ထိုင်းအစိုးရသစ်အဖွဲ့ဝင်တွေ လာမယ့်သီတင်းပတ်ထဲ ကျမ်းသစ္စာကျိန်ဆိုမယ် - စက်တင်ဘာ ၂ ရက်နိုင်ငံတကာ ထိပ်တန်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းနိုင်ငံမှာ ပုံမှန် အတိုင်း လည်ပတ်ပြီး တာဝန်ဝတ္တရားတွေကို လုပ်ဆောင်နိုင်တဲ့ အစိုးရသစ်တစ်ရပ် ရရှိလာဖို့ နောက်တဆင့် နီးကပ်လာပြီ ဖြစ်ပါတယ်။ အစိုးရ အဖွဲ့သစ်ကို ဘယ်သူတွေနဲ့ ဖွဲ့စည်းမယ် ဆိုတဲ့ လျာထားချက်ကို ထိုင်းဘုရင်က အတည်ပြုပေးလိုက်တဲ့ အတွက် ဖြစ်ပါတယ်။
အဲဒီ အစိုးရသစ်ထဲ ပါဝင်ကြတဲ့ ဝန်ကြီးတွေဟာ လာမယ့် သီတင်းပတ်ထဲမှာ ကျမ်းသစ္စာ ကျိန်ဆိုကြမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ရွေးကောက်ပွဲ နောက်ပိုင်းက စပြီး အစိုးရသစ် ဖွဲ့နိုင်ဖို့ ကြန့်ကြာနေခဲ့တဲ့ ထိုင်းနိုင်ငံရေးဟာ အခုဆိုရင် အတော်လေး တည်ငြိမ်သွားတဲ့ အနေအထားကို ရောက်လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရှုံးခဲ့တဲ့သူတချို့ အခု ညွန့်ပေါင်းအစိုးရသစ်ထဲ ပြန်ပါလာတဲ့ အချက်အပေါ်မှာတော့ ဝေဖန်သူတွေက ထောက်ပြနေပါတယ်။အခု ညွန့်ပေါင်းအစိုးရသစ်ကို အိမ်ခြံမြေ သူဌေး ဆေထာ ထဝီဆင်က ဝန်ကြီးချုပ်အဖြစ် ဦးဆောင်သွားမှာ ဖြစ်ပါတယ်။
နေကိုလေ့လာ စူးစမ်းသွားမဲ့ အိန္ဒိယရဲ့ အာကာသခြေလှမ်းသစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယဟာ နေကို လေ့လာမယ့် သူတို့ရဲ့ ပထမဆုံး အကြိမ် အာကာသ မစ်ရှင်ခရီးကို အောင်အောင်မြင်မြင် စတင်လိုက်ပြီ ဖြစ်ပါတယ်။
လမျက်နှာပြင်ပေါ် ဆင်းသက်ခဲ့ပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ အိန္ဒိယဟာ အခုလို အာကာသ စူးစမ်းလေ့လာရေး မစ်ရှင်ခရီးကို ဆက်တိုက် လုပ်ဆောင်လာတာ ဖြစ်ပြီး သူတို့ရဲ့ အာကာသ လွှမ်းမိုးနိုင်စွမ်း ပါဝါကို လျှင်လျှင်မြန်မြန်ပဲ တိုးချဲ့ တည်ဆောက်လာပါတယ်။
အိန္ဒိယရဲ့ အခု သုတေသန အာကာသ ဂြိုဟ်တုယာဥ်ငယ်ဟာ ၄ လတာ ကာလ အတွင်းမှာ ကီလိုမီတာ တစ်သန်းခွဲထိအောင် ခရီးနှင်ဖို့ ရည်ရွယ်ထားပါတယ်။ အာကာသထဲက ရာသီဥတု အခြေအနေတွေကို ဘယ်အရာတွေက ဖန်တီးပေးနေတာလဲဆိုတာ ပိုပြီး သိမြင်နားလည် နိုင်ဖို့ ရည်ရွယ်တာ လုပ်ဆောင်တာ ဖြစ်ပါတယ်။
အာဒီတြ ဂြိုဟ်တုကို သယ်ဆောင်ထားတဲ့ ဒုံးပျံကို အိန္ဒိယ တောင်ပိုင်း အာ့ဒ်ဟာရာ ပရာဒက်ရှ် ပြည်နယ်မှာ ရှိတဲ့ ဆရီဟာရီကိုတာ အာကာသစခန်းကနေ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပရောဂျက်ရဲ့ အဓိက သိပ္ပံပညာရှင် တစ်ယောက် ဖြစ်တဲ့ ဒေါက်တာ ဆန်ကာရာ ဆူဘရာ မာနီယန် က အခုလို ရှင်းပြပါတယ်။
