ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘုရင်မကြီးရဲ့ စံနမူနာတွေနောက် လိုက်လံကျင့်ကြံမယ်လို့ ချားလ်စ်ဘုရင် ပါလီမန်ရှေ့မှောက် ကတိပြု
နတ်ရွာစံ မယ်တော် ဘုရင်မကြီးရဲ့ ကိုယ်ကျိူးမဖက် တာဝန် ကျေပွန်ခဲ့မှုတွေ အတိုင်း ဖဝါးခြေရာထပ် လိုက်လံ ကျင့်ကြံပါမယ့် အကြောင်း ဗြိတိန်နိုင်ငံရဲ့ တတိယမြောက် ချားလ်စ် ဘုရင်က ကတိပြု ပြောကြားလိုက်ပါတယ်။
ဗြိတိန်ရဲ့ အထက်၊ အောက် ပါလီမန် နှစ်ရပ်စလုံးကို ဘုရင် အနေနဲ့ ပထမဆုံး ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ချားလ်စ်ဘုရင်က အဲဒီလို ကတိပြု ပြောကြားတာ ဖြစ်ပါတယ်။
“ဗြိတိန်ပါလီမန်ဟာ ကျွန်ုပ်တို့ရဲ့ ဒီမိုကရေစီ အသက်ဝင်မှု၊ အသက်ရှင်မှုအတွက် အဓိက အရာဖြစ်တယ်” ဆိုပြီး ဝက်စ်မင်စတာ ပါလီမန် ခန်းမထဲ စုဝေး နေကြတဲ့ အမတ်တွေ၊ နယ်စားပယ်စား သူကောင်း တွေ စုစုပေါင်း အယောက် ၉၀၀ ရှေ့မှောက် ချားလ်စ်ဘုရင်က မြွက်ကြားပါတယ်။
မယ်တော် အဲလစ်ဇဘက် ဘုရင်မကြီး နတ်ရွာစံသွားတဲ့ အတွက် ဝမ်းနည်းရပါကြောင်း ပါလီမန် နှစ်ရပ်စလုံးရဲ့ ဥက္ကဋ္ဌ အသီးသီးက ပြောကြားခဲ့ အပြီးမှာ ချားလ်စ် ဘုရင်က ပါလီမန်မှာ စတင် မိန့်ခွန်း ပေးခဲ့တာ ဖြစ်ပါတယ်။
ပါလီမန် အဆောက်အဦး၊ ဝက်စ်မင်စတာ ခန်းမရှိရာဆီ ချားလ်စ်ဘုရင် ကြွချီလာတဲ့ ဗြိတိသျှ စံတော်ချိန် မနက် ၁၀ နာရီ ၂၅ မိနစ် အချိန်မှာ အစဥ်အလာအတိုင်း တံပိုးခရာ မှုတ်သံတွေ ထွက်ပေါ် လာခဲ့ပြီး၊ တော်ဝင် ထီးနန်း အလံတော်ကိုလည်း တိုင်ဝက် လွှင့်ထူ ခဲ့ပါတယ်။
စက်တင်ဘာ ၁၂ ရက်၊ တနင်္လာနေ့ ပါလီမန် ရှိရာဆီ ချားလ်စ် ဘုရင်နဲ့ မိဖုးရားကြီး ကမီလာတို့ ကြွချီတဲ့ အခမ်းနားဟာ ပါလီမန် နှစ်ရပ်စလုံးက ထီးနန်းသစ် ဖြစ်လာတဲ့ ချားလ်စ်ဘုရင်ထံ သစ္စာပြုခံယူတဲ့ အဓိပ္ပာယ်လည်း သက်ရောက်ပါတယ်။
ပါလီမန် နှစ်ရပ်စလုံးကို ချားလ်စ်ဘုရင် မိန့်ခွန်းပြောရာ ဝက်စ်မင်စတာ ခန်းမကြီးမှာပဲ နတ်ရွာစံ ဘုရင်မကြီးရဲ့ ခေါင်းတလားတော်ကို အခု သီတင်းပတ် နှောင်းပိုင်းက စလို့ ထားရှိမှာ ဖြစ်ပြီး၊ တိုင်းသူပြည်သား ဧည့်ပရိသတ်တွေ နောက်ဆုံးအကြိမ် ဂါရဝပြု ကြည်ညို နိုင်မှာ ဖြစ်ပါတယ်။
အင်မတန် ထူးကဲတဲ့ ဝိသေသလက္ခဏာတွေနဲ့ ပြည့်စုံလှတဲ့ ဝက်စ်မင်စတာ အခမ်းအနားကို တွေကြုံခဲ့ရတာ ဖြစ်တယ်လို့ ဘီဘီစီ နိုင်ငံရေးပိုင်းကဏ္ဍရဲ့ အယ်ဒီတာ ခရစ္စမေဆင်က ဆိုပါတယ်။
ဗြိတိန် နိုင်ငံရေးစနစ်မှာ အဓိက အာဏာရှိရာ ရွေးကောက်ခံ အမတ်တွေရဲ့ ပါလီမန် ဖြစ်တဲ့ House of Commons ရဲ့ ဥက္ကဋ္ဌ ဆာလင်းဆေးဟွိုင်းက ချားလ်စ်ဘုရင်ကို လျှောက်တင်ရာမှာတော့ ....
