ဖေဖော်ဝါရီ ၆ ရက်ထိပ်တန်းသတင်းများ - ဘင်္ဂလား‌ဒေ့ရှ်ကို ထွက်ပြေးတဲ့တပ်ဖွဲ့ဝင်တွေကို ပြန်ခေါ်ဖို့ စစ်ကောင်စီကြိုးပမ်း

မောင်တောက နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင် တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မောင်တောက နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင် တစ်ဦး

၂ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂၉ ဦး ဘင်္ဂလား‌ဒေ့ရှ်ဘက်ထွက်ပြေး

မြန်မာ-ဘင်္ဂလား‌ဒေ့ရှ်နယ်စပ်က တိုက်ပွဲတွေကြောင့် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသထဲ ထွက်ပြေးခိုလှုံလာတဲ့ စစ်ကောင်စီတပ်ရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီဘက်က ပြန်လည်ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရေးဝန်ကြီး ဒေါက်တာဟာဆန်မာမွတ်က မနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၀ ကျော် ဘင်္ဂလား‌‌ဒေ့ရှ်ဘက်ကို ထပ်ပြီးထွက်ပြေးလို့ ၂ ရက်အတွင်းမှာ စုစုပေါင်း ၂၂၉ ဦးရှိနေပြီလို့ ဘင်္ဂလား‌‌ဒေ့ရှ်နယ်ခြားစောင့်တပ်ကနေ ထုတ်ပြန်ထားပါတယ်။ အဲဒီထဲက တချို့ဟာ ထိခိုက်ဒဏ်ရာရထားတာကြောင့် ကော့ဘဇားဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ ဟာဆန်ကပြောပါတယ်။

“မြန်မာစစ်တပ်နဲ့ အဆက်အသွယ်မပြတ်ရှိနေပါတယ်။ သူတို့ဆီကနိုင်ငံခြားရေးဒုဝန်ကြီးက မြန်မာမှာရှိတဲ့ ဘင်္ဂလား‌‌ဒေ့ရှ်သံအမတ်နဲ့ တွေ့ဆုံခဲ့ပြီး သူတို့ရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို ပြန်ခေါ်မယ်လို့ ပြောခဲ့ပါတယ်” လို့ ဟာဆန်ကသတင်းထောက်တွေကိုပြောပါတယ်။

ထွက်ပြေးလာတဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်(ထိုင်နေကြသူများ)တွေကို စောင့်ကြပ်နေတဲ့ ဘင်္ဂလား‌ဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ထွက်ပြေးလာတဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်(ထိုင်နေကြသူများ)တွေကို စောင့်ကြပ်နေတဲ့ ဘင်္ဂလား‌ဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ

မြန်မာ-ဘင်္ဂလား‌ဒေ့ရှ်နယ်စပ်၊ ရခိုင်ပြည်နယ် မောင်တောမြို့မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ကြား တိုက်ပွဲပြင်းထန်နေချိန်မှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်က နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတယ်လို့ အေအေဘက်က ထုတ်ပြန်ထားပါတယ်။

“ဘင်္ဂလား‌ဒေ့ရှ်နဲ့ မြန်မာအာဏာပိုင်တွေက ဒီကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးနေတုန်းပဲဖြစ်ပါတယ်။ နယ်စပ်ဖြတ်ကျော်လာတဲ့သူတွေကို စစ်ကောင်စီဘက်က လေယာဉ်နဲ့ ပြန်ခေါ်မှာလား၊ လှေနဲ့ပြန်ခေါ်မှာလားဆိုတာကိုတော့ ကျွန်တော်တို့နည်းလမ်းရှာရမှာပေါ့” လို့ ထည့်ပြောထားပါတယ်။

“မြန်မာဘက်က နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်ကို ပိုပြီးဝင်ရောက်ခိုလှုံလာနိုင်တာကြောင့် ဘင်္ဂလား‌ဒေ့ရှ်အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး အဖြေရှာမယ်” လို့လည်း သူကဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်ကလည်း မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်တဲ့ ချင်းပြည်နယ် ပလက်ဝက တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၈ ဦးရှိတယ်လို့ အိန္ဒိယကလာတဲ့ သတင်းတွေက ဖော်ပြထားကြပါတယ်။

