ဖေဖော်ဝါရီ ၈ ရက် နိုင်ငံတဝန်းသတင်းများအနှစ်ချုပ်-မြန်မာ့အရေးပြောဖူးတဲ့ DJ ကို စစ်တပ်ပြည်ဝင်ခွင့်မပေး

ဓာတ်ပုံ ရင်းမြစ်, Cine Saigon Club/ Wukong
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်က သုဝဏ္ဏ Eastern Yangon Event Park ကွင်းမှာ ပြုလုပ်တဲ့ "Invasion" ဂီတပွဲတော်ကို လာရောက်ဖျော်ဖြေမယ့် စင်ကာပူနိုင်ငံသား DJ Wukong ကို စစ်ကော်မရှင်က ပြည်ဝင်ခွင့်မပေးခဲ့တဲ့ဖြစ်စဉ် မနေ့ ဖေဖော်ဝါရီ ၇ ရက်မှာ ဖြစ်ခဲ့ပါတယ်။
"မြန်မာကိုရောက်တဲ့အချိန်မှာပဲ ပြည်ဝင်ခွင့်မပေးဘူးလို့ ပြောတယ်။ ၄ နာရီကျော်ကြာအောင် နည်းလမ်းပေါင်းစုံနဲ့ညှိနှိုင်းပေမဲ့ ပြည်ဝင်ခွင့်ငြင်းပယ်ခံခဲ့ရတယ်။ … ဘာမှမတတ်နိုင်ခဲ့ဘူး" လို့ DJ Wukong က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကတဆင့်ရေးသားခဲ့ပါတယ်။
ပွဲလက်ကမ်းစာစောင်အရဆိုရင် DJ Wukong ကို အဓိကဖျော်ဖြေမယ့်သူအဖြစ် ပွဲအစီအစဉ်ထဲမှာ ထည့်သွင်းထားခဲ့တာပါ။
စင်ကာပူနိုင်ငံသားဖြစ်တဲ့ DJ Wukong ဟာ ကမ္ဘာ့အကောင်းဆုံး DJ အယောက် ၁၀၀ စာရင်းမှာ ပါဝင်သူလည်းဖြစ်ပါတယ်။ သူဟာ စစ်အာဏာသိမ်းစ ၂၀၂၂ ခုနှစ်တုန်းက မြန်မာ့အရေးထုတ်ဖော်ပြောပေးခဲ့ပြီး နိုင်ငံတကာ DJ တီးခတ်သူတွေအနေနဲ့ မြန်မာပြည်တွင်းကို သွားဖျော်ဖြေမယ်ဆိုရင် နိုင်ငံ့အခြေအနေကိုကြည့်ကြဖို့ လူမှုကွန်ရက်ကတဆင့် ပြောခဲ့သူပါ။
Invasion ဂီတပွဲတော်ကို ပုံမှန်စီစဉ်ထားတဲ့အတိုင်း မနေ့ညပိုင်းမှာပြုလုပ်ခဲ့ပြီး နိုင်ငံတကာ DJ တွေနဲ့ ပြည်တွင်း DJ တွေ တီးခတ်ဖျော်ဖြေသွားခဲ့ပါတယ်။
"သူလည်း ဝင်ခွင့်မရဘူး၊ Invasion ကို စီစဉ်တဲ့ Organizer (ပွဲစီစဉ်သူ) လည်း အဖမ်းခံရတယ်ဆိုတဲ့သတင်းထွက်ခဲ့တယ်။ မနေ့က ပွဲက အစီအစဉ်တွေလည်း အတော်လေးအဆင်မပြေဘူး၊ စင်နောက်မှာလည်း ပြဿနာတွေတက်နေတယ်ဆိုပြီးပွဲထဲမှာပဲ သတင်းတွေထွက်လာတာလေ " လို့ Invasion ပွဲကို သွားရောက်ခဲ့သူတစ်ဦးက ပြောပါတယ်။
ဒီဂီတပွဲတော်ကို စီစဉ်တဲ့ BlackJack Entertainment ကို ဘီဘီစီက မေးမြန်းဖို့ဆက်သွယ်ပေမဲ့ ဖုန်းလိုင်းဆက်သွယ်လို့မရခဲ့ပါဘူး။
စစ်ကော်မရှင်ဘက်ကတော့ DJ Wukong ကို ပြည်ဝင်ခွင့်မပေးတာနဲ့ပတ်သက်လို့ ဒီနေ့ ညနေ ၃ နာရီ အချိန်အထိ တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။
အက်ပ်စတိန်းနဲ့ ပတ်သက်ဆက်နွှယ်မှု မရှိဘူးလို့ ဘုန်းတော်ကြီး ဒလိုင်လားမားပြော

ဓာတ်ပုံ ရင်းမြစ်, ဒလိုင်လားမား/ Facebook
