မြန်မာစစ်တပ် လက်နက်စက်ရုံတွေ ဘယ်သူတွေအပေါ် မှီခိုနေရလဲ

ကုလသမဂ္ဂ အဆင့်မြင့် အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာ့အရေး အထူးအကြံပေးကောင်စီ SAC-M အဖွဲ့ က ပြီးခဲ့တဲ့ သီတင်းပတ် တုန်းကပဲ မြန်မာ စစ်တပ် ပြည်တွင်းမှာ လက်နက် ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အစီရင်ခံစာ တစ်စောင်ကို သေစေနိုင်တဲ့ စီးပွားရေး ဆိုတဲ့ ခေါင်းစဥ်တပ်ပြီး ထုတ်ပြန်ပါတယ်။

 အဓိကကတော့ မြန်မာစစ်တပ်ပိုင် ပြည်တွင်းက လက်နက်စက်ရုံတွေ အကြောင်းနဲ့ အဲဒီ စက်ရုံတွေ လည်ပတ်နိုင်ဖို့ရာ ကုန်ကြမ်း ပစ္စည်းတွေက အစ၊ လိုအပ်တာတွေကို ဘယ်လို ရနေလဲ၊ နိုင်ငံရပ်ခြားက ဘယ်ကုမ္ပဏီတွေ ပါဝင် ပတ်သက် နေကြလဲ ဆိုတာကို ဖော်ထုတ် ထားတာ ဖြစ်ပါတယ်။

 ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး လက်ရှိ အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း လက်အောက်က ကပစ ဆိုပြီး အတိုကောက် ရည်ညွှန်းကြတဲ့ လက်နက် စက်ရုံတွေကနေ ထုတ်လုပ်နေတဲ့ လက်နက်ခဲယမ်း အမျိုးအစားတွေက အစ၊ အဲဒီလို ထုတ်လုပ် တပ်ဆင်နိုင်အောင် နိုင်ငံရပ်ခြား အပေါ် ဘယ်လို မှီခိုနေရသလဲ ဆိုတာတွေကို အဲဒီ အစီရင်ခံစာထဲ တွေ့ရပါတယ်။

ကပစ စက်ရုံတွေနဲ့ စီးပွားရေး အဆက်အစပ် ရှိတဲ့ ကုမ္ပဏီတွေ အဖြစ် SAC-M အဖွဲ့ ဖော်ထုတ် ထားနိုင်တဲ့ ကုမ္ပဏီတွေကို ကြည့်ရင် မတူတဲ့ နိုင်ငံ ၁၃ နိုင်ငံက ဖြစ်ပါတယ်။ အဲဒီ နိုင်ငံတွေထဲ အမေရိကန်၊ ပြင်သစ်နဲ့ ဂျာမနီတို့လို အနောက်အုပ်စု နိုင်ငံတွေ ပါဝင်တာ တွေ့ရပါတယ်။

ဒါ့အပြင် တောင်ကိုရီးယား၊ ဂျပန်၊ စင်္ကာပူ၊ ထိုင်ဝမ်နဲ့ အစ္စရေး တို့လို အနောက်အုပ်စုနဲ့ နီးစပ်တဲ့ မိတ်ဖက်နိုင်ငံတွေထဲမှာ အခြေစိုက်တဲ့ ကုမ္ပဏီတွေလည်း ပါဝင်နေပါတယ်။

မြန်မာ စစ်တပ်နဲ့ အဆက်အဆံ ရှိကြောင်း အစဉ်အဆက် ပေါ်လွင်နှင့်ပြီးတဲ့ အိန္ဒိယ၊ တရုတ်၊ ရုရှားတို့ထဲက ကုမ္ပဏီတွေ ပါတာကတော့ အံ့အားသင့်စရာ မကောင်းလှဘူးလို့ အကဲခတ်အများက ပြောဆိုပါတယ်။

