ရိုဟင်ဂျာ ကျောင်းသားတွေ ဘာသာရပ်ရွေးချယ်ခွင့် အခက်အခဲနဲ့ရင်ဆိုင်နေရ

စစ်တွေ တက္ကသိုလ်
ဓာတ်ပုံ ပုံစာ, စစ်တွေ တက္ကသိုလ်

ပညာသင်ကြားခွင့်ပိတ်ပင်ခံနေခဲ့ရတဲ့ ရိုဟင်ဂျာကျောင်းသားတွေ လာမယ့်ပညာသင် နှစ်အတွက် စစ်တွေတက္ကသိုလ်မှာ ကျောင်းဆက်တက်ခွင့်ရရှိခဲ့ကြပါတယ်။

စစ်ကောင်စီလက်ထက် ရိုဟင်ဂျာကျောင်းသားတွေကို တက္ကသိုလ်တက် ခွင့်ပေးထားပေမဲ့ ကန့်သတ်ချက်တချို့ကြောင့် နစ်နာမှုတွေနဲ့ကြုံနေရတယ်လို့ ကျောင်းသားတွေက ပြောဆိုကြပါတယ်။

တက္ကသိုလ်တက်ရောက်သင်ကြားနိုင်ရေးအတွက် ကျောင်းသားတွေကို အခုဒီဇင်ဘာလကစပြီး ကျောင်းအပ်လက်ခံနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ပညာသင်နှစ်အတွင်း စစ်တွေတက္ကသိုလ်မှာ ကျောင်းသူ ကျောင်းသားဦးရေ ၂၆၀၀ ဝန်းကျင် ပညာသင်ကြား နေကြတဲ့အထဲ ရိုဟင်ဂျာ ကျောင်းသား ၂၄၈ ဦးတက်ရောက်သင်ကြားနေတယ်လို့ ကျောင်းတာဝန် ရှိသူတွေက ပြောပါတယ်။

အခုနှစ်ကျောင်းဖွင့်ရာသီမှာတော့ တက္ကသိုလ်တက်ရောက်သူ ပိုများလာနိုင်တယ်လို့ ရိုဟင်ဂျာ ကျောင်းသားတွေ က ပြောပါတယ်။

အခုလိုတက္ကသိုလ်တက်ခွင့်ရရှိကြပေမယ့် အထူးပြုဘာသာရပ်တွေကို လွတ်လပ်စွာရွေးချယ်ခွင့်နဲ့ သက်မွေး ဝမ်းကြောင်း တက္ကသိုလ်တွေ တက်ရောက်ခွင့်ကိုတော့ ကန့်သတ်မှုတွေ ရှိနေပါတယ်။

ရိုဟင်ဂျာ ကျောင်းသားများ
ဓာတ်ပုံ ပုံစာ, ဘာသာရပ် ရွေးချယ်ခွင့် အခက်အခဲနဲ့ ရင်ဆိုင်နေရ

လက်ရှိတက္ကသိုလ်တက်ရောက်သင်ကြားနေတဲ့ ကိုခန့်စည်သူအောင်က ရိုဟင်ဂျာ ကျောင်းသား ၂၀၀ ကနေ ၃၀၀ လောက်အထိ ခန့်မှန်းခြေတက်ရောက်ခွင့် ရနိုင်တယ်လို့ ဆိုပါတယ်။

ဒါက ရခိုင်ပြည်နယ် မြို့နယ်ပေါင်းစုံက ဖြစ်ပြီး ဘာသာရပ် ရွေးတဲ့နေရာမှာတော့ အခက်အခဲတွေ ရှိခဲ့ပြီး ကိုယ်ယူချင်တဲ့ ဘာသာရပ်ကို ရွေးချယ်ခွင့်မရခဲ့ဘူးလို့ ပြောပါတယ်။

စစ်တွေတက္ကသိုလ်မှာတော့ ကျောင်းသားသစ်တွေ ကျောင်းအပ်လက်ခံရာမှာ ရိုဟင်ဂျာ ကျောင်းသား တွေကိုပါ ပြီးခဲ့တဲ့နှစ်က အတိုင်းပဲ ဆက်လက် လက်ခံပေးနေတာ ဖြစ်ပါတယ်။