“အကျွန်ုပ်တို့ရဲ့ ပူဆွေးမှု နက်ရှိုင်းပါသည် ဆိုငြား၊ ဘုရင်မင်းမြတ်ရဲ့ ပူဆွေးမှုက ပိုမိုမည့် အကြောင်း သိနားလည်ပါသည်။ ဘုရင်မင်းမြတ်ဟာ အကျွန်ုပ်တို့ တိုင်းနိုင်ငံရဲ့ ထူးခြားလှတဲ့ သမိုင်းကြောင်းနဲ့ ပါလီမန် ဒီမိုကရေစီ စနစ် အပေါ် အလေးအမြတ် ထားကြောင်း၊ ကျွန်ုပ်တို့ရဲ့ ထုံးတမ်းစဥ်လာ၊ လွတ်လပ်မှုနဲ့ တာဝန် ဝတ္တရားတို့ အပေါ် အဖိုးထားကြောင်း လည်း ကျွန်ုပ်တို့ သိမြင် သဘောပေါက်ပါသည်။
နတ်ရွာစံ ဘုရင်မကြီး ရှေ့ဆောင်ပြခဲ့သည့် အတိုင်း ဂုဏ်အသရေ တင့်တယ်စွာ၊ လုံ့လကြီးစွာနဲ့ သက်ဆင်းကျရောက်လာတဲ့ တာဝန် ဝတ္တရားတို့ကို ဘုရင်မင်းမြတ်လည်း ဆက်လက် ထမ်းဆောင်မည့် အကြောင်းကိုလည်း အကျွန်ုပ်တို့ သိနားလည်ပါသည်” လို့ ဆာလင်းဆေးဟွိုင်းက ပြောခဲ့ပါတယ်။
ချားလ်စ်ဘုရင် တုန့်ပြန် ပြောဆိုတဲ့ အထဲမှာတော့ ....
“ငယ်ရွယ်စဥ် အခါက စပြီး နတ်ရွာစံ မယ်တော် ဘုရင်မကြီးဟာ တိုင်းပြည်နဲ့ ပြည်သူပြည်သားတွေ ရဲ့ အကျိုး သည်ပိုးပါမည့် အကြောင်း ကတိခံခဲ့တာမှာ အဲဒီ ကတိကဝတ် အတိုင်းပဲ ကျွန်ုပ်တို့တိုင်းနိုင်ငံရဲ့ နှလုံးသည်းပွတ်သဖွယ် ဖြစ်တဲ့ စည်းမျဥ်းခံ ပါလီမန် စနစ်ရဲ့ အဖိုးထိုက်လှတဲ့ အခြေခံ ကျင့်ဝတ် စံနှုန်းတွေ အပေါ် မယိမ်းမယိုင် စွဲကိုင် တည်တံ့ စေခဲ့ပါတယ်။
ထို့အပြင်တဝ၊ ဘုရားသခင်ရဲ့ ဆောင်မမှု၊ ပါလီမန်ရဲ့ အားပေး အကြံပြုမှုတွေနဲ့ ဘုရင်မကြီးဟာ ကိုယ်ကျိုးမဖက် တာဝန်ထမ်းပြီး ရှေ့ဆောင်နမူနာ ဖြစ်ခဲ့ပါတယ်။ ထို စံနမူနာတို့ နောက် ယုံကြည်ခြင်း အပြည့်နှင့် ကျွန်ုပ် လိုက်လံမှာ ဖြစ်တယ်” လို့ ပါလီမန် ရှေ့မှောက် မြွတ်ကြားခဲ့ပါတယ်။
အထက်လွှတ်တော် နယ်စားပယ်စား သူကောင်းတို့ရဲ့ လော့ဒ်ပါလီမန် ဥက္ကဋ္ဌ လော့ဒ်မက်ဖော်လ်ကလည်း ...
