အော်စကာဆုရ ဒါရိုက်တာ Chloé Zhao ပြောပြတဲ့ အမျိုးသားကြီးစိုးတဲ့ရုပ်ရှင်လောက

အညိုရောင်ဝတ်စုံ ဝတ်ထားပြီး အနက်ရောင် ဆံပင်ရှည်နဲ့ ပြုံးပြနေတဲ့ ကလိုအီကျောင်း
ဓာတ်ပုံ ပုံစာ, ကလိုအီ ကျောင်း
    • ရေးသားသူ, ဆိုဖီယာ ဘက်တီဇာ
    • ရာထူးတာဝန်, ဘီဘီစီ အမျိုးသမီး ၁၀၀ အစီအစဥ်

ကလိုအီ ကျောင်းရဲ့ ရိုးရှင်းတည်ငြိမ်တဲ့သွင်ပြင်ဟာ လူသားအတွေ့အကြုံကို နက်နက်ရှိုင်းရှိုင်း တွေးတွေးထင်ထင် နီးစပ်မှုရှိရှိနဲ့ ရိုးရိုးရှင်းရှင်းဖော်ပြတဲ့ သူ့ရဲ့ ရုပ်ရှင်ဖန်တီးမှု အနုပညာကို ထင်ဟပ်ပါတယ်။

တရုတ်နွယ်ဖွား ရုပ်ရှင် ဒါရိုက်တာ ကလိုအီ ကျောင်းဟာ အော်စကာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲသမိုင်းမှာ အသားအရောင်ကွဲပြားသူတွေထဲမှာ အော်စကာဆု ဆန်ကာတင် စာရင်းဝင်ဝင်တဲ့ တစ်ဦးတည်း သော အမျိုးသမီးဖြစ်ပါတယ်။ ဒီနေ့အထိဆိုရင် အမျိုးသမီး ၃ ဦးသာရှိသေးတဲ့ ထူးချွန် ဒါရိုက်တာဆုအတွက် ဆန်ကာတင်ဝင်တဲ့ အမျိုးသမီး ဒါရိုက်တာလည်း ဖြစ်ပါတယ်။

ဒီနေ့ခေတ် ဟောလိဝုဒ်မှာ နာမည်ကျော်ကြားတဲ့ ဒါရိုက်တာတွေထဲက တစ်ဦးဖြစ်တဲ့ ကျောင်းဟာ သူ့ အနုပညာသက်တမ်းမှာ အောင်မြင်မှုတွေရနေပေမဲ့ ရိုးရိုးကုတ်ကုတ် အမျိုးသမီး ဒါရိုက်တာ တစ်ဦးအဖြစ်ပဲ နေထိုင်နေပါသေးတယ်။

၂၀၂၄ ဘီဘီစီ အမျိုးသမီး ၁၀၀ စာရင်းမှာ ဖော်ပြခံရတဲ့ ကျောင်းအတွက် ထူးခြားချက်တစ်ခုကတော့ ရုပ်ရှင်ဖန်တီးရာမှာ ပရော်ဖက်ရှင်နယ်မဟုတ်တဲ့ သရုပ်ဆောင်တွေကို ဇာတ်ကောင်အနေနဲ့ ရွေးချယ်ဖို့ မကြာခဏ ရွေးချယ်လေ့ရှိတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အော်စကာဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဆုရရှိတဲ့ Nomadland ရုပ်ရှင်မှာဆိုရင် သရုပ် ဆောင်အများစုဟာ ကျောင်းတစ်ယောက် အမေရိကန်အနောက်ပိုင်းကို ခရီးဆက်ချိန် လမ်းတစ်လျှောက် တွေ့ခဲ့ရသူတွေကို ဇာတ်ကောင်အဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

လူမှုအသိုက်အဝန်းထဲက အသံပျောက်၊ ကိုယ်စားပြုခွင့်နည်းပါးနေသူတွေကို ပွဲထုတ်တဲ့ သူ့ အားထုတ်မှုကို သူရိုက်ကူးတဲ့ ရုပ်ရှင်တိုင်းမှာ မြင်တွေ့နိုင်မှာပါတယ်။ အဲဒီ ရုပ်ရှင်တွေထဲမှာ မာဗယ်ထုတ် နာမည်ကြီး စူပါဟီးရိုး ရုပ်ရှင်လည်းပါဝင်ပါတယ်။

