“နိုင်ငံရေးမသင်ရ၊ မဆွေးနွေးရ” ကန့်သတ်ချက်တွေနဲ့ စစ်ကောင်စီရဲ့ ပုဂ္ဂလိကပညာရေးဥပဒေ

ဓာတ်ပုံ ရင်းမြစ်, ကနီပညာရေးဘုတ်အဖွဲ့
အာဏာသိမ်းစစ်ကောင်စီက ပုဂ္ဂလိကပညာရေးဥပဒေကို မေလ ၁၂ရက်နေ့မှာ အတည်ပြုထုတ်ပြန်ခဲ့ပါ တယ်။
အဲဒီအချိန်က ရခိုင်ကမ်းရိုးတန်းကို မိုခါမုန်တိုင်းက ကပ်လာတဲ့အချိန် ပြည်တွင်းက နိုင်ငံသားအများစု မိုခါ ဘေးပြေးတွေ့ဖို့ ပြင်ဆင်နေကြရတဲ့အချိန်ကာလလည်း ဖြစ်နေပါတယ်။
မုန်တိုင်းဘေးနဲ့ အများစုစိုးရိမ်ပူပန်နေချိန်မှာဘဲ ပုဂ္ဂလိကပညာရေးအခန်းကဏ္ဍကို ချုပ်ကိုင်နိုင်ဖို့၊ ကန့်သတ်ချက် အများအပြားပါဝင်တဲ့ ပုဂ္ဂလိကပညာရေးဥပဒေကို စစ်ကောင်စီကပြဋ္ဌာန်းခဲ့တာလို့ ဝေဖန်မှုတွေလည်း အများအပြားရှိနေပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီရဲ့ ကျောင်းတွေမှာ ကျောင်းမထားဘူးဆိုကာ ကျောင်းသားမိဘအများစုက တစ်လကို အနည်းဆုံး ငွေကျပ် ၆ သောင်းကနေ ၂ သိန်းနီးပါးအထိ ပေးရတဲ့ ကိုယ်ပိုင်ကျောင်း ပုဂ္ဂလိကကျောင်းတွေကို ပိုမိုရွေးချယ်လာကြပါတယ်။
အခုတော့ အဲဒီလိုရွေးချယ်မှုရှိလာတဲ့အတွက် ပုဂ္ဂလိကကျောင်းတွေအပေါ်ကိုပါ ထိန်းချုပ်မှုတွေကို စစ်ကောင်စီက ပြုလုပ်လာတာလည်းဖြစ်တယ်လို့ ဆိုပါတယ်။။
ကိုယ်ပိုင်သို့မဟုတ် ပုဂ္ဂလိကအဆင်မြင့်ကျောင်း၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့်သင်ကြားသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းနှင့် နိုင်ငံခြားသားပုဂ္ဂလိကကျောင်းဆရာပါဝင်သင်ကြားသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းတွေလို့ စစ်ကောင်စီရဲ့ ဥပဒေမှာ ရည်ညွှန်းပြောဆိုထားပါတယ်။
အဲဒီ အခန်း ၁၆ ခန်း ပုဒ်မပေါင်း ၈၂ ခုပါဝင်တဲ့ စစ်ကောင်စီရဲ့ ပုဂ္ဂလိကပညာရေးဥပဒေအရ ပညာရေးဝန်ကြီး ဌာန ကဖွဲ့စည်းခွင့်ရတဲ့ ကြီးကြပ်ရေးအဖွဲ့က ပုဂ္ဂလိကကျောင်းနဲ့ဆက်စပ်တဲ့အရာအားလုံးကို ထိန်းချုပ် လုပ်ကိုင်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ye Pyae Zar Ni
အဲဒီကြီးကြပ်ရေးအဖွဲ့ကို ပညာရေးဝန်ကြီးက ခေါင်းဆောင်ပြီး ဒုဝန်ကြီး၊ အတွင်းဝန်တွေ၊ ညွှန်ကြားရေးမှူးချုပ်နဲ့ ဝန်ကြီးဌာနနဲ့ အစိုးရဌာနဆိုင်ရာအဖွဲ့ဝင်တွေ ပါဝင်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက ကျောင်းအမျိုးအစားလိုက် ထားရှိရမယ့် စံချိန်စံညွှန်းတွေကို သတ်မှတ်ပေးတာ၊ ကျောင်းမှတ်ပုံတင်၊ သင်ကြားတဲ့ဆရာတွေအဖြစ် အသိအမှတ်ပြု လက်မှတ်တွေထုတ်ပေးတာ၊ အဲဒီကျောင်းတွေမှာ သင်ကြားမယ့်ဆရာအဖြစ်လျှောက်ထားရာမှာ တင်ပြရမယ့်အချက်အလက်တွေကို သတ်မှတ်ပေးရတာတွေလည်း ပါဝင်ပါတယ်။