ကောလင်းကို စစ်တပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေ

ဒီဇင်ဘာလတုန်းက ကောလင်းမြို့ပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီးနောက်ပျက်စီးနေတဲ့မြင်ကွင်း (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Kawlin People Defence Force - KLPDF

ဓာတ်ပုံ ပုံစာ, ဒီဇင်ဘာလတုန်းက ကောလင်းမြို့ပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီးနောက် ပျက်စီးနေတဲ့မြင်ကွင်း (ပုံဟောင်း)
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကောလင်းနားကရွာ မီးရှို့ဖျက်ဆီးခံရ

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်ကောင်စီတပ်ဘက်က မနေ့ ဖေဖော်ဝါရီ ၅ ရက်ကစပြီး ဒီကနေ့နေ့လယ်ပိုင်းအထိ အင်အားအများအပြားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ကောလင်း ဒေသတွင်းသတင်းတွေကို ဖော်ပြတဲ့ Kawlin Revolution – KR နဲ့ ဒေသခံအချို့က ဘီဘီစီကိုပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းမှာတော့ စစ်တပ်ရဲ့ ဝန်းသိုအခြေစိုက် စစ်တပ်စခန်းကနေ ဟောင်ဝှစ်ဇာနဲ့ ၅ ကြိမ်ပစ်ခတ်ခဲ့သလို နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ တိုက်လေယာဉ်နဲ့ စတင်ပစ်ခတ်နေတာကြောင့် စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ - PDF တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ KR ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ ကောလင်းမြို့အနောက်ဘက်ခြမ်းက ညောင်ပင်သာရွာနဲ့ ကျောက်ကာရွာကြားမှာ စစ်တပ်စစ်ကြောင်းနဲ့ PDF ပူးပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သလို တိုက်ပွဲပြီးတဲ့နောက် စစ်တပ်ဘက်က ဆီဆုံရွာဘက်ကို ဆုတ်ခွာသွားပြီး ဆီဆုံရွာကို မီးရှို့နေတယ်လို့ KR ဘက်က ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၃ ရက်ကစပြီး စစ်တပ်က ကောလင်းမြို့ကို ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေအပြင် ကောလင်းနဲ့ ကပ်လျက် ကန့်ဘလူမြို့မှာပါ စစ်တပ်အင်အားတွေဖြည့်တင်းထားတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ကောလင်းမြို့ခံတွေကိုလည်း PDF တွေက ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ဖို့ တိုက်တွန်းနေတာကြောင့် မြို့ခံတော်တော်များများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးရဲ့အပြောအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာကနေ ဇန်နဝါရီလအထိ ဘီဘီစီက ရရှိထားတဲ့ သတင်းအချက်အလက်တွေနဲ့ ‌ဒေသအခြေစိုက်မီဒီယာတွေက ဖော်ပြချက်တွေအရ စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၇ ဦးထက်မနည်းသေဆုံးထားပြီး ထိခိုက်ဒဏ်ရာရတဲ့သူ ၈ ဦးကျော် ရှိပြီလို့ သိရပါတယ်။

ကောလင်းမြို့ကို NUG လက်‌အောက်ခံ PDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ပြီးနောက် ၂၀၂၃ ဒီဇင်ဘာ ၃ ရက်နေ့ကစလို့ NUG ရဲ့ အုပ်ချုပ်ရေးစနစ်အတိုင်း လည်ပတ်နေတာဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ကောလင်းမြို့က တိုက်ပွဲတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

ကော့ကရိတ်မှာ စစ်တပ်နဲ့ KNLA /PDF ပူးပေါင်းအဖွဲ့တွေကြားတိုက်ပွဲဆက်ပြင်းထန်

ပျက်စီးနေတဲ့ ကော့ကရိတ်မြို့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Karen Information Center - KIC