အနောက်အုပ်စု နိုင်ငံတွေထဲက ကုမ္ပဏီတွေ ပါဝင် ပတ်သက်မှု မရှိအောင် ပိတ်ဆို့ တားဆီးမှုတွေ၊ စီးပွားရေး ကန့်သတ်ချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့လုပ်ဖို့ လိုတယ်လို့ ဘားမားကန်ပိန်း ယူကေ အဖွဲ့ရဲ့ ဒါရိုက်တာ မာ့ခ် ဖာမနာက ဘီဘီစီကို ပြောပါတယ်။

အစီရင်ခံစာပါ တွေ့ရှိချက်တွေထဲက အရေးကြီးတဲ့ အကြောင်းအရာတွေက ဘာလဲ ဆိုတာကို SAC-M အဖွဲ့ကို ထူထောင်သူတစ်ဦးလည်းဖြစ်၊ ကုလသမဂ္ဂက ဖွဲ့စည်းခဲ့တဲ့ မြန်မာ့အရေးဆိုင်ရာ အချက်အလက် ရှာဖွေရေး လွတ်လပ်တဲ့ မစ်ရှင် အဖွဲ့မှာ ပါဝင်ခဲ့သူလည်း ဖြစ်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ ပညာရှင် ခရစ္စ ဆီဒိုတီးကို ဘီဘီစီသတင်းထောက် ကိုဝေဖြိုး မေးမြန်းထားပါတယ်။

ဘီဘီစီ။ ။ SAC-M က နောက်ဆုံးထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲက အရေးကြီးဆုံး တွေ့ရှိချက်တွေက ဘာတွေ ဖြစ်မလဲ ခရစ္စရေ ...

 ခရစ္စ ဆီဒိုတီ။ ။ အရေးကြီးတဲ့ တွေ့ရှိချက်လို့ ပြောရင် နှစ်ပိုင်း ရှိတယ်လို့ ပြောနိုင်ပါတယ်။ ပထမ တစ်ချက်ကတော့ မြန်မာ နိုင်ငံထဲ စစ်လက်နက် ထုတ်လုပ်မှုနဲ့ ခဲယမ်းမီးကျောက် ထုတ်လုပ်မှုတို့ဟာ အခုအချိန်မှာ အင်မတန် ကြီးမားကျယ်ပြန့် နေပြီ ဆိုတဲ့ အချက် ဖြစ်ပါတယ်။ ထုတ်လုပ်တဲ့ နေရာပေါင်း ၂၅ ခု ထိအောင် ဘယ်နေရာတွေလဲ၊ ဘယ်စက်ရုံတွေလဲ ဆိုတာကို ကျွန်တော်တို့ နာမည်တပ်ပြီး ပြောနိုင်ပါတယ်။ ဒါဟာ နှစ်ပေါင်း ၃၀ အတွင်း တောက်လျှောက် ကြီးမား ကျယ်ပြန့်လာတဲ့ အခြေအနေ ဖြစ်ပါတယ်။

 ဒုတိယ အရေးကြီးတဲ့ တွေ့ရှိချက်ကတော့ အဲဒီလို မြန်မာနိုင်ငံထဲ လက်နက်တွေ ထုတ်လုပ်နိုင်ရေး အတွက် နိုင်ငံရပ်ခြား ကုမ္ပဏီတွေက လိုအပ်တဲ့ အရာတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်တဲ့ နည်းနဲ့ ဖြစ်စေ ဖြည့်ဆည်းပေးနေကြတယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။ လိုအပ်တဲ့ အရာတွေလို့ ဆိုရာမှာ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေ၊ စက်ပစ္စည်းတွေနဲ့ အခြေခံ ဒီဇိုင်းတွေကို ကျွန်တော် ရည်ညွှန်းပါတယ်။

ဘီဘီစီ။ ။ ဒါဆိုရင် အဲဒီလို ပံ့ပိုးပေးနေသူတွေက ဘယ်သူတွေလဲ။ ဘယ်သူတွေက မြန်မာနိုင်ငံထဲက စက်ရုံတွေမှာ ထုတ်လုပ်နိုင်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေ၊ ပစ္စည်း အစိတ်အပိုင်းတွေကို ပေးနေကြတာလဲ .... ။