စစ်တွေတက္ကသိုလ်မှာတက်ရောက်ပညာသင်ကြားမယ့် ကျောင်းသူကျောင်းသားတွေကို အရင်နှစ်တွေ ကအတိုင်းပဲ လူမျိုးဘာသာမရွေး ကျောင်းအပ်လက်ခံနေပြီး လက်ရှိမှာတော့ ကျောင်းသားတွေ ကျောင်းအပ်နှံ နေကြဆဲဖြစ်တဲ့အတွက် ရိုဟင်ဂျာ ကျောင်းသားဦးရေ ဘယ်လောက်ထိ တက်ရောက်ကြမယ် ဆိုတာ မသိရသေးဘူးလို့ စစ်တွေတက္ကသိုလ်ရဲ့ ကျောင်းသားရေးရာဌာနမှူး ဆရာဦးကျော်နိုင်ဦးက ပြောပါတယ်။

အထူးပြုဘာသာရပ်ရွေးချယ်ခွင့်နဲ့ သက်မွေးဝမ်းကြောင်းတက္ကသိုလ်တွေ တက်ရောက်ခွင့် ကန့်သတ်ထားတာနဲ့ပတ်သက်လို့ ဆရာဦးကျော်နိုင်ဦးက တက္ကသိုလ်ဝင်ခွင့်နီးရင် တချို့ဘာသာရပ်တွေမှာ ရိုဟင်ဂျာ ကျောင်းသားတွေ တက်ရောက်ခွင့် မရနိုင်ဘူးလို့ ပြောပါတယ်။

ရိုဟင်ဂျာ ကျောင်းသား တစ်ဦး
ဓာတ်ပုံ ပုံစာ, အသက်မွေးဝမ်းကြောင်း ဘာသာရပ်တွေ တက်ရောက်ခွင့် မရှိ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါပေမယ့် အဏ္ဏဝါ သိပ္ပံ၊ ဘူမိဗေဒနဲ့ ဥပဒေ စတဲ့ ဘာသာရပ်တွေမှာ မိဘ ၂ပါးစလုံးက နိုင်ငံသားဖြစ်ရမယ် ဆိုတဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကန့်သတ်ချက် ရှိနေတာကြောင့် ရိုဟင်ဂျာ ကျောင်းသားတွေ တက်ခွင့် မရနိုင်ဘူး ဖြစ်နေတာပါ။

ကျောင်းသားတွေမှာ သူတို့ရဲ့မျှော်လင့်ချက်တွေရှိကြပြီး အခုလိုကန့်သတ်ထားတာကြောင့် နစ်နာမှုတွေ နဲ့ကြုံနေကြရသလို မျှော်လင့်ချက်တွေလည်း ပျက်စီးခဲ့ရတဲ့အတွက် ဒါတွေကိုဖြေလျှော့ပေးဖို့လိုအပ် တယ်လို့ ရိုဟင်ဂျာကျောင်းသားတွေက ပြောဆိုကြပါတယ်။

အခုကျောင်းပြန်တက်ခွင့်ရကြသူတွေဟာ ရခိုင်ပြည်နယ် နေရာစုံမှာ နေထိုင်ကြသူတွေနဲ့ ဒုက္ခသည်စခန်း တွေထဲနေထိုင်ကြသူတွေလည်း ပါဝင်ပါတယ်။

စစ်တွေမြို့နယ်အတွင်းရှိတဲ့ ရိုဟင်ဂျာတွေကို စခန်းထဲကနေ မြို့နယ်အတွင်းသွားလာခွင့်တွေကို အာဏာသိမ်းပြီးကတည်းက ပြန်လည်ခွင့်ပြုပေးထားသလို အခြားမြို့နယ်ကကျောင်းသားတွေကတော့ ကျောင်းတက်ဖို့ထောက်ခံချက်တွေနဲ့အတူ သွားလာခွင့်ပြုထား တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာမွတ်ဆလင်ကျောင်းသားတွေဟာ တက္ကသိုလ်ပညာသင်ကြားခွင့်မရဘဲ ဆယ်နှစ်အကြာ ပိတ်ပင်ခံနေခဲ့ရရာကနေ အခု ၂၀၂၂ ခုနှစ် မေလက စလို့ တက္ကသိုလ်တွေ ပြန်တက်ခွင့် ရရှိခဲ့ကြပါတယ်။