“ တိုင်းကျိုးပြည်ကျိုးတို့ အပေါ် ဘုရင်မကြီးရဲ့ စိတ်နှစ်ပြီး စွမ်းဆောင်ထမ်းပိုးမှု၊ ဘုရင်မကြီးရဲ့ အကြင်နာ ဂရုဏာတရား၊ စိတ်ရွှင်လန်းဖွယ် ဟာသဉာဏ်တော်နဲ့ သူရသတ္တိတို့နဲ့ ပြည်စုံခြင်းတို့ အပေါ် အစဥ် သတိရနေမှာ ဖြစ်သလို၊ အရှင်မင်းမြတ်ကိုလည်း ဘုရင်သစ် အဖြစ် အကျွန်ုပ်တို့ ကျိုးနွံစွာ၊ ဂုဏ်ယူတန်ဖိုးထား လေးမြတ်ခြင်းများနဲ့ ကြိုဆို အပ်ပါသည်”လို့ ပြောခဲ့ပါတယ်။
ဝက်စ်မင်စတာ ခန်းမကြီးအတွင်း အတန်းလိုက် ခင်းကျင်းထားတဲ့ ထိုင်ခုံပြာတွေပေါ် အနက်ရောင် ဝတ်စုံတွေ ဆင်မြန်းထားတဲ့ လူ ၉၀၀ ထိုင်နေခဲ့ကြပြီး ချားလ်စ်ဘုရင် မိန့်ခွန်း မြွတ်ကြားနေခိုက်၊ ပါလီမန် ဥက္ကဋ္ဌတွေ စကားပြောနေခိုက် မျက်နှာ အမူရာတွေကို မဖော်ပြ လေးနက်တည်ကြည်ပြီး အင်မတန် အတွေးနက်နေသူတွေကို သူတွေ့မြင် ခဲ့ရတယ်လို့ ခရစ္စမေဆင်က ပြန်ပြောင်း ပြောပါတယ်။
ချားလ်စ်ဘုရင်ဟာ မိန့်ခွန်း မြွက်ကြား နေချိန်မှာ ပါလီမန် ဥက္ကဋ္ဌ နှစ်ယောက်၊ ကျန် ဧည့်ပရိတ်သတ်နဲ့ ခန်းမကြမ်းပြင်တို့ကို တလှည့်စီ ကြည့်ပြီး တည်တည်ကြည်ကြည်နဲ့ မိန့်ခွန်းပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
လူတချို့နဲ့ နှုတ်ဆက် စကား ပြောဆိုချိန်မှာတော့ ချားလ်စ် ဘုရင်ရဲ့ မျက်နှာထက် အပြုံးတချို့ တွေ့ရတယ်လို့လည်း ဆိုပါတယ်။
ပါလီမန်ကို မိန့်ခွန်း ပေးအပြီးမှာတော့ ချားလ်စ်ဘုရင်နဲ့ မိဘုရားကြီးတို့ဟာ ဘုရင်မကြီးရဲ့ ခေါင်းတလားတော်ကို စက်တင်ဘာ ၁၁ ရက်၊ တနင်္ဂနွေ နေ့ကတည်းက စပြီး ထားရှိထားတဲ့ စကော့တလန် နိုင်ငံ အက်ဒင်ဘရာမြို့တော်ကို သွားရောက်ခဲ့ကြပါတယ်။