ငလျင်သင့် ကျောင်းသားတွေကို တက္ကသိုလ်ဝင်စာမေးပွဲ ပြန်‌ဖြေခိုင်းတာတကယ့်အဖြေလား

မတ် ၂၈ ရက် အင်အားပြင်းငလျင်ကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်ပြိုကျပျက်စီး မီးလောင်ခဲ့တာကြောင့် ၂၀၂၅ မတ်လမှာဖြေဆိုခဲ့တဲ့ တက္ကသိုလ်ဝင်တန်း Grade-12 စာမေးပွဲ အဖြေလွှာတွေ မီးလောင်ခဲ့ပါတယ်။ မီးလောင်ခဲ့တဲ့ အဖြေလွှာတွေအတွက် စာမေးပွဲပြန်ဖြေရမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ဆုံးဖြတ်ချက်ကြောင့် အထက်ပါ မေးခွန်း ပေါ်လာတာဖြစ်ပါတယ်။

လာမယ့် ဇွန်လမှာ စာမေးပွဲပြန်လည်ဖြေဆိုကြရမှာဖြစ်ပါတယ်။ ပြင်းထန်ငလျင်သင့်ခဲ့တဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ နေပြည်တော်တို့အပြင် ကချင်ပြည်နယ်လည်းပါနေပါတယ်။

အဲဒီ ဒေသ ၄ ခုက ကျောင်းသူ၊ ကျောင်းသား ၆၃,၀၀၀ ကျော်ရဲ့ အဖြေလွှာအုပ်ရေ ၃ သိန်းကျော် မီးလောင်ပျက်စီးခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ စာမေးပွဲပြန်ဖြေခိုင်းမယ့် အစီအစဉ်ကြောင့် ဝေဖန်ချက်အမျိုးမျိုး ထွက်ပေါ်နေသလို ဘာသာရပ်အားလုံးဖြေဆိုခဲ့သူအားလုံးကို အအောင်ပေးဖို့ ကျောင်းသားမိဘတချို့ဘက်က ဆန္ဒရှိနေကြပါတယ်။

တဖက်မှာလည်း ပြန်ဖြေခိုင်းရင် ဖြေဆိုရမှာပဲဆိုတဲ မိဘနဲ့ ကျောင်းသားအချို့လည်းရှိနေပါတယ်။

အဖြေလွှာမီးလောင်ခဲ့တဲ့ တိုင်းနဲ့ပြည်နယ် ၄ ခုက တက္ကသိုလ်ကျောင်းသား/သူတွေကို စစ်ကောင်စီ စာမေးပွဲပြန်ဖြေခိုင်းတာ ဘာကြောင့်လဲ။ ဖြေဆိုမယ့် ကျောင်းသား/သူတွေအတွက် ဘယ်လိုစီစဉ်ပေးမှာလဲ။

ပြန်ကျင်းပမယ့်စာမေးပွဲအတွက် စစ်ကောင်စီ ဘာလုပ်ပေးမှာလဲ

၂၀၂၄ - ၂၀၂၅ ခုနှစ် ၁၂ တန်းတက္ကသိုလ်ဝင်စာမေးပွဲကို တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ပြီးခဲ့တဲ့ မတ်လ ၁၇ ရက် ကနေ ၂၂ ရက် အတွင်း စစ်ဆေး ကျင်းပခဲ့တာဖြစ်ပါတယ်။ ဖြေဆိုဖို့ စာရင်းသွင်းထားသူ ၂၂၀,၀၀၀ ကျော်ရှိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ချက်ကဖော်ပြခဲ့ပါတယ်။

Bestရမယ့် ကျောင်းသား/သူ ၆၃,၀၀ ကျော်ဟာ အဖြေလွှာမီးလောင်ပျက်စီးခဲ့တဲ့အထဲ ဘာသာရပ်အားလုံးဖြေဆိုခဲ့တဲ့သူတွေလို့ နားလည်ရပါတယ်။

