ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နီဂျဲ အာဏာသိမ်းမှုကို ရုရှားကြေးစားအဖွဲ့က အမြတ်ထုတ်တယ်လို့ အမေရိကန်ပြော- သြဂုတ် ၈ ရက် ညပိုင်း နိုင်ငံတကာသတင်းများ
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က အာဖရိက နီဂျဲနိုင်ငံက စစ်အာဏာသိမ်းမှုအပေါ် အခွင့်ကောင်းယူလာတဲ့ ရုရှားကြေးစားစစ်တပ်ရဲ့ အန္တရာယ်တွေနဲ့ပတ်သက်လို့ သတိပေးပြောကြားလိုက်ပါတယ်။
ရုရှား ကြေးစားအဖွဲ့ ဗာဂနာဟာ ဘယ်ကို သွားသွား ဘယ်မှာပဲ စစ်ဆင်ရေးလုပ်လုပ် သူတို့ရောက်တဲ့နေရာတွေမှာ အသက်အိုးအိမ်ပစ္စည်းတွေ ဆုံးရှုံးတာ ဖြစ်ပေါ်စေပြီးတော့ အဲဒီအပေါ်မှာ ဒီအဖွဲ့က အသုံးချ အမြတ်ထုတ်လေ့ရှိတယ်လို့ ဘီဘီစီနဲ့ တွေဆုံရာမှာ သူကပြောပါတယ်။
ဗာဂနာ အဖွဲ့ဟာ အိမ်နီးချင်းနိုင်ငံတွေမှာ လှုပ်ရှားမှုတွေရှိပြီး ဒီကြေးစားအဖွဲ့ခေါင်းဆောင် ပရီဂေါ့ဂျင်က နီဂျဲက စစ်အာဏာသိမ်းမှုကို ကြိုဆိုခဲ့ပါတယ်။
အစောပိုင်းက မစ္စတာ ဘလင်ကင်ရဲ့ လက်ထောက် ဗစ်တိုးရီးယားနိုလန် က နီဂျဲ အာဏာသိမ်းခေါင်းဆောင်တွေဟာ ဗာဂနာနဲ့ လက်တွဲရင် ရင်ဆိုင်ရမယ့် အန္တရာယ်တွေကို နားလည်ကြောင်း ပြောကြားခဲ့ပါတယ်။
နီဂျဲနိုင်ငံ မြို့တော် နီအာမေ မှာ အာဏာသိမ်း စစ်အစိုးရနဲ့ ခက်ခဲတဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ သူက ပြောပါတယ်။
အာဏာစွန့်ဖို့ ECOWAS အဖွဲ့ရဲ့ ရာဇသံကို နီဂျဲ အာဏာသိမ်း ခေါင်းဆောင်တွေက လျစ်လျူရှုပြီးနောက် အနောက်အာဖရိကဒေသဆိုင်ရာ အစုအဖွဲ့ ECOWAS ဟာ ကြာသပတေးနေ့မှာ ထိပ်သီးအစည်းအဝေးကျင်းပဖို့ စီစဉ်ထားပါတယ်။
တရုတ် ပို့ကုန်၊သွင်းကုန်တွေ အရင်နှစ်ကထက် ကျဆင်း
တရုတ်နိုင်ငံဟာ ကိုဗစ်ကပ်ရောဂါအပြီး စီးပွားရေးပြန်လည်ကောင်းမွန်ဖို့ ရုန်းကန်နေရပြီး သွင်းကုန်နဲ့ ပို့ကုန် နယ်ပယ် နှစ်ခုစလုံးမှာ သိသိသာသာ ကျဆင်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွက် ပို့ကုန်တင်ပို့မှုဟာ အရင်နှစ်ကထက် ၁၄. ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ ၂၀၂၀ ဖေဖော်ဝါရီလ နောက်ပိုင်း အနိမ့်ဆုံးအဆင့် ဖြစ်ပါတယ်။
ကမ္ဘာအနှံ့နိုင်ငံတွေမှာ ငွေကြေးဖောင်းပွမှု၊ အတိုးနှုန်းမြင့်မားမှုတွေကြောင့် တရုတ်ကုန်စည်တွေကို ဝယ်ယူမှုတွေ လျော့နည်းလာခဲ့ပါတယ်။ တရုတ်နိုင်ငံထဲက ဝယ်ယူသုံးစွဲမှုမှာလည်း မျှော်လင့်ထားတာထက်ကို လျော့နည်းခဲ့ပါတယ်။ တခြားကမ္ဘာ့နိုင်ငံ အများစုနဲ့မတူဘဲ၊ တရုတ်နိုင်ငံမှာ ရောင်းချလိုတဲ့ ကုန်ပစ္စည်းတွေ ပုံနေပြီး ဝယ်လိုအားမရှိတာကြောင့် စီးပွားရေးကျဆင်းလာတာလည်း ဖြစ်ပါတယ်။