Eternals ဆိုတဲ့ မာဗယ် စူပါဟီးရိုး ရုပ်ရှင်မှာဆိုရင် နောက်ခံပေါင်းစုံက သရုပ်ဆောင်တွေကို ပါဝင်အောင် ထားထုတ်ခဲ့တာတွေ့ရမှာဖြစ်ပါတယ်။ မာဗယ် ဇာတ်ကားတွေထဲ ပထမဆုံးမြင်တွေ့ရတဲ့ လိင်တူချစ်သူ အမျိုးသားနှစ်ဦးရဲ့ အနမ်းခန်းကိုပါ ထည့်သွင်းရိုက်ကူးခဲ့ပါတယ်။

''ကျွန်မ အတွက်ရော၊ မာဗယ် အတွက်ရော၊ သရုပ်ဆောင်တွေအတွက်ရော အရေးပါခဲ့တယ်'' လို့ သူက ပြောပါတယ်။ ''ဒီဇာတ်ကားက လူ့ယဥ်ကျေးမှုအစမှာ မြေကမ္ဘာကိုရောက်လာတဲ့ လူတစ်စုအကြောင်း ဆိုတော့ မတူကွဲပြားတဲ့နောက်ခံရှိသူတွေ တတ်နိုင်သမျှ ပါအောင် ထည့်သွင်းမှာပဲ ယုတ္တိရှိမှာပေါ့''

အဲဒီရုပ်ရှင်ကို မီဒီယာတွေမှာ လိင်စိတ်ခံယူမှုကွဲပြားသူ LGBTQ+ ဇာတ်ကောင်တွေအကြောင်း ပုံဖော်တာကို ဥပဒေတွေနဲ့ တားမြစ်ထားတဲ့ ဆော်ဒီအာရေးဗျ၊ ကူဝိတ်နဲ့ ကာတာတို့အပါအဝင် နိုင်ငံအတော်များများမှာ ပြသခွင့် ပိတ်ပင်ခဲ့ပါတယ်။

''ကျွန်မတို့ မအံ့သြပါဘူး'' လို့ ကျောင်းက ပြောပါတယ်။ ''(ရုပ်ရှင်ကို ပြသခွင့် ပိတ်မယ်ဆိုတာ) ကျွန်မတို့ သိခဲ့ကြတာပဲလေ။ ဒါပေမဲ့ ကျွန်မတို့ နှလုံးသားက မှန်ကန်တယ်လို့ တွေးထင်တဲ့အတိုင်း လုပ်ရမှာတော့ ရှိတာပေါ့''

'ကျွန်မနဲ့ မသက်ဆိုင်သလို ခံစားနေရတုန်းပါပဲ '

ဖရန့်ဆက်စ် မက်ခ်ဒေါ်မန်(ဘယ်ဘက်)နဲ့ ကျောင်း(ညာဘက်)တို့ကို ၂၀၂၁ အော်စကာရုပ်ရှင် ထူးချွန်ဆုပေးပွဲမှာ Nomadland ရုပ်ရှင် သရုပ်ဆောင်ဆုနဲ့ ဒါရိုက်တာဆုတို့ ရယူပြီးတဲ့နောက် မြင်တွေ့ရတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဖရန့်ဆက်စ် မက်ခ်ဒေါ်မန်(ဘယ်ဘက်)နဲ့ ကျောင်း(ညာဘက်)တို့ကို ၂၀၂၁ အော်စကာရုပ်ရှင် ထူးချွန်ဆုပေးပွဲမှာ Nomadland ရုပ်ရှင် သရုပ်ဆောင်ဆုနဲ့ ဒါရိုက်တာဆုတို့ ရယူပြီးတဲ့နောက် မြင်တွေ့ရတာဖြစ်ပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကျောင်းအတွက်တော့ ရုပ်ရှင်ဖန်တီးနိုင်ခွင့်ဟာ အခွင့်အရေးတစ်ခုအဖြစ်သလို တာဝန်ယူမှုတစ်ခုလို့လည်း မှတ်ယူပါတယ်။ အဲဒီတာဝန်ကတော့ မတူကွဲပြားတဲ့ ရုပ်ရှင်ကားတစ်ကားကို ဖန်တီးဖို့ အခွင့်အလမ်း တစ်ရပ်အဖြစ် သူမှတ်ယူတာပါ။

