တက္ကသိုလ် ပြန်တက်ဖို့ နောက်ဆုံးအကြိမ် အခွင့်အရေးအဖြစ် ရက်သတ်မှတ်

မြန်မာနိုင်ငံမှာ စစ်ကောင်စီလက်‌အောက် ဝန်ကြီးဌာနအသီးသီးက တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တွေရဲ့ အတန်းစုံကို မနေ့ နိုဝင်ဘာ ၂၁ ရက်မှာ ပြန်ဖွင့်လှစ်လိုက်ပါတယ်။

ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက် ဖွင့်လှစ်ခဲ့တဲ့ တက္ကသိုလ်အတန်းတွေမှာ ကျောင်းမအပ်ထားတဲ့ ကျောင်းသားတွေအတွက် ကျောင်းတက်နိုင်ဖို့ နောက်ဆုံးအခွင့်အရေး ဖြစ်တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောလာပါတယ်။

ကိုဗစ်ကြောင့် ၂၀၂၀ ခုနှစ် မတ်လကတည်းက ပိတ်ထားရတဲ့ တက္ကသိုလ်ကျောင်းအသီးသီးကို အခုတကြိမ် ပြန်ဖွင့်တာဟာ စတုတ္ထအကြိမ်မြောက် ဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက် ၂၀၂၁ ခုနှစ် မေလကစလို့ ပထမဆုံးအကြိမ်အဖြစ် အတန်းတချို့ ကွက်ပြီး ပြန်ဖွင့်ခဲ့ပေမဲ့ အခု စတုတ္ထအကြိမ်မှာတော့ တက္ကသိုလ်၊ ဒီဂရီကောလိပ် ၄၉ ကျောင်းစလုံးနဲ့ နေပြည်တော်တက္ကသိုလ် (Naypyidaw State Academy) တို့ကို ပထမနှစ်ကနေ ပါရဂူတန်းအထိ အတန်းစုံပြန်ဖွင့်လိုက်တာ ဖြစ်ပါတယ်။

မနှစ်တုန်းက တက္ကသိုလ်ကျောင်း တက်သူ ၃၀ ရာခိုင်နှုန်းကျော်သာ ရှိခဲ့ရာကနေ အခုနှစ်မှာတော့ ၆၈ ရာခိုင်နှုန်းအထိ ရှိလာပြီး အရေအတွက် နှစ်ဆကျော် များလာတယ်လို့ စစ်ကောင်စီလက်အောက် အဆင့်မြင့်ပညာရေး အသိုင်းအဝိုင်းထံကနေ သိရပါတယ်။

ကျောင်းအပ် လက်ခံတဲ့ နောက်ဆုံးနေ့ကို နိုဝင်ဘာ ၃၀ ရက်နေ့အထိ သတ်မှတ်ထားတာမို့ ကျောင်းအပ်သူ အရေအတွက် နောက်ထပ် တိုးလာနိုင်တယ်လို့ ဆိုပါတယ်။

ကိုဗစ်မဖြစ်ခင်ကာလ ၂၀၁၉- ၂၀၂၀ ခုနှစ်မှာ ပညာသင်ခဲ့ပြီး အခုအချိန်ထိ ကျောင်းပြန်မအပ်သေးတဲ့ ကျောင်းသားတွေ သိန်းနဲ့ချီ ရှိနေဆဲဖြစ်ပြီး အခုကျောင်းဖွင့်ရာသီဟာ သူတို့အတွက် ကျောင်းတက်ခွင့်ရနိုင်မယ့် နောက်ဆုံးအခွင့်အရေး ဖြစ်တယ်လို့ သိရပါတယ်။

ဒါဟာ တာဝန်ရှိသူတွေ တိုင်ပင်ပြီး ဖြေလျှော့ပေးထားတာ ဖြစ်တဲ့အကြောင်း ပညာရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့လည်း အာဏာသိမ်း စစ်ကောင်စီလက်အောက် ကျောင်းမတက်ဘူးဆိုတဲ့ ကျောင်းသား အများအပြားကတော့ ဒါဟာ သူတို့ကို ကျောင်းပြန်တက်ဖို့ ခြိမ်းခြောက်မှု ဖြစ်တယ်လို့ သုံးသပ်နေကြပြီး ကျောင်းပြန်တက်စေချင်တဲ့ မိဘတွေနဲ့ ကျောင်းသားတချို့အကြား အဆင်မပြေမှုတွေ ဖြစ်လာနေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်မှာ ပညာရေးလွတ်လပ်ခွင့်တင်မက လုံခြုံရေးနဲ့ ကျောင်းသား အဖွဲ့အစည်း လွတ်လပ်စွာ ဖွဲ့စည်းခွင့်တွေပါ ဆုံးရှုံးသွားခဲ့ရတယ်လို့ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ပညာရေးတာဝန်ခံက ဘီဘီစီကို ပြောပါတယ်။

အာဏာသိမ်းပြီး‌နောက်ပိုင်း အကြမ်းမဖက်အာဏာ ဖီဆန်ရေး CDM မှာ ပါဝင်ခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းအသီးသီးက ပညာရေးဝန်ထမ်းအများစုကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး သင်ရိုးညွှန်းတမ်းတွေကို ပြင်ဆင်တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေဘက်က ဖွင့်လှစ်ထားတဲ့ အဆင့်မြင့်ပညာရေး အစီအစဉ်တွေဟာလည်း ထင်သလောက် အားကောင်းမှု မရှိသေးတာကြောင့် ကျောင်းသားတွေအတွက် ပညာသင်ယူနိုင်ဖို့ အခွင့်အလမ်း ဆုံးရှုံးနေတယ်လို့ သူက ပြောပါတယ်။

ကျောင်းသားတွေဘက်က နောက်ထပ် ထောက်ပြနေတဲ့ အချက်တချက်ကတော့ မြန်မာ့တက္ကသိုလ်ပညာရေးဟာ အရည်အသွေး မပြည့်မီနိုင်တော့သလို နိုင်ငံတကာ အသိအမှတ်ပြုမှုလည်း ဆုံးရှုံးလာနေတဲ့အတွက် စစ်ကောင်စီလက်အောက် ပညာရေးကို သင်ယူလိုစိတ်နည်းပါးနေတာလို့ ဆိုကြပါတယ်။

စစ်ကောင်စီလက်အောက် ပညာရေးဌာန တာဝန်ခံတွေဘက်ကတော့ လိုအပ်မယ့် ဆရာ၊ ဆရာမအင်အားကို ကျောင်းတိုင်းမှာ ပြန်ဖြည့်ဆည်းထားပြီးဖြစ်ပြီး သင်ကြားရေး အထောက်အကူပစ္စည်းတွေကိုပါ အဆင်သင့် ပြင်ဆင်ထားကြောင်း ဘီဘီစီကို ပြောပါတယ်။