ကျောက်တော် - စစ်တပ်နဲ့ ထွေအုပ်ကို စာတင်ပြီး စပါးရိတ်ဖို့ ရွာတချို့ပြင်ဆင်

ရခိုင်ပြည်နယ် မြောက်ပိုင်းက ကျောက်တော်မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာငါးရွာက တောင်သူတွေဟာ ရိတ်သိမ်းချိန်တန်နေပြီဖြစ်တဲ့ စပါးတွေကို ရိတ်သိမ်းခွင့်ရဖို့ ထွေအုပ်စတဲ့ သက်ဆိုင်ရာဒေသအာဏာပိုင်တွေကို တင်ပြသွားဖို့ ပြင်ဆင်နေကြပါတယ်။

အဲ့ဒီကျေးရွာတွေဟာ ကျောက်တော်မြို့နယ်အတွင်း ကုလားတန်မြစ်အထက်ပိုင်းမှာရှိတဲ့ နဂရာကျေးရွာအုပ်စု အတွင်းက နဂရာ၊ ရုပ်သ၊ ပီတ၊ မော်ရွာ၊မြင်းကန့်၊ လိပ်ကန်စတဲ့ကျေးရွာတွေဖြစ်ကြသလို စစ်ရှောင်နေရတာကြောင့် ရွာသားတွေလည်း ထွက်ပြေးနေကြ ရပါတယ်။

လက်ရှိမှာ စပါးတွေရိတ်သိမ်းခွင့်ရဖို့အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနနဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၉)တို့ကို တင်ပြသွားမှာဖြစ်တယ်လို့ ရုပ်သကျေးရွာက တောင်သူ ဦးမောင်ကျော်သန်းက ပြောပါတယ်။

အဲ့ဒီစပါးတွေဟာ မိုးစပါးတွေဖြစ်ကြပြီး အခုအခါမှာ ရိတ်သိမ်းချိန်တန်နေပြီဖြစ်ပေမယ့် ဒေသမတည်ငြိမ်မှုတွေ၊ နေရပ်စွန့်ခွာနေကြရတာတွေကြောင့် မရိတ်သိမ်းနိုင်သေးဘဲဖြစ်နေတယ်လို့ ဆိုပါတယ်။

ကုလားတန်မြစ်အထက်ပိုင်း ချင်းပြည်နယ် ပလက်ဝမြို့နယ် နဲ့ ကျောက်တော်မြို့နယ်အကြားမှာရှိတဲ့ ကျေးရွာအားလုံးနီးပါး တို့ဟာ လက်နက်ကြီးကျည်တွေ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲတာတွေ၊ ကျေးရွာမီးရှို့ခံရတာတွေကြောင့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်နဲ့ အခု ၂၀၂၂ ခုနှစ်တွေအတွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေကြတာဖြစ်ပါတယ်။

“ကျွန်တော်တို့တောင်သူတွေက စပါးတွေကို ရိတ်ခွင့်ရချင်တာပေါ့။ ဒါပေမယ့် လက်နက်ကြီးက အမြဲတမ်းကျကွဲနေတော့ သွားမရိတ်ရဲဘူး။တော်တော်လေး စိုးရိမ်ရတယ်။ ဒါကြောင့် မြို့နယ်ထွေအုပ်နဲ့ စကခ ၉ တို့ကို တောင်သူတွေ လက်မှတ်ထိုးပြီး စာတင်ဖို့အတွက်လုပ်နေကြတာပါ”လို့တောင်သူ ဦးမောင်ကျော်သန်းက ပြောပါတယ်။

အဲ့ဒီစာကိုတော့ ဘယ်နေ့တင်ပြနိုင်မယ်ဆိုတာကိုမသိရသေးကြောင်းနဲ့ ရွာသားတွေအားလုံးဟာ ကျောက်တော်မြို့နယ် အတွင်းက ကျေးရွာတွေနဲ့ ဒုက္ခသည်စခန်းတွေမှာပြန့်ကြဲရောက်ရှိနေကြတဲ့အတွက် တောင်သူတွေရဲ့ သဘောတူညီချက် လက်မှတ်တွေကို ရရှိဖို့အတွက် စတင်ဆောင်ရွက်နေကြပြီလို့ သိရပါတယ်။ 

လယ်ကွင်းတွေမှာ မှည့်နေကြပြီဖြစ်တဲ့ အဲ့ဒီစပါးတွေကို အခုလအတွင်းမရိတ်သိမ်းနိုင်ခဲ့လို့ရှိရင် အားလုံးပျက်စီးသွားတော့မှာဖြစ်ပြီး တောင်သူတွေအနေနဲ့လည်း ဆုံးရှုံးနစ်နာမှုတွေ ကြီးကြီးမားမား ရင်ဆိုင်ကြရမှာဖြစ်ပါတယ်လို့ ပြောကြပါတယ်။