သူ့ရုပ်ရှင်တွေဟာ နိုင်ငံခြားသား အမျိုးသမီးတစ်ဦးဖြစ်တည်မှုကနေလာတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး အထီးကျန်မှု၊ သရုပ်သကန်ဖြစ်တည်မှုနဲ့ လူမှုအသိုက်အဝန်းမှာ ကိုယ်တိုင်ပါဝင်တယ်လို့ ခံစားရစေမှု စတဲ့အရာတွေကို အခြေတည်ပါတယ်။

တရုတ်နိုင်ငံ၊ ဘေကျင်းမြို့မှာမွေးတဲ့ ကျောင်းဟာ ဘရိုက်တန်မှာ ကျောင်းအိပ်ကျောင်းစားတက်ဖို့ ယူကေကို ပြောင်းပါတယ်။ အဲဒီနောက်မှာမှ အမေရိကန်မှာ အခြေချတာဖြစ်ပါတယ်။ လူ့အသိုင်းအဝိုင်းတစ်ခုထဲကို ဝင်ရောက်လာတဲ့ အပြင်ကလူ တစ်ဦးအနေနဲ့ သူ့ဘဝ အတွေ့အကြုံဟာ သူ့ရုပ်ရှင် ဇာတ်ကြောင်းတွေအပေါ် အတော်လေး လွှမ်းမိုးပါတယ်။ ဒါကြောင့်ပဲ အများခံစားသိတဲ့ခံစားချက်တွေကိုလည်း ကာရန်မိစေပါတယ်။

''ဆယ်ကျော်သက် အများစုက တစ်ခါတလေမှာ သူတို့ဟာ လူမှုအသိုက်အဝန်းနဲ့ မဝင်ဆန့်ဘူးလို့ ခံစားရတာမျိုးရှိတယ်။ ကျွန်မကိုယ်တိုင်ဆိုလည်း အတော်လေး အထီးကျန်တာကို ခံစားရတာကို အမှတ်ရနေတုန်းပါပဲ။ အခုဆို ကျွန်မ အသက် ၄၂ နှစ်ရှိပြီ။ ကိုယ်က ဒီလူမှုအသိုက်အဝိုင်းနဲ့ မသက်ဆိုင်သူလို့ ခံစားနေရတုန်းပဲ''

သူရဲ့ ရုပ်ရှင်ဒါရိုက်တာ ဘဝကို ဇာတ်လမ်းတိုတွေ ရိုက်ကူးရာကနေ စတင်ပါတယ်။ အဲဒီနောက်မှာတော့ ၂၀၁၅ ခုနှစ်မှာ လာကိုတာ အမေရိကန်တိုင်းရင်းမျိုးနွယ်စုထဲက မောင်နှမနှစ်ဦးရဲ့ မေတ္တာအကြောင်း Songs My Brothers Taught Me ရုပ်ရှင်ကို ရိုက်ကူးပြီး ရုပ်ရှင်ဒါရိုက်တာ ဘဝ စပါတယ်။

၂၀၂၀ ပြည့်နှစ်မှာတော့ သူဟာ အမေရိကန်စီးပွားပျက်ကပ်ဖြစ်ချိန် အလုပ်နဲ့ အိမ် မဲ့သွားတဲ့ အသက် ၆၀ ဝန်းကျင် အမျိုးသမီး ဖန်းဆိုသူ အကြောင်းရိုက်ကူးထားတဲ့ Nomadland ရုပ်ရှင်နဲ့ အသိအမှတ်ပြုခံရမှု ကျယ်ကျယ်ပြန့်ပြန့်ရရှိခဲ့ပါတယ်။

