ဆေးစရိတ်အလှူငွေ ဒေါ်လာသန်းချီအမြတ်ထုတ်ခံရတဲ့ ကင်ဆာရောဂါသည်ကလေးငယ်တွေ

    • ရေးသားသူ, ဆီးမီ ဂျီလာအိုဆို
    • ရေးသားသူ, ဂျက်ခ် ဂွတ်ဒ်မန်း
    • ရေးသားသူ, ဆာရာ ဘာကလေ
    • ရာထူးတာဝန်, BBC Eye Investigations

ကြိုတင်သတိပေးချက် - ဒီဆောင်းပါးထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ အကြောင်းအရာပါဝင်ပါတယ်။​

ကလေးငယ်လေးက ကင်မရာဘက်ကို မျက်နှာမူထားပါတယ်။​ ဖြူဖပ်ဖြူရော်နဲ့ ကောင်လေးဟာ ကတုံးလေးနဲ့ဖြစ်ပါတယ်။

"သားက အသက် ၇ နှစ်ရှိပါပြီ။ သားက ကင်ဆာဖြစ်နေတာပါ" လို့သူက ပြောပြီး "သားအသက်ကို ကျေးဇူးပြုပြီး ကူညီကယ်ဆယ်ပေးကြပါ" လို့ ဆက်ပြောပါတယ်။

ဗီဒီယိုထဲကနေ ပြန်ရိုက်ယူထားတဲ့ အပေါ်က ဓာတ်ပုံထဲက ခါလီဟာ သူ့မိခင် အယ်လ်ဂျင်ကို ရုပ်သံမရိုက်ချင်ဘူးလို့ ပြောပါတယ်။

အဲဒီနေ့က မိသားစုကို ခါလီ့မွေးနေ့လို ဟန်ဆောင်ခိုင်းပြီး ကလေးကို ကတုံး တုံးထားဖို့ ကြိုပြောထားပါတယ်။

ရိုက်ကူးရေးအဖွဲ့ဝင်တစ်ယောက်ကလည်း ခါလီ့ကို ဆေးသွင်းထားသလို ဆေးပုလင်းအတု ချိတ်ပြီး မြင်ကွင်းကို ပုံစံချပါတယ်။

ရိုက်ကူးရေးအတွက် ပြောရမယ့်ဇာတ်တိုက်စာသားကိုလည်း ကြိုပေးထားပြီး အင်္ဂလိပ်လို ဖတ်ပြပါတယ်။

ခါလီ မျက်ရည်ကျအောင် ကြက်သွန်နီ လှီးထားတာကို အနားမှာ ချထားပါတယ်။ မျက်လုံးအောက်ကို ပရုတ်ဆီလိမ်းခံရတာကို သူ့သားမကြိုက်ဘူးလို့ အယ်လ်ဂျင်က ပြောပါတယ်။

ဒီလိုပုံစံမျိုးနဲ့ ရုပ်သံကို ဆင်ပြီး ရိုက်ရတာဖြစ်ပေမဲ့ ခါလီက အမှန်တကယ် ကင်ဆာရောဂါခံစားနေရတာဖြစ်လို့ လက်ခံဖြစ်ခဲ့တာလို့ အယ်လ်ဂျင်က ဆိုပါတယ်။

ရုပ်သံကနေတဆင့် အွန်လိုင်း ရန်ပုံငွေထူထောင်ပြီး ပိုကောင်းတဲ့ကုသမှုခံယူခွင့်ရနိုင်တယ်လို့ အယုံသွင်းခံထားရတာပါ။

ခါ့လီနာမည်နဲ့ အလှူငွေရှာမှု တစ်ခုက အမေရိကန်ဒေါ်လာ ၂၇,၀၀၀ အထိရခဲ့တာကို ဘီဘီစီက တွေ့ရပါတယ်။

ဒါပေမဲ့ ဒီအလှူငွေရှာမှု မအောင်မြင်ဘူးလို့သာ အယ်လ်ဂျင် ပြန်သိရပြီး ရိုက်ကူးရေးအတွက် အမေရိကန်ဒေါ်လာ ၇၀၀ ပဲ လက်ခံရရှိခဲ့ပါတယ်။

တစ်နှစ်အကြာမှာတော့ ခါလီ ဆုံးပါးသွားခဲ့ပါပြီ။

ကမ္ဘာတဝန်းက နာမကျန်းဖြစ်ပြီး ရောဂါသည်းကလေးတွေရဲ့ မိဘတွေအနေနဲ့ အလိမ်အညာ အွန်လိုင်း အလှူငွေရှာမှုတွေရဲ့ခေါင်းပုံဖြတ်ခံနေရတာကို ဘီဘီစီကမ္ဘာတလွှားဌာနက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

စေတနာရှင်လူထုက ​ဆေးကုသမှုအတွက် ရန်ပုံငွေရှာတဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်လှူဒါန်းမှုပြုကြပါတယ်။​

စိတ်ထိခိုက်စရာကောင်းတဲ့ ရုပ်သံရိုက်ကူးပေးလိုက်ရတဲ့ မိသားစု ၁၅ စုရဲ့ပြောပြချက်အရ ရန်ပုံငွေ ရှာပေးတာကနေ ငွေကြေးအနည်းအကျဥ်း ဒါမှမဟုတ် လုံးဝမရလိုက်တာလည်းရှိသလို အဲဒီလိုအလှူရှင်ရှာတာ လုပ်ဖြစ်လိုက်သလားတောင် မသိလိုက်ရတာလည်း မကြာခဏကြုံရတယ်လို့ ဆိုကြပါတယ်။

