ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ဘေးကိုရှောင်ရင်း မြွေဘေးနဲ့ရင်ဆိုင်နေရတဲ့ စစ်ဘေးရှောင်များ
ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်ထဲက အသက် ၃၆ နှစ်အရွယ် ကိုမြင့်မောင် ( နာမည်လွှဲ)ဟာ ပြီးခဲ့တဲ့ ဧပြီလ အတွင်း စစ်ကြောင်းထိုးလာတာကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသူတွေထဲက တစ်ယောက်ပါ။
နေထိုင်ရာ ကျေးရွာကနေ ဘေးလွတ်ကင်းနိုင်တဲ့ တောထဲတွေ၊ လယ်တဲတွေဘက်ကို တိမ်းရှောင်ရင်း တညမှာ မြွေပွေးကိုက်ခံလိုက်ရပါတယ်။
“တဲထဲကနေ အပေါ့စွန့်ချင်လို့ အပြင်သွားတာ၊ မြွေကို မြင်လိုက်တော့ ခုန်ပြီးရှောင်တာ၊ မြွေပွေးက တအားမြန်တယ်၊ သုံးချက် ပေါက်လိုက်တာ ခြေထောက်ကို ၊ တခြားနေရာတွေက သွေးစို့ရုံပေမဲ့ ခြေမျက်စိအောက်မှာတော့ အပေါက်ဖြစ်သွားတယ်။ ဒါနဲ့ ကျွန်တော်လည်း တခြားစစ်ဘေးရှောင်တွေကို အကူညီတောင်းရတော့တယ်” လို့ ပြောပါတယ်။
မြွေကိုက်ခံရတဲ့ ခြေထောက်ကို ကျပ်ထုပ်စည်းပြီး ဒေသအယူအဆအရလည်း သခွတ်ခေါက်တွေ ဝါးစားလိုက်ပါတယ်။ ဘေးကဝိုင်းကူတဲ့သူတွေက ပုခက်လုပ်ပေးပြီး ဆေးကုသပေးနိုင်တဲ့သူတွေရှိတဲ့နေရာကို သွားကြပါတယ်။ မြွေဆိပ်ဖြေဆေးထိုးဖို့ ဆေးရှိတတ်တဲ့ရွာတွေကို သွားပြီး အချင်းချင်း အကူညီတောင်းကြတာပါ။
“ကျွန်တော် ကတော့ တွေးထားပါတယ်။ သေတစ်နေ့ မွေးတစ်နေ့ပေါ့။ ကျွန်တော်အတွက် ဆေးရှာနေကြရင်းကျနော် သတိလစ်သွားတယ်။ ဘယ်လောက် သတိလစ်သွားလဲတော့ မမှတ်မိဘူး၊ ကျွန်တော်ကို မြွေဆိပ်ဖြေဆေး အလုံး ၂၀ လောက် ထိုးပေးရတယ်ဆိုတာပဲ သိထားတယ်”လို့ ကိုမြင့်မောင်က ပြောပါတယ်။
ကိုမြင့်မောင်နေထိုင်တဲ့ ကန့်ဘလူမြို့နယ်ဟာဆိုရင် အရင်ကတည်း မြွေပွေး၊ မြွေဟောက် ပေါများပြီး မြွေကိုက်ခံရသူများတဲ့ ဒေသတစ်ခုပါ။ လယ်ယာလုပ်ရင်း၊ တောထဲသွားရင်း မြွေနဲ့ရင်ဆိုင်ရတာကြောင့် သတိထားသွားလာ၊ လုပ်ကိုင်ရတဲ့နေရာပါ။
“ဒီလိုနေရာတွေမှာ မြွေတွေရှိမှန်းလည်းသိတယ်။ ကျွန်တော်အကိုက်ခံရတဲ့ ကာလက ညဘက်ဆိုရင် မြွေတွေက ထွက်လာပြီး မိတ်လိုက်ကြတယ်။ တစ်ခါတလေ နှစ်ကောင်ကနေ ငါးကောင်လောက်အထိ တွေ့ရတယ်။ ဒါပေမဲ့ မြွေထက်ကြောက်စရာကောင်းတဲ့ စစ်ကြောင်းကရှိနေတော့ ပြေးရင်း ရှောင်ရင်း အကိုက်ခံရတာပဲ”
လိုအပ်နေတဲ့ မြွေဆိပ်ဖြေဆေး
အခုဆိုရင် စစ်ကြောင်းတွေ ဆက်တိုက်ထိုးလာတဲ့အတွက် အသက်ဘေးကနေ လွတ်အောင်ပြေးရင်း မြွေနဲ့ထိပ်တိုက်ရင်ဆိုင်ရတာတွေကြောင့် ၂၀၂၁ ခုနှစ် နောက်ပိုင်းကနေ ၂၀၂၃ ခုနှစ် မေလအထိ မြွေကိုက်ခံရတဲ့စစ်ဘေးရှောင် ၆၂ ယောက်ရှိပြီး အဲ့ဒီအထဲက ကလေး ၂ ယောက်အပါအဝင် ၆ ယောက် သေဆုံးတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများကနေ သိရပါတယ်။