အဲဒီရုပ်ရှင်ဟာ စီးပွားရေးကျပ်တည်းတာ၊ အထီးကျန်တာ၊ လူမှုအသိုက်အဝန်းမှာ ဝင်ဆန့်မှုရနိုင်မလား ရှာဖွေမှုတွေအကြောင်း အခြေခံပါတယ်။ ဒီရုပ်ရှင်ဟာ အကယ်ဒမီဆုပေးပွဲအပါအဝင် ဆုကြီးအတော် များများမှာ အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုတွေရခဲ့ပါတယ်။

''ပိုပြီး ကိုယ်စားပြုနိုင်ဖို့''

အသားအရောင်၊ လိင်နဲ့ ဖြစ်တည်မှု မတူကွဲပြားသူတွေ နယ်ပယ်ပေါင်းစုံမှာပါဝင်လာနိုင်တာဟာ ကင်မရာရှေ့မှာ သိသိသာသာတိုးတက်လာပြီလို့ ကျောင်း တစ်ယောက် မှတ်ယူပေမဲ့ ရုပ်ရှင်နယ်ပယ်မှာ ''ပိုပြီး နက်နက်ရှိုင်းရှိုင်း ပါလာဖို့'' လိုအပ်နေသေးတယ်လို့ သူ ယူဆပါတယ်။

''လူတွေအနေနဲ့ လူသားဆန်လိုက်ကြရုံလေးပါပဲ။ ဘယ်ရုပ်ရှင်အမျိုးအစားမှာပဲ ဖြစ်နေပါစေ အသားအရောင်၊ လိင်ဖြစ်တည်မှုကြောင့် ဇာတ်ကောင်အနေနဲ့ ရွေးချယ်ခံရဖို့ မဖြစ်နိုင်တာမျိုး မရှိလို့ မရဘူးလား'' လို့ သူ မေးခွန်းထုတ်ပါတယ်။

''တချို့ပြဿနာတွေကို ဖြေရှင်းဖို့ မီးမောင်းထိုးပြချင်တဲ့ရုပ်ရှင်တွေမှာ သူတို့ကို သရုပ်ဆောင်ခိုင်းလိုက်လို့မရဘူးလား''

ရုပ်ရှင် ဝင်ငွေကို ကြည့်ရုံနဲ့တင် မလုံလောက်ဘူးလို့ သူက မှတ်ယူပါတယ်။

''ကျွန်မဆိုရင်တော့ ကိုယ့်ကို အဲဒီလိုနည်းလမ်းနဲ့ ဆက်ဆံတာမျိုးမဟုတ်တာကိုပဲ ပိုကြိုက်တယ်။ တရုတ်အမျိုးသမီး တစ်ဦးအနေနဲ့ မဟုတ်ဘဲ လူသားတစ်ဦးအနေနဲ့ မြင်စေချင်တာပါပဲ''

ဆယ်လ်မာ ဟေးယက်၊ ကလိုအီ ကျောင်း၊ အိန်ဂျလီနာ ဂျိုလီ၊ ဂျမ်မာ ချမ်းတို့ကို ဗြိတိန်မှာ ၂၀၂၁ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ The Eternals ရုပ်ရှင် ရုံတင်ပွဲမှာ မြင်တွေ့ရတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆယ်လ်မာ ဟေးယက်၊ ကလိုအီ ကျောင်း၊ အိန်ဂျလီနာ ဂျိုလီ၊ ဂျမ်မာ ချမ်းတို့ကို ဗြိတိန်မှာ ၂၀၂၁ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ The Eternals ရုပ်ရှင် ရုံတင်ပွဲမှာ မြင်တွေ့ရတာဖြစ်ပါတယ်

ကင်မရာနောက်ကွယ်က အမျိုးသမီးတစ်ဦး

အမျိုးသားတွေ ကြီးစိုးပြီး ပုံဖော်ထားတဲ့နယ်ပယ်တစ်ခုမှာ အမျိုးသမီးတစ်ဦး တက်လမ်းတွေ့ဖို့ဟာ မလွယ်ကူဘူးလို့ ကျောင်းက ပြောပါတယ်။