အဲဒါအပြင် စစ်ကောင်စီရဲ့ ကြီးကြပ်ရေးအဖွဲ့တွေဟာ ပုဂ္ဂလိကကျောင်းတွေရဲ့ စံချိန်စံညွှန်းသတ်မှတ်တာ၊ ကျောင်းဆရာ မှတ်ပုံတင်လျှောက်ထားတာ၊ နိုင်ငံခြားသားပုဂ္ဂလိက ကျောင်းဆရာမှတ်ပုံတင် လက်မှတ် ထုတ်ပေးတာ၊ သက်တမ်းတိုးပေးတာ၊ ပယ်ဖျက်တာတွေကို ခွင့်ပြုလို့ရသလို ငြင်းပယ်နိုင်တယ်လို့လည်း ပါရှိပါတယ်။
ကြီးကြပ်ရေးအဖွဲ့တွေကို ပုဂ္ဂလိကကျောင်းဖွင့်လှစ်ခွင့်ကအစ သူတို့သတ်မှတ်ခွင့်ပြုတဲ့ အရည်အချင်း သတ်မှတ်ချက်နဲ့ညီတဲ့ ဆရာ၊ ဆရာမတွေသာ ခန့်အပ်ခွင့်အထိ အခွင့်အာဏာ အားလုံးနီးပါး ပေးထားသလို သင်ရိုးညွှန်းတမ်းတွေကိုလည်း အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီကချမှတ်ထားတဲ့ သင်ရိုးညွှန်းတမ်း တွေကိုသာသင်ကြားဖို့ ကြီးကြပ်ခွင့်တွေလည်းရှိနေပါတယ်။
မုန်တိုင်းကာလအတွင်း ထုတ်ပြန်ခဲ့တဲ့ စစ်ကောင်စီရဲ့ ပုဂ္ဂလိကပညာရေးဥပဒေဟာ အာဏာသိမ်းမှုကိုဆန့် ကျင်ခဲ့ကြတဲ့ CDM ဆရာ၊ ဆရာမနဲ့ ပညာရေးလုပ်သားတွေကို ထိန်းချုပ်တာတင်မကပဲ၊ လွတ်လပ်တဲ့ ပုဂ္ဂလိက ပညာရေးအခန်းကဏ္ဍ တခုလုံးကိုထိန်းချုပ်လိုက်တာလို့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှား ကြတဲ့ ပညာရေးဆိုင်ရာအဖွဲ့အစည်းတွေက ဝေဖန်၊ ကန့်ကွက်ပြောဆိုနေကြပါတယ်။
စစ်ကောင်စီပြဋ္ဌာန်းလိုက်တဲ့ ပုဂ္ဂလိကပညာရေး ဥပဒေထဲမှာတော့ သူတို့သတ်မှတ်ထားတဲ့ ပြစ်မှုတစ် ခုခုကိုကျူးလွန်ပါက အနည်းဆုံးထောင်ဒဏ် (၆)လကနေ အမြင့်ဆုံး ထောင်ဒဏ် (၂)နှစ်ထိ ပါဝင်သလို ငွေဒဏ်အနေနဲ့ ကျပ်သိန်း (၃၀)ကနေ ကျပ်သိန်း (၅၀၀) အထိ ဒါမှမဟုတ် ပြစ်ဒဏ်(၂)ရပ်လုံးလည်း ချမှတ်နိုင်တယ်လို့လည်း ပြဋ္ဌာန်းထားပါတယ်။
စစ်အာဏာမသိမ်းခင် ကာလတလျှောက်လုံးမှာတော့ ပုဂ္ဂလိကကျောင်းတွေဟာ နိုင်ငံတော်က ချမှတ်ပေးထားတဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့အညီ လေ့ကျင်သင်ကြားပေးနိုင်ခဲ့ပါတယ်။
အဲဒါအပြင် အထွေထွေဗဟုသုတ၊ လူမှုရေးသိပ္ပံ၊ စာရိတ္တ စတဲ့ ခေါင်းစဥ်တွေနဲ့ အလွတ်ကျက်ပညာရေးထက် တွေးခေါ်ကြံဆနိုင်တဲ့ပညာရေးပုံစံ စတာတွေကိုပါ ထပ်ဆောင်း သင်ရိုးအဖြစ်ထည့်သွင်းကာသင်ကြားကြတာ မျိုးလည်းရှိပါတယ်။
ခေတ်သစ်ပညာရေးစနစ်တွေမှာပါဝင်တဲ့ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှု၊ ကောင်းမွန်တဲ့နည်းလမ်းနဲ့ ပြဿနာတွေကိုချဥ်းကပ် ဖြေရှင်းရေးစတဲ့ နမူနာသင်ရိုးမျိုးတွေကိုလည်း ကလေးငယ်တွေကို သင်ကြားပေးတာမျိုးတွေလည်း ရှိကြပါတယ်။