ငလျင်ဘေးဒုက္ခတွေကြားမှာ စာမေးပွဲပြန်ဖြေဆိုရမှာက ကျောင်းသား/ကျောင်းသူတွေအတွက် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်ကြသလို ရုပ်ပိုင်းပျက်စီးဆုံးရှုံးခဲ့ရတဲ့ ကလေးတွေအတွက်လည်း အလွန်ခက်ခဲမယ့် ကိစ္စလို့ စစ်ကိုင်းနဲ့ မန္တလေးဘက် က ကျောင်းသားတွေအတွက် အွန်လိုင်းကတဆင့် အင်္ဂလိပ်စာ ပညာဒါနပြုနေတဲ့ CDM ဆရာမတစ်ဦးက မှတ်ချက်ပြုပါတယ်။

စစ်ကောင်စီဘက်ကတော့ ကျောင်းသား/ကျောင်းသူတွေကို လေ့ကျင့်သင်ကြားရေးစခန်းတွေမှာ ဧပြီ ၂၈ ရက်ကနေ ဇွန်၂၀ ရက် အထိ Camp လိုမျိုး စခန်းသွင်းထားပြီး Revision Class (စာပြန်နွှေးပေးမယ့်အတန်း) တွေနဲ့ အနီးကပ် စာပြန်သင်ပေးမယ်လို့ ဆိုပါတယ်။

ကျောင်းသား/သူတွေအတွက် "လုံလောက်တဲ့ ပြင်ဆင်ချိန်ရစေဖို့ ရက်ပေါင်း၅၀ (အချိန်တစ်လခွဲကျော်) ပညာရေးဌာနကနေ သတ်မှတ်ပေးထားတယ်" လို့ ပညာရေးသုတေသန၊ စီမံကိန်းနဲ့ လေ့ကျင့်ရေးဦးစီးဌာနရဲ့ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခင်သီတာက ပြောပါတယ်။

ဒီလို ရက်ပေါင်း၅၀ (အချိန်တစ်လခွဲကျော်)ပေးတာဟာ အခြားဒေသက ကလေးတွေနဲ့အတူတူ အောင်စာရင်းတွေ ကို တစ်ပြေးညီထုတ်ပြန်ချင်တာကြောင့်အပြင် တက္ကသိုလ်တွေကို အတူတက်စေချင်လို့ အချိန်အပိုင်းအခြားကို သတ်မှတ်ပေးလိုက်တာဖြစ်တယ်လို့ သူက ဖြည့်ပြောပါတယ်။

လေ့ကျင့်ရေးစခန်းတွေမှာ ကျောင်းသား/သူတွေနဲ့ သင်ကြားပေးမယ့် ဆရာ၊ ဆရာမတွေရဲ့ နေထိုင်စားသောက်ရေးအပြင် ကျောင်းသားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ အဝတ်အထည်တွေပါ ထောက်ပံ့ပေးမယ့်အကြောင်း သူကဆိုပါတယ်။

ဒီလေ့ကျင့်ရေးစခန်း(Camp) တွေကို စာမေးပွဲပြန်ဖြေရမယ့် တိုင်းနဲ့ပြည်နယ် ၄ ခုထဲမှာပဲ ဖွင့်သွားမယ့်သဘောလို့ နားလည်ရပါတယ်။

ဒါပေမဲ့ ကျောင်းသား/ ကျောင်းသူတွေရဲ့ စာရင်းတွေကို ဘယ်လိုကောက်မယ်ဆိုတာနဲ့ ဘယ်နေရာတွေမှာ ဘယ်လိုပုံစံဖွင့်လှစ်သင်ကြားပေးမယ်ဆိုတာကိုတော့ တိတိကျကျထုတ်ပြောတာ စီစဥ်တာမတွေ့ရသေးပါဘူး။

ဘီဘီစီက စုံစမ်းချက်အရ နေပြည်တော်မှာတော့ ငလျင်သင့်ခဲ့တဲ့ အထက်တန်း‌ကျောင်းဝင်း တွေထဲမှာ လေ့ကျင့်ရေးစခန်းတွေတချို့ ဧပြီ ၂၈ ရက်ကစပြီး ဖွင့်ထားကြပြီဖြစ်ပါတယ်။

