ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇန်နဝါရီ ၁၉ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ် - မြောက်ဦးမှာစစ်တပ်ဗုံးကြဲမှု သေဆုံးသူ ၂၈ ဦးရှိ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရမ်းချောင်းဖျားမှာ ရခိုင်တိုက်ပွဲတွေအတွင်း ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို ယာယီ ထိန်းသိမ်းထားတဲ့နေရာကို စစ်တပ်က ဗုံးကြဲမှု ကြောင့်သေဆုံးသူ ၂၈ ဦး ရှိတယ်လို့ အာရက္ခတပ်တော်(အေအေ)က ဇန်နဝါရီလ ၁၉ ရက် ညနေပိုင်းမှာ ထုတ်ပြန်လာပါတယ်။
ဇန်နဝါရီ ၁၈ ရက်ညပိုင်းမှာ စစ်ကောင်စီလေကြောင်းဗုံးကြဲလို့ ထိခိုက်သေဆုံးမှုများတယ်လို့ ဘီဘီစီက အစောပိုင်းတုန်းက သိရှိခဲ့ရတာပါ။
အခုတော့ ဒီဗုံးကြဲမှုမှာ သေဆုံးသူ ၂၈ ဦး၊ ဒဏ်ရာရသူ ၂၅ ဦးအထိ ရှိသလို ဒဏ်ရာပြင်းထန်သူလည်း ရှိတကြောင့် သေဆုံးသူ အရေအတွက် မြင့်တက်လာနိုင်တယ်လို့လည်း အေအေက ပြောပါတယ်။
"ဗုံးက ၅ လုံးလောက် ကျတယ်" လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
စစ်ကောင်စီတပ်က ဗုံးကြဲမှုကြောင့် သေဆုံး ဒဏ်ရာရခဲ့သူတွေဟာ ရခိုင်တိုက်ပွဲတွေမှာ ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ဖမ်းမိတဲ့ တပ်မိသားစုဝင်တွေဖြစ်ပြီး ပြန်လွှတ်ပေးမယ့် အစီအစဥ်ကြောင့် ယာယီ ထိန်းသိမ်းထားတဲ့နေရာ ဗုံးကြဲခံရတာလို့ အေအေကပြောပါတယ်။
ပုသိမ်မြို့နယ်၊ ဘောမိရွာတိုက်ပွဲမှာ စစ်ကောင်စီတပ် အကျအဆုံးများပြီး တပ်ဆုတ်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ဘောမိရွာမှာဖြစ်တဲ့ အာရက္ခတပ်တော်(အေအေ) ထိုးစစ်အတွင်း စစ်ကောင်စီတပ်ဘက်က အကျအဆုံးများပြီး ရွှေ သောင်ယံမြို့ဘက်ကို တပ်ဆုတ်သွားကြတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်က ဘီဘီစီကို ပြောပါတယ်။
"အင်အား ၄၀၀ လောက်ရှိခဲ့တာကနေ ဆယ်ကျော်လောက်ပဲ ပြန်ဆုတ်သွားနိုင်တယ်။ သူတို့ ဗျူဟာမှူးတွေလည်း ပျောက်နေကြတယ်လို့ သတင်းရပါတယ်"လို့ သူက ပြောပါတယ်။
ဘောမိကျေးရွာဟာ ရွှေသောင်ယံမြို့နဲ့ ချောင်းကျယ်တစ်ခုပဲ ခြားပါတယ်။
ဘောမိက စစ်ကောင်စီတပ်ရဲ့ တင့်ကား ၄ စီးကတော့ မီးလောင်ပျက်စီးပြီးကျန်ခဲ့ တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁၈ ရက် တိုက်ပွဲအတွင်း ဒီရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် နေအိမ်တွေ ပျက်စီးပြီး ဘုန်းတော်ကြီးတစ်ပါးပျံလွန်တော်မူတယ်လို့လည်း သိရပါတယ်။
ဒေသခံအများစုကတော့ ပုသိမ်၊ သာပေါင်းနဲ့ နီးစပ်ရာရွာတွေကို ရွှေ့ပြောင်းနေကြရတဲ့အခြေအနေပါ။
စစ်ရေးသတင်းရင်းမြစ်ကတော့ စစ်ကောင်စီတပ်မရှိတော့တဲ့ ဘောမိကို အေအေကထိန်းချုပ်ထားနိုင်တဲ့ အခြေ အနေလို့ဆိုပါတယ်။
ဘီဘီစီက စုံစမ်းမေးမြန်းချက်တွေအရလည်း ဘောမိရွာ အထက်ပိုင်းကို အေအေက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
အေအေဘက်ကတော့ ဘောမိက တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းအစပ်က ရွှေသောင်ယံမြို့ အနီးရွာတွေကို ဇန်နဝါရီ ၈ ရက်ကစပြီး အေအေက ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။