ဘီဘီစီနဲ့ စကားပြောဖြစ်ခဲ့တဲ့ မိသားစု ၉ စုရဲ့အပြောအရ စေတနာရှင်ရှာတဲ့လိမ်လည်ကွန်ရက်တစ်ခုတည်းကနေ လုပ်သွားတာဖြစ်ပြီး သူတို့နာမည်နဲ့ အလှူငွေကောက်ခံရရှိတဲ့အမေရိကန်ဒေါ်လာ ၄ သန်းကို မိသားစုတွေဘက်က တပြားတကျပ်မှ လက်ခံရရှိခြင်း မရှိပါဘူး။​

အဲဒီကွန်ရက်ရဲ့လျှို့ဝှက်သတင်းပေးတစ်ဦးပြောပြချက်အရ လိမ်လည်မယ့်အဖွဲ့က ဆံပင်မရှိတဲ့ အသက် ၃ နှစ်ကနေ ၉ နှစ်အရွယ် ချစ်စရာကလေးတွေကို ရှာဖွေခဲ့ကြတာပါ။

လိမ်လည်မှုရဲ့အဓိကလက်သည်က ကနေဒါနိုင်ငံမှာ နေထိုင်တဲ့ အစ္စရေးနိုင်ငံသား အဲရက် ဟာဒါရီ ဖြစ်တယ်ဆိုတာကို ခြေရာခံနိုင်ခဲ့ပါတယ်။​

"သမီးမသေချင်သေးဘူး။ သမီးရဲ့ ဆေးကုသစရိတ်က အများကြီးပေးရတယ်" လို့ ဂါနာနိုင်ငံက အလက်ဇန်ဒရာဆိုတဲ့ မိန်းကလေးက ငိုရှိုက်ရင်း ပြောလာတဲ့ YouTube ရုပ်သံကို မြင်တွေ့အပြီးမှာ ဒီလိုဖြစ်ရပ်တွေအပေါ် ဘီဘီစီက အာရုံစိုက်မိခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ အလှူရှင် စေတနာရှင်ရှာတဲ့ဒီလိုလှုပ်ရှားမှုတွေကို စတင်စုံစမ်းထောက်လှမ်းခဲ့ကြပါတယ်။

ဒီကလေးရဲ့ အွန်လိုင်းကနေ အလှူရှင်ရှာဖွေမှုကနေ အမေရိကန်ဒေါ်လာ ၇ သိန်းအထိ ကောက်ခံရ ရှိခဲ့ပါတယ်။

ကျန်းမာရေးမကောင်းတဲ့ ကလေးတွေရဲ့ နောက်ထပ်ရုပ်သံတွေကိုလည်း YouTube မှာ တွေ့ရပါတယ်။​

မျက်စိကျလောက်အောင် ဖန်တီးထားတဲ့ ရုပ်သံအားလုံးက သိသိသာသာ ဆင်တူကြပြီး အလှူငွေ အများအပြားရရှိထားတာ တွေ့ရပါတယ်။

သနားစရာကောင်းတဲ့အသုံးအနှုန်းတွေကို ရွေးချယ်အသုံးပြုထားပြီး အရေးတကြီးလိုအပ်နေတာ ပေါ်လွင်အောင်လည်း ရိုက်ထားပါတယ်​။

ဒီဖြစ်ရပ်ကို ပိုပြီး နက်နက်ရှိုင်းရှိုင်း တူးဆွဖို့ ဘီဘီစီက ဆုံးဖြတ်လိုက်ပါတယ်။​

နိုင်ငံတကာအထိ ထိုးဖောက်ဝင်ရောက်မှု အားအကောင်းဆုံး အွန်လိုင်းအလှူငွေရှာလှုပ်ရှားမှုဖြစ်တဲ့ Chance Letikva (မျှော်လင့်ခြင်းအတွက် အခွင့်အလမ်း) လို့ အဓိပ္ပါယ်ရတဲ့အဖွဲ့အစည်းတစ်ခုရဲ့အောက်ကနေ လုပ်ဆောင်နေတာ တွေ့ရပါတယ်။

ဒီအဖွဲ့အစည်းက အစ္စရေးနဲ့ အမေရိကန်မှာ မှတ်ပုံတင်ထားတာ ဖြစ်ပါတယ်။

ကလေးတွေရဲ့ နောက်ကြောင်းရာဇဝင်ကို လိုက်ဖို့က ခက်ခဲခဲ့ပါတယ်။​

ဒီကလေးတွေဟာ ကိုလံဘီယာနဲ့ ဖိလစ်ပိုင်နိုင်ငံလို ဝေးလံတဲ့ နိုင်ငံတွေကဖြစ်ပြီး သက်ဆိုင်ရာမိသားစုနဲ့ အဆက်အသွယ်ရနိုင်အောင် တည်နေရာအချက်အလက်ရှာဖွေတဲ့နည်းပညာ၊ လူမှုကွန်ရက်နဲ့ မျက်နှာမှတ်သားအတည်ပြုတဲ့ဆော့ဝဲလ်တွေကို အသုံးပြုခဲ့ရပါတယ်။​

စေတနာရှင်ဝိုင်းရှာပေးတဲ့ဝက်ဘ်ဆိုဒ်မှာပြထားတဲ့ အလှူငွေပမာဏက မှန်ကန်လားဆိုတာ စစ်ဆေးဖို့ ငွေပမာဏအနည်းငယ်လှူကြည့်လိုက်ချိန်မှာ အလှူငွေစုစုပေါင်းမှာ ကိန်းဂဏန်းတက်သွားတာ တွေ့ရပါတယ်။​