ဓာတ်ပုံ ပုံစာ, ပျက်စီးနေတဲ့ ကော့ကရိတ်မြို့မြင်ကွင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ မှာ မနေ့ ဖေဖော်ဝါရီ ၅ ရက်ကစပြီး ဒီကနေ့အထိ စစ်‌ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်း PDF တပ်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံအချို့က ဘီဘီစီကိုပြောပါတယ်။

တိုက်ပွဲဟာ ကော့ကရိတ်မြို့က ခြေလျင်တပ်ရင်း -ခလရ ၉၇ တပ်ဝင်းအနီး တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက KNLA ပူးပေါင်းတပ်တွေကို ခုခံတိုက်ခိုက်နေကြတယ်လို့ နယ်မြေအခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။

“မနေ့ မနက် ၄ နာရီလောက်တည်းကစပြီးတိုက်နေတာ၊ အခုထိ စစ်ရှောင်နေရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့မနက်ပိုင်းအထိ စစ်တပ်က လက်နက်ကြီးနဲ့ ကော့ကရိတ်မြို့တဝိုက်ကို ပစ်ခတ်နေတုန်းဖြစ်သလို ကော့ကရိတ်မြို့ထဲဝင်/ထွက်ခွင့်ပိတ်ထားတယ်လို့ မြေပြင်အခြေအနေသိတဲ့ ‌ဒေသခံရဲ့အပြောအရသိရပါတယ်။ ဘားအံဘက်ကနေ ကော့ကရိတ်မြို့ထဲမဝင်ခင် ၂ မိုင်ဝန်းကျင်နားမှာ တံတားကျိုး ကုန်သွယ်ရေးဇုန်ရှိပြီး အဲဒီနားမှာ စစ်ကောင်စီတပ်ဘက်က အထိုင်စခန်းချထားပြီး သွားလာခွင့်ပိတ်ထားတယ်လို့ ဆိုပါတယ်။

ကော့ကရိတ်တစ်မြို့လုံးမှာလည်း ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေပြတ်တောက်နေတာကြောင့် စစ်မရှောင်နိုင်ဘဲ မြို့ထဲကျန်နေခဲ့တဲ့သူတွေနဲ့ အဆက်အသွယ်မရဖြစ်နေတယ်လို့ ဘားအံဘက်ကို စစ်ရှောင်လာသူတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ကော့ကရိတ်မှာ စစ်တပ်နဲ့ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်တာတွေကြောင့် အရပ်သားတချို့ သေဆုံးခဲ့ပါတယ်။

ကော့ကရိတ်-မြဝတီ ဆက်သွယ်ထားတဲ့ အာရှလမ်းမကြီးပေါ်က လမ်းပိုင်းတချို့ကိုလည်း စစ်ကောင်စီတပ်ဘက်က တိုက်ပွဲတွေစဖြစ်တဲ့ ၂၀၂၃ နိုဝင်ဘာကတည်းက ဂိတ်အများစုမှာဖြတ်သန်းသွားလာခွင့်ပိတ်ထားခဲ့တာကြောင့် ကုန်သွယ်ရေးလမ်းကြောင်းတွေလည်း ပြတ်တောက်နေတာဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ကော့ကရိတ်မြို့က တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

မြောက်ဦးနဲ့ ကျောက်တော်က စစ်ကောင်စီတပ်ရင်း ၂ ခုကို အေအေသိမ်းပိုက်

ဇန်နဝါရီ ၃၀ ရက်က အေအေသိမ်းပိုက်ခဲ့တဲ့ မြောက်ဦးအခြေစိုက် စစ်တပ် ခမရ-၅၄၀ တပ်ရင်း

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, ဇန်နဝါရီ ၃၀ ရက်က အေအေသိမ်းပိုက်ခဲ့တဲ့ မြောက်ဦးအခြေစိုက် စစ်တပ် ခမရ-၅၄၀ တပ်ရင်း

