ဆိုရှယ်မီဒီယာမှာ လိုက်ခ် နဲ့ ရှယ် လုပ်ရုံနဲ့ ထောင် ၁၀ နှစ်အထိ ချနိုင်တယ်လို့ စစ်ကောင်စီပြောလာ

ဆိုရှယ်မီဒီယာ ပလက်ဖောင်း Facebook မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထောက်ခံသူတွေကို နှစ်ရှည်ထောင်ဒဏ် ချမှတ်နိုင်တဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မများနဲ့ အရေးယူသွားမယ်လို့ အာဏာသိမ်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်၊။

စက်တင်ဘာလ ၂၀ ရက်နေ့ နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ စစ်ကောင်စီရဲ့ အကြိမ် ၂၀ မြောက် သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်၊

 "ဖေ့စ်ဘွတ်ခ်မှာ NUG၊ CRPH၊ PDF တွေရဲ့ စာတွေ၊ ပုံတွေ၊ ဗီဒီယိုတွေ၊ သူတို့ကို အားပေးထောက်ခံသူတွေရဲ့ စာတွေ၊ ပုံတွေ၊ ဗီဒီယိုတွေကို လိုက်ခ် (Like) တစ်ခု ပေးလိုက်တာပဲဖြစ်ဖြစ်၊ ရှယ် လုပ်တာပဲဖြစ်ဖြစ် လုပ်လိုက်ရင် ရာဇသတ်ကြီးပုဒ်မ ၁၂၄ (ခ) နဲ့ ငြိစွန်းပါတယ်" လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄ (ခ) ဟာ စစ်ကောင်စီက ပြင်ဆင်ထားတဲ့ ဥပဒေဖြစ်ပြီး ပြစ်ဒဏ်မှာ ထောင်ဒဏ် ၃ နှစ်ကနေ ၁၀ နှစ်ထိ ချမှတ်နိုင်တဲ့ ဥပဒေဖြစ်တယ်လို့လည်း သူကပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဆိုရှယ်မီဒီယာပေါ်မှာ စစ်ကောင်စီရဲ့ဝါဒဖြန့်ယန္တရားတွေ ဖြုတ်ချတာ၊ ကန့်သတ်တာတွေ ပြုလုပ်ခံနေရပြီး စစ်ကောင်စီက ကိုယ်ပိုင် ဆိုရှယ်မီဒီယာပလက်ဖောင်းတွေ အသုံးပြုနိုင်ရေး ကြိုးပမ်းလျက် ရှိပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့ကလည်း ဖေ့စ်ဘွတ်ခ်ကို ကန့်သတ်နိုင်ရေး လုပ်ဆောင်နေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒီလို ကန့်သတ်နိုင်ရေး နည်းလမ်းတွေ ဆောင်ရွက်ရာမှာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်နေတဲ့ ပြည်တွင်းက လုပ်ငန်းရှင်တွေရဲ့ ကြော်ငြာတွေကိုလည်း ကန့်သတ် ထိန်းချုပ်တော့မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် ဖေ့စ်ဘွတ်ခ်ကို အစားထိုးနိုင်မယ့် လူမှုကွန်ရက် ပလက်ဖောင်းတစ်ခုကို ဖန်တီးနေတဲ့အကြောင်းလည်း သူကပြောခဲ့ပါတယ်။

 ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက MTube ဆိုတဲ့ Video Live streaming platform တစ်ခုကို တရားဝင်မှတ်ပုံတင်ထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါကလည်း YouTube က စစ်ကောင်စီရဲ့ သတင်းအချို့ ကန့်သတ်ခံရတာရှိလို့ အစားထိုးဖို့ ကြိုးစားလာတာလို့လည်း စစ်ကောင်စီဆန့်ကျင်နေတဲ့ အင်အားစုတွေဘက်က ပြောပါတယ်။

၂၀၁၉ ခုနှစ် လေ့လာချက် စစ်တမ်းတွေ အရ မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်ခ် အသုံးပြုသူ ၂၁ သန်းနီးပါးရှိနေပြီး အရှေ့တောင် အာရှမှာ ဆဋ္ဌမမြောက် အများဆုံးဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာကို စီးပွားရေး နိုင်ငံရေး လူမှုရေး ပညာရေးသာမက သတင်းအချက်အလက် ရရှိဖို့ကိုလည်း မြန်မာပြည်သူတွေ သုံးစွဲနေကြပါတယ်။

၂၀၂၀ မှာ တော့ မြန်မာနိုင်ငံမှာ ဆိုရှယ်မီဒီယာ အသုံးပြုသူစုစုပေါင်း၂၂ သန်းနီးပါး ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ကထက်သုံးစွဲသူ တစ်သန်းခွဲနီးပါးတိုးလာတယ် လို့ Digital Myanmar Report ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပြည်တွင်းမှာ အင်တာနက်ဖြတ်တောက်မှုတွေ လုပ်ခဲ့သလို အင်တာနက် ပြန်ဖွင့်ပေးချိန်မှာလည်း မြန်မာလူထုအသုံးများတဲ့ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ကိုပါ စစ်ကောင်စီက ထိန်းချုပ်ဖို့လုပ်ခဲ့ပါတယ်။

မြန်မာပြည်တွင်း ဖေ့စ်ဘွတ်ခ်ဟာ အမျိုးသားရေးစရိုက်လက္ခဏာအပေါ်မှာရော၊ ယဥ်ကျေးမှုအပေါ်မှာရော တော်တော်လေးလွှမ်းမိုးမှုရှိတာ၊ နောက် စံနှုန်းနဲ့ မကိုက်တာတွေကို ပယ်ဖျက်နေတယ်လို့ဆိုပေမဲ့ အမျိုးဘာသာ၊ သာသနာနဲ့ ဆက်နွှယ်တာတွေဆိုရင် ဖယ်ရှားခံနေရတုန်းဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။

ဖေ့စ်ဘွတ်ခ်ကို ထိန်းချုပ်ဖို့ လုပ်နေခဲ့ပေမဲ့ VPN ကျော်ပြီး သုံးစွဲနေတာမျိုးကြောင့် အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ ဆိုရှယ်ပလက်ဖောင်း အသစ်တစ်ခုကို ဖန်တီးဖို့ လုပ်နေတယ်လို့ သြဂုတ် ၁၇ ရက်မှာပြုလုပ်တဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။

 အဲ့ဒီနောက် ဖေ့စ်ဘွတ်ခ် အစားထိုးပြီးသုံးမယ့် ဆိုရှယ်ပလက်ဖောင်းဟာ OKPar application ဖြစ်တယ်လို ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို သြဂုတ်လအတွင်းက အတည်ပြု ပြောဆိုခဲ့ပါတယ်။

အဲ့ဒီ Application ဟာ ပြုပြင်မွမ်းမံဆဲ ကာလမှာပဲရှိသေးတယ်လို့ သူကပြောခဲ့ပါတယ်။

ဒီ Application ကို စမ်းသပ်နေပြီး ဘယ်တော့ စတင် အသုံးပြုမယ်ဆိုတာနဲ့ပတ်သက်လို့ သူကပြောဆိုနိုင်ခြင်းမရှိသေးကြောင်းလည်း ပြောပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတော့ OKPar Application ဟာ မြန်မာလူငယ်တွေဖန်တီးခဲ့တာဖြစ်ပြီးတော့ စတင် အသုံးပြုနိုင်နေပြီလို့ မိတ်ဆက်ခဲ့ပါတယ်။

OKPar Application ကိုလွန်ခဲ့တဲ့ ၃ နှစ်လောက် ကတည်းက လုပ်ခဲ့တာဖြစ်ပြီး အရင်ကတည်းက ရချက်ရှိကြောင်း ဖ့စ်ဘွတခ် ဆိုတာထက် မြန်မာနိုင်ငံမှာ မြန်မာလှုမှုရေးနဲ့ကိုက်ညီတဲ့ ဆိုရှယ်မီဒီယာရှိသင့်တယ်ဆိုပြီး ဝန်ကြီးဌာန ပညာရှင်တွေ ပြင်ပက အိုင်တီပညာရှင်တွေနဲ့ ပူးပေါင်းပြီးဆောင်ရွက်ထားတာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ကပြောပါတယ်။

ဒီ Application ဟာ တရုတ်နိုင်ငံက WeChat ကို အခြေခံသုံးစွဲထားတဲ့ Application ဖြစ်တယ်လို့လည်း ပြည်တွင်းက အိုင်တီနည်းပညာကျွမ်းကျင်သူတစ်ဦးကပြောပါတယ်။

ဒီ Application တွေ တရားဝင်သုံးပြီလို့ စစ်ကောင်စီဘက်က မပြောသေးပေမဲ့ လတ်တလော ဖေ့စ်ဘွတ်ခ်မှာ စစ်ကောင်စီ ဆန့်ကျင်တဲ့အဖွဲ့တွေကို ထောက်ခံသူတွေကို ဖမ်းဆီးအရေးယူမှုတွေ ရှိနေပါတယ်။

ပီဒီအက်ဖ် အန်ယူဂျီ ထောက်ခံသူတွေ အပြင် အလှူငွေထည့်တဲ့သူတွေကိုလည်း အရေးယူမှုတွေ လုပ်နေတယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။