မြွေကိုက်ခံရသူတွေကို မြွေဆိပ်ဖြေဆေးထိုးပြီး အချိန်မီကုသပေးနိုင်တဲ့အတွက် အများစုရဲ့အသက်ကို ကယ်တင်နိုင်ခဲ့ပေမဲ့ လျှော်ဖြူကုန်းကျေးရွာက အသက် ကိုးနှစ်အရွယ် မိန်းကလေးနဲ့ ဝက်သအင်းရွာက ရှစ်နှစ်အရွယ် ကလေး နှစ်ယောက်အပါအဝင် စစ်ဘေးရှောင် ၆ ယောက်ကတော့ စစ်တပ်ရဲ့ စစ်ကြောင်းထိုးတာကို တိမ်းရှောင်ရင်း မြွေကိုက်ခံရပြီး သေဆုံးခဲ့ရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ယောက် က ပြောပါတယ်။
“မြွေကိုက်ခံရရင် ကိုက်ချက်ပေါ်မူတည်ပြီး မပြင်းရင်း မြွေဆိပ်ဖြေဆေး လေး၊ ငါးလုံးနဲ့ရတယ်။ ပြင်းရင်း အလုံး ၂၀ အထိ သုံးရတယ်။ အကိုက်ခံရလို သေသွားတဲ့သူအများစုက စစ်ကြောင်းရှိတာ၊ ညမထွက်ရအမိန့်တွေနဲ့ မြွေဆိပ်ဖြေဆေးမထိုးလိုက်ရတာတွေကြောင့်လည်းပါတယ်”လို့ စစ်ဘေးရှောင်တွေကို မြွေဆိပ်ဖြေဆေးရဖို့ ကူညီပေးနေသူတစ်ယောက်က ပြောပါတယ်။
မြွေအန္တရာယ်အများဆုံးဖြစ်တဲ့ ချပ်သင်းတိုက်နယ်၊ ကိုးထောင်ဘို့တိုက်နယ်၊ ထန်းလုံးတိုက်နယ်တွေမှာ မြွေကိုက်ခံရမှု အများဆုံးဖြစ်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ တစ်လအတွင်းမှာပဲ ၁၃ ယောက် အကိုက်ခံရပါတယ်။
မြွေဆိပ်ဖြေဆေးကလည်း မြန်မာနိုင်ငံထုတ် BPI က ကျပ်တစ်သိန်းဝန်းကျင်ရှိပြီး အိန္ဒိယနိုင်ငံထုတ်ဆေးက ၂ သောင်းခွဲကနေ ၄ သောင်းဝန်းကျင်ရှိတယ်လို့ ပြောပါတယ်။
BPI ဆေးကို ဆေးဝါးကျွမ်းကျင်သူက ထိုးပေးလို့ရပေမဲ့ အိန္ဒိယမြွေဆိပ်ဖြေဆေးကတော့ ဆရာဝန်ကိုယ်တိုင် ထိုးပေးမှရတဲ့ဆေးမျိုးလို့လည်း ဆိုပါတယ်။
“အခုက မြွေဆိပ်ဖြေဆေးဝယ်ဖို့လည်း ငွေလိုတယ်၊ ငွေရှိပြန်တော့ ဆေးမရှိရင် ဈေးတက်သွားပြန်ရော၊ ဆေးရပြန်ရင်လည်း လမ်းမှာ စစ်ကောင်စီအစစ်ဆေးမိရင် အသိမ်းခံရတာနဲ့ လူပါအဖမ်းခံရတာနဲ့ ဆေးရဖို့ကလည်း မလွယ်ဘူး၊ အိန္ဒိယဆေးထိုးဖို့ဆိုရင်လည်း ဆရာဝန်က အကန့်အသတ်ရှိနေပြန်ရော”လို့ ကန့်ဘလူ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဦးနေဇင်လတ်က ပြောပါတယ်။
ကန့်ဘလူမြို့နယ်မှာ စစ်ဘေးရှောင်ရတဲ့ ကျေးရွာပေါင်း ၃၀ ကျော်နေပြီး စစ်ဘေးရှောင်တွေကလည်း ဦးရေ ၅ သောင်းဝန်းကျင် ရှိနေတာပါ။ စစ်ဘေးရှောင်ရင်း မြွေအန္တရာယ်ရင်ဆိုင်ရရင် အသက်ကယ်ဖို့အတွက် တစ်နှစ်စာ မြွေဆိပ်ဖြေဆေး အလုံး ၃၀၀ ဝန်းကျင်လောက် လိုအပ်နေတာပါ။
မြွေဆိပ်ဖြေဆေး သိမ်းဆည်းတဲ့နေရာမှာလည်း အခက်ခဲ ရှိကြပြန်ပါတယ်။ စစ်ကြောင်းမထိုးခင်၊ ကျေးရွာတွေ မီးရှို့မခံရခင်က ရွာတွေမှာ လျှပ်စစ်မီးရှိကြတဲ့အတွက် ရေခဲသေတ္တာထဲမှာ သိမ်းလို့ရခဲ့ကြပါတယ်။