အလက်ဇန်ဒရာ အလှူငွေရှာ လှုပ်ရှားမှုကို အမေရိကန်ဒေါ်လာ ၁၈၀ လှူခဲ့သူတစ်ဦးနဲ့ စကားပြောကြည့်ချိန်မှာတော့ တစ်ခါလှူပြီးတာနဲ့ အလက်ဇန်ဒရာနဲ့ ဖခင်ဖြစ်သူက ရေးထားသယောင်ရှိတဲ့ နောက်ထပ်အလှူခံတဲ့စာတွေက ဝင်လာတယ်လို့ ပြောပြပါတယ်။​

ဖိလစ်ပိုင်နိုင်ငံက အယ်လ်ဂျင် တဘာစာ ကတော့ သူ့သား ခါလီက အသက် ၇ နှစ်ပြည့်ပြီးချိန်မှာ နာမကျန်း စဖြစ်ခဲ့တာလို့ ဆိုပါတယ်။​

"ကင်ဆာဖြစ်နေမှန်းလည်း သိရော ကမ္ဘာပျက်သလို ခံစားခဲ့ရတယ်" လို့ သူက ပြောပါတယ်။

သူတို့မိသားစုနေထိုင်ရာ စီဘူးမြို့ဆေးရုံရဲ့ကုသရေးက အချိန်ကြာလွန်းလို့ အကူအညီပေးနိုင်မယ့်သူ အားလုံးဆီကို စာပို့ အကူအညီတောင်းခဲ့တယ်လို့ ပြောပါတယ်။​

လူတစ်ယောက်က သူ့ကို ရိုဝမ် အင်ရှဲလ်တိုလို့ ခေါ်တဲ့ စီးပွားရေးသမားတစ်ဦးနဲ့ မိတ်ဆက်ပေးပါတယ်။

ဒီလူက ခါလီရဲ့ဗီဒီယိုတစ်ခု တောင်းကြည့်ခဲ့တာကို အခုမှပြန်စဥ်းစားကြည့်တော့ ရုပ်သံကြည့်ပြီး လူရွေးဖို့ပဲဆိုတာ အယ်လ်ဂျင်နားလည်လိုက်ပါတယ်။​

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာတော့ ကနေဒါနိုင်ငံကနေ အဲရက်လို့ ခေါ်တဲ့ အမျိုးသားတစ်ယောက် ရောက်လာခဲ့ပါတယ်။

ဒီအမျိုးသားက ခါလီ့ကို ရုပ်သံရိုက်ကူးခ ချက်ချင်းပေးပြီး ဒီရုပ်သံကနေ အလှူငွေတွေ ထပ်ရရင် တစ်လကို ဒေါ်လာ ၁,၅၀၀ ပေးမယ်လို့ ကလေးရဲ့မိခင် အယ်လ်ဂျင့်ကို ကတိပေးပါတယ်။​

မြို့က ဆေးရုံတစ်ခုမှာ အဲရက်က ခါလီ့ကို စိတ်တိုင်းမကျမချင်း ရုပ်သံအကြိမ်ကြိမ် ရိုက်ကူးခဲ့တာ ၁၂ နာရီလောက်ကြာသွားတယ်လို့ အယ်လ်ဂျင်က ပြောပါတယ်။​

ခါလီ့ရုပ်သံကနေ အလှူငွေရ မရဆိုတာကို လအတန်ကြာတဲ့အထိ မိသားစုက ဘာသတင်းမှ မကြားရတော့ပါဘူး။

အယ်လ်ဂျင်က အဲရက်ကို စာပို့မေးမြန်းတဲ့အခါကျမှသာ ရုပ်သံက "မအောင်မြင်ခဲ့ဘူး" လို့ ပြန်ပြောပါတယ်။

ဒါပေမဲ့ ဒီအလှူငွေ ရှာဖွေမှုကနေ ဒေါ်လာ ၂၇,၀၀၀ အထိ ရခဲ့တယ်ဆိုတာနဲ့ အွန်လိုင်းမှာရှိနေသေးတာကို ဘီဘီစီက သူ့ကို ပြောပြလိုက်ပါတယ်။

"ဒီလိုသာ အလှူငွေရခဲ့မှန်းသိရင် ခါလီ အသက်ရှင်သန်ခွင့်ရချင်ရမှာ" လို့ အယ်လ်ဂျင်က ပြောပါတယ်။

"သူတို့ဘာကြောင့်များ ကျွန်မတို့အပေါ် ဒီလောက်အထိ လုပ်ရက်နိုင်ရတာလဲ"

ရိုဝမ် အင်ရှဲလ်တိုကို ရုပ်သံရိုက်ကူးရေးအတွက် တာဝန်ယူခဲ့တဲ့အပိုင်းကို မေးမြန်းချိန်မှာတော့ ကလေးကို ကတုံးရိတ်ဖို့ မိသားစုကို မပြောခဲ့ဘူးလို့ ငြင်းဆန်ပါတယ်။

သူ့အနေနဲ့ ငွေကြေးလက်ခံရယူပြီး လူစုဆောင်းပေးခဲ့တာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။​

အလှူငွေကိစ္စကလည်း သူစီမံတာ မဟုတ်သလို ရုပ်သံရိုက်ကူးရေးပြီးကတည်းက မိသားစုနဲ့ မဆက်သွယ်ဖြစ်တော့ဘူးလို့ ပြောပါတယ်။