“နေရဲ့ အပြင်ဆုံးအလွှာ လေထု ကျယ်ပြန့်တာကနေ ပေါ်ပေါက်လာတဲ့ ဆိုလာလေတိုက်နှုန်းတွေကို ပိုပြီး နားလည်နိုင်အောင် ကြိုးစားတာ ဖြစ်ပါတယ်။ ဘယ်လိုဘယ်ပုံမျိုး ပလာစမာ အမှုန်တွေထုတ်လွှင့်မှု စတင်လာတယ်၊ ဘယ်လောက် အမြန်နှုန်း ရှိတယ် စတာတွေကို စူးစမ်းသွားမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ကြွေးနစ်နေတဲ့ တရုတ် တိုက်တာအိမ်ရာ ဆောက်လုပ်ရေး လုပ်ငန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နိုင်ငံရဲ့ အကြီးဆုံး အိုးအိမ်တိုက်တာ အိမ်ရာ ဆောက်လုပ်ရေး လုပ်ငန်းကြီး ဖြစ်တဲ့ Country Garden အနေနဲ့ တင်နေတဲ့ ကြွေးမြီ ဒေါ်လာ သန်း ငါးရာကျော်ကို ပြန်ဆပ်ဖို့ရာ သုံးနှစ်ကျော် အချိန်တိုးပြီး ရသွားပါတယ်။ အဲဒီလို အချိန် ထပ်တိုးပေးဖို့ရာ မြီရှင် ဘွန်းစာချုပ် ပိုင်ရှင်တွေက မဲခွဲ ဆုံးဖြတ်ပြီး ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
အမှန်ဆိုရင် ဒီကနေ့ စက်တင်ဘာ ၂ ရက် စနေနေ့မှာ ကြွေးပြန်ဆပ်ရမယ့် ရက် စေ့နေပြီ ဖြစ်ပါတယ်။
အခုလို ကြွေးဆပ်ဖို့ အချိန်တိုးရသွားတာဟာ Country Garden အတွက် လတ်တလော ပြဿနာတစ်ရပ် သက်သာ သွားပေမယ့်လည်း၊ ကြုံနေရတဲ့ တကယ့် ပြဿနာ အရင်းခံတွေ ပြေလည်သွားတာမျိုးတော့ မဟုတ်ဘူးလို့ စီးပွားရေး အကဲခတ်တွေက ဆိုပါတယ်။
တရုတ်ပြည်မကြီးမှာ အိမ်ခြံမြေ စျေးကွက် အေးနေတဲ့ အတွက် အဲဒီနယ်ပယ်ထဲက လုပ်ငန်းကုမ္ပဏီတွေ အားလုံးပေါင်းလိုက်ရင် တင်နေတဲ့ ကြွေးမြီပေါင်း ဒေါ်လာ ဘီလီယံ ၂၀၀ နီးပါးထိအောင် ရှိနေပါတယ်။
ရပ်ဝန်းနဲ့လမ်းကြောင်း တရုတ်စီမံကိန်းထဲက အီတလီ ထွက်တော့မှာလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီတလီ အစိုးရက သူတို့ အနေနဲ့ တရုတ်အစိုးရရဲ့ ကမ္ဘာလွှမ်းခြုံ စီးပွားရေး မဟာဗျုဟာ စီမံကိန်း ဖြစ်တဲ့ ရပ်ဝန်းနဲ့ လမ်းကြောင်း စီမံကိန်းထဲက နုတ်ထွက်မယ့် အရိပ်အယောင်တွေ ထပ်ပြီး ပြသလာပြန်ပါတယ်။
ဒီစီမံကိန်းကြောင့် ကုန်သွယ်ရေးဟာ ထင်သလောက် တိုးတက်မလာဘူးဆိုပြီး အီတလီ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို ထာဂျနီက ပြောပါတယ်။
မကြာသေးခင်ကမှ အီတလီ ကာကွယ်ရေး ဝန်ကြီးကလည်း ဒီ စီမံကိန်းဟာ သေချာ ပြင်ဆင်တာမျိုး မဟုတ်ပဲ လက်တန်းလုပ်တာမျိုး အရည်အသွေး မပြည့်မီသလို၊ သဘောထား အရင်းခံအရလည်း မဖြူစင်လှဘူး ဆိုပြီး ဝေဖန်ထားပါတယ်။