 ခရစ္စ ဆီဒိုတီ။ ။ ကျွန်တော်တို့ ဖော်ထုတ်ထားနိုင်သမျှ ကုမ္ပဏီ တွေကို ကြည့်ရင် မတူတဲ့ နိုင်ငံပေါင်း ၁၃ နိုင်ငံက ဖြစ်ကြပါတယ်။ ဘယ်နိုင်ငံတွေလဲ ဆိုရင်တော့ ဘယ်သူမှ အံ့ဩမှာ မဟုတ်တာကတော့ တရုတ်နဲ့ ရုရှား တို့ပါပဲ။ သူတို့ဟာ မြန်မာစစ်တပ်ကို အစဥ်အဆက် လက်နက်ရောင်းလာကြတာ ဖြစ်လို့၊ သက်ဆိုင်ရာ သူတို့အစိုးရတွေကနေ တဆင့်ကို တရားဝင် ဝင်လာတဲ့၊ ရောင်းချတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။

 တခါ၊ အံ့ဩစရာ ဖြစ်ကောင်းဖြစ်စေမယ့် နိုင်ငံမျိုးတွေလည်း ပါဝင် ပတ်သက်နေပါတယ်။ အနောက်နိုင်ငံတွေနဲ့ မြောက်အမေရိက နိုင်ငံတွေက ကုမ္ပဏီတွေလည်း မြန်မာ စစ်တပ်ရဲ့ လက်နက် စက်ရုံတွေ လည်ပတ်နိုင်ရေးမှာ တစ်နည်းမဟုတ် တစ်နည်း ပတ်သက်တာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံထဲ လက်နက် မတင်ပို့ရေးကို တစ်နိုင်ငံချင်းစီ အလိုက် ချမှတ်ထားတဲ့ နိုင်ငံတွေ ဒီစာရင်းထဲ ပါနေမယ် ဆိုတာ ကျွန်တော် ကိုယ်တိုင်လည်း မျှော်လင့် မထားမိပါဘူး။

 အဲဒီ နိုင်ငံတွေထဲ အခြေစိုက်ထားတဲ့ ကုမ္ပဏီတွေနဲ့ မြန်မာနိုင်ငံထဲ လက်နက် ထုတ်လုပ် နိုင်မှုဟာလည်း တော်တော်လေးကို ပတ်သက် ဆက်စပ်နေတာ တွေ့ရပါတယ်။ တစ်ခု ရှိတာကတော့ ပစ္စည်းတွေကို ဝယ်ယူတာ၊ မြန်မာနိုင်ငံထဲ တင်သွင်းတာတွေဟာ အများစုကတော့ ကြားခံတွေကနေ တဆင့် ပြုလုပ်တာ ဖြစ်တဲ့ အတွက် အနောက်အုပ်စု နိုင်ငံတွေက ကုမ္ပဏီတွေဟာ သူတို့ ပစ္စည်းတွေ နောက်ဆုံး ဘယ်ကို ရောက်သွားမလဲ ဆိုတာ မသိတာလည်း ဖြစ်နိုင်ပါတယ်။

 မသိဘူး ဆိုတဲ့ အခါမှာလည်း အတော်လေး စိုးရိမ်စရာ ကောင်းပါတယ်။ ကျွန်တော်တို့ အလေးအနက် သဘောထား မေးခွန်းထုတ်နေပါတယ်။ Due Deligence ဖြစ်ဖို့ လိုတယ် ဆိုတဲ့ ဥပဒေပိုင်း ဆိုင်ရာ လိုအပ်ချက်ကို တကယ်တမ်း လိုက်နာကြရဲ့လား ဆိုတဲ့ မေးခွန်းပါ။ နိုင်ငံ အနေနဲ့ မြန်မာကို လက်နက် မတင်ပို့ရေး ပိတ်ပင်ထားတဲ့ အတွက်၊ သူတို့ ကုမ္ပဏီတွေ အရောင်းအဝယ် လုပ်တဲ့ အခါတိုင်း မှာလည်း အဲဒီ ပိတ်ပင် ကန့်သတ်ချက် မကျိုးပေါက်စေအောင်၊ အဆင့်တိုင်းမှာ လိုက်နာ ဆောင်ရွက်ဖို့ လိုပါတယ်၊ due deligence ဖြစ်ဖို့ လိုပါတယ်။ Due Deligence မဖြစ်ဘူး ဆိုရင်တော့ ဒါဟာ ဥပဒေကို မျက်ကွယ်ပြု ချိုးဖောက်တာ ဖြစ်ပါတယ်။