အခုထုတ်ပြန်တဲ့ ပုဂ္ဂလိကပညာရေးဥပဒေမှာတော့ ပုဂ္ဂလိကကျောင်းတွေမှာ နိုင်ငံတော်မူဝါဒနဲ့ဆန့်ကျင်တဲ့ ပါတီနိုင်ငံရေး၊ နိုင်ငံရေးအကြောင်းအရာတွေကို ဟောပြောခွင့်၊ သင်ကြားပို့ချခြင်း၊ ထည့်သွင်းပြောကြားခြင်း တွေကို မလုပ်ရဘူးလို့ ထည့်သွင်းကန့်သတ် ပြဋ္ဌာန်းလာပါတယ်။
“နိုင်ငံတော်မူဝါဒနဲ့ ဆန့်ကျင်သော ပါတီနိုင်ငံရေးဆိုင်ရာအကြောင်းအရာများနှင့် နိုင်ငံရေးအကြောင်းအရာများကို ဟောပြော ပို့ချခြင်း၊ ထည့်သွင်းပြောကြားခြင်း၊ သင်ကြားခြင်း၊ ဆွေးနွေးခြင်း သို့မဟုတ် ထို့သို့ ဆောင်ရွက်ရန် စီစဥ်ဆောင်ရွက်ခြင်း” ဆိုကာ အဲဒီဥပဒေရဲ့ ပုဒ်မ ၆၈ မှာ ထည့်သွင်း ကန့်သတ်ထားပါတယ်။
အဲဒီလိုနိုင်ငံရေးဆိုင်ရာ ဟောပြော၊ ပို့ချ၊ သင်ကြားမှု၊ ထည့်သွင်းစီစဥ်ထားမှုတွေကို လုပ်တယ်ဆိုရင် ထောင်ဒဏ် အနည်းဆုံး ၆ လကနေ ၁ နှစ် အပြင် ဒဏ်ငွေ ကျပ်သိန်း ၃၀ ကနေ သိန်း ၅၀ စတဲ့ ဒဏ် ၂ရပ် လုံးကိုချမှတ်ဖို့ ဥပဒေအတွင်း ထည့်သွင်းထားပါတယ်။
နိုင်ငံတော်မူဝါဒနဲ့ ဆန့်ကျင်သောဆိုတဲ့ အကြောင်းအရာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း ၁ နိုင်ငံတော်အခြေခံမူများကို ရည်ညွှန်းတာဖြစ်ပေမယ့် အဓိကအားဖြင့် အဲဒီအခန်းရဲ့ ပုဒ်မ ၆ ကို ဆိုလို ခြင်းဖြစ်တယ်လို့ ဥပဒေရေးရာကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။
ပုဒ်မ ၆ ကတော့ “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး၊ နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဥ်တစိုက်ဦးတည်သည်” စတာတွေပဲဖြစ်ပါတယ်။
အဲဒါအပြင် ပုဒ်မ ၂၇ (ဆ) အရလည်း “သတ်မှတ်သင်ရိုးညွှန်းတမ်းနှင့် သက်ဆိုင်ခြင်းမရှိသည့် ပါတီနိုင်ငံ ရေးဆိုင်ရာ အကြောင်းအရာများ၊ ဘာသာရေးအကြောင်းအရာများနှင့် မြန်မာ့ယဥ်ကျေးမှုနှင့် မလျော် ညီသော အကြောင်းအရာများကို သင်ကြားပို့ချခြင်းမပြုရန်ကြပ်မတ်ရမည်” ကြီးကြပ်ရေးအဖွဲ့ကို တာဝန်ပေးထားပါတယ်။
ပုဒ်မ ၁၁ (ဂ) အရဆိုရင်လည်း “ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းတွေရဲ့ သင်ရိုးညွှန်းတမ်းနဲ့ သင်ရိုးမာတိကာများသည် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုရှိစေဖို့ ကြီးကြပ် ဆောင်ရွက်ရမည်” လို့လည်း ထည့်သွင်းထားပါတယ်။
ဒီလိုကန့်သတ်ချက်တွေဟာ ကျောင်းသားတွေရဲ့ အထွေထွေဗဟုသုတဆိုင်ရာ သိသင့်သိထိုက်တဲ့အရာတွေကို တားမြစ်ရာရောက်တယ်လို့ ပုဂ္ဂလိက ကျောင်းဆရာတစ်ဦးက ဘီဘီစီကို ထောက်ပြပါတယ်။
အာဏာသိမ်းပြီး ကတည်းကလည်း ပုဂ္ဂလိကကျောင်းအများစုဟာ စီးပွားရေးကိုထိခိုက်စေလိုတဲ့ အကြောင်း အရာတွေကို လုပ်ကိုင်လိုချင်တာ မရှိသလို၊ တားမြစ်ချက်တွေသာမက စစ်ကောင်စီကပြောကြား၊ ညွှန်ကြားလာတဲ့ အချက်တွေအတိုင်းသာ လိုက်လံလုပ်ဆောင်ကြတာ များတယ်လို့ ဝေဖန်ပြောပြပါတယ်။
“၃၈ဖြာ မင်္ဂလာ သင်ရင်တောင် လူမိုက်ဆိုတာ ဘယ်သူလို့ မပြောရတော့ဘူး။ နက်နက်ရှိုင်းရှိုင်းရှင်းပြ ဆွေးနွေးတာမျိုးတွေကို မလုပ်ဖို့အထိပြောတာ၊ ကဗျာရရင်ပြီးရော၊ အဓိပ္ပာယ်သိဖို့မလိုဖူးလို့ကိုပြောတာ” လို့ အာဏာ သိမ်းကာလ Grade 8 သင်ကြားတဲ့ ပုဂ္ဂလိကကျောင်းဆရာတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက်အာဏာသိမ်းဆန့်ကျင်တဲ့ ကျောင်းဆရာဆရာမတွေကိုလည်း ပုဂ္ဂလိကကျောင်းတွေမှာ မခန့်ကြဖို့ အလုပ်မပေးကြဖို့ကို သက်ဆိုင်ရာပညာရေးမှူးတွေကတဆင့် ဖိအားပေး တာတွေလည်းလုပ်ခဲ့ပါတယ်။
အခုတော့ ပုဂ္ဂလိကပညာရေးဥပဒေနဲ့ တိုက်ရိုက်ထိန်းချုပ်ကန့်သတ်တာမျိုးကို လုပ်ဆောင်လာတယ်လို့ CDM ဆရာဆရာမတွေက ထောက်ပြကြပါတယ်။
ဒါက အခုဥပဒေမှာပါတဲ့ “ပုဂ္ဂလိကကျောင်းဆရာတွေဟာ နိုင်ငံတော်အပေါ်သစ္စာစောင့်သိရိုသေရမည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥ့ပဒေများကိုလိုက်နာရမည်။ ပေးအပ်တဲ့ တာဝန်ဝတ္တရားတွေကို ကျေပွန် အောင်ထမ်းဆောင်ရမည်။ အကျင့်စာရိတ္တပျက်ပြားခြင်းနှင့် သိက္ခာမဲ့စွာပြုမူနေထိုင်းခြင်းတို့မှ ရှောင်ကျဥ်ရမည်။ လာဘ်ပေးလာဘ်ယူပြု လုပ်ခြင်းမှ ရှောင်ကြဉ်ရမည်” ဆိုတဲ့ အချက်တွေကြောင့်လို့ အခြေခံပညာ အလယ်တန်းသင်ကြားခဲ့တဲ့ CDM ဆရာတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
အဲဒါအပြင် ပုဂ္ဂလိက ကျောင်းဆရာလတ်မှတ်လျှောက်ထားရာမှာ လိုအပ်တဲ့သတ်မှတ်ချက်တွေကို စစ်ကောင်စီလက်အောက် ပညာရေးဝန်ကြီးဌာနရဲ့ ကြီးကြပ်ရေးအဖွဲ့က သတ်မှတ်ထုတ်ပြန်နိုင်တဲ့ အခွင့်အာဏာကို ပေးထားခြင်းကလည်း အလားတူ CDM တွေအပေါ် ကန့်သတ်လိုတာလို့ သူကထောက်ပြ ပါတယ်။
မြန်မာနိုင်ငံမှာတော့ ပုဂ္ဂလိကကျောင်းပေါင်း (၁၀၀၀) ကျော်ရှိနေကာ ပြီးခဲ့တဲ့ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် မှာတော့ ပုဂ္ဂလိကကျောင်းအပါအဝင် အစိုးရကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူ (၁၆) သိန်းကျော် တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီပညာရေးဝန်ကြီးဌာန အချက်အလက်တွေအရ သိရပါတယ်။