ဘီဘီစီနဲ့ စကားပြောခွင့်ရခဲ့တဲ့ မိဘတချို့ကတော့ နောက်ဆက်တွဲငလျင်ငယ်တွေ ထပ်လှုပ်နေဆဲအချိန်ဖြစ်လို့ သာသမီးတွေရဲ့ ရုပ်ပိုင်း/စိတ်ပိုင်း လုံခြုံရေးအတွက် ရတက်မအေးဖြစ်မိတယ်လို့ နေပြည်တော်နဲ့ ပျဥ်းမနားမြို့ က မိဘတချို့က ပြောပါတယ်။

"တချို့ကျောင်းဝင်းတွေထဲက အဆောက်အဦတွေက ကြံ့ခိုင်မှုရှိ မရှိ သေသေချာချာစစ်ဆေးပြီးမှ ဖွင့်တာမျိုးမဟုတ်ဘူး" လို့ ပျဉ်းမနားမြို့က မိဘတစ်ဦးက သူ့ယူဆချက်ကို ပြောပါတယ်။

ပျဉ်းမနားမြို့ထဲက အထက်တန်းကျောင်းတစ်ခုဆိုရင် ငလျင်လှုပ်ချိန် မပြိုခဲ့ပေမယ့် နံရံတွေပေါ်က အက်ကွဲရာတွေနဲ့ ကျောင်းအနီးနားက နေအိမ်အများစု ပြိုကျပျက်စီးခဲ့တာကြောင့် ကလေးတွေကို ကျောင်းဘက်ပြန်ပို့ဖို့ စိတ်မချရသေးတဲ့ အကြောင်း မိဘတစ်ဦးက ပြောထားပါတယ်။

ဒါပေမဲ့ တချို့လေ့ကျင့်ရေးစခန်းတွေကတော့ ကျောင်းဝင်းထဲမှာဖွင့်ထားပေမယ့် ငလျင်ဒဏ်ခံခဲ့ရတဲ့ ကျောင်းအဆောက်အဦမှာမဟုတ်ဘဲ သံဖရိန်သုံးပြီး အဆောက်အဦ သီးသန့် ဆောက်ပေးထားတာမျိုးလည်းရှိတယ်လို့ ပျဉ်းမနားမြို့ခံတချို့က ပြောပြပါတယ်။

ဒါအပြင် အမရပူရမြို့နယ်ထဲမှာလည်း သင်ကြားရေးစခန်း ၃ ခု ဖွင့်လှစ်ဖို့ စီစဥ်နေကြောင်း မြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မန္တလေးမြို့က ငလျင်ကယ်ဆယ်ရေးစခန်းတွေမှာလည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေမယ့်သူတွေကို လိုက်လံစာရင်းကောက်ယူတာတွေ ရှိနေပါတယ်။

'' ဒီနေ့တော့ စာရင်းကောက်နေတာတွေ့တယ်။ ထမင်းစားသွားတုန်းက ပြောနေတာရှိတယ်။ ဖြေမယ့်ကလေးတွေကို ဒီမှာနေမလား စခန်းမှာ နေမလား လိုက်အော်နေတာရှိတယ်။ ကွင်းထဲက တာဝန်ရှိသူက ဆယ်တန်းဖြေမယ့်ကလေးတွေကို ခုံနံပါတ်နဲ့ စာရင်းလိုက်ကောက်နေတယ်'' လို့ ဗထူးကွင်းကယ်ဆယ်ရေးစခန်းမှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

ပုဂ္ဂလိက ဘော်ဒါဆောင်တွေကလည်း ဒီရက်အတွင်းမှာ စာမေးပွဲပြန်ဖြေဖို့ ဆက်သွယ်လာတယ်လို့ နေပြည်တော်မှာ နေထိုင်တဲ့ မိဘတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မန္တလေးမြို့က မဟာကိုယ်ပိုင်အထက်တန်းကျောင်းမှာလည်း စာမေးပွဲပြန်ဖြေဖို့အတွက် ကျောင်းသားတွေကို ဆက်သွယ်ထားပြီး ပညာရေးဌာန သတ်မှတ်ရက်အတိုင်း ကျောင်းသားတွေကို စာပြန်သင်ပေးဖို့ နေရာထိုင်ခင်းတွေပါ ပြင်ဆင်ထားကြောင်း ကျောင်းကဆရာတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ကျောင်းက တက္ကသိုလ်ဝင်တန်းသင်တဲ့ ဆရာ/ဆရာမတွေကိုလည်း ဒါနဲ့ ပတ်သက်လို့ မွမ်းမံသင်တန်းအတွက် ဘာသာရပ်အလိုက် မေလ ၂ ရက်နေ့ လာရောက်ဖို့ ပညာရေးဌာနက အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ မိဘတွေရဲ့ ငွေကြေးအခက်အခဲကြောင့် စာမေးပွဲပြန်ဖြေဖို့ မဖြစ်နိုင်ဘူးဆိုတာမျိုး မရှိရအောင် စာစစ်ဌာနအလိုက် Camp တွေပြုလုပ်ပေးပြီး ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။

