ချိုးခဲ့တယ်လို့လည်း မြို့ခံတွေကပြောပါတယ်။
အခြေခံပညာရေးမှာ ဥပဒေအကြောင်း သင်ဖို့ စစ်ခေါင်းဆောင်ပြော

ဓာတ်ပုံ ရင်းမြစ်, Cincds
အခြေခံပညာရေးဖြစ်တဲ့ Grade 11 နဲ့ Grade 12 မှာ ဥပဒေပိုင်းဆိုင်ရာ အခြေခံအသိအမြင်တွေကို သင်ကြား ပို့ချရမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကိုပေးပို့လိုက်တဲ့ သဝဏ်လွှာမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဥပဒေဘာသာရပ်ကို တက္ကသိုလ်မှာသာ အဓိကဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားပို့ချပေးနေတာဖြစ်ပါတယ်။
ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းတဲ့နိုင်ငံကို တည်ဆောက်နိုင်ဖို့ လူတိုင်း ဥပဒေ ကို သိရှိလိုက်နာရမယ်လို့လည်း စစ်ခေါင်းဆောင် က ဆိုပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရန်ကုန်တက္ကသိုလ်မှာ ဥပဒေဘာသာရပ်ကို သင်ကြားနေရင်း စစ်တက္ကသိုလ်ကိုပြောင်းတက်ခဲ့သူ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းတာကို ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့အညီလုပ်ခဲ့တာလို့ မကြာခဏ ထုတ်ပြောခဲ့သူလည်းဖြစ်ပါတယ်။
ဆရာတွေဟာ အမှားအမှန်ခွဲခြားနိုင်စေဖို့ အကောင်းအဆိုး၊ အကြောင်းအကျိုးကို မှန်ကန်စွာနားလည်ပြီး အမှောင်တွင်းကနေ လွတ်မြောက်အောင်နဲ့ အမှောင်တွင်းထဲမကျ ရောက်အောင် လုပ်ပေးနေသူတွေဖြစ်တယ်လို့လည်း ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ သဝဏ်လွှာထဲမှာ စစ်ခေါင်းဆောင် က ရေးခဲ့ပါတယ်။