 ပိုပြီး ဆိုးနိုင်တာက၊ နောက်ဆုံး ဘယ်သူ့လက်ထဲ ရောက်သွားမလဲ ဆိုတာကို သိလျက်နဲ့ကို ရောင်းချတာမျိုးလား ဆိုတဲ့ မေးခွန်းပါပဲ။ မြန်မာ စစ်တပ်ထဲ ရောက်သွားဖို့ ရည်ရွယ်ချက်နဲ့ကို ကြားခံတွေကနေ တဆင့် ရောင်းချတာ ဆိုရင်တော့ မြန်မာ စစ်တပ် ကျူးလွန်တဲ့ ပြင်းထန်ဆိုးရွားတဲ့ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေမှာ အဲဒီ ကုမ္ပဏီတွေဟာ ကိုယ်တိုင် ကြံရာပါတွေ ဖြစ်နေပါတယ်။

ဘီဘီစီ။ ။ ကျွန်တော့်ရဲ့ နောက် မေးခွန်းကို မသွားခင်မှာ၊ လက်နက်ထုတ်နိုင်ဖို့ မြန်မာစစ်တပ်ဟာ နိုင်ငံရပ်ခြား ကုမ္ပဏီတွေထံကနေ ရရှိနေတယ်ဆိုတဲ့ ပစ္စည်းတွေဟာ ဘယ်လို ပစ္စည်းမျိုးတွေလည်း ဆိုတာ ပိုပြီး တိတိကျကျ ဖြစ်အောင် ဥပမာ တချို့ ပေးပြီး ပြောပြနိုင်မလား ခရစ္စရေ ....။

ခရစ္စ ဆီဒိုတီ။ ။ လက်နက်နဲ့ ခဲယမ်းမီးကျောက် ထုတ်လုပ်ရေးမှာ လိုအပ်တဲ့ ဓာတ်သတ္တု ကုန်ကြမ်း ပစ္စည်း အမျိုးမျိုး ဖြစ်ပါတယ်။ သံ၊ သံမဏိ၊ ကြေးဝါ၊ စသဖြင့် အရာတွေနဲ့ ဖောက်ခွဲရေး ပစ္စည်းတွေ ထုတ်လုပ်ဖို့ရာ အလူမီနီယံ နိုက်ထရိတ်လို အရာတွေ ပါဝင်ပါတယ်။ ဒါ့အပြင်၊ ဗုံးသီးတွေ အမြောက်ဆန်တွေ အတွက် စနက်တံတွေနဲ့ ဖြူးစ်တွေလို ပစ္စည်းမျိုးတွေ၊ ရိုင်ဖယ် သေနတ်တွေ အတွက် စနိုက်ပါ မှန်ပြောင်းနဲ့ ညကြည့် မှန်ပြောင်းလို ကိရိယာတွေလည်း ပါဝင်တာ တွေ့ရပါတယ်။