အဲဒီလေ့ကျင့်ရေးစခန်း(Camp) တွေမှာ တက္ကသိုလ်အသီးသီးရဲ့ ပါမောက္ခတွေက ဘာသာရပ်တွေကို လိုတိုရှင်း သင်ကြားမှာဖြစ်ပြီး ကျောင်းမှာရှိတဲ့ ဆရာ ဆရာမတွေက လေ့ကျင့်သင်ကြားပေးမယ်လို့ သိရပါတယ်။

Camp ကို မလာနိုင်တဲ့ ကျောင်းသား/သူ တွေအတွက် အွန်လိုင်းကနေ သင်ပေးမှာဖြစ်သလို ပုဂ္ဂလိကကျောင်းတွေရဲ့ ယူကျုနဲ့ တယ်လီဂရန်ချန်နယ်လ်က ပညာဒါနအတန်းတွေမှာလည်း လေ့လာနိုင်တယ်လို့ ဒေါက်တာခင်သီတာက ပြောပါတယ်။

"ဥပမာပြောရရင် ဆေးရုံတက်ပြီး ကုသမှုခံယူနေရတဲ့ ကလေးတစ်‌ယောက်ကို အွန်လိုင်းကနေ သင်ခန်းစာတွေ အခမဲ့လေ့လာနိုင်ဖို့ စီစဉ်ပေးမယ်"ဆိုပြီး ပညာရေးချန်နယ်လ်တွေကနေ သင်ခန်းစာပြန်လေ့လာဖို့ ထုတ်လွှင့်ပေးသွားမယ်လို့လည်း သူက ပြောထားပါတယ်။

ပညာရေးဝန်ကြီးဌာနကတော့ စာမေးပွဲပြန်ဖြေမယ့် ကျောင်းသား/သူတွေကို သင်ကြားမှုအထောက်အကူပစ္စည်းအပြင် သင်ခန်းစာအလိုက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကိုလည်း ဖြန့်ဝေပေးမယ်လို့ သိရပါတယ်။

ဒီလိုပံ့ပိုးမှုတွေရှိနေလို့ မိဘတွေအနေနဲ့ သား၊ သမီးတွေကို လေ့ကျင့်ရေးစခန်းတွေဆီလွှတ်ပြီး စာပြန်သင်စေဖို့ကိုလည်း စစ်ကောင်စီက တိုက်တွန်းထားပါတယ်။

ဇွန်လ ၁၆ ရက် တက္ကသိုလ်၀င်တန်းစာမေးပွဲအတွက် ဖြေဆိုဖို့ ကတ်ပြားကို ဖြေဆိုရမယ့် စာစစ်ဌာန ကြီးကြပ်ရေးမှူးထံမှာ ဇွန်လ ၁ ရက် ကနေ ၁၅ ရက် အထိ ထုတ်ယူနိုင်တယ်လို့ လည်းပြောပါတယ်။

"စာမေးပွဲ ပြန်ဖြေခိုင်းတဲ့ ကာလက စောလွန်းနေတယ်"

စစ်ကောင်စီက ဇွန်လထဲမှာ စာမေးပွဲပြန်ဖြေခိုင်းမယ်ဆိုတာကြောင့် ပြန်ဖြေဆိုရမယ့်အချိန် စောလွန်းနေတယ်လို့ ပညာရေးအသိုင်းအဝိုင်းကသူတချို့နဲ့ ကျောင်းသား/သူ မိဘတွေက ဝေဖန်နေကြပါတယ်။