ရပ်ဝန်းနဲ့ လမ်းကြောင်း စီမံကိန်းထဲ ပါဝင်တဲ့ နိုင်ငံတွေ အနေနဲ့ တရုတ်ရဲ့ ကြွေးမြီထဲ နစ်ကြရတယ် ဆိုတဲ့ ဝေဖန်မှုတွေဟာ အရင်ကတည်းက ရှိနှင့်နေပြီး ဖြစ်ပါတယ်။ အီတလီ နိုင်ငံခြားရေးရဲ့ တရုတ်ပြည် ခရီးစဥ် မကြာခင် ရှိနေတာမှာ၊ အဲဒီ ခရီးစဥ် အတွင်း အီတလီ အနေနဲ့ ၂၀၁၉ မှာ တရုတ်အစိုးရနဲ့ကြား ချုပ်ဆိုခဲ့တဲ့ သဘောမှုစာချုပ်ကို ဖျက်သိမ်းနိုင်ဖို့ရာ ကြိုးစားနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
စစ်ရေးနည်းလမ်း မလိုက်ကြဖို့ မွန်ဂိုလီယားကနေ ပုပ်ဖရန်စစ် ပန်ကြား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မွန်ဂိုလီယားမြို့တော် အူလန်ဘာထောမှာ ရောက်နေပါတယ်။ ခရီးစဥ် အစဦးမှာပဲ ပုပ်ရဟန်းမင်းကြီးက သဘာဝ ပတ်ဝန်းကျင် ယိုယွင်း ပျက်စီးလာနေတဲ့ ပြဿနာဟာ ရွှေ့ဆိုင်းထားလို့ မရပဲ၊ ချက်ချင်းကိုင်တွယ်ဖို့ လိုတယ်ဆိုပြီး ပြောပါတယ်။
အူလန်ဘာထောမြို့ဟာ ကမ္ဘာပေါ်မှာ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုဒဏ်ကို အခံရဆုံး မြို့တွေထဲ ပါဝင်နေပါတယ်။ အကြောင်းကတော့ ချမ်းအေးမှု ရှည်လျားလှတဲ့ ဆောင်းရာသီ ကာလတွေ တောက်လျောက် အနွေးဓာတ်ရဖို့ ကျောက်မီးသွေးကိုသာ မီးရှို့နေကြရတဲ့ အတွက် ဖြစ်ပါတယ်။
မွန်ဂိုလီယားရဲ့ နာမည်ကျော် စစ်ဘုရင် ဂျင်ဂျစ်ခန် မွေးဖွားခဲ့တာ အနှစ် ၈၆၀ ပြည့် အထိမ်းမှတ် ပြုလုပ်တဲ့ ရှေးမြင်းစီး မွန်ဂို စစ်သည်တွေ အသွင် သရုပ်ပြကြတာတွေလည်း ပါဝင်တဲ့ ပွဲတော်ကို ပုပ်ရဟန်းမင်းကြီး တက်ရောက်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ပုပ်ဖရန်ဆစ်က ကမ္ဘာကြီးပေါ်က တင်းမာမှုတွေကို စစ်ရေးနည်း သုံးတာထက် ညှိနှိုင်းဆွေးနွေး အဖြေရှာတဲ့ နည်းတွေသာ သုံးကြဖို့ သူရဲ့ မိန့်ကြားချက်တွေထဲ ထည့်သွင်းတိုက်တွန်းသွားပါတယ်။
အီရန်-အီရတ်ကြား ရွှေလမ်းငွေလမ်းဖောက်တဲ့ ရထားလမ်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီရန်နဲ့ အီရတ်ကြား ဆက်သွယ်ထားတဲ့ အဓိက ရထားလမ်းသစ် စတင်ဖောက်လုပ်တဲ့ အထိမ်းအမှတ် ဖွင့်ပွဲကို အီရတ် ဝန်ကြီးချုပ် မိုဟာမက်ဒ် ရှီအာ အယ်လ်- ဆူဒါနီ တက်ရောက်ခဲ့ပါတယ်။
နှစ်နိုင်ငံ နယ်စပ်မှာ ပြုလုပ်တဲ့ အဲဒီပွဲမှာ အီရန် ဒုသမ္မတ မိုဟာမက်ဒ် မိုခါဘာလည်း ရှိနေခဲ့ပါတယ်။
ဒီရထားလမ်းဟာ အီရတ်မြို့ ဘာဆရာနဲ့ အီရန်မြို့ ရှေလမ်ရှက်တို့ကြား ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။
၂ နှစ်လောက် အချိန်ယူရနိုင်ပြီး အာရှ အနောက်ပိုင်း ဒေသတွေ တခွင် ကုန်သွယ်ရေးကို အထူး ကောင်းလာစေနိုင်တဲ့ စီမံကိန်း ဆိုပြီး နှစ်ဖက် အာဏာပိုင်တွေ ယူဆထားကြပါတယ်။








