ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပြင်ဦးလွင်မှာ အကွက်ရိုက်ရောင်းတဲ့ မြေတွေရဲ့ အခြေအနေ
ပြင်ဦးလွင်မြို့မှာ စိုက်ပျိုးမြေတွေကို ဥပဒေမဲ့ အကွက်ရိုက် ရောင်းနေတာနဲ့ပတ်သက်လို့ မြေစာရင်းဌာန ညွှန်ကြားရေးမှူးချုပ်က ပြင်ဦးလွင် အိမ်ခြံမြေပွဲစားတွေနဲ့ တွေ့တယ်ဆိုပြီး ထွက်ပေါ်နေတဲ့သတင်းတွေကို စစ်ကောင်စီကတော့ ငြင်းဆိုထားပါတယ်။
ဒါ့အပြင် မန္တလေး-ပြင်ဦးလွင် အတက်လမ်း မြို့နဲ့ ၁၀မိုင်ကျော်အကွာမှာရှိတဲ့ အောင်ချမ်းသာရွာမှာ ကော်ဖီစိုက်ပျိုးဖို့ သစ်တောဌာနက ခွင့်ပြုထားတာ မရှိဘူးလို့လည်း စစ်ကောင်စီပြန်ကြားရေးက ပြောပါတယ်။
အခုအခါ အောင်ချမ်းသာရွာမှာ ကော်ဖီခြံဖျက်ပြီး အိမ်ရာကွက်ဖော်ဆောင်နေတယ်ဆိုတဲ့ အကြောင်း အတိအကျ မရှိပေမယ့် မြေအကွက်ရိုက်ရောင်းချတာတွေ ပြင်လွင်ဦးမြို့ နေရာအများပြားမှာ ဖြစ်ပေါ်နေပါတယ်။
မန္တလေးနဲ့ ရန်ကုန်ဘက်က လူတွေ အဝယ်များပြီး စစ်အာဏာသိမ်းပြီးနောက်မှာလည်း ဆက်တိုက်ဝယ်ယူမှုတွေ ရှိနေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေဆီကနေ သိရပါတယ်။
ပြင်ဦးလွင်မြို့ဟာ အေးမြတဲ့နေရာဖြစ်တာကြောင့် အရင်ကတည်းက နွေရာသီမှာ နေထိုင်ဖို့ လူတွေ ဝယ်ယူကြတဲ့နေရာ ဖြစ်ပြီး အခုအခါမှာလည်း ပူအိုက်တဲ့ရာသီ လျှပ်စစ်မီး မမှန်တာကြောင့် ပြင်ဦးလွင်မှာ နေထိုင်ကြဖို့ ဝယ်ယူတာ၊ ငှားရမ်းတာတွေ ရှိနေတာ ဖြစ်တယ်လို့ အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ပြောပါတယ်။
အများစုက လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ ၇ကို ပြသပြီး ရောင်းသူဝယ်သူ၊ ရပ်ကျေးလက်မှတ်တွေနဲ့ မြေအရောင်းအဝယ်လုပ်တာရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဝယ်ယူသူအများစုဟာ မြေစာရင်းဌာနမှာ သွားရောက်စစ်ဆေးတာတွေ အားနည်းသေးတယ်လို့ ပြင်ဦးလွင်ဒေသခံတွေက ပြောပါတယ်။
အောင်ချမ်းသာရွာဟာ အရင်ကတည်းက ပန်းစျေးရှိခဲ့ပြီး မေမြို့ပြန်လက်ဆောင်ဝယ်သူတွေနဲ့ စည်ကားတာကြောင့် ဧကကွက် မြေပိုင်ရှင်တွေက အကွက်ရိုက်ရောင်းတာ၊ အဆောက်အအုံဆောက်ပြီး ငှားရမ်းလာတာတွေကြောင့် လူနေထိုင်မှု များလာတာ ဖြစ်ပါတယ်။
အခုအခါ ပြင်ဦးလွင်မြို့တွင်းနဲ့ အနီးစခန်းမှာ ဒေသကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်နေတယ်ဆိုတဲ့ တပ်တွင်းသတင်းတွေကြောင့် ပြင်ဦးလွင်မြို့တွင်း အဝင်အထွက်ကို ည ၈နာရီကနေ မနက် ၄ နာရီထိ သတ်မှတ်ထားပြီး လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အောင်ချမ်းသာရွာက ဒေသခံ ဆရာဝန်တစ်ဦး ဖမ်းဆီးခံရတာရှိပြီး ဘာကြောင့် အဖမ်းခံရတာကိုတော့ မသိဘူးလို့ ဒေသခံတွေကပြောပါတယ်။
ပြင်ဦးလွင်မြို့က ရွာမြေ၊ သစ်တောမြေတွေကို အကွက်ရိုက်ပြီး ရောင်းချတာတွေက လွန်ခဲ့တဲ့နှစ်အတော်ကြာကတည်းက ရှိခဲ့တာပါ။
ပြင်ဦးလွင်မြို့ရဲ့ မြေနေရာ ၅၀ ရာခိုင်နှုန်းကျော်ဟာ သစ်တောမြေဖြစ်ပြီး ပုဂ္ဂလိက ကော်ဖီခြံစိုက်ပျိုးတာကို စိုက်ပျိုးရေးဦးစီးဌာနရဲ့ မူလခွင့်ပြုမိန့်နဲ့ နည်းဉပဒေနဲ့ဆောင်ရွက်တာတွေ ရှိသလို ရွာမြေ၊ ဂရမ်မြေ၊ သစ်တောမြေနဲ့ စိုက်ပျိုးမရတဲ့ မြေမည်းမြေကအစ အကွက်ရိုက်ရောင်းတာတွေ ရှိပါတယ်။
ရောင်းမှားဝယ်မှားကြောင့် သစ်တောမြေပေါ်မှာ ခွင့်ပြုချက်မရှိ ကျူးကျော်နေထိုင်သူ ၃၃ ဦးကိုလည်း ဖယ်ရှားအရေးယူဖို့ ဆောင်ရွက်နေတယ်လို့လဲ သိရပါတယ်။