စာမေးပွဲဖြေထားပြီး သေဆုံးသွားခဲ့တဲ့ ကျောင်းသူ/သားတွေ ရှိသလို ငလျင်ကြောင့် အိမ်ပြိုကျပြီး မိဘတွေပါ သေဆုံးခဲ့ရတဲ့ ကျောင်းသား/ကျောင်းသူတွေအတွက်ဆိုရင် နှစ်လအတွင်း စာ‌မေးပွဲပြန်ဖြေဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဘီဘီစီ‌မေးမြန်းခဲ့တဲ့ ပုဂ္ဂလိကကျောင်းဆရာတချို့က ထောက်ပြပါတယ်။

"အကုန်အအောင်ပေးရင်လည်း တကယ်ကြိုးစားပြီး ဂုဏ်ထူးမှန်းထားတဲ့ကလေးတွေအတွက် နစ်နာတယ်၊ ပြန်ဖြေခိုင်းတော့လည်း စိတ်အခြေအနေတောင်အဆင်မပြေတာ၊ စာဘယ်လိုပြန်သင်နိုင်မလဲ" ဆိုပြီး ပျဥ်းမနားမြို့ခံ ပုဂ္ဂလိကကျောင်းဆရာ တစ်ဦးက ဖြေပါတယ်။

မိဘသေဆုံးသွားတဲ့ ကလေးတချို့ဆိုရင် အခမဲ့ပြန်သင်ပေးဖို့ ကျောင်းကပြန်ခေါ်တာတောင် အဆက်အသွယ်မရတာတွေရှိတယ်လို့ သူက ဆက်ရှင်းပြပါတယ်။

"မိဘ နှစ်ပါး လုံး ငလျင်ကြောင့်ဆုံးတော့ ဘယ်အမျိုးတွေဆီ ရောက်သွားလဲဆိုတာတောင် မသိရတော့ဘူး"လို့ သူက ဆက်ပြောပါတယ်။

စာမေးပွဲပြန်ဖြေခိုင်းမယ့်အစား တက္ကသိုလ်ကျောင်းတွေဖွင့်မယ့် ဒီဇင်ဘာလကျမှ ‌ကျောင်းတွေအနေနဲ့ ဝင်ခွင့်စာမေးပွဲ ကျင်းပပြီး အရည်အချင်းကို အကဲဖြတ်တာက ပိုပြီးသင့်တော်မယ်လို့ ပညာရေးအသိုင်းအဝိုင်းဘက်က ထောက်ပြသူတချို့လည်းရှိပါတယ်။

ကျောင်းဆရာတချို့ကလည်း "တက္ကသိုလ်အလိုက် ဝင်ခွင့်ပုံစံနဲ့ ကိုယ်ရွေးချယ်လိုတဲ့ ဘာသာရပ်တွေအလိုက်ဖြေခိုင်းတာမျိုးနဲ့ စိစစ်လို့ ရတယ်" လို့ အကြံပြုထားကြပါတယ်။

အလားတူ ငလျင်ဘေးသင့်ခဲ့တဲ့ ဒေသက တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခဲ့တဲ့ ကျောင်းသား/သူတချို့ကလည်း စာမေးပွဲ ပြန်မဖြေချင်ကြဘူးလို့ ပြောကြားထားတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

ရုပ်သံဖိုင်ထဲက ကလေးတွေရဲ့ ပြောဆိုချက်တွေအရ ဂုဏ်ထူးရချင်တဲ့သူတွေအတွက် စာမေးပွဲသီးသန့် ပြန်ကျင်းပပေးတာမျိုုး ဒါမှမဟုတ် တက္ကသိုလ်တွေအနေနဲ့ ဝင်ခွင့်စာမေးပွဲသတ်မှတ် ဖြေဆိုခိုင်းတာမျိုးစီစဉ်ပေးဖို့ ဆန္ဒရှိတယ်လို့ နားလည်ရပါတယ်။