နောက်တမျိုးကတော့ ပစ္စည်းအပြင် ဝန်ဆောင်မှု ဆားဗစ် ပေးတဲ့ ပုံစံမျိုးကိုပါ တနည်းတဖုံ ရရှိတာတွေ့ရပါတယ်။ မြန်မာ နိုင်ငံထဲ လာပြီး လုပ်တာ ဟုတ်ချင်မှာတော့ ဟုတ်မယ်၊ တိုင်းပြည် အပြင်ဘက် ကြားခံတွေ ကနေ တဆင့် ပြုလုပ်ပြီး၊ အဆုံးသတ်မှာတော့ မြန်မာနိုင်ငံထဲ စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရာမှာ အသုံးချတဲ့ ကိစ္စရပ်တွေလည်း ရှိပါတယ်။

ဥပမာ ပြောရရင် အီးယူ အဖွဲ့ဝင် အနောက်နိုင်ငံတစ်ခုကနေ ပြုလုပ်တဲ့ စက်ရုံထိန်းချုပ်ရေးဆိုင်ရာ အဆင့်မြင့် ကွန်ပျူတာ စနစ် ဆိုရင် ထိုင်ဝမ်ကို အရင်ရောက်ပြီး၊ နောက်ဆုံး မြန်မာစစ်တပ်လက်ထဲ ကြားခံကနေ တဆင့် ရောက်သွားပါတယ်။ အဲဒီလို ကိစ္စရပ်မှာ ဆိုရင် ဒီ ကွန်ပျူတာထိန်းချုပ် စက်ပစ္စည်း မွမ်းမံထိမ်းသိမ်းဖို့၊ စွမ်းရည်အပြည့် အလုပ်လုပ်နိုင်ဖို့ ဆိုတဲ့ ဝန်ဆောင်မှုတွေကိုပါ အနောက်နိုင်ငံ ကုမ္ပဏီက တာဝန်ယူထားခဲ့တာ ဖြစ်ပါတယ်။

တခါ နောက်ထပ် ပုံစံ တမျိုးကတော့ မြန်မာနိုင်ငံထဲ ထုတ်လုပ်နေတဲ့ စစ်လက်နက် ပစ္စည်း တချို့ရဲ့ မူလ ဒီဇိုင်းတွေ ဆိုရင် အနောက်နိုင်ငံတွေရဲ့ တီထွင်မှုတွေ၊ ဒီဇိုင်းတွေ ဖြစ်ပါတယ်။ ဒီ ဒီဇိုင်းတွေ အတိုင်း မြန်မာနိုင်ငံထဲ လိုက်ပြီး ဆင့်ပွား ထုတ်လုပ်တဲ့ အခါ ပုံစံတူ ပွားခွင့်၊ အသုံးပြုခွင့် လိုင်စင် ခံပြီး ထုတ်တာလား ဆိုတဲ့ မေးခွန်း ထွက်လာ စေပါတယ်။ ဟိုး အရင် အချိန်တွေမှာ မူလ ဒီဇိုင်း၊ မူလ စစ်လက်နက် ပစ္စည်းတွေကို အစိုးရချင်း တရားဝင် ရရှိခဲ့တာ ဖြစ်ကောင်း ဖြစ်မယ်၊ ဒါပေမယ့် အဲဒီ ဒီဇိုင်းတွေအတိုင်း လိုက်ပြီး ပြည်တွင်းမှာ ထုတ်ဖို့ လိုင်စင် ယူထားတာမျိုး မဟုတ်ရင်တော့ ဒါဟာ ဒီဇိုင်းနဲ့ နည်းပညာ ခိုးယူမှု မြောက်ပါတယ်။ ဒီတော့ ပြန်ချုပ်ရရင် ဓာတ်သတ္တု ကုန်ကြမ်းတွေ၊ ပစ္စည်း ကိရိယာ အစိတ်အပိုင်းတွေ၊ နည်းပညာ ဒီဇိုင်းတွေ မြန်မာ စစ်တပ် လက်ထဲ ရောက်ရှိ နေတာ ဖြစ်ပါတယ်။