ဒီနယ်မြေထဲက မကျီးဇင်ကျေးရွာ ရဲစခန်းကိုတော့ အေအေနဲ့ပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၉ ရက်မှာ သိမ်း ယူထားပြီးဖြစ်ပါတယ်။
စစ်ကောင်စီကတော့ ဧရာဝတီတိုင်းထဲက အေအေထိုးစစ်ဆင်နေတဲ့ ဒေသကို ကြည်း၊ ရေ၊ လေ တပ်ကူတွေ ပေးပို့ကာ ခံစစ်ပြင်ထားတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ထဲက မြို့နယ်အများစုကို သိမ်းထားပြီးတဲ့နောက် အေအေက ပြည်နယ်ထွက်ပေါက်အဖြစ် ဧရာဝတီနဲ့ မကွေးဘက်မှာ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
မိတ္ထီလာလေတပ်နဲ့ မိုင် ၁၀၀ ဝန်းကျင်ရွာတွေကို စစ်တပ်က စက်တပ်လေထီးသုံး ဗုံးကြဲ
၂၀၂၄ နှစ်ကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်ဟာ မန္တလေးတိုင်း၊ မိတ္ထီလာ(ရှမ်းတဲ) လေတပ်စခန်း ဌာနချုပ်နဲ့ မိုင် ၁၀၀ ဝန်းကျင်မှာရှိတဲ့ မြင်းခြံ၊ တောင်သာနဲ့ ငါန်းဇွန်မြို့နယ်တွေထဲကို စက်တပ်လေထီး (Paramotor)သုံးပြီး ဗုံးကြဲတာတွေ လုပ်လာတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့က ဘီဘီစီကို ပြောပါတယ်။
ဇန်နဝါရီ ၁၉ ရက်၊ မနက်အစောပိုင်းမှာလည်း မိတ္ထီလာလေတပ်နဲ့ ၃၉ မိုင်အကွာက တောင်သာမြို့နယ် အပိုင် သံဘို၊ သန်းတန်းရွာကို စက်တပ်လေထီးနဲ့ ဗုံးလာကြဲသွားတယ်လို့ တောင်သာပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူ ကိုကြည်စတားက ဘီဘီစီကို ပြောပါတယ်။ "ထိခိုက်သေဆုံးတော့မရှိပါဘူး။ တောင်သာထဲကိုတော့ ဒီစက်တပ်လေထီးတွေနဲ့လာပစ် နေတာ အကြိမ် မရေနိုင်တော့ဘူး"လို့ သူကပြောပါတယ်။
စစ်ကောင်စီရဲ့ စက်တပ်လေထီးသုံးတိုက်ခိုက်တာကို ၂၀၂၄ ခုနှစ်၊ ခရစ္စမတ်နေ့မှာ ဒီဒေသထဲ စကြုံရတာ လို့လည်း သူကပြောပါတယ်။
တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာကို စက်တပ်လေထီးနဲ့ ဗုံးကြဲလို့အမျိုးသမီး ၂ ဦး ဒဏ် ရာရခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်မှာလည်း တောင်သာထဲက ရွှေစည်ကြီးရွာကို လေထီးနဲ့ ဗုံးထပ်ကြဲလို့ အမျိုးသမီး ၁ ဦး သေဆုံးပြီး ကလေး ၁ ဦးဒဏ်ရာရခဲ့ပါတယ်။
ဒီလိုတိုက်ခိုက်တာတွေကို မိတ္ထီလာ(ရှမ်းတဲ)လေတပ်နဲ့ မိုင် ၁၀၀ လောက်အကွာက မန္တလေး တိုင်း၊ ငါန်းဇွန်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ မြင်းဆည်ရွာတွေမှာလည်း ဒေသခံတွေကြုံခဲ့ရတာပါ။
"ကျွန်တော့်အမြင်ကတော့ မြေပြင်စစ်ကြောင်း မထိုးနိုင်တာရော၊ လေယာဉ်ဆီချွေတာဖို့ ရော ဒီစက်တပ်လေထီးတွေ သုံးလာတယ်လို့ ထင်တယ်"လို့ ကိုကြည်စတားက ပြောပါတယ်။
စစ်ကောင်စီ ခံစစ်ပြင်နေရတဲ့ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့မှာလည်း စက်တပ် လေထီးလေ့ ကျင့် နေတာတွေ့ရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
အေအေနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်-ပဲခူးအစပ်က မိုးထိတိုက်နယ်ကိုလည်း စက်တပ်လေ ထီးတွေ ဥသျှစ်ပင်မြို့ဘက်ကနေ ပျံသန်းလာတာရှိတယ်လို့ ရခိုင်စစ်ရေးအရင်းအမြစ်က ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေတိုးလုပ်ဖို့ တိုက်လေယာဥ်၊ ကုန်တင်လေယာဥ်တွေ၊ ဒရုန်းတွေအပြင် အခုလို စက်တပ်လေထီးတွေကိုပါ သုံးလာတာ ဖြစ်ပါတယ်။