စစ်တပ်ကလည်းမြို့အများစုကို ဖြတ်လေးဖြတ်လုပ်ထား

ရခိုင်ပြည်နယ် မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ-၃၇၈)တပ်ရင်းကို မနေ့ဖော်ဖော်ဝါရီ ၅ ရက်က ရက္ခိုင့်တပ်တော်- အေအေက သိမ်းပိုက်ခဲ့ပြီး ကျောက်တော်အခြေစိုက် (ခမရ-၃၇၆) တပ်ရင်းကိုလည်း ဖေဖော်ဝါရီ ၂ ရက်ကတည်းက သိမ်းပိုက်ထားတယ်လို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ရခိုင်က မြို့ကြီးတော်တော်များများကို စစ်တပ်က “ဖြတ်လေးဖြတ်”စနစ်ကျင့်သုံးနေတာကြောင့် တိုက်ပွဲတွေ နေ့တိုင်းနီးပါးပြင်းထန်နေတဲ့ ရခိုင်မှာ ‌ဒေသခံတွေကြား အဆက်အသွယ်တွေ ပြတ်တောက်နေတယ်လို့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးကပြောသလို ဒေသခံတချို့ကလည်း ဘီဘီစီကို အတည်ပြုပြောပြကြပါတယ်။

ဖြတ်လေးဖြတ် ဆိုတာကတော့ ဒေသခံပြည်သူလုထုကြား “ရိက္ခာဖြတ်၊ ငွေကြေးဖြတ်၊ သတင်းအဆက်အသွယ်ဖြတ်၊ လူထုကြားအဆက်အသွယ်ဖြတ်” စတဲ့ ဖြတ်တောက်မှုတွေဖြစ်ပါတယ်။ ဆက်သွယ်ရေးတာဝါတိုင် တော်တော်များများကိုလည်း စစ်တပ်ဘက်က စက်သုံးဆီလာဖြည့်တာ မရှိတာတွေကြောင့်လည်း ဆက်သွယ်ရေးတွေပြတ်တောက်နေတာလို့ မြေပြင်အခြေအနေသိရှိတဲ့ ဒေသခံရဲ့အပြောအရသိရပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့တော်တော်များများ အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရသလို တောင်ပိုင်းမြို့တချို့မှာလည်း ဆိုလာတပ်ဆင်ထားတဲ့ နေအိမ်အချို့သာ အင်တာနက်လိုင်း ရတော့တယ်လို့ သူကဆိုပါတယ်။

ကျောက်တော်မြို့မှာလည်း တိုက်ပွဲအတွင်း ဆက်သွယ်ရေးတာဝါတိုင်တွေရဲ့ ပင်မကေဘယ်လ်ကြိုးတွေပြတ်တောက်နေတာကြောင့် တစ်မြို့လုံးနီးပါး အဆက်အသွယ်ပြတ်တောက်နေပြီလို့ ဒေသခံတွေရဲ့အပြောအရသိရပါတယ်။

တစ်ဖက်မှာလည်း ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲနဲ့ အမ်းမြို့တဝိုက်ကို စစ်တပ်က လေကြောင်း၊ ရေကြောင်း နှစ်မျိုးလုံးအသုံးပြုတိုက်ခိုက်နေပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတယ်လို့ ဒေသအခြေစိုက်မီဒီယာတချို့မှာ ဖော်ပြထားသလို အေအေဘက်ကလည်း ထုတ်ပြန်ထားပါတယ်။

ဒါအပြင် မင်းပြားမြို့မှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ရင်း ၂ ခုကို အေအေဘက်က ဆက်လက်တိုက်ခိုက်နေသလို ဘင်္ဂလားဒေ့ရှ်-ရခိုင်နယ်စပ် မောင်တောမြို့က စစ်တပ်နယ်ခြားစောင့်တပ်စခန်းတစ်ခုဖြစ်တဲ့ တောင်ပြို (လက်ဝဲ) စခန်းကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အေအေက ကြေညာထားပါတယ်။