တစ်ဖက်မှာလည်း စာမေးပွဲဖြေထားပြီးမှ ငလျင်ဘေးမှာ သား၊ သမီးဆုံးရှုံးလိုက်ရတဲ့ မိဘတွေအနေနဲ့ သူတို့သားသမီး နောက်ဆုံးဖြေခဲ့တဲ့ စာမေးပွဲရလဒ်မှာ အရှုံးဆိုတာမျိုးမရှိဘဲ အအောင်ပေးစေချင်တယ်လို့ မန္တလေးမြို့မှာနေထိုင်တဲ့ မိဘတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

"လူလည်းမရှိတော့ဘူး၊ ပြန်ဖြေချင်ရင်တောင် ဖြေခွင့်မရှိတော့တာကြောင့် အအောင်ပဲ ပေးစေချင်တယ်" လို့ ပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီ စာမေးပွဲပြန်ဖြေဖို့ ထုတ်ထားတဲ့ ကျောင်းသား/သူစာရင်း ၆၃,၀၀၀ ကျော်ထဲမှာ ငလျင်ဒဏ်ဘေးသင့်ပြီး သေဆုံးခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခဲ့တဲ့သူအရေအတွက်တွေ ထည့်ပေါင်းထားခြင်းရှိ မရှိဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

ဇွန်လမှာ ပြန်ကျင်းပမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် စာစစ်ဌာန ၂၀၀ နီးပါးစီစဉ်ထားတယ်လို့ စာစစ်ဦးစီးဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထိုက်က ပြောပါတယ်။

မြန်မာက တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်နဲ့ အမှတ်စာရင်းတွေက နိုင်ငံတကာ တက္ကသိုလ်ဝင်ခွင့်တွေနဲ့ အလုပ်တွေ လျှောက်ထားတဲ့အခါမှာ မဖြစ်မနေလိုအပ်တာကြောင့် ဒီလိုပြန်ဖြေဖို့ စီစဥ်ရတာလို့ သူက ထောက်ပြပါတယ်။

တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသား/သူတွေရဲ့ ဖြေဆိုနိုင်မှု ရမှတ်အပေါ်မူတည်ပြီး တက္ကသိုလ်ဝင်ခွင့်ကို စိစစ်ရွေးချယ်တာကြောင့် ဒီလို‌ရွေးချယ်မှုတွေလုပ်တဲ့အခါ တိကျမှန်ကန်ပြီး တရားမျှတဖို့ လိုတာကြောင့် စာမေးပွဲကို ပြန်လည်ကျင်းပရတာလို့ သူက မှတ်ချက်ပြုပါတယ်။

စစ်ကောင်စီ ဘာလို့ စာမေးပွဲပြန်ဖြေခိုင်းတာလဲ

အလားတူ စာမေးပွဲတွေပြန်စစ်ဆေးရတဲ့ ရည်ရွယ်ချက် ၃ ခုက မျှတမှုဖြစ်စေဖို့၊ ဂုဏ်သိက္ခာရှိဖို့နဲ့ ပညာရပ်ဆိုင်ရာ အသက်‌မွေးဝမ်းကျောင်းမှုကို အထောက်အကူပြုဖို့ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာန၊ လေ့လာဆန်းစစ် အကဲဖြတ်ရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာချောချောစိန်က တုံ့ပြန်ထားပါတယ်။

၂၀၁၆ခုနှစ် အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်မှာ Johart ကျောင်းမီးလောင်မှုကြောင့် ကျောင်းသား/သူတွေစာမေးပွဲပြန်ဖြေခဲ့ရတဲ့ဖြစ်စဉ်နဲ့ ဂျပန်နိုင်ငံမှာလည်း သဘာဝဘေးကြောင့် စာမေးပွဲပြန်ဖြေခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးတာကိုလည်း ဒေါက်တာချောချောစိန်က ထောက်ပြပါတယ်။