သူ့ကို ခါလီရဲ့မိသားစု အလှူငွေ ရှာဖွေမှုမှာ အလှူငွေတွေ မရခဲ့တဲ့အကြောင်း ပြောပြချိန်မှာတော့ သူ "သေချာမသိဘူး" ဆိုတာနဲ့ "မိသားစုအတွက် အလွန်စိတ်မကောင်းဖြစ်မိတယ်" လို့ ပြောပါတယ်။​

Chance Letikva အဖွဲ့အစည်း မှတ်ပုံတင်တဲ့စာရွက်စာတမ်းတွေမှာ အဲရက်ဆိုတဲ့ နာမည် မတွေ့ရပါဘူး။​

ဒီအဖွဲ့ကလုပ်တဲ့ နောက်ထပ်ကမ်ပိန်း ၂ ခုကို ခြေရာခံကြည့်ရာမှာတော့ အစ္စရေးနဲ့ ကနေဒါနိုင်ငံ တွေမှာ မှတ်ပုံတင်ထားတဲ့ မျှော်လင့်ခြင်းနံရံများ(Walls of Hope) ဆိုတဲ့ အဖွဲ့တစ်ခုက ကြော်ငြာ ပေးထားတာ တွေ့ရပါတယ်။ အဖွဲ့ရဲ့ ဒါရိုက်တာက အဲရက် ဟာဒါရီ ဖြစ်ဆိုတာကို စာရွက်စာတမ်းတွေမှာ ထည့်သွင်းဖော်ပြထားပါတယ်။​

အွန်လိုင်းက သူ့ဓာတ်ပုံတွေအရ ဖိလစ်ပိုင်၊ နယူးယောက်နဲ့ မိုင်ရာမီက ဂျူးဘာသာရေးပွဲတွေ သွားရောက်ခဲ့တာကို ပြသနေပါတယ်။​

ဒီပုံတွေ အယ်လ်ဂျင်ကို ပြကြည့်ရာမှာတော့ သူတွေ့ဖူးတဲ့လူပဲလို့ ပြောပါတယ်။​

ဖိလစ်ပိုင်နိုင်ငံက ကမ်ပိန်းမှာ ပါဝင်ပတ်သက်မှုနဲ့ဆက်စပ်လို့ မစ္စတာ ဟာဒါရီကို မေးမြန်းရာမှာတော့ အကြောင်းမပြန်ပါဘူး။​

မစ္စတာ ဟာဒါရီ ဦးဆောင်တဲ့၊ ဆက်စပ်တဲ့ ကမ်ပိန်းတွေမှာ ပါဝင်ခဲ့တဲ့ မိသားစုတွေဆီ ဘီဘီစီက အရောက်သွားခဲ့ပါတယ်။

ပထမ မိသားစုက ကိုလံဘီယာနိုင်ငံထဲမှာ နေထိုင်တဲ့ ဌာနေတိုင်းရင်းသား အသိုက်အဝန်းကဖြစ်ပြီး နောက်ထပ်မိသားစုကတော့ ယူကရိန်းနိုင်ငံက ဖြစ်ပါတယ်။​

ခါလီရဲ့ဖြစ်စဥ်လိုပဲ ကြားခံချိတ်ဆက်ပေးတဲ့ ဒေသခံကတဆင့် ချိတ်ဆက်လုပ်ဆောင်သွားတာ ပါပဲ။

မစို့မပို့ ပိုက်ဆံလေး ပေးပြီး ကလေးကို ငိုခိုင်းတာ၊ မျက်ရည်တုသုံး ငိုစေပြီး ရုပ်သံရိုက်ယူသွားခဲ့ပေမဲ့ အထောက်အပံ့ငွေကြေးတော့ လုံးဝမရခဲ့ကြပါဘူး။​

ကိုလံဘီယာ အနောက်မြောက်ပိုင်းက ဆူကရေ ဒေသမှာ နေထိုင်တဲ့ ဆာဂျီယိုကဲကတော့ အစပိုင်းမှာ အကူအညီရယူဖို့ ငြင်းဆန်ခဲ့ပါသေးတယ်။​

ဆာဂျီယိုကဲကို အစ္စဘဲလ်ဆိုတဲ့ အမျိုးသမီးက ချဥ်းကပ်လာခဲ့တာပါ။

ပြင်းထန်ဦးနှောက်အကျိတ်ရောဂါ ရှိနေတဲ့သမီးဖြစ်သူ အသက် ၈ နှစ်အရွယ် အန်နာအတွက် ငွေကြေးထောက်ပံ့ပေးမယ်ဆိုပြီး ပြောလာတာလို့ သူက ပြောပါတယ်။

အန်နာကို ဆေးရုံပြနေရချိန်မှာ အစ္စဘဲလ်က နိုင်ငံတကာအစိုးရ မဟုတ်တဲ့အဖွဲ့အစည်းမှာ လုပ်နေတယ်ဆိုတဲ့ အမျိုးသားတစ်ဦးနဲ့အတူ ဆာဂျီယိုကဲကို လာရှာခဲ့ပါတယ်။

ဆာဂျီယို ပြောပြတဲ့အမျိုးသားပုံစံက အဲရက် ဟာဒါရီနဲ့ တူပြီး ဓာတ်ပုံထုတ်ပြလိုက်ချိန်မှာတော့ သူမှတ်မိသွားခဲ့ပါတယ်။

"ရှေ့ရေးအတွက် ပိုက်ဆံလုံးဝမရှိချိန်မှာ သူက မျှော်လင့်ချက်ပေးခဲ့တယ်"