မောင်တောမြို့မှာပဲ တောင်ပြို (လက်ယာ) စခန်းကို အေအေက ဖေဖော်ဝါရီ ၄ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်ကတော့ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့တယ်လို့ အေအေဘက်က ထုတ်ပြန်ထားသလို ဘင်္ဂလား‌ဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ရခိုင်ကတိုက်ပွဲတွေနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့ ကုလလုံခြုံရေးကောင်စီဘာပြောလဲ

ဖေဖော်ဝါရီ ၅ ရက်က ကျင်းပတဲ့ လုံခြုံရေးကောင်စီအစည်းအဝေး

ဓာတ်ပုံ ရင်းမြစ်, UN

ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီ ၅ ရက်က ကျင်းပတဲ့ လုံခြုံရေးကောင်စီအစည်းအဝေး

မြန်မာစစ်တပ်ရဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေဆက်ပြီးကျူးလွန်နေတာနဲ့ လေကြောင်းသုံးတိုက်ခိုက်မှုတွေဆက်လုပ်နေတာကို အပြင်းအထန်ရှုတ်ချတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် ဘာဘရာ ဝုထ်ဝါ့ထ် - Barbara Woodward က ပြောပါတယ်။

မ‌နေ့ ဖေဖော်ဝါရီ ၅ ရက်ကပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေရဲ့ တံခါးပိတ်ဆွေးနွေးပွဲအပြီး ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်နဲ့ အလှည့်ကျ အဖွဲ့ဝင်ခြောက်နိုင်ငံပေါင်းပြီးကြေညာချက်ထုတ်ပြန်ခဲ့တာမှာအဲဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်။ မနေ့က လုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက်မှာ တရုတ်၊ ရုရှားနဲ့ ကျန်တဲ့အလှည့်ကျအဖွဲ့ဝင် လေးနိုင်ငံကတော့ ကြေညာချက်ထုတ်ပြန်မှုထဲမပါဝင်ပါဘူး။

စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေထိခိုက်နစ်နာမှုတွေရှိနေပြီး အာဆီယံဘုံသဘောတူညီချက် ၅ ချက်အတိုင်း အရပ်သားတွေနဲ့ အရပ်ဘက်နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေကို ချက်ခြင်းရပ်တန့်ဖို့ဆိုတဲ့ အချက်ကိုလည်း သူကထည့်ပြောပါတယ်။

မြန်မာမှာ စစ်အာဏာသိမ်း ၃ နှစ်အတွင်းမှာ အရပ်သားပြည်သူ ၁၈ သန်းကျော်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ လိုအပ်နေပြီး၊ ၂ ဒသမ ၆ သန်းက အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ထည့်သွင်းပြောကြားပါတယ်။

မြန်မာကအရပ်သားတွေကို လူသားချင်းစာထောက်ထားမှု အကူအညီ အမြန်ဆုံးပေးနိုင်ဖို့နဲ့ ‌ပြည်သူလူထုအနေနဲ့အနှောက်အယှက်ကင်းကင်း‌နဲ့ရရှိဖို့ကိုလည်း ပူးပေါင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အပစ်အခတ်ရပ်စဲရေးပျက်ပြယ်သွားတဲ့ ရခိုင်ပြည်နယ်ရဲ့ စစ်ရေး အခြေအနေကြောင့် စစ်ရှောင်တွေကိုစိုးရိမ်သလို နှစ်ပေါင်းများစွာ စနစ်တကျခွဲခြားဆက်ဆံခံခဲ့ရတဲ့ ရိုဟင်ဂျာတွေကလည်း ပဋိပက္ခကြောင့်ပိုပြီး ဒုက္ခအခက်အခဲတွေရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။

တံခါးပိတ်အစည်းအဝေးမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာချမှတ်ခဲ့တဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် ၂၆၆၉ မှာပါတဲ့ အချက်တွေကို မြန်မာစစ်တပ်ကလိုက်နာဖို့တိုက်တွန်းခဲ့ပါတယ်။