အဖြေလွှာမီးလောင်ကျွမ်းခဲ့တဲ့သူတွေအပြင် တခြားတိုင်းဒေသတွေမှာလည်း စာမေးပွဲအောင်ဖို့အတွက် အခွင့်အလမ်းသိပ်မရှိတဲ့သူတွေရှိနိုင်တာကြောင့် တစ်နေရာတည်းကို ကွက်ပြီး အအောင်ပေးမယ်ဆိုရင် ကျောင်းသူ/သားတွေအတွက် မျှတမှုမရှိတာကြောင့် ပညာရေးဝန်ကြီးဌာနအနေနဲ့ ပြန်ဖြေခိုင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ သူက ဆိုပါတယ်။

နောက်တစ်ချက်ကတော့ ဂုဏ်သိက္ခာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

"ငလျင်ကြောင့် အကုန် အအောင်ပေးလိုက်တဲ့ခေတ်မှာ အောင်လာကြတဲ့ ကျောင်းသား ကျောင်းသူတွေဆိုပြီး တချို့ကပြောလာကြမှာ ဖြစ်ပါတယ်။ ဒီလိုအပြောခံနိုင်ပါ့မလားဆိုတာလည်း စဉ်းစားကြရတယ်" လို့ သူက ဖြည့်ပြောပါတယ်။

ကျောင်းသား/သူတွေ အားလုံးအတွက် မာန်မာနနဲ့ ကြိုးစားအားထုတ်မှုကို ပြချင်တာ‌ကြောင့် ဂုဏ်သိက္ခာရှိဖို့အတွက် စာမေးပွဲကို ပြန်ကျင်းပပေးတာလို့ ပညာရေးဝန်ကြီးဌာနဘက်က အကြောင်းပြချက်ပေးပါတယ်။

နောက်တစ်ချက်အနေနဲ့ Grade -12 ရဲ့ အောင်လက်မှတ်က GCE O Level နဲ့တူညီတာကြောင့် နိုင်ငံတကာကျောင်းတွေရဲ့ ဝင်ခွင့်တွေကို လျှောက်တဲ့အခါမှာ ဒီအောင်လက်မှတ်က ပြဖို့လိုအပ်တယ်လို့ ဒေါက်တာချောချောစိန်က ထောက်ပြပါတယ်။

GCE O-Level ဆိုတာဟာ အင်္ဂလန်နိုင်ငံ၊ ကိန်းဘရစ်ချ် တက္ကသိုလ်က ရေးဆွဲထားတဲ့ တက္ကသိုလ်တက်ရောက်မယ့်သူတွေ အောင်မြင်ထားရမယ့် အခြေခံပညာရေးစနစ်ဖြစ်ပါတယ်။

ဒါကြောင့် စာမေးပွဲရလဒ်ကတဆင့် ကျောင်းသား/သူတွေရဲ့ အဆင့်သတ်မှတ်ချက်တွေ၊ အရည်အချင်းအသိအမှတ်ပြုမှုနဲ့ တရားဝင်မှုအပိုင်းတွေကို ထည့်သွင်းစဉ်းစားရတာတွေကြောင့် စာမေးပွဲပြန်ဖြေခိုင်းရတာဖြစ်တယ်လို့ သူက တုံ့ပြန်ထားပါတယ်။

တစ်ဖက်မှာလည်း စာမေးပွဲအဖြေလွှာထုတ်ကို တာဝန်ယူ၊တာဝန်ခံ ထိန်းသိမ်းထားတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ဂုဏ်သိက္ခာနဲ့ တာဝန်ယူမှုအပိုင်းကို လူထုကြားမှာ မေးခွန်းထုတ်နေတာတွေရှိပါတယ်။

ကျောင်းသား/သူတွေအနေနဲ့ "ဂုဏ်သိက္ခာရှိရှိ စာမေးပွဲ ဖြေခဲ့ပြီးပြီ။ အဖြေလွှာတွေကိုလဲ စာမေးပွဲကြီးကြပ်သူတွေထံ အပ်နှံခဲ့ပြီးပြီဖြစ်လို့ ကလေးတွေကို တာဝန်ပြန်ယူခိုင်းတာက ဘယ်သူတွေရဲ့ ဂုဏ်သိက္ခာအတွက်လဲ" ဆိုပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုထားတဲ့ ကျောင်းသားတစ်ဦးရဲ့ ဖခင်က လူမှုကွန်ရက်မှာ မှတ်ချက်ပြုထားပါတယ်။