မိသားစုဘက်ကို တောင်းဆိုတာတွေက ရုပ်သံရိုက်ကူးတာ တစ်ခုတည်းနဲ့တင် မပြီးသွားပါဘူး။

အန်နာရဲ့ဆေးရုံက ပုံတွေ ထပ်ပို့ပေးဖို့ အစ္စဘဲလ်က ဆာဂျီယိုကဲကို ဖုန်းတွေ ဆက်တိုက် ခေါ်ဆိုခဲ့ပါတယ်။

ဆာဂျီယိုကဲက ဖုန်းမကိုင်ရင် အစ္စဘဲလ်က အန်နာဆီကို အသံနဲ့စာတိုတွေ တိုက်ရိုက်ပို့ခဲ့တာတွေထဲက အသံအချို့ကို ဘီဘီစီက နားထောင်ခွင့်ရခဲ့ပါတယ်။

အန်နာက အစ္စဘဲလ်ကို ပို့စရာပုံ မရှိတော့ဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။

အစ္စဘဲလ်က "ဒီလိုလုပ်နေတာ မကောင်းဘူးနော် အန်နာ။ အတော်ဆိုးဆိုးပဲ" လို့ တုံ့ပြန်ခဲ့ပါတယ်။

ဒီနှစ် ဇန်နဝါရီမှာ အန်နာတစ်ယောက်ရဲ့ ရောဂါ အရှင်းသက်သာသွားချိန်မှာ ကတိကဝတ်ပြုထားတဲ့ အလှူငွေတွေ အကြောင်းလှမ်းမေးဖြစ်ခဲ့ပါတယ်။​

"အဲဒီဖောင်ဒေးရှင်း ပျောက်သွားပြီ"

"မင်း ရုပ်သံကို မတင်ဖြစ်ခဲ့ဘူး။ ဘယ်တော့မှ မတင်ခဲ့သလို ဘာမှလည်း မဖြစ်လာဘူး။ ကြားလား"​ လို့ အစ္စဘဲလ်က အသံဖိုင်ပြန်ပို့ပါတယ်။

ဒါပေမဲ့ ၂၀၂၄ ခုနှစ် ဧပြီမှာ အန်နာရဲ့ရုပ်သံတင်ခဲ့ပြီး ဒေါ်လာ ၂၅၀,၀၀ အထိရခဲ့တာကို ဘီဘီစီက တွေ့ရပါတယ်။​

အောက်တိုဘာလမှာ အစ္စဘဲလ် ဟာနန်ဒက်ဇ်နဲ့ ရုပ်သံခေါ်ဆိုမှု လုပ်နိုင်ခဲ့ပါတယ်။

ကလေးကင်ဆာလူနာတွေကို ကူညီဖို့ ရှာဖွေနေတဲ့ ဖောင်ဒေးရှင်းတစ်ခုအတွက် အလုပ်လုပ်ပေးဖို့ သူငယ်ချင်းတစ်ဦးက အဲဒီဖောင်ဒေးရှင်းက လူနဲ့ မိတ်ဆက်ပေးခဲ့တာလို့ အစ္စဘဲလ်က ပြောပါတယ်။​ ဘယ်သူ့အတွက် အလုပ်လုပ်ပေးခဲ့တယ်ဆိုတာတော့ သူက ထုတ်မပြောပါဘူး။​

သူ ကူညီခဲ့တဲ့ အလှူငွေရှာဖွေရေးတွေထဲက တစ်ခုကိုပဲ ရန်ပုံငွေရှာဖို့ လုပ်ဆောင်ဖြစ်ခဲ့တယ်လို့ အစ္စဘဲလ် သိရပြီး အဲဒါကလည်း မအောင်မြင်ခဲ့ဘူးလို့ ပြောပါတယ်။​

အလှူငွေရှာဖို့ အွန်လိုင်းတင်ခဲ့တဲ့ ကမ်ပိန်း ၂ ခုကို အစ္စဘဲလ်ကို ပြလိုက်ပြီး အဲဒီထဲက တစ်ခုဟာ ဒေါ်လာ ၇ သိန်းအထိ ရရှိထားတာပါ။​

"ကျွန်မအနေနဲ့ မိသားစုတွေကို တောင်းပန်သင့်ပါတယ်။​ ဒီလိုဖြစ်မယ်မှန်းသာ ကြိုသိခဲ့ရင် အခုလို လုပ်ရပ်တွေ လုပ်ဖြစ်ခဲ့မှာ မဟုတ်ဘူး"​ လို့ သူကပြောပါတယ်။​

ယူကရိန်းက နာမကျန်း ကလေးဖြစ်သူရဲ့မိခင်ကို ချဥ်းကပ်ခဲ့သူက အလှူငွေရှာမယ့်ရုပ်သံ ရိုက်ကူးခဲ့တဲ့နေရာမှာပဲ အလုပ်လုပ်နေတဲ့ဝန်ထမ်း ဖြစ်ပါတယ်။​

တက်တီယားနား ခါလီရာဗ်ခါက ဦးနှောက်ကင်ဆာရောဂါခံစားနေရတဲ့ အသက် ၅ နှစ်အရွယ် ဗစ်တိုးရီးယားကို ချာနိဗ်ဆီမြို့က အိန်ဂျယ်လ်ဟုမ်းဆေးခန်းမှာ ရိုက်ကူးရေးလုပ်ဖို့ စီစဥ်ခဲ့ပါတယ်။​

Chance Letikva ကမ်ပိန်းကို ချိတ်ဆက်ထားတဲ့ ဖေ့ဘုတ်ခ်ပို့စ် တစ်ခုမှာ ဗစ်တိုးရီးယားနဲ့ မိခင် ဖြစ်သူ အိုလီနာ ဖာဆိုဗာက ကုတင်ပေါ်မှာ ထိုင်နေကြတဲ့ပုံကို တင်ပါတယ်။

