ဦးနှောက်ထဲ Neuralink ချစ်ပ်ပြားထည့် ပထမဆုံးလူနာ အွန်လိုင်း စစ်တုရင်ကစားနိုင်ပြီ

သူတို့ရဲ့ ပထမဆုံးလူနာဟာ သူ့ ဦးနှောက်ထဲကို ထည့်သွင်းပေးထားတဲ့ ချစ်ပ်ပြားကို သုံးပြီး ကွန်ပျူတာက ကာဆာကို ရွှေ့နိုင်တာကို အီလွန်မတ်စ်ရဲ့ ကုမ္ပဏီ နျူရယ်လင့်ခ်(Neuralink)က လူအများကို ပြသလိုက်ပါတယ်။

လူမှုကွန်ရက် X (အရင်က တွစ်တာ)မှာတင်တဲ့ ၉ မိနစ်ကြာ တိုက်ရိုက်ထုတ်လွှင့်တဲ့ ဗီဒီယိုထဲမှာ နိုလန် အာဘာဟာ အွန်လိုင်းမှာ စစ်တုရင်ကစားဖို့ ကွန်ပြူတာ ကာဆာမြားကို သုံးနိုင်ခဲ့ပါတယ်။

မစ္စတာ အာဘာဟာ ကားမတော်တဆမှုတစ်ခု ဖြစ်ပြီးနောက်ပိုင်း သူ့ ပုခုံးအောက်ပိုင်း အကြောသေသွားခဲ့သူဖြစ်ကာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ချစ်ပ်ပြားသွင်းတဲ့ကုသမှုကို ခံယူခဲ့ပါတယ်။

လူ့ ဦးနှောက်တွေနဲ့ ကွန်ပျူတာတွေကို ဆက်သွယ်ကာ များမြောင်ရှုပ်ထွေးလှတဲ့ န့ဗ်ကြော၊ အာရုံကြောဆိုင်ရာအရေးတွေကို ကူညီပေးနိုင်ဖို့ အဲဒီကုမ္ပဏီက ရည်မှန်းထားပါတယ်။

“ခွဲစိတ်မှုက သိပ်ကို လွယ်ကူခဲ့ပါတယ်” လို့ မစ္စတာ အာဘာက ဒီအကြောင်းရှင်းပြတဲ့ အခမ်းအနားတခုမှာ ပြောခဲ့ပါတယ်။

Civilization VI ဗီဒီယိုဂိမ်း ကစားနိုင်ဖို့ကိုလည်း သူ့ ဦးနှောက်ထဲမှာ ထည့်သွင်းပေးထားတဲ့ ချစ်ပ်ကို သုံးခဲ့တယ်လို့ မစ္စတာ အာဘာက ဆိုပါတယ်။ ဒီလိုလုပ်နိုင်ရေးအတွက် “Neuralink က လုပ်ပေးခဲ့တာဖြစ်ပြီး၊ ၈ နာရီ ဆက်တိုက် သူကစားနိုင်ခဲ့တယ်” လို့ သူက ပြောပါတယ်။

ဒါပေမဲ့ မစ္စတာအာဘာက ဒီနည်းပညာသစ်ဟာ လုံးဝအပြည့်အစုံ ကောင်းမွန် နေတာတော့ မဟုတ်သေးဘူးလို့ ဆိုပါတယ်။ “တချို့ကိစ္စလေးတွေ ဖြေရှင်းဖို့ ရှိနေသေးတယ်။”

Neuralink ရဲ့ အဲဒီပစ္စည်းက ၁ ယူရို ဒါမှမဟုတ် အမေရိကန် ၁၅ ဆင့် ဒင်္ဂါးပြားအရွယ်ရှိပြီး ဦးခွံထဲကို ထိုးသွင်းထားတာပါ။

အဏုကြည့်မှန်ပြောင်းနဲ့ကြည့်မှသာမြင်နိုင်တဲ့ မိုက်ခရိုစကိုပစ် ဝိုင်ယာကြိုးတွေကတဆင့် နျူရွန် (neuron)တွေရဲ့ လှုပ်ရှားမှုကို ဖတ်ရှုနိုင်ကာ အာရုံလက်ခံတဲ့အစိတ်အပိုင်းကို အချက်ပြမှုတွေ ပို့နိုင်ပါတယ်။