“တစ်ကျပ်ပဲ လှူတာဖြစ်စေ၊ သိန်း ၁၀၀ လှူတာဖြစ်စေ ဥပဒေက အတူတူပဲ မသိလို့ဆိုပြီးမရပါဘူး”ဆိုပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာလ ၂၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

စစ်ကောင်စီကို ဆန့်ကျင်တဲ့ အဖွဲ့တွေဟာလည်း ဖေ့ဘွတ်ခ်ကနေ တစ်ဆင့် အလှူခံနေကြပြီးတော့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို စစ်ကောင်စီဘက်က ပိတ်ဖို့ကြိုးစားလာတာဖြစ်ပါတယ်။

ဝန်ထမ်းတွေကို အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ဖို့ လှုံ့ဆော်တာနဲ့ ပီဒီအက်ဖ် တွေကို ငွေကြေးထောက်ပံ့မှုတွေကို လုပ်ဆောင်တာဟာလည်း ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၂ နှစ် အထိ အရေးယူဆောင်ရွက်နိုင်တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း မိုဘိုင်းငွေ‌ပေးချေမှု အသုံးပြုသူများ အနေနဲ့ နီးစပ်ရာ ကိုယ်စားလှယ် (Agent)တွေ ၊ ဘဏ်တွေကို သွားရောက်ပြီး ကိုယ်ရေးအချက်အလက်တွေကို အဆင့် ၂ (Level 2) ကို အချိန်မီ မြှင့်တင်ဖို့ လိုအပ်‌ကြောင်း အသိပေးထားပြီး မိုဘိုင်းငွေကြေးစာရင်းတွေမှာ ဖြည့်စွက်ထားတဲ့ အမည်၊ မှတ်ပုံတင်နံပါတ်၊ ဆင်းမ်ကတ်နံပါတ်တို့ကို လူဝင်မှုကြီးကြပ်ရေး နဲ့ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွေမှာရှိထားတဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဥပဒေကလည်း ပြည်တွင်းက ထောက်ပံ့နေတဲ့ သူတွေနဲ့ ပြည်ပက အလှူငွေတွေကို တားဆီးဖို့ရည်ရွယ်တာဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။

 စစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးအင်အားစုတွေဘက်က ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို အသုံးပြုပြီး လှုပ်ရှားမှုတွေ အားကောင်းလာနေတဲ့ အပေါ် နည်းမျိုးစုံနဲ့ ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့လည်း အိုင်တီနားလည်သူတွေက သုံးသပ်ကြပါတယ်။

 ဖေ့စ်ဘွတ်ခ်ကို န်းချုပ်ပြီး လူမှုကွန်ရက်အသစ်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအချို့ ရယ်၊ ပညာရှင်တွေရယ်နဲ့ ပူးပေါင်းပြီး ဖန်တီးနေပြီလို့ ဆိုပေမယ့် စစ်ကောင်စီက ဖန်တီးနေတဲ့ လူမှုကွန်ရက်အသစ်ကို ဘယ်အချိန်မှာ စတင်အသုံးပြုမယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

 OKPar သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို တစ်နေရာတည်းသိမ်းဆည်းထားဖို့ မြန်မာနိုင်ငံမှာ ဒေတာစင်တာတစ်ခု ဆောက်နေပြီးတော့ အဲ့ဒီဆိုရှယ် ပလက်ဖောင်းဟာ Application ရဲ့ အခြားသူတစ်ဦးနဲ့ ပြောဆို ပေးပို့ဆက်သွယ်တဲ့ အချက်အလက်တွေဟာ Application ကို ဖျက်လိုက်ပါက အားလုံးပျက်စီးသွားမယ်လို့လည်း ကုမ္ပဏီက ထုတ်ပြန်ထားတဲ့ အချက်အလက်ထဲမှာပါတယ်။

ဒီ Applicationဟာ ဖုန်းနံပတ်တွေကို အဓိကထား ပြီးပြုလုပ်ထားတာဖြစ်ပြီးတော့ မိမိဖုန်းကနေ အခြားတစ်နေရာက အသုံးမပြုနိုင်အောင်စီစဥ်ထားတယ်လို့ လည်း Application က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ဖေ့ဘွတ်ခ်အပါဝင် လူမှုကွန်ရက်တွေမှာ စစ်ကောင်စီကို ဆန့်ကျင်သူတွေကို အရေးယူတာတွေ တိုးလုပ်လာသလို သူတို့ရဲ့ အစားထိုး ဆိုရှယ်မီဒီယာတိုကိုလည်း မကြာမီ အစားထိုးဖို့လုပ်လာနိုင်တယ်လို့ အိုင်တီနယ်ပယ်က ပညာရှင်တွေက သုံးသပ်ကြပါတယ်။