ဘီဘီစီ။ ။ ဒီတော့ အဲဒီ ကုမ္ပဏီတွေကို ခရစ္စတို့ ဆက်သွယ်လား၊ စကားပြောလား။ အနည်းဆုံးတော့ အနောက်နိုင်ငံ ကုမ္ပဏီ ဆိုတာတွေနဲ့ အခုန ပြောတဲ့ ထိုင်ဝမ် အခြေစိုက် ကုမ္ပဏီ ဆိုတာမျိုးကို ခရစ္စတို့ရဲ့ စိုးရိမ်မှုတွေ အကြောင်း ပြောပြ ထားလား။ သူတို့က ဘယ်လို တုံ့ပြန် ကြလဲ။

ခရစ္စ ဆီဒိုတီ။ ။ ကျွန်တော်တို့ဟာ အစီရင်ခံစာကို အများသူငါကို မထုတ်ပြန်ခင်မှာ ကြိုတင်ပြီး သက်ဆိုင်ရာ ကုမ္ပဏီတွေထံ မိတ္တူတွေ ပို့ပါတယ်။ ကျွန်တော်တို့ တွေ့ရှိထားတဲ့ အချက်အလက်တွေကို ပြောပြပါတယ်။ မေးခွန်းတွေ မေးပါတယ်။

ကျွန်တော်တို့ဆီ တုံ့ပြန် ဖြေဆိုကြတဲ့ ကုမ္ပဏီတွေ တော်တော်များများ ရှိပါတယ်။ လက်ရှိမှာ သူတို့နဲ့ကြား ကျွန်တော်တို့ ဆက်လက် ဆွေးနွေး နေကြပါတယ်။ သူတို့ ပြောတာတွေကို နားထောင်နေပါတယ်။ လက်ရှိမှာ ကျွန်တော်တို့နဲ့ တိုက်ရိုက် စကားပြောတာမျိုး မရှိသေးပေမဲ့၊ တချိန်မှာ သူတို့ဆီက တုံ့ပြန်ချက် ရလာမယ်လို့ မျှော်လင့်ရတဲ့ ကုမ္ပဏီမျိုးတွေလည်း ရှိပါတယ်။

တချို့ အနေနဲ့ကတော့ သူတို့ရဲ့ မူလ မိခင် နိုင်ငံတွေရဲ့ နိုင်ငံရေး အပေါ် မူတည်ပြီး ကျွန်တော်တို့ကို တုံ့ပြန်ဖို့ရာ မဖြစ်နိုင်တဲ့ ကုမ္ပဏီတွေ ရှိနေတာကိုလည်း ကျွန်တော်တို့ အပြည့်အဝ နားလည် သဘောပေါက်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ဆက်ပြီး ကြိုးစား နေမှာ ဖြစ်ပါတယ်။ မြန်မာ စစ်တပ်လက်ထဲ လက်နက်တွေ၊ လက်နက် ထုတ်လုပ်နိုင်ဖို့ လိုအပ်တဲ့ အရာတွေ ဘယ်လိုဘယ်ပုံ ရောက်ရှိနေလဲ ဆိုတာကို ပိုပြီး သိလာရဖို့၊ ဖော်ထုတ်နိုင်ဖို့ အင်မတန် လိုပါတယ်။

ဘီဘီစီ။ ။ အခုလို အစီရင်ခံစာထုတ်ရတဲ့ ရည်ရွယ်ချက်ကရော ဘာဖြစ်မလဲ ။ ခရစ္စတို့က မြန်မာကို နိုင်ငံတကာ လက်နက် ပိတ်ဆို့ရေး ချမှတ်နိုင်ဖို့ လုပ်ဆောင်နေတာလား။ ခရစ္စ ပြောခဲ့သလို တရုတ်၊ ရုရှား ကုမ္ပဏီတွေ ပါဝင် ပတ်သက် နေတာ ဖြစ်တဲ့ အတွက်၊ ကမ္ဘာလုံးဆိုင်ရာ လက်နက် ပိတ်ဆို့ရေး ဆိုတာ တကယ် ဖြစ်လာနိုင်ပါ့မလား၊ ဘယ်လောက် လက်တွေ့ကျမလဲ။