အခု ကျေးရွာတွေမီးရှို့ခံရတာ၊ လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်တာတွေကြောင့် ဒေသမှာရနိုင်တဲ့ ရေခဲဘူးလိုမျိုးမှာ သိမ်းပေမဲ့ ရေခဲကလည်း အမြဲ ရမနေပြန်ပါဘူး။
“ဒီတော့ သဲထဲ ရေလောင်း၊ သဲထဲကို ဆေးတွေထည့်ထားရတာပဲ၊ အခုတော့ ဆေးလည်း သိပ်မရှိတော့ပါဘူး။ ငါး လုံးပဲ ကျန်တော့တယ်”လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ယောက်က ပြောပါတယ်။
မြွေပွေးဓလေ့
မြန်မာနိုင်ငံမှာ မြွေကိုက်ခံရမှု အများဆုံးထဲမှာ မြွေပွေးကိုက်ခံရတာက ၇၀ ရာခိုင်နုန်းကနေ ၈၀ ရာခိုင်နုန်းထိရှိပြီး စိုက်ပျိုးရေးလုပ်တဲ့ နေရာတွေမှာ အများဆုံးတွေ့ရပါတယ်။
အခုလို ပူပြင်းခြောက်သွေ့တဲ့ ရာသီတွေမှာ ညဘက်မှာမြွေပွေးကိုက်ခံရမှုများတယ်လို့ မြွေမျိုးစိတ်နဲ့အဆိပ်အတွေ၊ မြွေနဲ့ဂေဟစနစ်တွေအကြောင်း ပညာပေးနေတဲ့ Myanmar Snakebite Education ကနေ သိရပါတယ်။
မြွေပွေးအကိုက်ခံရရင် အကိုက်ခံရတဲ့ နေရာတဝိုက်ရောင်ရမ်းလာပြီး ဒွါရကိုးပေါက်ကနေ သွေးယိုစိမ့်တာ၊ ပျို့အန်၊ အားအင်ချည့်နဲ့တာ၊ ဗိုက်နာ-ဗိုက်အောင့်တာ၊ ကျောက်ကပ်ထိခိုက်တာကြောင့် ခါးနာပြီး ဆီးသွားရခက်လာသလို ဆီးလုံးဝ မသွားနိုင်တာတွေ ဖြစ်နိုင်ပါတယ်။
မြွေပွေးကိုက်ခံရပြီး ဆေးကုသမှု မခံရဘူးဆိုရင် ၁ ရက်ကနေ ၄ ရက်အတွင်း အသက်သေဆုံးနိုင်သလို အကြောက်လွန်ပြီး ချက်ချင်းသေဆုံးနိုင်တယ်လို့ သတိပေးထားပါတယ်။
ဒ့ါကြောင့် ညဘက် အပြင်ထွက်မယ်ဆိုရင် လင်းအားကောင်းတဲ့ လက်နှိပ်ဓာတ်မီးဆောင်သွားသင့်ပြီး ခြေမချခင် နေရာကို အရင်စစ်ဆေးဖို့၊ ညဘက်မှာ ခြင်ထောင်နဲ့အိပ်ပြီး ခြင်ထောင်အနားတွေကို ဖျာအောက်ကို သေချာထည့်ဖို့၊ မြက်တွေ, သစ်ရွက်ခြောက်တွေရှိတဲ့နေရာကို ရှောင်သွားဖို့ သတိပေးထားပါတယ်။
‘စစ်ကြောင်းသာမလာရင် စစ်ရှောင်စရာမလိုဘူး။ သူတို့မလာရင် ကိုယ့်အိမ်ကိုယ်နေပြီး မြွေကိုက်ခံစရာလည်း မလိုဘူး။အခုဆိုရင် ကျွန်တော် အကိုက်ခံရပြီး အသက်မသေတာ ၁၃ ရက်ရှိပြီ။ အခုထိ အားမရှိသလို ခံစားရတယ်။ အကူအညီနဲ့မှ သွားလာနိုင်တယ်။ အချင်းချင်းကိုလည်း ဓာတ်မီးလေးဆောင်ပြီးမှ အပြင်ထွက်ဖို့ သတိပေးထားရတယ်။ စစ်ကြောင်းကတော့ ရှိနေတုန်းပဲ။ ကျွန်တော်တို့ဘက် ရောက်လာရင်တော့ ပြေးရဦးမှာပေါ့ဗျာ’လို့ ကိုမြင့်မောင်က ပြောပါတယ်။
လာမယ့် ဇွန်၊ ဇူလိုင် မိုးဦးကျရာသီတွေမှာလည်း မြွေတွေထွက်လာတတ်တာကြောင့် ဒီထက်ပိုပြီး မြွေအန္တရာယ်ကို စစ်ဘေးရှောင်တွေ သတိထားကြရမယ်လို့လည်း ကူညီပေးနေသူတွေက ပြောကြပါတယ်။