"ကျွန်မသမီးကို ကယ်တင်ပေးဖို့ အားလုံးပါဝင်နေကြတာ မြင်ရပါတယ်။ ဒါကအားတစ်ခု ဖြစ်စေပါတယ်။​ ဗစ်တိုးရီးယားရဲ့ကုသမှုတွေအတွက် လိုအပ်တဲ့ငွေပမာဏရဖို့ အချိန်နဲ့အမျှအရေးကြီးနေပါတယ်" လို့ ပုံစာမှာ ဖော်ပြထားပါတယ်။​

ဒီစကားလုံးတွေကို ရေးလည်း မရေးဖူးသလို ပြောလည်းမပြောခဲ့ဖူးဘူးလို့ အိုလီနာက ပြောပါတယ်။

ဒီကမ်ပိန်းကို အွန်လိုင်းတင်ထားတာလည်း သူမသိပါဘူး။​

အလှူငွေ စုစုပေါင်း ဒေါ်လာ ၂၈၀,၀၀၀ အထိ ကမ်ပိန်းက ရခဲ့တာပါ။​

တက်တီယားနားက အိန်ဂျယ်ဟုမ်းဆေးခန်းရဲ့ကြော်ငြာနဲ့ ဆက်သွယ်ရေးတာဝန်ခံဖြစ်တယ်လို့ သိရပါတယ်။​

ဆေးခန်း ပရဝုဏ်အတွင်းမှာ ရိုက်ကူးရေးလုပ်ဖို့ ခွင့်ပြုချက်မပေးထားဘူးလို့ ဆေးခန်းက ဘီဘီစီကို ပြောပါတယ်။

"ဆေးခန်းအနေနဲ့ အလှူငွေ ရှာဖွေဖို့ လုပ်တဲ့ဘယ်လို အဖွဲ့အစည်းမျိုးရဲ့လုပ်ရပ်တွေမှာမဆို ပါဝင်ခဲ့တာမရှိသလို အားလည်း မပေးဘူး" လို့ ဖြည့်စွက်ပါတယ်။​

အိန်ဂျယ်ဟုမ်း ဆေးခန်းကနေ တက်တီယားနား ခါလီရာဗ်ခါကို အလုပ်ဖြုတ်လိုက်ပြီလို့လည်း ဆိုပါတယ်။​

အိုလီနာက သူလက်မှတ်ထိုးခဲ့ရတဲ့စာချုပ်တစ်ခုကို ပြပါတယ်။

အဲဒီနေ့ ရိုက်ကူးရေးအတွက် မိသားစုကို ဒေါ်လာ ၁,၅၀၀ ပေးတာအပြင် အလှူငွေရှာလိုတဲ့ပမာဏ ပြည့်တာနဲ့ နောက်ထပ် ဒေါ်လာ ၈၀,၀၀၀ ထပ်ပေးမယ်လို့လည်း စာချုပ်ထဲ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ရှာလိုတဲ့အလှူငွေ စုစုပေါင်းနေရာမှာတော့ ကွက်လပ်ဖြစ်နေပါတယ်။

Chance Letikva အတွက် အဲဒီစာချုပ်ထဲမှာပါတဲ့ လိပ်စာက အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က လိပ်စာတစ်ခုပါ။ အဲဒီအဖွဲ့ရဲ့ အင်တာနက်စာမျက်နှာမှာတော့ လိပ်စာက တခြားနေရာဖြစ်နေပါတယ်။ အင်တာနက်စာမျက်နှာလိပ်စာထဲမှာ ဖော်ပြထားတဲ့လိပ်စာက ဂျေရုဆလင်မြို့ကနေ တစ်နာရီလောက်သွားရင် ရောက်တဲ့ ဘေ့ ရှီမက်စ်အရပ် ဖြစ်ပါတယ်။ လိပ်စာထဲပါတဲ့နေရာနှစ်ခုစလုံးကို ဘီဘီစီက သွားကြည့်ခဲ့ပေမဲ့ ဘာအရိပ်အယောင်မှ မမြင်ခဲ့ရပါဘူး။

အဲဒီနောက်မှာတော့ ဒီ Chance Letikva ဟာလည်း အပေါ်မှာ ပြောခဲ့တဲ့အလားတူ အဖွဲ့တွေပဲလို့ဆိုတာကို နားလည်စ ပြုလာခဲ့ပါတယ်။

ဗစ်တိုးရီးယားအတွက် အလှူငွေရှာတဲ့ရုပ်သံကို ရိုက်ကူးခဲ့တဲ့အမျိုးသားကတော့ သူဟာ တခြား အလားတူ အဖွဲ့တွေအတွက်ဆိုရင်တော့ နေမကောင်းတဲ့ကလေးတစ်ယောက်ရဲ့မိတ်ဆွေလိုမျိုး ပါဝင်တယ်လို့ ဘီဘီစီရဲ့ထုတ်လုပ်သူကို ပြောပါတယ်။

အဲဒီမျိုးသားက သူ့ကိုယ်သူ 'အိုလက်'' လို့ ပြောပြီး ''တစ်ခါနဲ့ တစ်ခါ မတူဘူး'' လို့လည်း ပြောပါတယ်။

''ဒီလို အလားတူကုမ္ပဏီတွေမှ နောက်ထပ် တစ်ဒါဇင်လောက်ရှိတယ်။ လိုတဲ့အရုပ်ကို တောင်းတာပေါ့လေ။ နာမည်နဲ့ပြောရရင် နာမည်တွေက သူတော်စင် ထရီဇာ(Saint Teresa)နဲ့ နတ်သူငယ်လေးများအဖွဲ့ (Little Angels) ဖြစ်ပါတယ်။ နှစ်ဖွဲ့စလုံးက အမေရိကန်မှာပဲ မှတ်ပုံတင်ထားတာ''