မြောက်ဦးမြို့နယ်ထဲက စစ်သုံ့ပန်း ယာယီအကျဉ်းထောင် လေကြောင်းဗုံးကြဲခံရ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရမ်းချောင်းဖျားက စစ်သုံ့ပန်းယာယီအကျဥ်းထောင်ကို ဇန်နဝါရီ ၁၈ ရက်ညပိုင်းမှာ စစ်ကောင်စီလေကြောင်းဗုံးကြဲလို့ ထိခိုက်သေဆုံးတာရှိတယ်လို့ ရခိုင်စစ်ရေးအရင်းအမြစ်က ဘီဘီစီကို ပြောပါတယ်။
"ဗုံးက ၅ လုံးလောက် ကျတယ်။ ထိခိုက်သေဆုံးမှု များတယ်။အတိအကျ မပြောနိုင်သေးဘူး" လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
ရခိုင်သတင်းဌာန၊ နိရဥ္စရာကတော့ လေကြောင်းဗုံးကြောင့် ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင် ၃၀ ကျော် သေဆုံးတယ်လို့ ဖော်ပြထားပေမဲ့ ဘီဘီစီက အတည် ပြုနေဆဲဖြစ်ပါတယ်။
အဲဒီနေရာကို စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ ဧပြီလတုန်းကလည်း လေကြောင်းဗုံးကြဲတာ ရှိခဲ့ပါတယ်။
စစ်ကောင်စီဟာ ၂၀၂၄ခုနှစ်၊ စက်တင်ဘာ ၈ ရက်နဲ့ ၉ ရက်တွေမှာ ရခိုင်ပြည်နယ်၊ ပေါက်တောနဲ့ မောင်တော မြို့နယ်ထဲက စစ်သုံ့ပန်းတွေ ထိန်းသိမ်းထားရာနေရာကို လေကြောင်းဗုံးကြဲခဲ့တာကြောင့် စစ်သုံ့ပန်း ၅၇ ဦး သေဆုံးခဲ့တယ်လို့ အေအေက ထုတ်ပြန်ပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ မလေးရှားမှာတွေ့ဆုံပြီး မြန်မာ့အရေးလည်း ဆွေးနွေးမယ်
မလေးရှားနိုင်ငံ၊ လန်ကာဝီကျွန်းမှာ ဒီနေ့ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့တွေ့ဆုံပွဲအတွင်း ဝန်ကြီးတွေဟာ မြန်မာ့အရေးကို ဆွေးနွေးကြမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၈ ရက်မှာထုတ်ပြန်ပါတယ်။
ဒီတွေ့ဆုံမှုဟာ မလေးရှားက ၂၀၂၅ ခုနှစ်အတွက် အလှည့်ကျအာဆီယံဥက္ကဋ္ဌနေရာကို လွှဲပြောင်း ရယူပြီးနောက် ပထမဆုံးပြုလုပ်တဲ့နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးလည်းဖြစ်ပါတယ်။
ဒေသတွင်းက ပြဿနာတွေအတွက် ချက်ချင်းအဖြေရှာသွားမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အထွေထွေအတွင်းရေးမှူးက လန်ကာဝီတွေ့ဆုံပွဲအကြို သတင်းစာ ရှင်းလင်းပွဲမှာ ဆိုထားပါတယ်။
"မြန်မာ့အရေးကိုအားလုံးက ကူညီလုပ်ဆောင်ပေးချင်ကြပါတယ်။ စေ့စပ်ညှိနှိုင်းတာတွေ လုပ်နေသလို မလေးရှားက အာဆီယံ ဥက္ကဋ္ဌတာဝန်ယူထားချိန်မှာလည်းဆက်လက်လုပ်ဆောင်သွားမှာပါလို့" လို့ သူကပြောပါတယ်။
ဒီနေ့ မလေးရှားကဦးဆောင်ပြုလုပ်နေတဲ့ တံခါးပိတ်တွေ့ဆုံပွဲမှာ အာဆီယံအစည်းအဝေးတွေကို နိုင်ငံကိုယ် စားပြုတက်ရောက်ခွင့်မရသေးတဲ့ စစ်ကောင်စီဘက်က နိုင်ငံရေးဘက်ကမဟုတ်တဲ့ ကိုယ်စားလှယ်တစ်ဦး တက်ရောက်နေတာဖြစ်ပါတယ်။
စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး တက်ရောက်နေပါတယ်။
မလေးရှားနိုင်ငံဝန်ကြီးချုပ် အာဆီယံဥက္ကဋ္ဌတာဝန်လွှဲပြောင်းမယူရသေးခင် ၂၀၂၄ ခုနှစ်ကတည်းက မြန်မာက အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ ပြောဆိုခဲ့သလို အာဆီယံအပေါ်လည်းဝေဖန်ပြောဆိုတာတွေရှိခဲ့တာပါ။