လက်ရှိပြည်တွင်းက အဲဒီကျောင်းတွေမှာကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်အရေးကို ဦးတည်တဲ့ အင်အားစုတွေ လည်းရှိသလို၊ NUG တိမ်းညွတ်တဲ့ကျောင်းတွေမှာလည်း ဖက်ဒရယ်ဒီမိုကရေစီအရေးကို ဦးတည်လုပ်ဆောင် တာမျိုးအပြင်၊ ပညာရေးမှာလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ လွတ်လပ်တဲ့ ပညာရေးမူဝါဒတွေကို ဖော်ဆောင်လာတာမျိုးတွေကို တားဆီးလိုတာကြောင့် အခုလို ဥပဒေထုတ်ပြန် တားမြစ်တာမျိုးလို့ ဥပဒေရေး ရာကျွမ်းကျင်သူ တစ်ဦးက သုံးသပ်ပြောပြပါတယ်။
“အခုလို ကျောင်းတွေအားလုံးဖွင့်ခွင့်တွေပေးထားတဲ့နေရာမှာ တန်ပြန်မှုအဖြစ်၊ အဲဒီလိုကျောင်းတွေကနေ ဖက်ဒရယ် ဒီမိုကရေစီစနစ် စစ်စစ်တွေကို သင်ကြားပို့ချတာမျိုးတွေကိုလည်းမလိုလားဘူး။ လက်ရှိ အခြေ အနေနဲ့လည်း ကိုက်ညီမှုမရှိတာကြောင့်ပေါ့၊ မလိုလားတာတွေ ဖြစ်မလာအောင်လို့ ပညာရေး ဥပဒေထဲမှာ ဒါတွေကို ထည့်သွင်းပြဋ္ဌာန်းတာပဲ” လို့ သူကပြောပါတယ်။
ဒီမိုကရေစီစံနှုန်းတွေကိုပြင်းပြင်းထန်ထန်ကန့်သတ်ထားတာ၊ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့အကြောင်း တွေကို သင်ကြားခွင့်မပြုတာ၊ ကျောင်းတွေရဲ့ လွတ်လပ်ခွင့်တွေကို ဗဟိုချုပ်ကိုင်မှုနဲ့ ပြင်းပြင်းထန်ထန် ထိန်းချုပ်ထားတဲ့ ကန့်သတ်ချက်တွေကို စစ်ကောင်စီရဲ့ ပုဂ္ဂလိကပညာရေးဥပဒေမှာ အများအပြားတွေ့ရတယ်လို့ အခြေခံပညာရေးလုပ်သားများ သမဂ္ဂဖြစ်မြောက်ရေးကော်မတီဝင် ကိုနောင်ချိုကပြောပါတယ်။
ဒါကြောင့် နိုင်ငံရဲ့ ပညာရေးလွတ်လပ်မှုဟာလည်း စစ်ကောင်စီလက်အောက်မှာ ကြီးကြီးမားမားဆုံးရှုံး လာတာမျိုးရှိနေပြီလို့ သူကဝေဖန်ထောက်ပြပါတယ်။
“အနာဂတ်ကလေးတွေရဲ့ ပညာရေးစံနှုန်းတွေက ဒီမိုကရေစီကိုမသိ၊ နိုင်ငံရေးမသိတဲ့ခပ်ညံ့ညံ့မျိုးဆက် တွေကို အခုလိုပညာ ရေးစနစ်ကနေ မွေးထုတ်ပြီးတော့၊ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ဖို့၊ အာဏာ ခိုင်မြဲရေးအတွက်ပဲ အကောင်အထည်ဖော်တဲ့ ဥပဒေ” လို့ ပုဂ္ဂလိက ပညာရေးဥပဒေအပေါ် ဝေဖန်ပြောဆို ပါတယ်။
နိုင်ငံတကာနဲ့ ပုဂ္ဂလိကကျောင်းတွေကို ကန့်သတ်လာမှုတွေကြောင့် ကျောင်းထားဖို့ စဥ်းစားရအခက်အခဲ ဖြစ်နေတဲ့ မန္တလေးက မိခင်တစ်ဦးက ဘီဘီစီကိုအခုလိုပြောပြပါတယ်။
“ဒီ အစိုးရလက်အောက်မှာတော့ အခုလိုကန့်သတ်မှုတွေအပြင် အမျိုးမျိုးဖြစ်လာတော့ ပညာတက်မှာ မဟုတ်ဘူး၊ အတန်းပဲ တက်သွားမှာ။ ဒါကြောင့် ကျောင်းထားလို့ဖြစ်ပါ့မလားလို့ စဥ်းစားနေရတယ်”