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လိင်ပိုင်းဆိုင်ရာ ရာဇဝတ်သား ဂျက်ဖရီအက်ပ်စတိန်းနဲ့ ပတ်သက်မှုမရှိကြောင်း တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမားက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကတဆင့် တုံ့ပြန်ချက် ထွက်ရှိလာပါတယ်။
အက်ပ်စတိန်းအမှုနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်း သုံးသန်းကျော်ကို အမေရိကန် တရားရေးဌာနက ဇန်နဝါရီလ ၃၀ ရက်မှာ အများဖတ်ရှုနိုင်အောင်ထုတ်ပြန်ခဲ့ပြီးတဲ့နောက် အဲဒီထဲ ဘုန်းတော်ကြီး ဒလိုင်းလားမားအမည် ပါဝင်တဲ့အချက်အလက်တချို့ကို တွေ့ခဲ့ရကြောင်း ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားလာကြတာပါ။
"ဘုန်းတော်ကြီးအနေနဲ့ အက်ပ်စတိန်းနဲ့ တစ်ခါမှ မဆုံတွေ့ခဲ့ဘူး။ ဒါမှမဟုတ် သူ့ရဲ့ နာမည်ကို ကိုယ်စားပြုပြီး အက်ပ်စတိန်းနဲ့ တွေ့ဆုံစေတာ၊ တွေ့ဆုံစေဖို့ပြုလုပ်တာတွေမရှိခဲ့ဘူးဆိုတာ အတည်ပြုနိုင်ပါတယ်" လို့ ဒလိုင်လားမားရဲ့ ဖေ့စ်ဘုတ်စ်အကောင့်မှာ ဖော်ပြပါတယ်။
အက်ပ်စတိန်းဟာ လိင်ပိုင်းဆိုင်ရာလူကုန်ကူးမှုစွဲချက်တွေနဲ့ အာမခံမရဘဲ တရားရင်ဆိုင်နေချိန် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့မှာ နယူးယောက်က အကျဉ်းထောင်အတွင်း သေဆုံးခဲ့ပါတယ်။
သူနောက်ဆုံး ရင်ဆိုင်ခဲ့ရတဲ့အမှုကတော့ အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာနဲ့ ငွေကြေး အကျိုးအမြတ်အတွက် အသုံးချတဲ့ကွန်ရက်ကြီးတစ်ခုကို တည်ထောင်လည်ပတ်ခဲ့သူလို့ စွပ်စွဲခံရတာပါ။ သူကတော့ အပြစ်မရှိကြောင်း ပြောခဲ့ပါတယ်။
နောက်ထပ်အက်ပ်စတိန်းနဲ့ ဆက်နွယ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်ခဲ့တဲ့ အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန်ကလည်း သူ့ရဲ့ဇနီး နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်နဲ့အတူ အောက်လွှတ်တော်ကော်မတီ စုံစမ်းစစ်ဆေးမှုမှာ ထွက်ဆိုဖို့ သဘောတူထားပါတယ်။
ဒါအပြင် အက်ပ်စတိန်းဟာ လက်ရှိ အမေရိကန်သမ္မတထရမ့်အပါအဝင် နာမည်ကြီး လူမှုရေး၊ နိုင်ငံရေး ထင်ရှားကျော်ကြား သြဇာရှိပုဂ္ဂိုလ်တွေနဲ့ မိတ်ဆွေဖြစ်ခဲ့ပါတယ်။
မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်ထဲက ကျေးရွာ ၅ ရွာထက်မနည်းမှာ နေအိမ်တွေ မီးရှို့ခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အနောက်ဘက်ခြမ်းနဲ့ နွားထိုးကြီးမြို့နယ်အရှေ့မြောက်ခြမ်းက ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းတွေ ဖြန့်ခွဲကာ ဝင်ရောက်နေပြီး နေ့စဉ်လိုလို ရွာမီးရှို့ခံရတာတွေဖြစ်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတချို့ဆီကနေ သိရပါတယ်။