ဒီကုမ္ပဏီက ဒီလိုစမ်းသပ်မှုတွေကို ဝက်တွေမှာလည်းလုပ်ခဲ့ပြီး မျောက်တွေဆိုရင် Pong ဗီဒီယိုဂိမ်း အခြေခံဗားရှင်းကို ကစားနိုင်တယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်၊ မေလအတွင်းမှာ အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာန(FDA)က Neuralink ကို ဒီချစ်ပ်တွေနဲ့ လူတွေမှာ စမ်းသပ်ခွင့်‌ပေးခဲ့ပါတယ်။

ဒီနည်းပညာနဲ့ ပတ်သက်ပြီး စီးပွားဖြစ်ထုတ်လုပ်နိုင်ဖို့ကြိုးစားနေကြတဲ့ ကုမ္ပဏီတွေ၊ တက္ကသိုလ်ဌာနတွေ တိုးပွားလာနေပြီး အဲဒီထဲမှာ Neuralink က ပါဝင်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ လူဆန်းမြို့က École Polytechnique Fédérale သိပ္ပံနဲ့ နည်းပညာ အင်စတီကျူးရှင်းမှာဆိုရင် ကိုယ်အောက်ပိုင်း အကြောသေသွားတဲ့ ဂတ် ယန် အော့စ်ကမ်တယောက် လမ်းပြန်လျှောက်နိုင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။

မစ္စတာ အော့စ်ကမ်ရဲ့ ဦးနှောက်နဲ့ ကျောရိုးနာ့ဗ်မကြီးထဲမှာ အီလက်ထရွန်နစ်ဆိုင်ရာပစ္စည်းတွေ ထည့်သွင်းလိုက်ပြီး အဲဒါတွေက သူ့ခြေထောက်နဲ့ ခြေဖဝါးတွေကို ဝိုင်ယာကြိုးမဲ့နည်းနဲ့ ဆက်သွယ်ပါတယ်။

ဒီအကြောင်းအသေးစိတ်ကို Nature (သဘာဝ)ဂျာနယ်မှာ မနှစ်က အသေးစိတ်ဖော်ပြခဲ့ပါတယ်။

ဦးနှောက်က အချက်ပြဆက်သွယ်မှု

လူ့ ဦးနှောက်ဟာ ၈၆ ဘီလျံအရေအတွက်ရှိတဲ့ နျူရွန်တွေ၊ နာ့ဗ်ဆဲလ်တွေ ခိုမှီးရာဖြစ်ပြီး အဲဒါတွေ တခုနဲ့တခု ဆက်သွယ်ထားတာပါ။

ကျွန်ုပ်တို့ လှုပ်ရှားချင်တာ၊ ခံစားချင်တာ၊ စဉ်းစားချင်တာ တစ်ခုခုလုပ်ချင်တဲ့အခါတိုင်း သေးငယ်လှတဲ့ အီလက်ထရွန်နစ် လှုံဆော်မှုတစ်ခု ထွက်ပေါ်လာပြီး နျူရွန်တစ်ခုကနေ တစ်ခုကို အလွန်လျင်မြန်စွာ အချက်ပြပို့ဆောင်လိုက်ကြတာပါ။

ဒီလိုအချက်ပြဆက်သွယ်မှုတချို့ကို ဖမ်းယူနိုင်တဲ့ပစ္စည်းတွေကို သိပ္ပံပညာရှင်တွေက ဖန်တီးလိုက်ပြီး ဦးခေါင်းထဲ ဒါမှမဟုတ် ဦးနှောက်ထဲကို ထည့်သွင်းလိုက်တာပါ။

ဦးနှောက်နဲ့ ကွန်ပျူတာ ဆက်သွယ်ဆောင်ရွက်မှု (brain-computer interface - BCI) နည်းပညာလို့ ခေါ်ဝေါ်ပြီး လောလောဆယ်မှာ အဲဒီနည်းပညာဆိုင်ရာသုတေသနလုပ်ငန်းတွေအတွက် ဒေါ်လာ မီလျံ‌ပေါင်းများစွာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြပါတယ်။