ခရစ္စ ဆီဒိုတီ။ ။ မြန်မာနိုင်ငံထဲ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဆက်တိုက် ဖြစ်ပေါ် နေတာကို တားဆီးဖို့ရာမှာ၊ မြန်မာစစ်တပ်ထဲ လက်နက်တွေ မရောက်အောင် ထိန်းဖို့ လိုအပ်လှတယ် ဆိုတဲ့ အချက်ဟာ ပြတ်သား ရှင်းလင်းပါတယ်။ ဒွိဟ ပွားဖွယ် မရှိပါဘူး။ မြန်မာ စစ်တပ် ၂၀၂၁ တကျော့ပြန် အာဏာသိမ်းနိုင်ဖို့ ကြိုးစားလာပြီးတဲ့နောက်၊ SAC-M အဖွဲ့ကို ထူထောင်ကတည်းက ကျွန်တော်တို့ရဲ့ ရည်မှန်းချက် မူဝါဒ ၃ ရပ်ကို ချခဲ့ပါတယ်။ မြန်မာစစ်တပ်ကို .... ၁။ လက်နက်ဖြတ်တောက်ရေး၊ ၂။ ဘဏ္ဍာရေး ဖြတ်တောက်ရေးနဲ့ ၊ ၃။ အပြစ်ပေး အရေးယူမခံရဘဲ ကင်းလွတ်နေတာကနေ အဆုံးသတ်နိုင်ရေး တို့ ဖြစ်ပါတယ်။

အခု အစီရင်ခံစာဟာ ဆိုရင်လည်း ဒီ ဖြတ် ၃ ဖြတ် မူဝါဒနဲ့ အညီ ပြုစု ထုတ်ပြန်တာ ဖြစ်ပြီး၊ လက်နက်ဖြတ်တောက်နိုင်ရေး အပေါ် အာရုံစိုက်ထားပါတယ်။ မြန်မာကို လက်နက် မတင်ပို့ရေး ဆိုတာဟာ ၊ နိုင်ငံတကာ အစိုးရတွေ လိုက်နာဖို့ လိုအပ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အသွင် ၊ တရုတ်ရုရှားတို့ကြောင့် ထွက်လာနိုင်ဖွယ် မရှိပါဘူး။ ဒါပေမဲ့လည်း ... လက်ရှိ အခြေအနေကိုကြည့်ရင် မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထား လုပ်ဆောင်နေတဲ့ နိုင်ငံတကာ အစိုးရတွေရဲ့ လက်နက် တင်ပို့မှု ဆိုင်ရာ ကန့်သတ် ပိတ်ဆို့မှုတွေဟာ အတိုင်းအတာတစ်ခုထိ ရှိနေပြီ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ အခု အစီရင်ခံစာပေါ်မှာ အခြေခံပြီးတော့ ... လက်နက် တင်ပို့မှုကိုသာမက ...မြန်မာ စစ်တပ်ရဲ့ ပြည်တွင်းမှာ ကိုယ်တိုင်လက်နက် ထုတ်လုပ်နိုင်စွမ်းကိုပါ နိုင်ငံတကာ အနေနဲ့ ဖြတ်တောက် ဟန့်တားတာတွေ တိုးချဲ့ လုပ်ဆောင်ကြဖို့ရာ ကျွန်တော်တို့ ရည်မှန်းထားပါတယ်။ ကမ္ဘာလုံး ဆိုင်ရာ ဆိုတာမျိုး ဟုတ်ချင်မှ ဟုတ်မယ်၊ ဒါပေမယ့် မြန်မာစစ်တပ်ကို လက်နက် မပေးဘူး ဆိုတဲ့ နိုင်ငံတစ်ခု၊ ကုမ္ပဏီတစ်ခု တိုးပြီး ရှိလာမယ် ဆိုရင်လည်း ... စစ်ရာဇဝတ်မှုတွေကို တားဆီးရေးမှာ လက်တွေ့ အကျိုး ရှိနိုင်မှာ ဖြစ်ပါတယ်။