''ပုံစံအမျိုးမျိုးနဲ့ ကျူးလွန်နေတဲ့ အကြမ်းဖက်မှုအားလုံးကို ချက်ချင်းရပ်ဖို့၊ တင်းမာမှုတွေကိုလျှော့ချဆောင်ရွက်ဖို့ စတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ မှာ ပါတဲ့ တောင်းဆိုချက်တွေကို လိုက်နာဖို့ စစ်တပ်ကို ထပ်ပြီး တိုက်တွန်းပါတယ်။ နောက်ပြီး သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထားတဲ့ အကျဉ်းသားအားလုံးကို

အမြန်ဆုံးလွှတ်ပေးဖို့လည်းတိုက်တွန်းပါတယ်။" လို့ဘာဘရာ ဝုထ်ဝါ့ထ် - Barbara Woodward က ပြောပါတယ်။

စစ်တပ်ကမြန်မာ့အကျပ်အတည်းကို လုံးဝဖြေရှင်းမှုမရှိတဲ့အခြေအနေကို လုံခြုံရေးကောင်စီအနေနဲ့ အထူးစိုးရိမ်ပြီး မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို လုံခြုံရေးကောင်စီက ထပ်ပြီးထောက်ခံသလို အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ဖို့ ကတိပေးထားတဲ့ စစ်ကောင်စီအနေနဲ့ အဲဒီကတိအတိုင်းလုပ်ဖို့ဆိုပြီးလည်း ထပ်ပြောပါတယ်။

အာဆီယံနဲ့ ကုလသမဂ္ဂကြားမှာ ပိုပြီးနီးနီးကပ်ကပ်လုပ်ဆောင်နိုင်ဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အသစ်ကိုအမြန်ဆုံးခန့်အပ်ဖို့အတွက်လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

တံခါးပိတ်အစည်းအဝေးကို မြန်မာ့အရေးအာဆီယံအထူးသံတမန်သစ်အာလွန်ကောင်းကစ်တီကွန်တက်ရောက်ပြီး မြန်မာ့အရေး‌ဝင်ရောက်ဆွေးနွေးခဲ့ပါတယ်။

မြန်မာမှာ အရင်အထူးကိုယ်စားလှယ် နိုလင်းဟေဇာရဲ့ တာဝန်သက်တမ်းဟာ ၂၀၂၃ခုနှစ် ဇွန်လမှာ ကုန်ဆုံးခဲ့တဲ့နောက်မှာ မြန်မာမှာ ကုလသမဂ္ဂ အထူးသံတမန်မရှိတဲ့အခြေအနေဖြစ်နေတာကြောင့် အခုလိုထည့်ပြောခဲ့တာပါ။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေး ထိရောက်အောင်ဆောင်ရွက်နိုင်တာမရှိဘူးလို့ ဝေဖန်ထောက်ပြပြီး လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်တပ်ကမဖြစ်မနေလိုက်နာဖို့ဆိုရင် အရေးယူမှုတွေပါတဲ့ဆုံးဖြတ်ချက်ကို ချမှတ်ဖို့လိုတယ်လို့ တိုက်တွန်းပြောကြားပါတယ်။

လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်အစည်းအဝေးရှိနေတဲ့ ‌ဖေဖော်ဝါရီ ၅ ရက်မှာပဲ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲက စာသင်ကျောင်းတွေကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်တွေ သေဆုံးခဲ့ရကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကထည့်ပြောခဲ့ပြီး ဒါက လုံခြုံရေးကောင်စီကို အရေးမစိုက်တဲ့သဘောလို့ သူကဆိုပါတယ်။

စစ်ကောင်စီကတော့ဒီမောဆိုးမြို့နယ်တွင်းကို မနေ့ဖေဖော်ဝါရီ ၅ ရက်က လေကြောင်း ပျံသန်းမှုမရှိသလို ဒီဖြစ်စဥ်ကိုသူတို့မလုပ်ကြောင်းငြင်းဆိုထားပါတယ်။