''ဘယ်နယ်ပယ်မှာမဆို အလုပ်လုပ်နေတဲ့ပုံက ဒီပုံစံအတိုင်းပဲ ဖြစ်နေတယ်လို့ ကျွန်မ ယုံကြည်တယ်။ အမျိုးသားတစ်ဦး ကိုယ်လုံးရှိမှ ပို ဟန်ကျမှာမျိုး'' လို့ ကျောင်းက ဘီဘီစီ အမျိုးသမီး ၁၀၀ အစီအစဥ်ကို ပြောပါတယ်။

အမျိုးသမီးတစ်ဦးအနေနဲ့ အမျိုးဖြစ်တည်မှု ကိုယ်ခန္ဓာကိုယ်ရဲ့ စံမတူတဲ့အင်အားကိုလည်း လက်ခံဖို့ သူ ကျင့်ကြံတယ်လို့ ပြောပါတယ်။ ဥပမာအနေနဲ့ သူ့ရဲ့ ဓမ္မတာစက်ဝန်းဟာ သူ့ကို ဘဝသံသရာလည်မှုကို ပိုပြီး အသိချပ်စေတယ်လို့ သူက ပြောပါတယ်။

''လတိုင်းမှာ ရာသီနဲ့ပတ်သက်ပြီး အတွေ့အကြုံတွေရတယ်။ ဒီလမှာတော့ စိတ်က နည်းနည်းလေးမှ အတိမ်းအစောင်းမခံတဲ့ဘက်ကို ရောက်တယ်၊ နောက်တစ်ရာသီမှာတော့ ကိုယ်လုပ်နေတဲ့ အလုပ်အတွက် ဇာတ်ညွှန်းရေးတဲ့အခါမှာ နက်နက်နဲနဲ တွေးနိုင်တာမျိုး မယုံနိုင်စရာကောင်းအောင် လုပ်နိုင်ပြန်တယ်''

ဒါပေမဲ့လည်း ဒီသဘာဝနဲ့ ပြင်ပ ရုပ်ရှင်နယ်ပယ်မှာ တကယ်ဖြစ်နေတာကြားက ပဋိပက္ခကို အငြင်းမပွားပါဘူး။

''ကျွန်မရဲ့ အလုပ်ချိန်တွေ... အထူးသဖြင့် ဆွေးနွေးရတာတွေနဲ့ ရိုက်ကူးဖို့ စီစဥ်ထားတာတွေက ကျွန်မ အင်အားလို့ခံယူထားတာတွေနဲ့ ရှေ့ဆက်ဖို့ အပြည့်အဝ မလုပ်နိုင်ပြန်ပါဘူး'' လို့ သူက ပြောပါတယ်။

ကျောင်းကတော့ အမျိုးသမီးတွေဟာ ရုပ်ရှင်တစ်ကားကို ပုံဖော်ရာမှာ အရေးပါတယ်လို့ ယုံကြည်ပါတယ်။ ဇာတ်ညွှန်းရေးတာကနေ ရိုက်ကူးတာအဆုံး ဖန်တီးမှုအဆင့်ဆင့်မှာ အမျိုးသမီးတွေဟာ အပြောင်းအလဲအတွက် အမြဲလမ်း စိတ်ဖွင့် ထားတာကြောင့်လို့ ဆိုပါတယ်။

''ဘာကြောင့်လဲဆိုရင် ကျွန်မတို့ ကိုယ်ခန္ဓာက လစဥ်လတိုင်းမှာ ပြောင်းလဲနေတယ်။ ဒါကလည်း တကယ့် တန်ခိုးတစ်ခုပါပဲ။ အမျိုးသားတွေမှာ အမျိုးသမီးတွေလောက် ခံစားမှုသက်ဝင်နိုင်စွမ်းရှိတဲ့ ကိုယ်ခန္ဓာ ထပ်တူကျမှု မရှိဘူး''

အလုပ်ဖြစ်မြောက်မှုကိုကြည့်ပြီး အားလုံးကို တန်းညှိလိုက်တဲ့ လူမှုအသိုက်အဝန်းတစ်ခုမှာ အမျိုးသားတွေအတွက်က ဝင်ဆန့်ဖို့ လွယ်ကူနေတယ်လို့ သူက ပြောပါတယ်။