မြန်မာစစ်တပ်ဟာ အစုလိုက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ ကုလသမဂ္ဂ စုံစမ်းရေး အဖွဲ့ကဆို
မြန်မာစစ်ကောင်စီဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေနဲ့ အရပ်သားတွေနေထိုင်တဲ့ နေရာကို ဗုံးကြဲတိုက်ခိုက်အပါအဝင် စစ်ရာဇဝတ်မှုတွေကို မကြာခဏ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။
စစ်ကောင်စီပြောလေ့ရှိတဲ့ သူတို့ဟာ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်တာသာ ဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်ကို လည်း သူတို့က ပယ်ချခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ မြန်မာအရေး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ယန္တရား အဖွဲ့က စစ်ကောင်စီက အရပ်သားတွေအပါအဝင် ဖမ်းဆီးထားသူတွေကို သတ်ဖြတ်တာ၊ အရပ်သားတွေနေတဲ့ နေအိမ်တွေကို ဗုံးကြဲတိုက်ခိုက်တာ၊ ကျေးရွာတွေကို ရွာလုံးကျွတ် မီးရှို့တာ စတဲ့ အချက်တွေကို ထောက်ပြပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာနဲ့ အခြားလူနည်းစု လူမျိုးတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် အရေးယူနိုင်ဖို့ မြန်မာအရေး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့ ဖွဲ့စည်းမှုကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ အတည်ပြု ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
မဏိပူရ ပြည်နယ် ပဋိပက္ခကိုင်တွယ်ပုံ ဝန်ကြီးချုပ် မိုဒီ မေးခွန်းထုတ်ခံရ
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းမှုနဲ့ ပတ်သက်ပြီး အိန္ဒိယပါလီမန်က ၀န်ကြီးချုပ် နာရန်ဒရာ မိုဒီ အစိုးရကို အယုံအကြည်မရှိအဆိုကို စတင်ဆွေးနွေးနေပြီ ဖြစ်ပါတယ်။
အတိုက်အခံ ကွန်ဂရက်ပါတီ ဥပဒေပြုလွှတ်တော်အမတ် ဂေါ်ရက် ဂေါ်ဂိုရီက လူ ၁၅၀ ကျော် သေဆုံးပြီး သောင်းနဲ့ ချီတဲ့သူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ရတဲ့ လူမျိုးရေး ပဋိပက္ခမှာ ဝန်ကြီးချုပ် မစ္စတာ မိုဒီ နှုတ်ဆိတ်နေတဲ့အပေါ်မှာ မေးခွန်းထုတ်ပြီး တုံ့ပြန်မှုရဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။
ဝန်ကြီးချုပ် မစ္စတာ မိုဒီကတော့ ကြာသပတေးနေ့မှာ စကားစစ်ထိုးဖို့ အကြောင်းပြန်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
အိန္ဒိယပါလီမန်မှာ အာဏာရပါတီက ပါလီမန်လွှတ်တော်မှာ အမတ်နေရာ အများစုရရှိထားတာကြောင့် အစိုးရဟာ ဒီအယုံအကြည်မရှိ အဆိုတင်ပေမယ့်လည်း အစိုးရဟာ ဆက်လက်ရပ်တည်နိုင်ဖို့ရှိပါတယ်။