အဲဒီနာမည်နဲ့ ကုမ္ပဏီ ၂ ခုရဲ့မှတ်ပုံတင်စာရွက်စာတမ်းတွေကို ကြည့်တဲ့အခါမှာ အဲရက် ဟာဒါရီရဲ့နာမည်ကိုပဲ တွေ့ရပါတယ်။

ဒါပေမဲ့ ကလေးတွေအတွက် ရှာပေးတယ်ဆိုတဲ့ အလှူငွေတွေ ဘယ်ရောက်သွားလဲဆိုတာတော့ မတွေ့ရပါဘူး။

ဗစ်တိုးရီးယားလေးကို ရုပ်သံရိုက်ကူးခံပြီး တစ်နှစ်ကျော်အကြာမှာတော့ မိခင်ဖြစ်သူ အိုလီနာက အခြေအနေသိရဖို့ အိုလက်ဆိုတဲ့အမျိုးသားကို ဖုန်းဆက်ပါတယ်။ အဲဒီအမျိုးသားက အွန်လိုင်းမှာဆိုရင် အဲလက် ကိုဟင် ဆိုတဲ့နာမည်ကို သုံးပါတယ်။ အဲဒီလိုခြေအနေကို ဖုန်းဆက်မေးမြန်းပြီးမကြာခင်မှာပဲ Chance Letikva က တစ်ယောက်က ဖုန်းပြန် ခေါ်ပါတယ်။ အလှူငွေတွေ အားလုံးဟာ ကြော်ငြာအတွက် သုံးလိုက်ရတယ်လို့လည်း ဆိုပါတယ်။

မစ္စတာ ဟာဒါရီက ခါလီရဲ့မိခင် အယ်လ်ဂျင်ကိုလည်း ဒီလိုပဲ ပြောခဲ့တာပါ။

''ကြော်ငြာစရိတ် ထောင်းတယ်။ ကုမ္ပဏီက ငွေတွေ ကုန်သွားတယ်'' လို့ ဟာဒါရီက သူ့ကို ပြောပါတယ်။

ဒီလိုအလှူအတန်းဆိုင်ရာကျွမ်းကျင်သူတွေကတော့ ကြော်ငြာတဲ့စရိတ်ဟာ ရဖို့မှန်းထားတဲ့အလှူငွေစုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းထက် မကျော်သင့်ဘူးလို့ ပြောပြကြပါတယ်။

Chance Letikva အလှူငွေရှာပေးတဲ့အွန်လိုင်းလှုပ်ရှားမှုတွေအတွက် ကလေးတွေကို လူစုဖို့ ခန့်ထားတဲ့ လူတစ်ဦးနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။

အဲဒီကလေးတွေကို ကင်ဆာရောဂါလေ့လာရေး ဆေးခန်းတွေကို မကြာမကြာသွားခိုင်းတဲ့အကြောင်းကိုလည်း အမည်မဖော်လိုတဲ့အဲဒီလူက ပြန်ပြောပြပါတယ်။

''အသားဖြူဖြူ ချောချော ကလေးတွေကို အမြဲရှာဖွေနေကြတာ။ အသက် ၃ နှစ်ကနေ ၅ နှစ်အတွင်းဖြစ်ရမယ်။ ပြောတတ်ဆိုတတ်တဲ့သူမျိုးလည်း ဖြစ်ရမယ်။ ဆံပင်တွေလုံးဝ မရှိတော့သူလည်းဖြစ်ရမယ်'' လို့ သူက ပြောပါတယ်။

''သူတို့ လိုချင်တဲ့ကလေးပုံစံမျိုး ဟုတ် မဟုတ်ဆိုတာကို ဓာတ်ပုံတောင်းကြည့်လေ့ရှိတယ်။ ပြီးရင်တော့ အဲဒီဓာတ်ပုံကို အဲရက် ထံ ပို့ရတယ်''

အကြောင်းစုံ ဖွင့်ချလိုက်တဲ့အဲဒီလူကတော့ မစ္စတာ အဲရက် ဟာဒါရီဟာ အဲဒီဓာတ်ပုံကို အစ္စရေးက နောက်တစ်ယောက်ဆီ ထပ်ပို့တယ်လို့ ပြောပါတယ်။ ထပ်ပို့လိုက်တဲ့လူနာမည်ကိုတော့ သူတို့လည်း မသိရပါဘူး။

မစ္စတာ အဲရက် ဟာဒါရီနဲ့ အဆက်အသွယ်ရဖို့ ကနေဒါနိုင်ငံက လိပ်စာ ၂ ခုစလုံးကို ဆက်သွယ်ခဲ့ပေမဲ့ သူ့နဲ့တိုက်ရိုက်အဆက်အသွယ်မရခဲ့ပါဘူး။ ဘီဘီစီကို သူက အသံမက်ဆေ့နဲ့ အကြောင်းပြန်ကြားပါတယ်။ သူ ရှာဖွေပေးတဲ့ စေတနာရှင်ငွေကြေးရှာဖွေမှုကိစ္စကို မေးခဲ့တာကို ပြန်အကြောင်းပြန်တာပါ။ အဲဒီမှာ ''အဖွဲ့ဟာ အလှူငွေရှာဖွေပေးတာမျိုးမရှိဘူး'' လို့ပဲ သူက ပြောပြီး ဘယ်အဖွဲ့ရယ်လို့ တိတိကျကျ မပြောပါဘူး။ သူစွပ်စွဲခံထားရတဲ့ကိစ္စတွေ၊ ဘီဘီစီရဲ့နောက်ထပ်မေးခွန်းတွေ ပို့ထားတဲ့ အသံဖိုင်မက်ဆေ့ကိုတော့ သူ ထပ်ပြီး အကြောင်းမပြန်တော့ပါဘူး။

အခုတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ခါလီနဲ့ မက္ကဆီကိုက ဟတ်တာ ဆိုတဲ့ ကောင်လေးအတွက် Chance Letikva က လုပ်တဲ့ အွန်လိုင်းကနေတဆင့် စေတနာရှင်အလှူရှင်ရှာဖွေမှုတွေဟာ အခုအထိ အလှူငွေတွေ လက်ခံနေသေးတဲ့ပုံပေါ်ပါတယ်။

အမေရိကန်ပြည်ထောင်စုက Chance Letikva ဌာနခွဲဟာ သူတော်စင်ရာဖဲ (Saint Raphael) လို့ခေါ်တဲ့အဖွဲ့သစ် တစ်ခုနဲ့လည်း ဆက်နွှယ်နေပုံ ပေါ်ပါတယ်။ အဲဒီအဖွဲ့ကတော့ အလှူရှင်တွေရှာဖွေတာကို ပိုလုပ်ပါတယ်။ အဲဒီလို စေတနာရှင်ရှာဖွေဖို့ ရုပ်သံရိုက်ကူးမှု ၂ ခုထက်မနည်းကို ယူကရိန်းမှာရှိတဲ့ အိန်ဂျယ်ဟုန်း ဆေးခန်းမှာ ရိုက်ကူးခဲ့ပုံရပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီဆေးခန်းရဲ့ မြင်သာတဲ့ သစ်သားကွက်တွေနဲ့ ဝန်ထမ်းယူနီဖောင်းတွေကို မြင်နိုင်တာကြောင့်ဖြစ်ပါတယ်။

ဗစ်တိုးရီးယားရဲ့မိခင် အိုလီနာကတော့ သူ့ သမီးဟာ ဦးနှောက်အကျိတ်တစ်ခုကို ကုသနေရတယ်လို့ ပြောပါတယ်။ ဘီဘီစီရဲ့ စုံစမ်းစစ််ဆေးမှုတွေကနေ တွေ့ရှိထားတာတွေကို သိရတဲ့အခါ အော့နှလုံးနာမိတယ်လို့လည်း သူက ပြောပါတယ်။

''ကိုယ့်ကလေး အသက်ရှင်ရေး ကောက်ရိုးလေး တစ်မျှင်ကို ဆွဲဖို့ ကြိုးစားနေရချိန်မှာ တခြားတစ်ယောက်က ဒီကနေ ငွေရဖို့ လုပ်နေတယ်။ ဒါဟာ မစင်ကြယ်တဲ့ငွေကြေးတွေပါပဲ''

ဘီဘီစီက တက်တီယားနား၊ အဲလက် ကိုဟင်၊ Chance Letikva ၊ Walls of Hope ၊ Saint Raphael ၊ Little Angels နဲ့ Saint Teresa တို့လို အဖွဲ့တွေကို သူတို့ စွပ်စွဲခံရတာတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ ဖိတ်ကြားခဲ့ပေမဲ့ တစ်ဦး တစ်ဖွဲ့မှ အကြောင်းမပြန်ခဲ့ပါဘူး။

နိုင်ငံထဲက အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းတွေကို ကြီးကြပ်တဲ့ အစ္စရေး ကော်ပိုရေးရှင်းအာဏာပိုင်အဖွဲ့ကတော့ အဖွဲ့အစည်းထူထောင်သူတွေဟာ ''အဖွဲ့အစည်းကို တရားမဝင်လုပ်ငန်းတွေအတွက် အသုံးပြုနေတယ်'' ဆိုတဲ့ သက်သေအထောက်အထားရှိတယ်ဆိုရင် ပြည်တွင်းမှာ မှတ်ပုံတင်ခွင့် မပေးဘဲ တည်ထောင်သူကိုလည်း ဒီနယ်ပယ်မှာ လုပ်ကိုင်ခွင့်မရအောင် တားမြစ်တယ်လို့ ပြောပါတယ်။

အလှူရှင်စေတနာရှင်အဖွဲ့တွေကို ကြီးကြပ်တဲ့ ဗြိတိန်က အလှူအတန်းဆိုင်ရာကော်မရှင်ကတော့ ဒီအဖွဲ့တွေကို လှူဒါန်းလိုတဲ့သူတွေအနေနဲ့ ကိုယ်လှူဒါန်းတဲ့အဖွဲ့တွေဟာ မှတ်ပုံတင်ထားလားဆိုတာ အရင်လေ့လာပြီးမှ လှူတန်းစေချင်တယ်လို့ အကြံပြုပါတယ်။ သံသယရှိတယ်ဆိုရင်တော့ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းဆိုင်ရာ အာဏာပိုင်တွေကို ဆက်သွယ်သင့်တယ်လို့လည်း အကြံပြုပါတယ်။

ဒီသတင်းကိုNed Davies, Tracks Saflor, Jose Antonio Lucio, Almudena Garcia-parrado, Vitaliya Kozmenko, Shakked Auerbach, Tom Tzur Wisfelder, Katya Malofieieva, Anastasia Kucher, Alan Pulido and Neil McCarthy တို့လည်း ပါဝင်ရေးသားပါတယ်။