"အဖွဲ့ဝင်နိုင်ငံတစ်ခုက အာဆီယံပဋိဉာဥ်ချိုးဖောက်တာကို သိမြင်နေရက်နဲ့ အရေးယူဖို့ ပျက်ကွက်နေ တာဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ တာဝန်မဲ့ခြင်းပဲ"လို့ ၂၀၂၄ခုနှစ်၊ ဇွန် ၆ ရက်မှာ ကျင်းပခဲ့တဲ့ ၃၇ ကြိမ်မြောက် အာရှ- ပစိဖိတ်ဆွေးနွေးပွဲမှာ ဆိုခဲ့ပါတယ်။
မြန်မာက နိုင်ငံရေး နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုတွေအတွက် အဖြေရှာပေးမယ်လို့ မလေးရှားနိုင်ငံဘက်က ပြောဆိုထားပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာ့အရေး အလွတ်သဘောတိုင်ပင်ဆွေးနွေးတဲ့အနေနဲ့ ထိုင်းထိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့လတုန်းက တွေ့ဆုံခဲ့ကြပါတယ်။
အဲဒီဆွေးနွေးပွဲ မတိုင်ခင် တစ်ရက် ထိုင်းအပါအဝင် မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပြုလုပ်တဲ့ အလွတ်သဘောဆွေးနွေးပွဲကိုတော့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့ပါတယ်။
ရှမ်းတောင်၊ ဟိုပုန်းမှာ ဘိန်းစိုက်ခင်း ဧကတစ်ရာကျော် ဖျက်ဆီးခဲ့တယ်လို့ စစ်ကောင်စီပြော
စစ်ကောင်စီဟာ ရှမ်းပြည်နယ်ထဲ သူ့ရဲ့ ထိန်းချုပ်မှုအောက် ဆက်ရှိနေသေးတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်ထဲက ဘိန်းစိုက်ခင်း ၁၅၆ ဧကကို ဖျက်ဆီးခဲ့တယ်လို့ ပြောလာပါတယ်။
ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဟိုပုံးမြို့နယ်ထဲက ဘိန်းခင်းတွေကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်ကစ ပြီး ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီက ဇန်နဝါရီလ ၁၉ ရက် နိုင်ငံပိုင် သတင်းစာကနေ သတင်းထုတ်ပါတယ်။
ဇန်နဝါရီ ၁၇ ရက်ကလည်း ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု ကျောက္ကချားရွာ အနောက်ဘက်မှာ စိုက်ပျိုးထားတဲ့ ဘိန်းခင်း ၁၀ ဧက နဲ့ စံဖူးရွာတောင်ဘက်က ဘိန်းခင်း ၁၂ ဧက တို့ကို စစ်ကောင်စီရဲတပ်ဖွဲ့ နဲ့ အုပ်ချုပ်ရေးအဖွဲ့ ဝင်တွေက ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒီရွာတွေမှာ ၂၀၂၄ ခုနှစ်၊ နှစ်စပိုင်းတုန်းက စစ်ကောင်စီနဲ့ ပအိုးဝ်ပြည်သူ့စစ်(PNO)က တစ်ဖက် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PNLA) က တစ်ဖက် တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။
ဆီဆိုင်မြို့နယ်ကို PNLA သိမ်းအပြီးမှာ ကပ်လျက်မှာရှိတဲ့ ဟိုပုံးဘက်ကို တိုက်ပွဲကူးခဲ့တာပါ။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာအရ မြန်မာဟာ ကမ္ဘာ့ဘိန်းနဲ့ ဘိန်းဖြူ အဓိက အရင်းအမြစ်အဖြစ် ရပ်တည်နေပြီး ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှုရဲ့ ၈၈ ရာ ခိုင်နှုန်းအထိရှိနေတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ နယ်မြေအများစုစိုးမိုးထားတဲ့ ကယား(ကရင်နီ)နဲ့ ချင်းပြည်နယ်တို့မှာလည်း ဘိန်းစိုက်ပျိုးမှု သိသိသာသာ မြင့်တက်လာခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။