''သူတို့ အားလုံး ကျွန်မတို့ဆီကနေ နှစ်သိမ့် ထွေးပွေ့မှု လိုနေတယ်လို့ ကျွန်မ ထင်တယ်။ ကိုယ့် ပတ်ဝန်းကျင်က ဘယ် အမျိုးသားကို မဆိုကြည့်လိုက်ရင် သူတို့ ပင်ပန်းနေကြပြီ''

အော်စကာဆုရ ဒါရိုက်တာ ဘာဆက်လုပ်မလဲ

အော်စကာဆုကို လက်မှာကိုင်ထားတဲ့ ကလိုအီကျောင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကလိုအီ ကျောင်းမှာ နောက်ထပ် ထပ်ပြီး ဖန်တီးမယ့် အလုပ်တွေ ရှိနေပါတယ်

Nomadland အောင်မြင်မှုပြီးတဲ့နောက်မှာ ကျောင်းဟာ Hamnet ရုပ်ရှင်ကို မကြာသေးခင်ကပဲ ရိုက်ကူးထားပါတယ်။ ကမ္ဘာကျော် ပြဇာတ်ရေးသားသူ ဝီလျံ ရှိတ်စပီးယားရဲ့ ဇနီးနဲ့ သားဆုံးလို့ ပူဆွေးရတဲ့အကြောင်းအခြေခံရိုက်ကူးထားတာပါ။

ဒါအပြင် ကျောင်းဟာ ဟူလူ ရုပ်သံလိုင်းအတွက် Buffy the Vampire Slayer ဇာတ်လမ်းတွဲကိုလည်း ပထမပိုင်းအတွက် ရိုက်ကူးဖို့ ပြင်ဆင်နေပါတယ်။

ကင်မရာရှေ့မှာ အပီပြင်ဆုံး သရုပ်ဖော်ဖို့ ဆုံးဖြတ်ထားတဲ့ ကျောင်းဟာ ကင်မရာ မှန်ဘီလူး နောက်ကွယ်မှာလည်း အားထုတ်မှု လျော့မသွားပါဘူး။

သူ့အောင်မြင်မှုကြောင့် ရိုက်ကူးမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာတဲ့အခင်းအကျင်းကို ဖန်တီးဖို့ သူ့မှာ တာဝန်တစ်ခုအထိ ရှိလာပြီလို့ ခံစားမိတာကြောင့်ဖြစ်ပါတယ်။

''အလုပ်ဖြစ်မြောက်မှု၊ အောင်မြင်အောင်ကြိုးပမ်းမှု၊ ရုန်းတိုးမှု၊ အောင်မြင်မှု၊ လူမှန် နေရာမှန်ဖြစ်ကြောင်းပြမှု ... ဒီလိုခေါင်းစဥ်တွေအောက်မှာ ဒဏ်ရာအနာတရနဲ့ ထွက်လာတဲ့ဖန်တီးမှု အတွေ့အကြုံကို ဘယ်သူ့ ကိုမှ မရစေချင်ဘူး''

ဘီဘီစီ အမျိုးသမီး ၁၀၀ အမှတ်တံဆိပ်

ဘီဘီစီက နှစ်စဉ် ထုတ်ပြန်တဲ့ အမျိုးသမီး ၁၀၀ အထူးကဏ္ဍမှာ သြဇာအရှိန်အဝါ လွှမ်းမိုးနိုင်တဲ့ အားကျစရာကောင်းတဲ့ အမျိုးသမီး ၁၀၀ ရဲ့ အမည်စာရင်းကို ဖော်ပြပြီး သူတို့ရဲ့အကြောင်းတွေကို ဝေမျှ ပေးနေပါတယ်။

အင်စတာဂရမ်နဲ့ ဖေ့ဘွတ်ခ်မှာ BBC 100 Women ဆိုပြီး ဖော်လိုလုပ်နိုင်ပါတယ်။ #BBC100Women ဆိုတဲ့ ဟတ်ရှ်တက်ခ်ကို သုံးပြီးတော့လည်း လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ ရေးသား ပါဝင်နိုင်ပါတယ်။