ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အေအေနဲ့ စစ်ကောင်စီ အပစ်ရပ်မှု - ရခိုင်ပြည်သူတွေကို စဥ်းစားပြီး လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်ခဲ့တယ်လို့ အေအေပြော
စစ်ကောင်စီနဲ့ အေအေတို့ အပစ်အခတ်ရပ်စဲတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးတဲ့နောက် အပစ်အခတ်ရပ်စဲတာဟာ ရခိုင်ပြည်သူတွေအတွက် စဥ်းစားပြီး လုပ်ခဲ့တာ ဖြစ်တယ်လို့ အေအေဘက်က ပြောခွင့်ရ ဦးခိုင်သုခက ဘီဘီစီကို အတည်ပြုပြောပါတယ်။
အစောပိုင်းကတော့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့ ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတို့ကြား ပြီးခဲ့တဲ့ရက်ပိုင်းက ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် အပစ်အခတ်ရပ်စဲလိုက်ပြီလို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ဒီနေ့ နိုဝင်ဘာ ၂၆ ရက်မှာ အတည်ပြုထားခဲ့တာ ဖြစ်ပါတယ်။
ဦးခိုင်သုခက “အဓိကကတော့ ကျွန်တော်တို့ ရခိုင်ပြည်သူတွေရဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီးတော့မှ humanitarian ceasefire လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို အလွတ်သဘော informal လုပ်တာ ဖြစ်ပါတယ်” လို့ဆိုပါတယ်။
“လောလောဆယ်မှာ ကျွန်တော်တို့ ရခိုင်ပြည်သူတွေအတွက် အဓိကအကျဆုံးသည် စားနပ်ရိက္ခာ၊ ဆေးဝါးတွေ နောက်ပြီးလို့ရှိရင် အခု စပါးရိတ်သိမ်းတဲ့ရာသီမှာ စပါးရိတ်သိမ်းနိုင်ဖို့ ပြည်သူတွေအတွက် အလေးအနက်ထားပြီးတော့မှ၊ ပြည်သူတွေကို စဥ်းစားပြီးတော့ humanitarian ceasefire ကို ဆောင်ရွက်တာ ဖြစ်ပါတယ်။ ကျန်တာကတော့ ဘာမှ အပြောင်းအလဲ မရှိပါဘူး။ နဂို နိုင်ငံရေး ရပ်တည်ချက်အတိုင်းပါပဲ” လို့ ဆိုပါတယ်။
အပစ်အခတ်ရပ်စဲလိုက်တယ်ဆိုတာနဲ့ပတ်သက်လို့ ဘယ်လိုသဘောတူညှိနှိုင်းခဲ့တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်ကိုတော့ နှစ်ဖက်လုံးထံက ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
မြေပြင်အခြေအနေ
ရခိုင်ပြည်နယ်အတွင်းမှာစစ်ကောင်စီတပ်တွေနဲ့အေအေတို့ကြား ပြီးခဲ့တဲ့ သြဂုတ်လက စတင်ပြီး တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ချင်းပြည်နယ်ပလက်ဝမြို့နယ်နဲ့ ရခိုင်မြောက်ပိုင်းက အနည်းဆုံးမြို့နယ် ၇ ခုခန့်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
ပလက်ဝ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နဲ့ ကျောက်တော်မြို့နယ်တွေဟာ အပြင်းထန်ဆုံးမြို့နယ်တွေ ဖြစ်ပါတယ်။
လတ်တလောအခြေအနေတွေအရ တိုက်ပွဲဧရိယာနဲ့မသက်ဆိုင်တဲ့နေရာတွေ၊ အနီးပတ်ဝန်းကျင်ကျေးရွာတွေ၊ မြို့ပြနေရာတွေထိ လက်နက်ကြီးပစ်ခတ်ခံနေရတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေကို ဆိုးဆိုးရွားရွားကြုံနေရသလို နေရပ်စွန့်ခွာရမှုအခြေအနေတွေကလည်း ပိုမိုမြင့်မားလာနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းကဆိုရင် တစ်ရက်တည်း ရခိုင်ပြည်နယ်မောင်တောနဲ့ ရသေ့တောင်တို့မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လူ ၁၄ ဦး သေဆုံးခဲ့ရပါတယ်။
အရပ်သားတွေဖမ်းဆီးခံထားရ