တံတားဦးမြို့၊ နွားထိုးကြီးမြို့နဲ့ ဝက်လူးရွာတို့ကနေ ထွက်လာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ စစ်ကြောင်း သုံးကြောင်းဟာ မြို့နယ်အရှေ့မြောက်ခြမ်းက ဝက်လူးနဲ့ထိစပ်နေတဲ့ ကျွန်းဒေါင့်၊ မြဝတီစတဲ့ရွာတွေကို ဆက်တိုက်စစ်ကြောင်းထိုးကာ ရွာတွေကို မီးရှို့နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
"မနေ့ကလည်း မြဝတီ၊ ကျွန်းဒေါင့်ရွာတွေအရှို့ခံရတယ်။ ဒီနေ့မနက်ပိုင်းတော့ အခြေအနေက ဖုန်းလိုင်းတွေ ဆက်သွယ်မရနေသေးဘူး။ မြင်းခြံထက် နွားထိုးကြီးက ပိုဆိုးတယ်" လို့ မြေပြင် အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
မြင်းခြံဘက်မှာတော့ မြို့နယ်အနောက်ဘက်ခြမ်းဖြစ်တဲ့ ဧရာဝတီမြစ်ကမ်းဘေးက ဒါးကျွန်း၊ နတ်ညွှန်းစတဲ့ရွာတွေကို ဖေဖော်ဝါရီလအစပိုင်းကစလို့ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးနေပြီး ရွာမီးရှို့တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
မြင်းခြံခရိုင်ထဲက မြင်းခြံနဲ့ နွားထိုးကြီးကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံအမြောက်အများစစ်ဘေးရှောင်နေရတယ်လို့ မြေပြင်အခြေအနေသိရှိသူတချို့က ပြောပါတယ်။
ဒါအပြင် မြင်းခြံခရိုင်ထဲက တောင်သာမြို့နယ်ထဲကိုလည်း စစ်ကော်မရှင်တပ်က ပါရာမော်တာနဲ့ လေကြောင်းဗုံးကြဲနေပြီး ဝါးကြီးအိုင်ရွာတဝိုက်ကို ဖေဖော်ဝါရီ ၅ ရက်ကစလို့ သုံးရက်ဆက်တိုက် ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။
မနေ့ ဖေဖော်ဝါရီ ၇ ရက်ညသန်းခေါင်အချိန်မှာလည်း တောင်သာမြို့နယ်အနောက်ဘက်ခြမ်းကို လေကြောင်းဗုံးကြဲတယ်လို့သိရပေမဲ့ အသေးစိတ်သိရှိနိုင်ဖို့ ကြိုးစားနေဆဲပါ။
အခုလို မြင်းခြံခရိုင်ထဲက စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ ဒီနေ့ နေ့လယ် ၂ နာရီဝန်းကျင်အထိ စစ်ကော်မရှင်သတင်းပြန်ကြားရေးဘက်က တစုံတရာထုတ်ပြန်လာတာမရှိသေးပါဘူး။
အဆုံးအဖြတ်ထိုးစစ်ကိုတက်လှမ်းနိုင်ဖို့ တပ်တည်ဆောက်ရေးနဲ့ စစ်ရေးပြင်ဆင်မှုတွေအတွက် PDF တပ်မှူးကြီးတွေ ဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ တပ်မှူးကြီးများအစည်းအဝေးမှာ တော်လှန်ရေးအောင်ပွဲ အမြန်ဆုံးရောက်စေမယ့် အဆုံးအဖြတ်ထိုးစစ်ကိုတက်လှမ်းနိုင်ဖို့အတွက် တပ်တည်ဆောက်ရေးနဲ့ စစ်ရေးပြင်ဆင်မှုတွေအကြောင်း ဆွေးနွေးခဲ့တယ်လို့ ဒီနေ့ ဖေဖော်ဝါရီ ၈ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်လာပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ PDF ရဲ့ ဒုတိယအကြိမ်တပ်မှူးကြီးများအစည်းအဝေးကို အခုလအတွင်း ၅ ရက်ကြာပြုလုပ်ခဲ့ပြီး နောက် ၂၀၂၅ စစ်ရေးသုံးသပ်ချက်နဲ့ ၂၀၂၆ ရည်မှန်းချက်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
မနှစ် သြဂုတ်လအတွင်းမှာ ပထမအကြိမ်တပ်မှူးကြီးများအစည်းအဝေးကို ပြုလုပ်ခဲ့ပြီးနောက် မဟာဗျူဟာမြောက်စစ်ဆင်ရေးတွေကို ချမှတ်ခဲ့ပြီး အဲဒီထဲ စစ်တပ်ရွေးကောက်ပွဲကာလ ပဲခူးတိုင်းထဲက တော်လှန်ရေးအဖွဲ့တွေရဲ့ထိုးစစ်က တစ်ခုအပါအဝင်ဖြစ်ပါတယ်။
ပထမအကြိမ်မှာချမှတ်ခဲ့တဲ့ စစ်မဟာဗျူဟာနဲ့အညီ ၂၀၂၆ ခုနှစ်မှာလုပ်မယ့် စစ်ရေးရည်မှန်းချက် တွေနဲ့ အစီအစဉ်တွေကို အခုဖေဖော်ဝါရီအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၅ နှစ်တာအတွင်း PDF အနေနဲ့ စစ်ဘက်ဆိုင်ရာလိုက်နာရမယ့်ကျင့်ဝတ်တွေ (COC) နဲ့ အညီ တပ်ခိုင်မာအောင်တည်ဆောက်ဖို့လိုအပ်တယ်ဆိုပြီး တော်လှန်ရေးအင်အားစုတွေကြား ဝေဖန်မှုတွေရှိခဲ့ပါတယ်။
အခုအစည်းအဝေးမှာတော့ တပ်တည်ဆောက်ရေးလုပ်ငန်းတွေကိုလည်း အရှိန်မြှင့်တင်နေပြီး ပြည်သူ့စစ်မဟာဗျူဟာ ကျင့်သုံးမှု၊ အခြေခံစစ်ဦးစီးလုပ်ငန်း ၅ ရပ်ဖြစ်တဲ့ စစ်ဆင်ရေး၊ စစ်ရေး၊ စစ်ထောက်၊ စစ်ထောက်လှမ်းရေး၊ ပြည်သူ့လုံခြုံရေးတွေကို ကွပ်ကဲမှုအဆင့်ဆင့် မှန်ကန်မြန်ဆန်အောင် လုပ်ဖို့တွေပါ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒီအစည်းအဝေးကို PDF စစ်ဦးစီးချုပ်၊ ဒုစစ်ဦးစီးချုပ်နဲ့ စစ်ရုံးချုပ်တာဝန်ရှိသူတွေအပြင် အမှတ် ၁ စစ်ဒေသမှူး၊ တိုင်းစစ်ဌာန ၁၀ ခုနဲ့ အထူးလှုပ်ရှားတပ်မတွေက တပ်မှူးကြီးတွေအပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံးချုပ်က တာဝန်ရှိသူ အယောက် ၁၀၀ ကျော် တက်ရောက်ခဲ့ တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အစည်းအဝေးကို ဘယ်လိုပုံစံနဲ့ ကျင်းပပြုလုပ်ခဲ့လဲဆိုတာကိုတော့ ထုတ်ပြန်ချက်မှာဖော်ပြထားတာ မတွေ့ရပါဘူး။
ရန်ကုန်၊ လှိုင်မြို့နယ် ရပ်ကွက်ရုံးမှာ ထိန်းသိမ်းခံရတဲ့လူငယ် ၂ ဦး တိုက်ပေါ်ကနေ ခုန်ချမှုဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ စံပယ်ခြံ ၁ လမ်းမှာရှိတဲ့ ၁၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တိုက်ခန်းပေါ်မှာ ထိန်းသိမ်းခံထားရတဲ့ လူငယ်နှစ်ဦးဟာ ဖေဖော်ဝါရီ ၆ ရက် နေ့လယ်ပိုင်းမှာ ထိန်းသိမ်းခံထားရတဲ့တိုက်ပေါ်ကနေ ခုန်ချမှုဖြစ်ခဲ့တယ်လို့ ရပ်ကွက်နေ ဒေသခံအချို့က ပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟာ အဲဒီလမ်းထဲက မီနီ ကွန်ဒိုတစ်ခုရဲ့ ၄ ထပ်မှာဖွင့်ထားတာဖြစ်ပြီး လူငယ်တွေဟာ အဲဒီတိုက်ကနေ ခုန်ချခဲ့ကြတာလို့ အခြေအနေသိသူ ဒေသခံက ပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် လှိုင်မြို့နယ်အတွင်းက သတင်းတွေကို လူမှုကွန်ရက်ကနေ မျှဝေနေတဲ့ Hlaing Info ကလည်း ဒီသတင်းကို အတည်ပြုပါတယ်။
"အဲဒီ သတင်းက အမှန်ပဲ။ ညနေ ၂ နာရီခွဲ ၃ နာရီဝန်းကျင်မှာ ဖြစ်သွားတာပါ။ တစ်ယောက်က ခါးရိုးကျိုး သွားတယ်။ လူနာတင်ကားနဲ့ လာသယ်သွားတာလေ။ သွားတော့ မကြည့်ရဲဘူး" လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
ခုန်ချသူနှစ်ဦးထဲက ခါးရိုးကျိုးသွားတဲ့ လူငယ်ဟာ ဆေးရုံအရောက်မှာ ကွယ်လွန်သွားတယ်လို့ သိရပြီး နောက်ထပ်လူငယ်ကတော့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသနေရဆဲလို့ Hlaing Info အဖွဲ့ဆီကနေ သိရပါတယ်။ ဒီလူငယ် နှစ်ဦးထဲက တစ်ဦးသေဆုံးတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
"လူငယ် ၂ ဦးက လှိုင်မြို့နယ် ၁ ရပ်ကွက်နဲ့ ၁၅ ရပ်ကွက်တို့ ကပါ။ အဲဒါ ၁၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး စစ်မှုထမ်းအတွက် ဖမ်းဆီးထားတာပါ" လို့ Hlaing Info အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
လှိုင်မြို့နယ်ပြည်သူတချို့ရဲ့အပြောအရလည်း ၁၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ စစ်မှုထမ်းအတွက် စုဆောင်းခံရတဲ့လူငယ်တွေကို စုဝေးထားရှိပြီး သက်ဆိုင်ရာသင်တန်းတွေ ပို့နေတာလို့ ဆိုပါတယ်။
စစ်မှုထမ်း စုဆောင်းနေတဲ့ကိစ္စနဲ့ လူငယ် ၂ ဦး တိုက်ပေါ် ကနေ ခုန်ချမှုဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘီဘီစီက လှိုင်မြို့နယ်ရဲစခန်းကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလိုင်း ဆက်သွယ်လို့မရခဲ့ပါဘူး။
လွှတ်တော်တက်မယ့် စစ်တပ်ကိုယ်စားလှယ်စာရင်း ရွေးကော်ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
မတ်လမှာခေါ်ယူမယ့်လွှတ်တော်အတွက် တပ်က စေလွှတ်မယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အယောက် ၁၁၀ ရဲ့ စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မနေ့ ဖေဖော်ဝါရီ ၇ ရက် ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။
