လိင်တူ ချစ်သူရှာတဲ့ နာမည်ကြီးအက်ပ် ၂ ခုကို တရုတ် အက်ပဲလ် အက်ပ်စတိုးကနေ ဖယ်ရှား

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, သြစမန် ချီယာ
- ရာထူးတာဝန်, စီးပွားရေး သတင်းထောက်
Blued နဲ့ Finka ဆိုတဲ့ တရုတ်က လိင်တူကြိုက်သူ အမျိုးသားတွေကြား ချစ်သူရှာတဲ့ လူသိအများဆုံး အက်ပ် နှစ်ခုကို တရုတ် အက်ပ်စတိုးတွေကနေ ဖယ်လိုက်ပြီ ဆိုပြီး အက်ပဲလ်က အတည်ပြုပါတယ်။ အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်အရ လုပ်တာလို့လည်း ပြောပါတယ်။
"သက်ဆိုင်ရာ နိုင်ငံရဲ့ ဥပဒေကို လိုက်နာတဲ့အတွက် တရုတ် ဆိုက်ဘာစပေ့စ် အုပ်ချုပ်ရေးရဲ့ အမိန့်အရ ဒီအက်ပ်တွေကို တရုတ်နဲ့ဆိုင်တဲ့ အက်ပ်စတိုးအတွက်ပဲ ဖယ်ရှားလိုက်ကြောင်း " အက်ပဲလ် ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။
ဒီလုပ်ရပ်ကြောင့် တရုတ် လိင်တူချစ်သူတွေကြား စိုးရိမ်မှုတွေ တိုးလာစေပါတယ်။
ဝါရှင်တန်က တရုတ်သံရုံးနဲ့ ဒီအက်ပ်တွေကို ထုတ်တဲ့ ကုမ္ပဏီတွေဆီ မှတ်ချက်ပေးဖို့ ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
Blued အက်ပ်ရဲ့ ''lite'' ဗားရှင်းတမျိုးပဲ တရုတ် အက်ပ် စတိုးတွေမှာ ကျန်ခဲ့ကြောင်း ဘီဘီစီရဲ့ စစ်ဆေးမှုအရ သိရပါတယ်။ တခြား Jicco နဲ့ Jack'd တို့လို လိင်တူနဲ့ လိင်နှစ်မျိုးလုံး ကြိုက်သူတွေအတွက် ချစ်သူရှာတဲ့ အက်ပ်တချို့ကတော့ တရုတ်ပြည်ထဲမှာ သုံးလို့ ရနေပါသေးတယ်။
Blued အက်ပ်က တရုတ်ပြည်က လိင်တူကြိုက်သူ အမျိုးသားတွေကြား လူသုံးအများဆုံး ချစ်သူရှာတဲ့ အက်ပ် ဖြစ်ပြီး သန်းဆယ်နဲ့ချီပြီး ဒီ အက်ပ်ကို ဒေါင်းလုပ်လုပ်ကြပါတယ်။
တင်းကျပ်တဲ့ အင်တာနက် ဥပဒေတွေ ရှိတဲ့ တရုတ်အတွက် အက်ပဲလ်က သီးခြား အက်ပ်စတိုး ရှိပါတယ်။ အင်စတာဂရမ်နဲ့ WhatsApp လို နာမည်ကြီးတဲ့ အက်ပ်တွေ တရုတ်ပြည်မှာ မရနိုင်ပါဘူး။
အန်းဒရိုက် သုံးစွဲသူတွေကတော့ တရုတ်မှာ Google Play Store က ပိတ်ပင်ခံထားရတဲ့အတွက် ဒေသတွင်း စျေးကွက်အတွက် ပြင်ဆင်ထုတ်လုပ်ထားတဲ့ ဗားရှင်းတွေကို သုံးကြပါတယ်။
Blued နဲ့ Finka အက်ပ်တွေ ဖယ်ရှားမှုကို စိုးရိမ်ကြောင်း လိင်တူချစ်သူ အသိုင်းအဝိုင်းက ပြောကြပါတယ်။ "အချစ်ဆိုတာ ထုတ်ပြောဖို့ ရှက်စရာ မဟုတ်ကြောင်းနဲ့ အချစ်ရဲ့ ရှားပါးမှုကို လိင်ကွဲကြိုက်တဲ့ မူဝါဒရေးဆွဲသူတွေ နားလည်နိုင်မယ်လို့ မျှော်လင့်ကြောင်း " လိင်တူချစ်သူ တယောက်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
၂၀၂၂ တုန်းကလည်း တရုတ် အာဏာပိုင်တွေက ဥပဒေနဲ့ မညီ၊ မသင့်တော်ဘူးလို့ ယူဆတဲ့ ဝက်ဆိုက်တွေကို စတင်နှိမ်နင်းပြီးနောက် မကြာခင်မှာပဲ လိင်တူကြိုက်သူ အမျိုးသားတွေ ချစ်သူရှာတဲ့ နာမည်ကြီး အက်ပ် Grindr ကို တရုတ် အက်ပဲလ် အက်ပ်စတိုးက ဖယ်ရှားခဲ့ပါတယ်။ Grindr ကတော့ အမေရိကန်အခြေစိုက် ဖြစ်ပါတယ်။
နောက်နှစ်မှာတော့ ပြည်တွင်းသုံးစွဲသူတွေအတွက် ဝန်ဆောင်တဲ့ အက်ပ်တွေအားလုံး လိုင်စင် မှတ်ပုံတင်ဖို့ လိုအပ်တဲ့ စည်းမျဉ်းသစ်တွေကို တရုတ်အစိုးရက ကြေညာပါတယ်။ ဒါကြောင့်ပဲ အင်တာနက်ပေါ်က နိုင်ငံခြားအက်ပ် အများအပြား ဖယ်ရှား ခံခဲ့ရပါတယ်။
စံချိန်စံညွှန်းညီပြီး သန့်ရှင်းတဲ့ အင်တာနက် လုပ်ငန်း ဖွံ့ဖြိုးမှုကို အားပေးဖို့ ဒီစည်းမျဉ်းတွေကို ရေးဆွဲထားကြောင်း တရုတ် အင်တာနက် ထိန်းချုပ်တဲ့ အဖွဲ့က ဆိုပါတယ်။
လိင်တူချင်း ချစ်ကြိုက်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတာကို ၁၉၉၇ မှ တရုတ်ပြည်မှာ ပယ်ဖျက်ခဲ့ပါတယ်။ လိင်တူချင်း လက်ထပ်တာကိုတော့ ခုချိန်ထိ အသိအမှတ် မပြုသေးပါဘူး။
ဘေဂျင်း လိင်တူချစ်သူများနဲ့ လိင်ပြောင်းထားသူများ စင်တာနဲ့ ရှန်ဟိုင်းပရိုက် (ShanghaiPride) လို စည်းရုံးရေးအုပ်စုတွေရဲ့ လုပ်ငန်း လည်ပတ်မှုတွေလည်း ဒီနှစ်ပိုင်းအတွင်းမှာ ရပ်ဆိုင်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images