ဒါ့အပြင် တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားနေတဲ့ သုံးလတာအတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံရတဲ့ အရပ်သားအရေအတွက် ၂၀၀ ကျော်အထိ ရှိနေပြီဖြစ်သလို တစ်ပြည်နယ်လုံးအတိုင်းအတာမှာ ကျေးလက်ကနေ မြို့ပြတွေအထိ မလုံခြုံမှုတွေနဲ့ ကြုံနေကြရတယ်လို့ နိုင်ငံရေးသမားတွေက ထောက်ပြနေကြပါတယ်။
နိုဝင်ဘာ ၂၁ ရက်နေ့မှာတော့ ချင်းပြည်နယ် ပလက်ဝမြိုန့ယ်အတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာရှိပြီး အဲဒီနောက်ပိုင်းတော့ ပလက်ဝနဲ့ ရခိုင်ပြည်နယ်အတွင်းက စစ်ရေးတင်းမာခဲ့တဲ့ ဒေသတွေမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီက အကျဥ်းသားတွေ လွှတ်ပေးခဲ့ရာမှာ အေအေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တချို့ပါဝင်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲအပြီးတည်းကစလို့ နှစ်ဖက်တိုက်ပွဲတွေ ရပ်တန့်သွားခဲ့ပေမဲ့ ဒီနှစ် သြဂုတ်လကစလို့တစ်ကျော့ပြန်တိုက်ပွဲတွေပြန်ဖြစ်လာတာနဲ့ပတ်သက်လို့ အေအေပြောခွင့်ရခိုင်သုခနဲ့ ဘီဘီစီတို့ ပြုလုပ်တဲ့ သီးသန့်မေးမြန်းခန်းမှာ ခုလိုပြောထားခဲ့ပါတယ်။
"၂၀၂၀ နိုဝင်ဘာ ၁၁ ရက်စပြီးတော့ အပစ်ခတ်ရပ်စဲတဲ့ကာလမှာ အပစ်အခတ်ရပ်စဲထားတယ်လို့ ပြောပေမဲ့လည်း မြန်မာစစ်တပ်ဟာ ပိတ်ဆို့မှုပေါင်းမျိုးစုံကို စစ်ပွဲ ကာလတုန်းကထက် ပိုဆိုးတဲ့ အခြေအနေမျိုး သူတို့ဘက်က ဖန်တီးလာတာရှိတယ်။ တိုက်ပွဲကို ရပ်တန့်ထားပေမဲ့ သူတို့ရဲ့ ပိတ်ဆို့ဖြတ်တောက်မှုတွေကို သူတို့မရပ်တန့်ဘူး။ ဒေသခံရခိုင်ပြည်သူတွေ အများကြီး ဒုက္ခရောက်လာတဲ့အနေအထားမျိုးမှာ ကျွန်တော်တို့ဘက်ကလည်း အတိုင်းအတာ အနေအထားအရ ပြန်ပြီးတုံ့ပြန်တဲ့အနေအထားတွေ ဖြစ်လာရတယ်" လို့ သူက ပြောကြားထားတာ ဖြစ်ပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ပိတ်ဆို့မှုတွေစစ်ကောင်စီဘက်က ပြုလုပ်ထားပြီး ဒုက္ခသည်တွေထံ အကူအညီပေးရေးတွေကိုလည်း တားမြစ်ထားတဲ့အတွက် ပြည်နယ်အတွင်းက ဒေသခံတွေအတွက် လူမှုဒုက္ခအခက်အခဲတွေများစွာကြုံတွေ့နေရပါတယ်။
နောက်ဆက်တွဲ အပြောင်းအလဲ ဘယ်လိုရှိမလဲ
အခုနှစ်ဖက်ညှိနှိုင်းပြီးအပစ်ရပ်လိုက်တဲ့နောက် ဒီလိုပိတ်ဆို့ထားမှုတွေနဲ့ပတ်သက်လို့ ဖြေလျှော့ပေးဖို့ ရှိမရှိကိုလည်း ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာချိန်တုန်းကလည်း အေအေနဲ့ စစ်ကောင်စီတို့ အပစ်အခတ်ရပ်စဲခဲ့ဖူးပြီး အာဏာသိမ်းပြီးနောက် တစ်ကျော့ပြန် တိုက်ပွဲတွေ ဖြစ်လာခဲ့တာပါ။
စစ်ကောင်စီဘက်ကတော့ ၂၀၂၂ ဟာ ငြိမ်းချမ်းရေးနှစ်ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပြီး အုပ်ချုပ်ရေးနဲ့ စစ်စခန်းတွေကို တိုက်ခိုက်ခံရတာကလွဲရင် စစ်ဆင်ရေးတွေ လုပ်ဖို့ မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ မြေပြင်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ရော အာဏာသိမ်းပြီးနောက်ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့ကာကွယ်ရေး တပ်တွေနဲ့ နေရာအတော်များများမှာ ၂၀၂၂ ရဲ့ အချိန်အတော်များများ တိုက်ပွဲတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။