ဒီလိုတပ်ကိုယ်စားလှယ်စာရင်းထုတ်ပြန်ချိန်မှာပဲ နေပြည်တော်က အကယ်ဒမီပေးပွဲမှာ တက်ရောက်မိန့်ခွန်းပြောနေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ မြန်မာရဲ့ ဒီမိုကရေစီကူးပြောင်းရေးအတွက် မပျက်မကွက်လိုက်နာရမယ့်အသက်ခန္ဓာကြီးလို့ ထည့်ပြောသွားပါတယ်။
မြန်မာရဲ့ "ဒီမိုကရက်တိုက်ဇေးရှင်း" ပုံစံဟာ ဒီမိုကရေစီစံနှုန်းတွေကို အခြေပြုတာမဟုတ်ဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သတ်မှတ်ပြဋ္ဌာန်းထားတဲ့အတိုင်း ပြောင်းလဲခဲ့တာဆိုပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, MOI
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းအဆင်သင့် လွှတ်တော် တက်ရောက်ခွင့်ရှိပြီး ကျန်တဲ့ ၇၅ ရာခိုင်နှုန်းကိုသာ ရွေးကောက်ပွဲကတဆင့် ရွေးချယ်တင်မြှောက်တာ ဖြစ်ပါတယ်။
အခုလည်း ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ အခန်း ၈ ပါအတိုင်း တပ်ဘက်က အမည်စာရင်း ပို့လာလို့ဆိုပြီး ရွေးကော်က စိစစ်ထုတ်ပြန်လာတာပါ။
လာမယ့် ပြည်သူ့လွှတ်တော်မှာတော့ တပ်အစုအဖွဲ့ကို ပြန်တမ်းဝင်အမှတ် ကြည်း ၂၄၉၀၄ ဗိုလ်ချုပ် ရဲကျော်သူဦးဆောင်ပြီး ဗိုလ်မှူးချုပ် ၁၀ ဦး၊ ဗိုလ်မှူးကြီး ၁၈ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၄၂ ဦး၊ ဗိုလ်မှူး ၂၇ ဦးနဲ့ ဗိုလ်ကြီး ၁၂ ဦး ပါဝင်ပါတယ်။
"ဗိုလ်ချုပ် ရဲကျော်သူဟာ တပ်မတော်မှတ်တမ်းရုံး (ကကတမ်း) က ညွှန်မှူး၊ ပြီးတော့ တေဇ ၂၀ ကပါ။ အမျိုးသားလွှတ်တော်အတွက် ၅၆ ဦး စာရင်းလည်း မကြာခင် ထုတ်ပြန်မယ်ထင်တယ်" လို့ CDM စစ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ CDM ဗိုလ်မှူး နောင်ရိုးက ပြောပါတယ်။
ရွေးကော်ရဲ့ ပြည်သူ့လွှတ်တော်အတွက်ထုတ်ပြန်ချက်အရ အများစုဟာ ကြည်းတပ်ကဖြစ်ပြီး ရေတပ်၊ လေတပ်နဲ့ အင်ဂျင်နီယာတပ်တို့က အယောက် ၂၀ ဝန်းကျင် ပါဝင်ပါတယ်။
ဒါအပြင် အမျိုးသမီးတပ်ကိုယ်စားလှယ်အရေအတွက် ၂၂ ဦးထဲ ဗိုလ်မှူးကြီးအဆင့် ၃ ဦး ပါဝင်ပြီး အများစုဟာ ဗိုလ်ကြီးအဆင့်ရှိသူတွေဖြစ်ပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီမှာ ရွေးကောက်ပွဲအပိုင်း ၃ ပိုင်းလုံးကို ကျင်းပပြီးစီးခဲ့ပြီး တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP) က မဲအများစုနဲ့ အနိုင်ရရှိထားပါတယ်။
ဒါကြောင့်. ၂၀၂၆ မတ်လကုန်ပိုင်းမှာ ခေါ်ယူမယ့်လွှတ်တော်ဟာ တပ်နဲ့ တပ်ကျောထောက်နောက်ခံပြုပါတီကိုယ်စားပြုတွေ ကြီးစိုးမယ့် လွှတ်တော်လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေက အစောပိုင်းတည်းကသုံးသပ်ထားကြပါတယ်။