နဂရာကျေးရွာအုပ်စုအတွင်း ကျေးရွာငါးရွာခန့်က တောင်သူစုစုပေါင်း ၂၃၅ ဦးတို့ပိုင်ဆိုင်တဲ့ လယ်ဧကပေါင်း ၄၀၀ ဝန်းကျင်ခန့်မှာ အခုလို စပါးရိတ်သိမ်းခွင့်မရဘဲ ဖြစ်နေတာလို့သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက စစ်ကောင်စီရဲ့ ရေတပ် စစ်သင်္ဘောကို ရက္ခိုင့်တပ်တော် အေအေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီးနောက်ပိုင်းမှာ ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တဲ့အတွက် အဲ့ဒီကျေးရွာသားတွေ သေဆုံခဲ့ကြရပြီး ရွာလုံးကျွတ်ထွက်ပြေးကြရတဲ့အခြေအနေနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒေသတွင်း ကုန်ဈေးနှုန်းတွေမြင့်တက်နေသလို သွားလာရေးတွေကိုလည်း ကန့်သတ်ခံနေကြရတဲ့အတွက် အစားဆန်ရေ ရှားပါးပြတ်လတ်မှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။

နဂရာကျေးရွာမှာတော့ စပါးရိတ်သိမ်းခွင့်ရဖို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနကို အခုလ ၁၈ ရက်နေ့ကတင်ပြထားပြီး ဖြစ်ပေမယ့် ရိတ်သိမ်းခွင့်ရမရ မသိရသေးဘူးလို့ နဂရာကျေးရွာက တောင်သူတစ်ဦးက ပြောဆိုပါတယ်။

“ရွာငါးရွာက လယ်ဧက ၄၀၀ ကျော်ရှိပါတယ်။ လက်ရှိမှာ ရိတ်သိမ်းချိန်ရောက်နေပေမယ့် တပ်မကနေ လက်နက်ကြီးပစ်နေတော့ ရိတ်သိမ်းလို့မရဘဲဖြစ်နေတာပါ။ ခွင့်ပြုချက်ရရင်တော့ ရိတ်သိမ်းရမယ်၊မရရင်တော့ ဆုံးရှုံးရုံပါပဲ”လို့ နဂရာကျေးရွာက တောင်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ လအတွင်းက အဲ့ဒီနေရာအနီးဝန်းကျင်တွေမှာတိုက်ပွဲတွေဖြစ်ခဲ့ကြပေမယ့် လက်ရှိမှာတော့ တိုက်ပွဲတွေမရှိတော့ဘဲ လက်နက်ကြီးပစ်ခတ်မှုတွေတော့ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်တော်မြို့နယ်အပြင် ရခိုင်မြောက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြို့နယ်တွေအတွင်းမှာလည်း အခုလိုမျိုး စပါးရိတ်သိမ်းခွင့်မရဘဲ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေအတွင်းက ဒေသခံကျေးရွာသားတွေဟာ မြို့နယ်တွင်း အသွားအလာတွေကို ကန့်သတ်ပိတ်ဆို့ထားတာကြောင့် စပါးခင်းတွေဆီကို သွားလာလို့မရတဲ့အတွက် စပါးတွေကိုမရိတ်သိမ်းနိုင်ကြသေးဘူးလို့ ဆိုပါတယ်။ 

ဒါ့အပြင် မင်းပြားမြို့နယ်အတွင်းက ကြပ်စင်ကျွန်းတဝိုက်မှာလည်း တောင်သူတွေ စိုက်ပျိုးထားတဲ့စပါးခင်းတွေက စပါးတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ရိတ်သိမ်းတာတွေရှိနေသလို မိမိတို့ရဲ့စပါးခင်းတွေမှာ စပါးရိတ်သိမ်းနေကြတဲ့ တောင်သူတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေပြုလုပ်တဲ့အတွက် ထွက်ပြေးလာခဲ့ကြရတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်ဆိုတဲ့ ဒေသခံတွေရဲ့ ပြောဆိုမှု တချို့ရှိပါတယ်။

အခုနှစ် မိုးစပါးစိုက်ပျိုးရာသီမှာကတည်းက ရခိုင်ပြည်နယ်အတွင်း မိုးခေါင်တဲ့အတွက် စပါးတွေကို အချိန်လွန်ပြီးမှ စိုက်ပျိုးခဲ့ကြရပြီး စပါးတွေ အဖူးဖူးချိန်အတွင်း မုန်တိုင်းကြောင့် လယ်ကွင်းတွေကို ဆားငန်ရေဝင်ရောက်ခဲ့တာကြောင့် ပျက်စီးမှုတွေနဲ့ ကြုံခဲ့ကြရတဲအခြေအနေမှာ အခုလိုကျန်တဲ့စပါးတွေကို ရိတ်သိမ်းခွင့်မရလို့ရှိရင် ရခိုင်ပြည်နယ်ရဲ့ လာမယ့်နှစ် ရိက္ခာဖုံလုံမှုမရှိနိုင်ဘူးလို့ ခန့်မှန်းချက်တွေလည်း ရှိနေပါတယ်။